← Chapters

အခန်း ၂၄၈

Vol. 25 Ch. 248

အခန်း ၂၄၈

Vol. 25 Ch. 248

အခန်း (၂၄၈) - ကိုယ့်ကိုယ်ကို ရောင်းပြီး လူသတ်ခြင်း (၂)

ချူချင်းသည် အတိတ်အကြောင်းကို သိပ်ပြီးမပြောပြချင်သော်လည်း ရှင်းပြချက်တစ်ခုပေးလိုက်၏။

"ငါနဲ့နျဲ့ကျင့်ထိုင်က ရန်ငြိုးရှိတယ်... ဒီခရီးစဉ်မှာ ကြုံရမဲ့အန္တရာယ်တွေက အဲဒီကနေ လာလိမ့်မယ်…”

"ညဧကရာဇ်နဲ့သခင်လေးသုံးဆိုတဲ့ နာမည်တွေကို လောလောဆယ် သုံးလို့မရတော့ဘူး…”

"အခု ငါတို့ရုပ်ဖျက်ပြီး အဲဒီသူတောင်းစား ဘယ်ကိုသွားလဲဆိုတာကို လိုက်ကြည့်ကြတာပေါ့..."

"ကောင်းပါပြီ..."

ဝမ်ရိုက ခေါင်းညိတ်လိုက်ပြီးနောက် အနည်းငယ်အခက်တွေ့နေဟန်ဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်မက မလုပ်တတ်ဘူး..."

"ငါ့ကိုသာ လွှဲထားလိုက်..."

ချူချင်းက သူ၏အထုပ်ထဲတွင် လိုအပ်သည့်အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ သူက အထုပ်ကိုဖြန့်ချကာ ပစ္စည်းများကိုထုတ်ယူ၍ ဝမ်ရို၏မျက်နှာပေါ်တွင် လိမ်းကျံပေးလိုက်လေသည်။

ဤအခြေအနေမှာ အနည်းငယ်ထူးဆန်းနေသည်ဟု ဝမ်ရိုခံစားလိုက်ရသည်။ နီးနီးကပ်ကပ်မှ စိုက်ကြည့်နေသော ချူချင်းကို မြင်သောအခါ သူမ၏အသက်ရှူနှုန်းများပင် မမှန်တော့သလို ခံစားလိုက်ရလေသည်။

ထို့ကြောင့် မျက်လုံးများကိုပိတ်လိုက်ကာ ဆက်မကြည့်တော့ပေ။

ချူချင်းကလည်း ဂရုမစိုက်ဘဲ ယနေ့ဖြစ်ရပ်များကို စိတ်ထဲတွင်ပြန်လည်သုံးသပ်ကြည့်ရာ ဖြစ်စဉ်တစ်ခုလုံးတွင် ကြီးကြီးမားမားပြဿနာမရှိလှဟု ခံစားလိုက်ရ၏။

ယနေ့ဖြစ်ရပ်မှာ ရုတ်တရက်ဆန်လွန်းသောကြောင့် ဖြစ်သည်။

ချူချင်း၏မူလအစီအစဉ်မှာ တင်ရှင်းမြို့သို့အရင်သွား၍ လျူယွီလိုင်ကိုစုံစမ်းစစ်ဆေးကာ ဤလူကိုစောင့်ကြည့်ရန် ဖြစ်၏။

ဤလောကတွင် အရူးမဟုတ်သရွေ့ အကြောင်းပြချက်မရှိဘဲ အခြားသူကိုသွားသတ်မည် မဟုတ်ပေ။ ရန်ငြိုးရှိရမည်သာ ဖြစ်သည်။

လူ့အသက်သည် အရေးကြီးလှသဖြင့် အချို့ကိစ္စရပ်များကို အလျင်စလိုမဆုံးဖြတ်နိုင်ချေ။

အကယ်၍ လျူယွီလိုင်တွင် ပြစ်မှုရှိနေပါက နျဲ့ကျင့်ထိုင်ကိုမျှားခေါ်ရန် ဤလူကိုအသုံးချမည်ဟု ချူချင်းတွေးလိုက်သည်။ လုပ်ကြံမှုအစီအစဉ်ကို ဖျက်ဆီးလိုက်မိသော်လည်း ကိစ္စများပြီးဆုံးသွားချိန်တွင် လျူယွီလိုင်ကို သူကိုယ်တိုင်သတ်လိုက်လျှင် ရပေသည်။

အခြားတစ်ဖက်တွင်မူ လျူယွီလိုင်က နစ်နာသူဖြစ်နေပါက ထောင်ချောက်ထဲမဆင်းမိစေရန် သတိပေးရမည်ဖြစ်သည်။ ထို့သို့မဟုတ်လျှင် လျူယွီလိုင်မှာ မတရားခံလိုက်ရမည် ဖြစ်၏။

သို့သော် မထင်မှတ်ထားဘဲ ဤအစီအစဉ်ကို အကောင်အထည်မဖော်ရသေးမီ တင်ရှင်းမြို့ကိုသိမ်းပိုက်လိုသော လျန်ရှန်ခံတပ်ခုနှစ်ခုနှင့် ကြုံဆုံခဲ့ရသည်။

ပုထီကျောင်းတော်မှညီအစ်မနှစ်ဦးက သူတို့ကိုတားဆီးထားသောကြောင့် လျူယွီလိုင်က သူ၏လူများကိုဦးဆောင်၍ လာရောက်တိုက်ခိုက်ခြင်း ဖြစ်လေသည်။

နျဲ့ကျင့်ထိုင်မှ လူသတ်သမားက ထိုအခွင့်အရေးကိုအသုံးချခဲ့ခြင်း ဖြစ်သည်။ ယနေ့သာ ချူချင်းမရှိခဲ့ပါက လျူယွီလိုင် သေချာပေါက်သေဆုံးသွားမည် ဖြစ်၏။

ထိုသို့သောအခြေအနေမျိုးတွင် တစ်ခုတည်းသောရွေးချယ်စရာမှာ လူကို ဦးစွာကယ်တင်လိုက်ခြင်းသာ ဖြစ်သည်။

နောက်ပိုင်းအခြေအနေများကိုတော့ တင်ရှင်းမြို့သို့ရောက်ပြီးမှသာ ဆက်လက်စုံစမ်းရတော့မည် ဖြစ်သည်။

ထို့နောက် ယနေ့လူသတ်သမားကို ရင်ဆိုင်ရာတွင်... ချူချင်းမှာ ဒဏ်ရာရစေရုံသာ လုပ်နိုင်သည်တော့ မဟုတ်ပေ။

နျဲ့ကျင့်ထိုင်၏နည်းလမ်းများအရ ဒဏ်ရာကိုကြည့်၍ လူသတ်သမား၏သရုပ်မှန်ကို ခွဲခြားသိမြင်ရန်မှာ သိပ်တော့မခက်ခဲလှချေ။

ယခုကဲ့သို့ ညှာတာပေးလိုက်ရခြင်းမှာ ချူချင်းသည် ကြိုတင်တွက်ချက်ထားနိုင်သောကြောင့် ဖြစ်သည်။

ယနေ့ ဤလူသည် နျဲ့ကျင့်ထိုင်မှ လူသတ်သမားလား သို့မဟုတ် လူသတ်သမားကို မစောင့်နိုင်တော့ဘဲ ကိုယ်တိုင်ကိုယ်ကျ ဝင်ပါလာသည့် အလုပ်အပ်သူလားဆိုသည်ကို မသေချာသောကြောင့် ဖြစ်သည်။

ဖြစ်စဉ်တစ်ခုလုံးကို မရှင်းမလင်းဖြစ်နေသောကြောင့် ချူချင်းသည် သတ်ပစ်မည့်အစား ဒဏ်ရာသာရစေခဲ့ခြင်း ဖြစ်၏။

ထို့နောက် ဝမ်ရို၏ ကောင်းကင်ရနံ့ခန္ဓာကိုယ်ကို အသုံးချကာ ဤလူကိုနောက်ယောင်ခံလိုက်၍ တောင်စောင့်နတ်ကွန်းသို့ ရောက်ရှိလာသောအခါမှသာ သူတို့၏သရုပ်မှန်ကို အတည်ပြုနိုင်ခဲ့သည်။

ထို့အပြင် မျှော်လင့်မထားသည့် သတင်းအချက်အလက်များကိုလည်း ရရှိခဲ့သေးသည်။

'ညဧကရာဇ်ရဲ့နောက်ကွယ်မှာ ကျောထောက်နောက်ခံ ရှိနေတယ်ဆိုတာ...'

ချူချင်းသည် ဝမ်ရိုကိုရုပ်ဖျက်ပေးနေရင်း စိတ်ထဲတွင် ဤကိစ္စကိုစဉ်းစားနေလိုက်သည်။

ထိုသူတောင်းစား၏စကားများအရ နျဲ့ကျင့်ထိုင်သည် ညဧကရာဇ်ကို အသေးစိတ်စုံစမ်းစစ်ဆေးခဲ့ပြီး သူ့၌ ပျံလွှားဓားမြှောင်ပညာ ရှိနေကြောင်းကိုပင် သိရှိနေကြပြီ ဖြစ်သည်။

ထျန်းဝူမြို့ထဲတွင် ချူချင်းက ချူယန်ကို ပျံလွှားဓားမြှောင်ဖြင့်သတ်ခဲ့သော်လည်း ထိုကိစ္စကို ဝူကန်ချီက ဖုံးကွယ်ထားခဲ့ပြီဖြစ်ရာ ထျန်းဝူမြို့ရှိလူများက ညဧကရာဇ်၏ဓားသိုင်းမှာ ပြိုင်ဘက်ကင်းကြောင်းကိုသာ သိထားကြပြီး သူ့၌ ပျံလွှားဓားမြှောင်ပညာ ရှိသေးသည်ကိုမူ မသိကြချေ။

ပျံလွှားဓားမြှောင်အကြောင်းကို သိနိုင်သည်ဆိုပါက ရှင်တောက်မြို့တော်သို့ ရောက်သည့်တိုင်အောင် သူတို့စုံစမ်းစစ်ဆေးနေကြခြင်းပင် ဖြစ်သည်။

သို့သော် ဤကိစ္စက ဤနေရာတွင် ရုတ်တရက်ရပ်တန့်သွားခဲ့သည်။

မျှော်လင့်မထားသည့် အပြောင်းအလဲတစ်ခုခု ရှိနေသည်ဆိုလျှင် မှားကယ်မိခဲ့သော မုထုံအာပင် ဖြစ်လောက်ပေသည်။

'သူမက ငါ့ကို ကာကွယ်ပေးဖို့ လူလွှတ်လိုက်မယ်လို့ သူ့ရဲ့ လက်အောက်ငယ်သားနှစ်ယောက်ကို ပြောခဲ့ဖူးတယ်…’

'အဲဒီညက ငါက ညဧကရာဇ်အသွင်နဲ့ ချီကွမ်းဆီကနေ မုထုံအာကို ကယ်တင်ခဲ့တယ်…’

'ဒီကိစ္စက သူမနဲ့ တကယ်သက်ဆိုင်နေတာလား... ဒီမိန်းကလေးက... ဘယ်လိုနောက်ခံမျိုး ရှိနေတာလဲ...'

ပထမတစ်ခုက ယိုစုန်းကိုဖမ်းဆီးနိုင်ပြီး သူ၏ခြေထောက်နှစ်ဖက်လုံးကို ချိုးပစ်ချင်နေသည့် ဖခင်တစ်ယောက်ရှိနေသည်။

ထို့ပြင် နျဲ့ကျင့်ထိုင်နောက်ဆုတ်သွားစေနိုင်ပြီး ညဧကရာဇ်၏နောက်ခံကို ဆက်လက်စုံစမ်းရန် မရဲဝံ့အောင် လုပ်နိုင်ခဲ့သည်။

ဤမုထုံအာ၏နောက်ခံမှာ သူထင်ထားသည်ထက်ပင် ပို၍ကြောက်စရာကောင်းနေမည်ကို ချူချင်းစဉ်းစားမိလိုက်သည်။

ဤအဆင့်အထိ ရောက်ရှိနိုင်သော ဖခင်တစ်ဦးသည် ဧကရာဇ်သုံးပါး၊ အရှင်သခင်ငါးပါးတို့နှင့် တူညီသောအဆင့်တွင် ရှိနေရမည်သာ ဖြစ်သည်။

ထို့သို့မဟုတ်လျှင် ဤမျှကြီးမားလှသော စွမ်းရည်မျိုးကို မည်သို့မျှပိုင်ဆိုင်နိုင်မည် မဟုတ်ချေ...

‘ဒါပေမဲ့ ဧကရာဇ်သုံးပါးနဲ့ အရှသ်သခင်ငါးပါးထဲမှာ မုမျိုးရိုးနာမည်ရှိသူ တကယ်မရှိဘူး... မိခင်မျိုးရိုးနာမည်ကို ယူထားတာများလား...'

ချူချင်းက ခေါင်းခါလိုက်ပြီး ထပ်၍မစဉ်းစားတော့ပေ။

ဤမိန်းကလေးသည် လျှို့ဝှက်ဆန်းကြယ်လွန်းလှပြီး နောင်တွင် ထပ်မံဆုံတွေ့ခွင့်ရနိုင်မည်လား ဆိုသည်ကိုပင် မသေချာသည်ကို အဘယ်ကြောင့် အသေးစိတ် စဉ်းစားနေရမည်နည်း။

စိတ်ထဲတွင် ထိုသို့တွေးတောနေရင်း လက်ကလည်း အနားမနေဘဲ ဝမ်ရိုကို ရုပ်ဖျက်ပေးနေလေသည်။ တစ်ခဏအကြာတွင် ချူချင်းက ကြေးမုံတစ်ခုကိုထုတ်ယူကာ ဝမ်ရိုကိုကမ်းပေးလိုက်၏။

"ဘယ်လိုလဲ..."

ဝမ်ရိုက ကြေးမုံကိုယူ၍ ကြည့်လိုက်သောအခါ ကြေးမုံထဲတွင်ပေါ်လာသည်မှာ နှုတ်ခမ်းမွှေးရေးရေးရှိသော လူငယ်လေးတစ်ဦး၏ ပုံစံဖြစ်နေသည်ကို မြင်လိုက်ရသည်။

မျက်လုံးတစ်စုံတွင် ကြည်လင်နေပြီး မျက်နှာပုံစံမှာလည်း ခန့်ညားလာခဲ့သည်။

ကြည့်ရသည်မှာ သန်စွမ်းကျန်းမာသော သခင်လေးတစ်ဦးနှင့် တူလှသည်။

ဝမ်ရိုက ကြေးမုံထဲရှိ သူမကိုသူမ သိချင်စိတ်ဖြင့် သေချာစစ်ဆေးကြည့်လိုက်၏။

"အရမ်းကောင်းတာပဲ အစ်ကိုသုံး... ဒါကို ဘယ်လိုလုပ်လိုက်တာလဲ... ကျွန်မလည်း နည်းနည်းလောက် သင်ယူလို့ရမလား..."

ချူချင်းက ပြောလိုက်သည်။

"ရတာပေါ့... နောက်ပိုင်းအချိန်ရရင် ငါသင်ပေးမယ်..."

ချူချင်းက အပြုံးဖြင့် သဘောတူလိုက်ပြီးနောက် ကြေးမုံရှေ့တွင် မိမိကိုမိမိပြင်ဆင်နေတော့သည်။

မင်ယွိကျမ်းစာကြောင့် ချူချင်း၏မျက်နှာအသားအရေသည် ယခုအခါတွင် အရမ်းဖြူစင်နေသဖြင့် အနည်းငယ်မည်းသွားအောင်လုပ်ရန် လိုအပ်သည်။ သူ၏မျက်နှာပုံစံမှာ မူလကတည်းက ဖြူဖြူချောချောလေးဖြစ်ပြီး ကြည့်ရသည်မှာ လောကအကြောင်း မသိနားမလည်သော သခင်လေးတစ်ဦးနှင့် တူနေသည်။

ထို့ကြောင့် သူက မျက်နှာပုံစံကို အနည်းငယ်ပြုပြင်လိုက်ပြီး မေးရိုးများကို ပိုမိုထင်ရှားစေကာ နောက်ဆုံးတွင် မုတ်ဆိတ်မွေးအကြီးကြီးတစ်ခုကို ကပ်လိုက်လေသည်။

အသေးစိတ်ပြင်ဆင်မှုများ ပြီးဆုံးသွားပြီးနောက် သူက ဝမ်ရိုနှင့်နီးကပ်စွာနေ၍ ကြေးမုံကိုကိုင်ကာ နှိုင်းယှဉ်ကြည့်လိုက်ရာ နှစ်ဦးလုံးကျေနပ်သွားကြသည်။

အချင်းချင်း အပြန်အလှန်ကြည့်လိုက်ပြီးနောက် ပြုံးလိုက်မိကြသည်။ ချူချင်းက တစ်ခဏစဉ်းစားပြီးနောက် ပြောလိုက်၏။

"လင်ပေ့မှာ ဟန်မျိုးရိုးက အဓိကမျိုးရိုးနာမည်လို့ ကြားဖူးတယ်... အခုကစပြီး ငါ့ကို ဟန်ဆန်းလို့ခေါ်တော့..."

"ဒါဆို ကျွန်မကို ဟန်စစ်လို့ခေါ်..."

ဝမ်ရိုက လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေပေးလိုက်သည်။

"အစ်ကိုသုံး..."

ချူချင်းက ပြန်ခေါ်လိုက်၏။

"ညီလေးစစ်..."

ထို့နောက် သူတို့နှစ်ဦးလုံးက ဝမ်ဖျင်ချဲ့ကို သတိရမိသွားကြပြီး အကူအညီမဲ့သလို ခံစားလိုက်ရလေသည်။

ရုပ်ဖျက်ပြီးနောက် နှစ်ဦးလုံးသည် လွတ်လပ်စွာလှုပ်ရှားနိုင်ပြီ ဖြစ်သည်။ သို့မဟုတ်ပါက လော့ချန်အိမ်တော်ကိစ္စပြီးကတည်းက ဓားရူးသခင်လေးသုံးမှာ အာရုံစိုက်ခံနေရမည်ဖြစ်ပြီး လျှို့ဝှက်စုံစမ်းစစ်ဆေးရန် လုံးဝမဖြစ်နိုင်တော့ချေ။

ထို့နောက် သူတို့နှစ်ဦး ပစ္စည်းများကိုသိမ်းဆည်းလိုက်ပြီး အလောင်းကို ကိုင်တွယ်ရှင်းလင်းလိုက်ကာ ဝမ်ရိုက ထိုသူတောင်းစား၏အနံ့ကိုခံ၍ အနံ့နောက်သို့ လိုက်သွားခဲ့သည်။

သိပ်မကြာခင်မှာပင် တင်ရှင်းမြို့ထဲသို့ ဝင်ရောက်သွားလေသည်။

ဝမ်ရိုက ချူချင်းကိုဦးဆောင်၍ တစ်ပတ်လှည့်လည်သွားပြီးနောက် နောက်ဆုံးတွင် ခြံဝင်းကြီးတစ်ခု၏အနောက်ပေါက်တွင် ရပ်လိုက်သည်။

သူတို့သည် ဤနေရာတွင်ရပ်တန့်မနေဘဲ တိုက်ရိုက်ဖြတ်လျှောက်သွားခဲ့ကြ၏။

"အဲဒီလူက တင်ရှင်းမြို့ကနေ မထွက်သွားဘဲ အဲဒီခြံဝင်းထဲမှာပဲ ရှိနေတယ်..."

ဝမ်ရိုက ချူချင်းကို တိုးတိုးလေးပြောလိုက်သည်။

ချူချင်းက ထိုခြံဝင်း၏ဆိုင်းဘုတ်ကို ကြည့်လိုက်ရာ ဆိုင်းဘုတ်မှာ အမြင့်တွင်ချိတ်ဆွဲထားပြီး အက္ခရာကြီးနှစ်လုံး ရေးထိုးထားသည်ကို မြင်လိုက်ရသည်။

'ကျိုးအိမ်တော်'

သေချာစဉ်းစားသုံးသပ်ကြည့်ပြီးနောက် ချူချင်းသည် တင်ရှင်းမြို့ရှိ ကျိုးအမည်ရှိသည့် မည်သည့်ထိပ်တန်းပညာရှင်တစ်ဦးကိုမျှ မမှတ်မိနိုင်ချေ။

သို့သော် ခြံဝင်းကိုကြည့်ရုံဖြင့် ဤအိမ်မှာ ချမ်းသာကြွယ်ဝသော မိသားစုဖြစ်သည်မှာ ထင်ရှားနေသည်။

ထိုသို့စဉ်းစားနေစဉ် ဝမ်ရို၏အသံက နားထဲသို့ ပြန်လည်ဝင်ရောက်လာ၏။

"အစ်ကိုသုံး... ကျွန်မတို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ..."

ချူချင်းက သူမကိုကြည့်လိုက်သောအခါ ကြည်လင်နေသော မျက်ဝန်းနက်များထဲတွင် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များ ပုန်းကွယ်နေသည်ကို သတိပြုမိလိုက်သည်။

သူက အနည်းငယ်ရယ်ချင်မိသည်။ ဤကောင်မလေးသည် ငယ်စဉ်ကတည်းက ထိုက်ရိဂိုဏ်းတွင်ကြီးပြင်းလာခဲ့ပြီး တောင်ပေါ်မှဆင်း၍ လှုပ်ရှားမှုများ အနည်းငယ်သာရှိခဲ့သဖြင့် ယခုအခါတွင် သူမ အတော်လေးစိတ်ဝင်စားနေသည်မှာ ထင်ရှားလှပေသည်။

ထို့ကြောင့် ပြောလိုက်၏။

"အရင်ဆုံး တည်းခိုဖို့နေရာတစ်ခုရှာပြီး ခဏအနားယူကြမယ်... ပြီးမှ နောက်ထပ်အစီအစဉ်တွေ ဆက်လုပ်ကြတာပေါ့..."

တည်းခိုခန်းတစ်ခုကိုရှာဖွေရန် စဉ်းစားနေစဉ်မှာပင် လူစည်ကားသော လမ်းဘေး၌ ခေါင်းတွင် မြက်ရိုးတစ်ချောင်းထိုးထားပြီး တစ်ကိုယ်လုံးစုတ်ပြတ်သတ်နေသော ပုံရိပ်တစ်ခု ကွေးကွေးလေးထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ဘေးတွင်ကား ဆိုင်းဘုတ်တစ်ခုကိုချထားပြီး စာလုံးအချို့ရေးသားထားလေသည်။

'ကိုယ့်ကိုယ်ကိုရောင်းပြီး လူသတ်ပေးမည်’

All Chapters