← Chapters

အခန်း ၂၄၆

Vol. 25 Ch. 246

အခန်း ၂၄၆

Vol. 25 Ch. 246

အခန်း (၂၄၆) - ရုတ်တရက်ဖြစ်ရပ် (၂)

ထိုသို့ပြောနေစဉ်မှာပင် ဓားပြအချို့က အနက်ရောင်ဝတ်အမျိုးသမီးတစ်ဦးကို ဆွဲခေါ်လာခဲ့ပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်ကို တွေ့လိုက်ရ၏။

ထို့နောက် တစ်စုံတစ်ယောက်က နျိုကျောင်းခံတပ်မှူးကို ပြောလိုက်သည်။

"ခေါင်းဆောင်ကြီး... ဒီမိန်းမက နေ့ခင်းကြောင်တောင်ကို ကျွန်တော်တို့တပ်နားမှာ ကုပ်ချောင်းကုပ်ချောင်းလုပ်နေတာ... ကျွန်တော်တို့ကို ဒုက္ခပေးချင်နေသလိုပဲ... အဲဒါကြောင့် ခေါင်းဆောင်ကြီးအမိန့်ချမှတ်ဖို့အတွက် သူ့ကိုဖမ်းလာခဲ့တာပါ..."

ချူချင်းက တစ်ချက်လှမ်းကြည့်လိုက်ရာ ထိုအနက်ရောင်ဝတ်အမျိုးသမီးမှာ မနေ့ညက စာပေပညာရှင်ကိုလုပ်ကြံရန် ကြိုးစားခဲ့သော အမျိုးသမီးလူသတ်သမားပင် ဖြစ်နေလေသည်။

ဤအမျိုးသမီးမှာ အလွန်အသုံးမကျသည်သာမက သိုင်းပညာကလည်း သာမန်မျှသာဖြစ်၏။

သူမ၏အသွင်အပြင်ကို ကြည့်ရသည်မှာ အသက်သုံးဆယ်ဝန်းကျင်ခန့် ရှိပုံရသည်။ ထိုအချိန်တွင် သူမက မျက်မှောင်ကြုတ်လျက် အရပ်လေးမျက်နှာသို့ လှည့်ပတ်ကြည့်ရှုလိုက်၏။ ရန်သူများ၏ဝိုင်းရံခြင်းကို ခံထားရသော်လည်း ကြောက်ရွံ့နေသည့်ပုံမပေါ်ဘဲ အံကြိတ်ကာ ပြောလိုက်လေသည်။

"ရှင်တို့က ကျွန်မကို အပြစ်ပေးရဲသေးတယ်ပေါ့... ကျွန်မမှာ နတ်ဘုရားတွေရဲ့အကူအညီ ရှိတယ်... ရှင်တို့သာ ကျွန်မကိုအပြစ်ပေးရဲရင် ချက်ချင်း ခေါင်းနဲ့ကိုယ် တခြားစီဖြစ်သွားစေရမယ်..."

သူမ၏ရဲရင့်သောစကားများကို ကြားလိုက်ရသောအခါ မူလက ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်နေသည့် နျဲ့ရှင်းနှင့်နျဲ့အန်းတို့ပင် သည်းမခံနိုင်တော့ဘဲ အမျိုးသမီး၏ဘေးတစ်ဖက်တစ်ချက်စီသို့ ရောက်ရှိလာခဲ့ကြသည်။

ထို့နောက် နျဲ့ရှင်း၏ရယ်မောသံကို ကြားလိုက်ရ၏။

"စိတ်ဓာတ်ကတော့ အမိုက်စားပဲ... နင့်လိုရဲစွမ်းသတ္တိမျိုးနဲ့ ငါတို့လောကထဲ မဝင်လာတာ တကယ်နှမြောစရာကောင်းတယ်... ငါတို့ရဲ့လက်အောက်ခံ ဝင်လုပ်ပါလား…”

“ငါတို့က နင့်ကို ကျန်းဟူလောကကြီးတစ်ခုလုံး သိမ်းပိုက်နိုင်အောင် ဦးဆောင်ပေးမယ်... ပြီးတော့ ဝိုင်တွေကို ပန်းကန်လုံးကြီးတွေနဲ့သောက်၊ အသားအဝစားပြီး ရွှေတွေကို ချိန်ခွင်နဲ့ချိန်ပြီး ခွဲယူကြတာပေါ့... သဘောမကျဘူးလား..."

ထိုစကားများကိုကြားသောအခါ အမျိုးသမီးက နျဲ့ရှင်းကိုကြည့်ကာ ခေါင်းကို ဆက်တိုက်ခါယမ်းလိုက်သည်။

"ကျန်းဟူလောကမှာ အသက်မွေးဖို့ ရည်ရွယ်ချက်မရှိဘူး... ငါ့ဘဝမှာ မကျေနိုင်တဲ့ရန်ငြိုးကြီးတစ်ခု ရှိတယ်... အဲဒီလူကို ကိုယ်တိုင်သတ်ပစ်မှပဲ ကျေနပ်နိုင်မှာ... အဲဒီကိစ္စ မအောင်မြင်မချင်း ဘာမှမလုပ်နိုင်သေးဘူး..."

"အို..."

နျဲ့ရှင်းက ခေါင်းကုတ်လိုက်သည်။

"နင့်သိုင်းပညာက သာမန်လောက်ပဲဆိုတော့ နင့်ရန်သူကြီးကလည်း သိပ်ပြီး ထူးခြားမှာမဟုတ်ပါဘူး... နင့်ရဲ့အငြိုးအတေးကို ပြောပြပါလား... ငါက နင့်ကိုကူသတ်ပေးရင်ရော ဘယ်လိုလဲ..."

အမျိုးသမီးမှာ ထိုစကားကိုကြားသောအခါ ခေါင်းကို အကြိမ်ကြိမ်ခါယမ်းလိုက်လေသည်။

"မရဘူး... မရဘူး... နင် မသိပါဘူး... သူက... သူက..."

ထိုသို့ပြောလိုက်ပြီးသည်နှင့် သူမ၏မျက်နှာအမူအရာမှာ တောင့်တင်းသွားကာ နက်နက်ရှိုင်းရှိုင်း တွေးတောနေပုံပေါ်သွား၏။

သူမ၏မျက်နှာပေါ်ရှိ အေးဆေးတည်ငြိမ်နေသော အမူအရာမှာ တဖြည်းဖြည်းနှင့် တွေဝေရှုပ်ထွေးလာပြီး ထိုအထဲတွင် နာကျင်မှုများပါ ရောနှောပါဝင်လာတော့သည်။

ခဏအကြာတွင် သူမက ခေါင်းကိုဆုပ်ကိုင်ကာ နာကျင်စွာ ညည်းတွားလိုက်လေသည်။

"ရန်ငြိုးတွေက ပင်လယ်တမျှ နက်ရှိုင်းတယ်ဆိုတာ သေချာနေတာကို... ရန်ငြိုးတွေက ပင်လယ်တမျှ နက်ရှိုင်းတယ်ဆိုတာ သေချာနေတာကို... ဒါပေမဲ့ ဘာရန်ငြိုးလဲ... ငါ ဘာလို့ ဘာတစ်ခုမှ မမှတ်မိရတာလဲ... ဒီရန်ငြိုးက တောင်ထက်မြင့်ပြီး ပင်လယ်ထက်နက်ရှိုင်းတယ်... ဘာပဲဖြစ်ဖြစ်... ငါ သူ့ကို ကိုယ်တိုင်သတ်ရမှ ကျေနပ်မယ်..."

"ဘယ်က ရောက်လာတဲ့အရူးမလဲ..."

အစောပိုင်းက စကားပြောခဲ့သော ခေါင်းဆောင်ကြီးမှာ မျက်နှာအိုနေလေပြီ။ သူတို့တစ်သိုက်တွင် အကောင်အထည်ဖော်ရန် အရေးကြီးအစီအစဉ်များရှိနေရာ ဤနေရာတွင် မည်သို့အချိန်ဖြုန်းနေနိုင်မည်နည်း။ သူက ချက်ချင်းပင် လက်ဝှေ့ယမ်းလိုက်သည်။

"သတ်လိုက်..."

ချွင်ခနဲမြည်သံနှင့်အတူ လူတစ်ယောက်က ချက်ချင်းပင် ဓားကိုဆွဲထုတ်ကာ ရှေ့သို့တက်လာပြီး ထိုအမျိုးသမီး၏ခေါင်းကို ဖြတ်ချရန် ပြင်လိုက်တော့သည်။

သို့သော် ထိုအချိန်မှာပင် နျဲ့ရှင်းက ရှေ့သို့တစ်လှမ်းတိုးလာကာ ဓားသွားကိုဖမ်းဆုပ်လိုက်ရာ သူမ၏ဆုပ်ကိုင်မှုအောက်တွင် သံမဏိဓားမှာ တစ်စစီကြေမွသွားလေသည်။

ဤလက်ကွက်မှာ အမှန်တကယ်ပင် အံ့မခန်းဖြစ်လှ၏။ နုနယ်လှပသော မိန်းမငယ်လေးတစ်ဦး၏တိုက်ခိုက်မှုက ဤမျှပြင်းထန်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။

ခံတပ်ခေါင်းဆောင်အချို့၏မျက်နှာများမှာ ပျက်ယွင်းသွားကြပြီး ဟေးလုံခံတပ်ခေါင်းဆောင်က ဒေါသတကြီးအော်ဟစ်လိုက်သည်။

"သတ်..."

ထိုစကားလုံးကိုပင် အဆုံးထိမအော်ရသေးခင်မှာ အဝေးမှ 'သတ်'ဟူသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။

ဤနေရာမှာ ချောက်ကမ်းပါးလည်း မဟုတ်ဘဲ အဘယ်ကြောင့် ပဲ့တင်သံများ ထွက်ပေါ်လာရသနည်းဟု စိတ်ထဲတွင် အံ့အားသင့်သွားမိကြ၏။

ချူချင်းနှင့်ဝမ်ရိုတို့ ရှိနေသောနေရာမှ အဝေးသို့လှမ်းကြည့်လိုက်ရာ လူတစ်စုချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရသည်။

သူတို့၏အသွင်အပြင်ကို ကြည့်ရသည်မှာ ထျယ်ရွှဲ့တပည့်များ ဖြစ်ဟန်တူပေသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ဦးဆောင်မှုအောက်တွင် ထိုလူစုသည် ဓားပြများကြားသို့ ဝင်ရောက်လာကြပြီး ဓားချက်များ တဝင်းဝင်းလက်သွားပြီးနောက် အချိန်ခဏလေးအတွင်းမှာပင် လူပေါင်းများစွာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ထိုအခါမှသာ လျန်ရှန်ခံတပ်ခုနစ်ခုမှလူများ အိပ်မက်မှနိုးလာသကဲ့သို့ သဘောပေါက်သွားကြတော့သည်။

"ငါတို့လှုပ်ရှားတာကို တင်ရှင်းမြို့က ရိပ်မိသွားတာပဲ... သူတို့က ဒီအထိတောင် လိုက်လာကြတယ်ပေါ့လေ... ဒီအရူးမနှစ်ယောက်က ငါတို့အစီအစဉ်တွေကို ဖျက်ဆီးပစ်တာ... အရင်သူတို့ကိုသတ်ပြီးမှ ထျယ်ရွှဲ့လူတွေနဲ့ အသေအကြေ တိုက်ခိုက်ကြတာပေါ့..."

သို့သော် နျဲ့ရှင်းနှင့်နျဲ့အန်းတို့က အချင်းချင်း အပြန်အလှန်ကြည့်လိုက်ကြပြီးနောက် နျဲ့ရှင်းက လေပေါ်သို့ခုန်တက်လိုက်ရာ နျဲ့အန်းက သူမ၏ခြေမျက်စိကို ဆုပ်ကိုင်လိုက်သည်။ လှည့်ပတ်သွားသည့် တစ်ခဏအတွင်းမှာပင် နျဲ့ရှင်းက မြေပြင်ပေါ်ရှိ အနက်ရောင်ဝတ်အမျိုးသမီးကိုလည်း လက်တစ်ဖက်ဖြင့် ဆွဲယူလိုက်လေသည်။

နျဲ့အန်းက အသံကုန်အော်ဟစ်လိုက်၏။

"ပြေး... ဘယ်ဓားပြက အာဏာပိုင်တွေနဲ့ သွားတိုက်မှာလဲ... ကျားငါးကောင်... ပြေးကြတော့..."

ခံတပ်ခေါင်းဆောင်ခုနစ်ယောက်လုံး မတုံ့ပြန်နိုင်သေးမီမှာပင် ထိုလူတစ်စုက အလျင်အမြန် ထွက်ပြေးသွားကြလေတော့သည်။

ခံတပ်ခေါင်းဆောင်ခုနစ်ယောက်မှာသာ ဒေါသတကြီးဖြင့် ရင်ဘတ်ထုကာ ကျန်ရစ်ခဲ့တော့သည်။ ထိုလူတစ်စုကသာ ဝင်ရောက်မနှောင့်ယှက်ခဲ့ပါက သူတို့သည် တင်ရှင်းမြို့အနီးသို့ ရောက်ရှိနေလောက်ပြီဖြစ်ကာ မြို့ထဲသို့ဝင်ရောက်၍ မီးရှို့သတ်ဖြတ်လုယက်နေလောက်ပြီ ဖြစ်၏။ ဤနေရာတွင် အဘယ်ကြောင့် အချိန်ဖြုန်းနေမည်နည်း။

ကြိုတင်ပြင်ဆင်မှုမရှိဘဲ ထျယ်ရွှဲ့ခန်းမဆောင်ကို ရင်ဆိုင်ရရန် အကြောင်းပြချက်မရှိပေ။

သို့သော် အခြေအနေက ဤသို့ဖြစ်နေပြီဖြစ်ရာ မတတ်နိုင်တော့ချေ။

ချက်ချင်းပင် ခေါင်းဆောင်တစ်ယောက်စီက ဒေါသတကြီးအော်ဟစ်လိုက်ကြသည်။

"သူတို့ကို အသေတိုက်ကြစမ်း..."

"အဲဒီလူက လုကျီဝေ့ မဟုတ်သလို ထျယ်လင်ယွန်းလည်း မဟုတ်ဘူး... ချင်းယန်လက်ဝါး လျူယွီလိုင်ပဲ... သူ့ကိုသတ်ပြီး တင်ရှင်းမြို့ကိုသိမ်းပိုက်ကြ... ညီအစ်ကိုတွေအားလုံးကို အရက်နဲ့အသား အဝကျွေးမယ်ကွ..."

လူအုပ်ထဲမှ ဒေါသတကြီးအော်ဟစ်သံများ အဆက်မပြတ်ထွက်ပေါ်လာရာ ချူချင်းသည် ထိုစကားများကိုကြားပြီးသည်နှင့် ထျယ်ရွှဲ့ခန်းမဆောင်မှလူများကို ဦးဆောင်လာသည့် လူလတ်ပိုင်းအရွယ်အမျိုးသားထံသို့ ချက်ချင်းလှမ်းကြည့်လိုက်လေသည်။

သူ၏မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းသွား၏။

"သူက လျူယွီလိုင်လား..."

ထိုသို့တွေးတောပြီးနောက် ဝမ်ရိုကိုပြောလိုက်သည်။

"မင်း ဒီမှာပဲ စောင့်နေ... တစ်ခုခု ပြောင်းလဲလာရင် ငါ့ကို လှမ်းအော်ခေါ်လိုက်..."

တကယ်တော့ ဝမ်ရို၏သိုင်းပညာဖြင့် ကိုယ့်ကိုယ်ကို အလွယ်တကူ ကာကွယ်နိုင်စွမ်းရှိပေသည်။ သို့သော် ထျယ်ရွှဲ့ခန်းမဆောင်၏ ဤအပြောင်းအလဲတွင် မမျှော်လင့်ထားသည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်သဖြင့် ချူချင်းက သတိပေးစကားအနည်းငယ် ထပ်မံမှာကြားခဲ့ခြင်း ဖြစ်၏။

ဝမ်ရိုက နာခံမှုရှိစွာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

ချူချင်းက သူ၏ဝတ်ရုံလက်စထဲမှ အနက်ရောင်မျက်နှာဖုံးပဝါကို ထုတ်ယူကာ မျက်နှာကိုဖုံးအုပ်လိုက်ပြီး ဓားများကို ဝမ်ရိုထံသို့ သိမ်းဆည်းထားရန် လွှဲပြောင်းပေးလိုက်သည်။

ထို့နောက်မှသာ သူ၏ကိုယ်နေဟန်ထားကို နိမ့်ချလိုက်ပြီး ရှုပ်ထွေးနေသော တိုက်ပွဲအတွင်းသို့ ရောနှောဝင်ရောက်သွားတော့သည်။

တိုက်ပွဲအတွင်းသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ဓားပြတစ်ဦးက ဓားကိုမြှောက်ကာ သူ့ထံသို့ပြေးဝင်လာခဲ့၏။

ချူချင်းက ထိုသူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်ကြားသို့ လက်ဖဝါးဖြင့် အမှတ်တမဲ့ရိုက်ချလိုက်သည်။ ဤလက်ဝါးရိုက်ချက်တွင် အားအများကြီးပင် မသုံးလိုက်ရဘဲ လက်ဝါးစွမ်းအင်က ထိုသူ၏နှလုံးသွေးကြောကို ပြတ်တောက်သွားစေခဲ့ပြီ ဖြစ်သည်။

ထို့နောက် သူ၏လက်ထဲမှ ဓားရှည်ကိုဆွဲယူကာ လက်ဖဝါးထဲတွင် ပြောင်းပြန်လှည့်၍ ကိုင်ဆောင်လိုက်ပြီး လူအုပ်ထဲသို့တိုးဝင်သွားကာ တစ်ခါတစ်ရံ လက်ဝါးဖြင့်ခုတ်ပိုင်းပြီး တစ်ခါတစ်ရံ လက်သီးဖြင့်ထိုးနှက်လိုက်ရာ ဓားပြများအားလုံး အရပ်လေးမျက်နှာသို့ လဲကျသွားကြတော့သည်။

အချိန်ခဏအတွင်းမှာပင် သူသည် လျူယွီလိုင်၏အနီးသို့ ရောနှောရောက်ရှိသွားခဲ့လေပြီ။

ဤသူ၏အမည်ဝှက်မှာ ချင်းယန်လက်ဝါးဖြစ်ပြီး သူ၏သံမဏိလက်တစ်စုံက ဖမ်းဆုပ်ရိုက်နှက်နိုင်ကာ လက်ကွက်အပြောင်းအလဲ တစ်ခဏအတွင်းမှာပင် လူများ၏အသက်ကို နုတ်ယူနိုင်စွမ်းရှိပေသည်။

ဤရှုပ်ထွေးနေသော တိုက်ပွဲအတွင်းတွင် သူက တစ်ဦးတည်း ထင်ပေါ်ကျော်ကြားနေသည်ဟု ဆိုနိုင်၏။

လျန်ရှန်ခံတပ်ခုနစ်ခုမှဓားပြများက ဤလူ၏အသက်ကို မနုတ်ယူနိုင်ပါက ယနေ့တိုက်ပွဲတွင် အရှုံးပိုများမည်ကို သိထားကြသဖြင့် လက်အောက်ငယ်သားများကို အခြားသူများနှင့်ရင်ဆိုင်ရန် စေလွှတ်လိုက်ကြသည်။

အသက်စွန့်ရမည်ဆိုလျှင်ပင် ထျယ်ရွှဲ့မှအခြားလူများ၏ ခြေလှမ်းများကို တားဆီးထားရမည်ဖြစ်ကာ သူတို့ခုနစ်ဦးကမူ လျူယွီလိုင်ကိုပူးပေါင်းရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ကြလေသည်။

ထိုသို့အခြေအနေမျိုးတွင်ပင် လျူယွီလိုင်က အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိဘဲ ခုခံကာကွယ်ကာ ဆုတ်လိုက်တက်လိုက်ဖြင့် တိုက်ခိုက်နေ၏။

လူခုနစ်ယောက်ပူးပေါင်း၍ သူ့တစ်ယောက်တည်းကို သတ်ဖြတ်ရန် ကြိုးစားနေသဖြင့် သူက ပြိုင်ဘက်မဟုတ်သည်မှာ သဘာဝပင် ဖြစ်သည်။ သူကလည်း မိမိတစ်ဦးတည်းစွမ်းအားဖြင့် အနိုင်ရရှိရန် မျှော်လင့်မထားဘဲ အချိန်ဆွဲထားခြင်းသာ ဖြစ်၏။

လျန်ရှန်ခံတပ်ခုနစ်ခုမှဓားပြများက သူ၏လက်အောက်ငယ်သားများကို အချိန်ကြာမြင့်စွာ တားဆီးထားနိုင်မည်မဟုတ်ဘဲ ဝိုင်းရံထားမှုကိုသာ ဖောက်ထွက်နိုင်ပါက အခြေအနေများ ပြောင်းပြန်လှန်သွားမည် ဖြစ်ပေသည်။

သူ၏တုံ့ပြန်ပုံကို မြင်သောအခါ ချူချင်းသည် ဤလူမှာ တိုက်ပွဲအတွေ့အကြုံရင့်ကျက်ပြီး သူ၏စိတ်ဓာတ်ကြံ့ခိုင်မှုကလည်း သာမန်လူများနှင့် နှိုင်းယှဥ်မရနိုင်ကြောင်း သိလိုက်ရသည်။

သို့သော် တစ်ချိန်တည်းမှာပင် လျူယွီလိုင်၏ဘေးတွင်ဝိုင်းရံနေသော ထျယ်ရွှဲ့တပည့်တစ်ဦးသည် ဓားပြများနှင့် တိုက်ခိုက်နေသော်လည်း အကြည့်များက လျူယွီလိုင်၏ကျောဘက်တွင်သာ အမြဲရစ်ဝဲနေကြောင်း သတိပြုမိသွားလေသည်။

ချက်ချင်းပင် သူ၏စိတ်ထဲတွင် သတိဝင်သွားတော့သည်။

သူ ဤနေရာသို့ဆင်းလာရခြင်းမှာ နျဲ့ကျင့်ထိုင်က လျူယွီလိုင်ကို ဝင်ရောက်တိုက်ခိုက်လာမည်ကို ကာကွယ်ရန်အတွက် ဖြစ်၏။

လျူယွီလိုင် သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ချူချင်းက ဂရုမစိုက်ပေ။

သို့သော် သူက ဤအခွင့်အရေးကိုအသုံးချကာ ဓားတစ္ဆေ သက်ရှိထင်ရှားရှိနေသေးကြောင်း နျဲ့ကျင့်ထိုင်ကိုအသိပေးရန် လိုအပ်နေသည်။

အစပိုင်းက နျဲ့ကျင့်ထိုင်မှလူများ ပေါ်လာမည်လားဆိုသည်ကို သူစိုးရိမ်နေခဲ့သေးသည်။

ယခုအခြေအနေကို ကြည့်ရသည်မှာ... တစ်ဖက်လူက ရောက်ရှိနေပြီ ဖြစ်၏။

ထိုအချိန်မှာပင် လျူယွီလိုင်နှင့် နျိုကျောင်းခံတပ်ခေါင်းဆောင်တို့ လက်ဝါးချင်းရင်ဆိုင်မိသွားကြသည်။ သူက တစ်ယောက်တည်းဖြင့် ခုနစ်ယောက်ကို ရင်ဆိုင်နေရသဖြင့် အတွင်းအားများလည်း အတော်လေးကုန်ခမ်းနေပြီဖြစ်ရာ ဤလက်ဝါးရိုက်ချက်ကြောင့် သူ၏ခြေလှမ်းများ ယိမ်းယိုင်သွားကာ ခန္ဓာကိုယ်မှာ နောက်သို့ ဆက်တိုက်ဆုတ်ခွာသွားရလေသည်။

ထိုစဉ် လျူယွီလိုင်၏ ကျောဘက်ကိုသာ အကြည့်ရစ်ဝဲနေသော ထျယ်ရွှဲ့တပည့်ဖြစ်သူက ရုတ်တရက် လေပေါ်ခုန်တက်သွားသည်။

သူ၏မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ အပြည့်အဝဖုံးလွှမ်းနေပြီး ဓားသွားကိုဝင့်ကာ ကျောဘက်သို့ချိန်ရွယ်လိုက်ခြင်းက အသက်ကိုနုတ်ယူရန် ရည်ရွယ်နေခြင်းပင် ဖြစ်၏။

သို့သော် ထိုဓားသွားက လျူယွီလိုင်၏ကျောဘက်သို့ ဖောက်ဝင်ခါနီး တစ်ခဏလေးမှာပင် ဓားသွားတစ်ပိုင်းက သူ၏လက်မောင်းကို ရုတ်တရက် ဖောက်ထွင်းသွားတော့သည်။

သူဆွံ့အသွားစဉ်ပင် လည်ပင်းနောက်ဘက်မှ တစ်စုံတစ်ယောက်၏ဆွဲမခြင်းကို ခံလိုက်ရလေသည်။

ထို့နောက် အသံတစ်သံက နားထဲသို့ဝင်ရောက်လာ၏။

"ငါရှိနေသရွေ့ မင်းတို့နျဲ့ကျင့်ထိုင်က အကြံအစည်အောင်မြင်ဖို့ မစဉ်းစားနဲ့…”

All Chapters