← Chapters

အခန်း ၂၄၅

Vol. 25 Ch. 245

အခန်း ၂၄၅

Vol. 25 Ch. 245

အခန်း (၂၄၅) - ရုတ်တရက်ဖြစ်ရပ် (၁)

ထျဲ့ဟွမ်မြို့မှ ပြဿနာများကိုဖြေရှင်းပြီးနောက် ချူချင်းနှင့်ဝမ်ရိုတို့သည် အနားယူရန် တည်းခိုခန်းသို့ တိုက်ရိုက်ပြန်လာခဲ့ကြ၏။

လမ်းတစ်လျှောက်တွင် စာပေပညာရှင်နှင့် ထိုအမျိုးသမီး၏အရိပ်အယောင်ကိုမျှ မတွေ့ရပေ။

ထိုညတွင်လည်း စာပေပညာရှင်သည် ပြန်မလာခဲ့ချေ။

နောက်တစ်နေ့နံနက် နိုးလာသောအခါမှသာ စာပေပညာရှင်သည် လွန်ခဲ့သောညကတည်းက အခန်းထဲတွင် ငွေများချန်ထားခဲ့ကာ ထွက်သွားခဲ့ကြောင်း သိလိုက်ရလေသည်။

ထိုလူနှစ်ယောက်နှင့်ပတ်သက်၍ ချူချင်းက စိတ်ထဲတွင် အတော်လေးသတိထားနေမိ၏။

စာပေပညာရှင်၏သိုင်းပညာမှာ အလွန်မြင့်မားပြီး ဓားပြအနည်းငယ်ကို သတ်ဖြတ်ရုံဖြင့် သူ၏စွမ်းရည်အစစ်ကို လုံးဝခန့်မှန်း၍မရနိုင်သော်လည်း ထိုအမျိုးသမီးမှာမူ သိုင်းပညာ အလွန်ညံ့ဖျင်းလှသည်။

သို့တိုင် ထိုအမျိုးသမီးက သူ့အားလုပ်ကြံမည်ကို စာပေပညာရှင်က စောစီးစွာကတည်းက ရိပ်မိနေခဲ့သော်လည်း မည်သို့မျှ တုံ့ပြန်ခြင်းမရှိခဲ့ချေ။

ထို့နောက်တွင် ထိုအမျိုးသမီးက စာပေပညာရှင်နောက်သို့လိုက်သွားခဲ့ရာ စာပေပညာရှင်က သူမ မမီမည်ကိုစိုးရိမ်၍ပင် နောက်သို့လှည့်ကာ ပြန်စောင့်ပေးနေခဲ့သေးသည်။

ဤဇာတ်ကွက်ကို နားလည်ရ အတော်လေးခက်ခဲလှပေသည်။

နံနက်စာစားပြီးနောက် ချူချင်းနှင့်ဝမ်ရိုတို့သည် တင်ရှင်းမြို့သို့ ခရီးဆက်ခဲ့ကြ၏။

ထျဲ့ဟွမ်မြို့မှစတင်၍ သူတို့နှစ်ယောက်သာ ကိုယ်ဖော့သိုင်းကို အသုံးပြုသွားမည်ဆိုပါက တစ်နာရီပင်မပြည့်ဘဲ တင်ရှင်းမြို့သို့ ရောက်ရှိနိုင်ပေသည်။

ဝမ်ရို၏အတွင်းအားမှာ သာမန်လူများထက် နက်ရှိုင်းသော်လည်း ယခုကဲ့သို့ခရီးသွားရန်အတွက် အသုံးပြုခြင်းက အလွန်ဖြုန်းတီးရာကျလွန်းပေမည်။

ချူချင်းသည် သူမနှင့်အတူနေလာခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သဖြင့် သူမ၏ကိုယ်ဖော့သိုင်းမှာ ထူးခြားပြောင်မြောက်မှုမရှိကြောင်းကိုလည်း သိထား၏။

ထို့ကြောင့် လမ်းလျှောက်ရင်းဖြင့် မျောလွင့်မြူခိုးကိုယ်ဖော့သိုင်း၏ အဓိကကျင့်စဉ်များကို သူမအား ရှင်းပြနေခဲ့လေသည်။

သူတို့နှစ်ယောက် ရှောင်ဟန်တောင်ကြားသို့ အတူတကွ ခရီးသွားမည်ဆိုပါက ဝမ်ရိုအတွက် အဆင့်မြင့်ကိုယ်ဖော့သိုင်းတစ်ရပ် အမှန်တကယ် လိုအပ်နေပေသည်။

ထိုသို့ လမ်းလျှောက်လိုက်၊ ရပ်နားလိုက်ဖြင့် နာရီဝက်ခန့်ကြာသောအခါ ရှေ့ဘက်မှတိုက်ခိုက်နေသံများကို ရုတ်တရက်ကြားလိုက်ရ၏။

အနီးသို့ချဉ်းကပ်သွားသောအခါ တောင်ပေါ်လမ်းကြမ်းဘေးတွင် နားနေဆောင်တစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။

နားနေဆောင်ပတ်လည်တွင် လူများစွာစုရုံးနေကြပြီး အခြားလူများစွာလည်း ပတ်ဝန်းကျင်တွင်ပြန့်ကျဲနေကာ သူတို့၏ဟန်ပန်ကို ကြည့်ရသည်မှာ တောပုန်းဓားပြများ ဖြစ်ဟန်တူသည်။

လူဦးရေမှာ ရာနှင့်ချီရှိနေပြီး အဘယ်ကြောင့် ဤနေရာတွင် ရုတ်တရက်စုရုံးနေကြသည်ကို မသိရပေ။

နားနေဆောင်အတွင်းသို့ ထပ်မံကြည့်ရှုလိုက်ရာ မိန်းမငယ်နှစ်ဦးက မျက်နှာချင်းဆိုင်ထိုင်ကာ စားသောက်နေကြပြီး ကွင်းပြင်အတွင်း တိုက်ခိုက်နေသူများကိုကြည့်ရင်း အဆက်မပြတ်လက်ခုပ်တီး အားပေးနေသည်ကို တွေ့လိုက်ရ၏။

"သူတို့လား..."

ချူချင်းက မျက်ခုံးအနည်းငယ်ပင့်လိုက်မိသည်။ တိုက်ဆိုင်လိုက်သည့်ဖြစ်ခြင်း၊ လောကကြီးက အမှန်တကယ် ကျဉ်းမြောင်းလှပေသည်။

သူ၏ရှေ့ရှိ မိန်းမငယ်နှစ်ဦးမှာ ပုထီကျောင်းတော်မှ တပည့်နှစ်ဦးပင်ဖြစ်၏။

ယခင် ရှင်တောက်မြို့တော်၏ စားသောက်ဆိုင်တွင် သူတို့ကိုယ်သူတို့ မိတ်ဆက်ခဲ့ဖူးပြီး တစ်ယောက်ကနျဲ့ရှင်း၊ နောက်တစ်ယောက်ကနျဲ့အန်းဟု ခေါ်သည်။

သို့သော်လည်း နောက်ပိုင်းညီလာခံတွင်မူ သူတို့ဝင်ရောက်ယှဉ်ပြိုင်သည်ကို မတွေ့ခဲ့ရပေ။

ယခုမှသာ ထပ်မံဆုံတွေ့ရခြင်း ဖြစ်လေသည်။

နားနေဆောင်ရှေ့တွင် တိုက်ခိုက်နေသူများမှာမူ ထိုနေ့က စားသောက်ဆိုင်တွင်တွေ့ခဲ့ရသော ဟန်တောက်ကျားငါးကောင်ပင် ဖြစ်နေ၏။

ယခု ဝင်ရောက်တိုက်ခိုက်နေသူမှာ ဝမ်တောင်းဟူဖြစ်ဟန်တူသည်။

သူသည် နျဲ့ရှင်း၏အမှတ်တမဲ့ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပြီး လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်မည်ဟု ပြောခံခဲ့ရသူပင် ဖြစ်၏။

သူ၏ရုပ်သွင်မှာ ကြမ်းတမ်းခက်ထန်ကာ လက်ထဲမှဓားသိုင်းကလည်း ရက်စက်ကြမ်းကြုတ်လှပြီး ယခုအချိန်တွင် ပိန်လှီလှီအဘိုးအိုတစ်ဦးနှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ဤအဘိုးအိုမှာ အတော်အတန်ကျွမ်းကျင်မှုရှိသော်လည်း ဝမ်တောင်းဟူ၏ပြိုင်ဘက် မဟုတ်ပေ။ ဝမ်တောင်းဟူ၏ဓားအောက်တွင် တစ်ဆင့်ပြီးတစ်ဆင့်ဆုတ်ခွာနေရပြီး နောက်ဆုံးတွင် ချွင်ခနဲမြည်သံနှင့်အတူ ကွင်းတပ်ဓားမှာ လက်ထဲမှလွတ်ကျသွားကာ ဓားက သူ၏လည်ပင်းထက်သို့ ရောက်ရှိသွားတော့သည်။

ပိန်လှီလှီအဘိုးအိုက စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်၏။

"ထားလိုက်ပါတော့... ထားလိုက်ပါတော့... ကျုပ်က ခင်များရဲ့ပြိုင်ဘက် မဟုတ်ပါဘူး..."

ယင်းကိုမြင်သောအခါ ဝမ်တောင်းဟူက ဓားကို ဓားအိမ်ထဲပြန်သွင်းကာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်လေသည်။

ထို့နောက် နျဲ့ရှင်း၏တဟားဟားရယ်မောသံကို ကြားလိုက်ရသည်။

"ကောင်းပြီ... ကောင်းပြီ... ဒီနေ့ကစပြီး မင်းရဲ့ချင်းရှန်ခံတပ်က ငါ့ရဲ့လက်အောက်ခံဖြစ်သွားပြီ..."

"စိတ်ချပါ... ငါက သဘောထားပြည့်ဝပါတယ်။ မင်းက ပါးပါးနပ်နပ်နဲ့ အမိန့်နာခံနေသေးသရွေ့ မင်းကို ဘယ်တော့မှ အခက်တွေ့အောင်လုပ်မှာ မဟုတ်ဘူး..."

"ကဲ... မင်းတို့လျန်ရှန်ခံတပ်ခုနစ်ခုထဲက ဘယ်သူက မကျေနပ်တာရှိသေးလဲ..."

"စည်းမျဉ်းတွေကတော့ အတူတူပဲ... ငါ့လက်အောက်က ဒီကျားပေါက်လေးတွေကို နိုင်အောင်တိုက်နိုင်ရင် မင်းတို့ကို ဘေးကင်းကင်းထွက်သွားခွင့်ပေးမယ်... နောက်ပိုင်းလည်း လုံးဝမနှောင့်ယှက်တော့ဘူး..."

ဟန်တောက်ကျားငါးကောင်မှာ ထိုစကားကိုကြားသော်လည်း မျက်နှာအမူအရာပြောင်းလဲခြင်း မရှိပေ။ သူတို့သည် 'ကျားပေါက်လေးများ'ဟူသော အခေါ်အဝေါ်ကို ယဉ်ပါးနေပြီဖြစ်ကြောင်း ထင်ရှားလှသည်။

လွီကျိ၏မျက်နှာပေါ်တွင်သာ အနည်းငယ်ရှက်ရွံ့နေသည့် အရိပ်အယောင်များ ပေါ်လွင်နေခဲ့၏။

လျန်ရှန်ခံတပ်ခုနစ်ခုမှလူများ ဤနေရာသို့ မည်သို့ရောက်ရှိနေသနည်းဟု ချူချင်းမှာ အတော်လေးအံ့အားသင့်သွားသည်။

လျန်ရှန်ခံတပ်ခုနစ်ခုမှာ ချင်းရှန်ခံတပ်၊ ဝမ်ရှင်းခံတပ်၊ ဟူတန်ခံတပ်၊ ဖိုးဖုန်းခံတပ်၊ တင်းပေါ်ခံတပ်၊ နျိုကျောင်းခံတပ်နှင့် ဟေးလုံခံတပ်တို့ဖြစ်ကြ၏။

၎င်းတို့တောင်ခုနစ်လုံးမှာ တစ်ဆက်တည်းတည်ရှိနေပြီး တောင်တစ်လုံးစီတိုင်းတွင် ခံတပ်တစ်ခုစီရှိကြကာ လျန်ရှန်ခံတပ်ခုနစ်ခုဟု စုပေါင်းခေါ်ဝေါ်ကြခြင်းဖြစ်သည်။

သို့သော်လည်း လျန်ရှန်ခံတပ်ခုနစ်ခုသည် ထျယ်ရွှဲ့ခန်းမ‌ဆောင်နှင့် အလွန်နီးကပ်စွာ တည်ရှိနေသော်လည်း ထျယ်လင်ယွန်းက သူတို့ကို ကျူးကျော်ခွင့်မပြုထားသဖြင့် ထျယ်ရွှဲ့ဩဇာလွှမ်းမိုးရာ နယ်ပယ်အတွင်းသို့ လွယ်လွယ်ကူကူ ခြေချဝံ့ခြင်းမရှိကြပေ။

'မနေ့ညက အဲဒီဓားပြ ပြောသွားတဲ့ကိစ္စကြောင့်များလား...'

ချူချင်းက စိတ်ထဲမှ တွေးတောနေမိသည်။ အကယ်၍သာ အမှန်တကယ် ထိုသို့ဖြစ်နေပါက မီးတောက်ခန်းမဆောင်၏ လှုပ်ရှားမှုများမှာ တစ်ရက်နှစ်ရက်အတွင်း ကြံစည်ထားခြင်းမျိုး လုံးဝမဖြစ်နိုင်ပေ။

လွန်ခဲ့သောနှစ်ရက်ခန့်က ထျယ်လင်ယွန်းသည် ထျယ်ချူချင်အတွက် ထျန်းရှင်းတောင်ရှိ လော့ချန်အိမ်တော်သို့သွားရောက်ကာ သမီးဖြစ်သူကို သွားကြိုနိုင်ခဲ့သေးသည်။

ထိုစဉ်က သူ၏ဟန်ပန်မှာ အေးအေးဆေးဆေးရှိနေဆဲဖြစ်ကာ မီးတောက်ခန်းမဆောင်ဘက်မှ မည်သည့်လှုပ်ရှားမှုမျှ မလုပ်သေးကြောင်း ထင်ရှားနေခဲ့၏။

ပြောင်းလဲမှုများမှာ ဤတစ်ရက်နှစ်ရက်အတွင်းသာ ဖြစ်ပေါ်လာခြင်း ဖြစ်ပေမည်။ သို့သော် လျန်ရှန်ခံတပ်ခုနစ်ခုမှ သတင်းရရှိမှုမှာ လျင်မြန်လွန်းနေသည်။

ဤကိစ္စကိုကြိုတင်ကြံစည်ထားခြင်း ဖြစ်ဟန်တူသည်။ မီးတောက်ခန်းမဆောင်က ရှေ့မှနေ၍ အာရုံလွှဲထားချိန်တွင် ဤခံတပ်များမှ အခွင့်ကောင်းယူကာ ခိုးဝင်လာကြခြင်းပင်။ မနေ့ညက ထျဲ့ဟွမ်မြို့သို့သွားခဲ့သူများမှာ အောက်ခြေလူတန်းစားအချို့သာ ဖြစ်၏။

လျန်ရှန်ခံတပ်ခုနစ်ခုကဲ့သို့ အင်အားကြီးမားသောတပ်ဖွဲ့များတွင်မူ အခြားပစ်မှတ်များ ရှိနေပေမည်။

ဤနေရာသည် တင်ရှင်းမြို့နှင့် အလွန်နီးကပ်လှသည်။ သူတို့က အခွင့်ကောင်းယူကာ တင်ရှင်းမြို့ကိုသိမ်းပိုက်ရန် ကြံရွယ်နေခြင်းလော။

ချူချင်းက မေးစေ့ကို ပွတ်သပ်လိုက်သည်။ ထျယ်ရွှဲ့ခန်းမဆောင်သည် နှစ်ပေါင်းများစွာတိုင်အောင် နန်လင်ဒေသတွင် ဩဇာတိက္ကမကြီးမားစွာဖြင့် မားမားမတ်မတ် ရပ်တည်နေနိုင်ခဲ့၏။

ယခုယိမ်းယိုင်မည့် အရိပ်အယောင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သွေးစုပ်ကောင်များအားလုံး ရောက်ရှိလာကြပြီး ဤဧရာမအဖွဲ့အစည်းကြီးထံမှ ဝေစုခွဲယူရန် ကြံစည်လာကြတော့သည်။

သို့သော် မမျှော်လင့်ဘဲ ဤလူစုမှာ တစ်ဝက်တစ်ပျက်တွင် အရူးညီအစ်မနှစ်ဦး၏တားဆီးခြင်းကို ခံလိုက်ရလေသည်။

ထိုညီအစ်မနှစ်ဦး၏ရည်ရွယ်ချက်မှာ အမြဲရှင်းလင်းလှပေသည်။ ဓားပြများကိုသိမ်းသွင်း၍ ကျန်းဟူလောက၏ခေါင်းဆောင် ဖြစ်လာရန်ပင်။

ယခုလျန်ရှန်ခံတပ်ခုနစ်ခုနှင့် စည်းမျဉ်းချမှတ်ထားရာတွင် သိုင်းပညာဖြင့် အဆုံးအဖြတ်ပေးမည်ဖြစ်ပြီး ဟန်တောက်ကျားငါးကောင်ကို ဤခံတပ်ခေါင်းဆောင်များနှင့် ယှဉ်ပြိုင်စေကာ ရှုံးနိမ့်ပါက သူတို့၏လက်အောက်သို့ ဝင်ရောက်ရမည်ဖြစ်၏။ သို့သော် အနိုင်ရပါက ဘာဆက်ဖြစ်မည်ကို မည်သူမျှမသိနိုင်ပေ။

ထိုသို့တွေးတောနေစဉ်မှာပင် ဒေါသတကြီးအော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

"တော်ကြတော့... ဘယ်ကရောက်လာမှန်းမသိတဲ့ အရူးမနှစ်ကောင်က ငါတို့ရှေ့လာပြီး ရိုင်းစိုင်းရဲတယ်ပေါ့..."

"ချင်းရှန်အဘိုးကြီးက အိုနေပြီမလို့ တိုက်ပွဲမဝင်နိုင်တော့ဘူး... ငါတို့က ဒီနေ့ တင်ရှင်းမြို့ကိုသိမ်းပိုက်ဖို့အတွက် လူတစ်ထောင်ကျော်စုရုံးလာခဲ့တာ... ဒီကလေးမနှစ်ယောက်နဲ့ အချိန်ဖြုန်းနေဖို့ အားမနေဘူး..."

"အကုန်လုံးဝိုင်းတိုက်ပြီး သူတို့ကို ဓားတွေနဲ့ အပိုင်းပိုင်းခုတ်ထစ်ပစ်လိုက်... သူတို့ ဘယ်လိုတောင့်ခံမလဲဆိုတာ ကြည့်ရသေးတာပေါ့..."

ထိုစကားကိုကြားသောအခါ ဟန်တောက်ကျားငါးကောင်မှာ မျက်နှာအရောင်များပြောင်းလဲသွားပြီး ချက်ချင်းပင် ဓားများကို အသီးသီးဆွဲထုတ်ကာ နျဲ့ရှင်းနှင့်နျဲ့အန်းတို့ရှေ့တွင် ကာကွယ်ရပ်တည်လိုက်ကြ၏။

နျဲ့ရှင်းနှင့်နျဲ့အန်းတို့က အချင်းချင်း အပြန်အလှန်ကြည့်လိုက်ကြပြီးနောက် ဟားတိုက်ရယ်မောလိုက်ကြသည်။

"ထားလိုက်ပါတော့... နင်တို့က သေအောင် အရိုက်မခံရရင်တော့ ကြည်ကြည်ဖြူဖြူနဲ့ အညံ့ခံမှာမဟုတ်ပါဘူး... ဒီနေ့ နင်တို့လူတစ်ထောင်ကျော်က ပိုစွမ်းမလား၊ ဒါမှမဟုတ် ငါတို့ညီအစ်မနှစ်ယောက်က ပိုသာမလားဆိုတာ ကြည့်ကြသေးတာပေါ့..."

ပြောပြီးသည်နှင့် သူတို့မတ်တတ်ရပ်ကာ နားနေဆောင်အပြင်ဘက်သို့ ထွက်လာခဲ့ကြ၏။

စကားအခြေအတင်ဖြစ်ပြီးသည်နှင့် တစ်ပြိုင်နက် နှစ်ဖက်လုံးကတိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြတော့သည်။

သို့သော် ထိုအချိန်မှာပင် ဒေါသတကြီးအော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ရှင်တို့က ဘယ်သူတွေလဲ... ကျွန်မကိုလွှတ်ပေးစမ်း... ကျွန်မရဲ့ အစီအစဉ်တွေကို ဖျက်ဆီးရဲရင် ကိုယ့်အသက်ကို ဖက်နဲ့ထုပ်ထားကြ..."

All Chapters