အခန်း ၂၄၉
Vol. 25 Ch. 249
အခန်း (၂၄၉) - ဟုန်ယဲ့ (၁)
မိမိကိုယ်ကိုရောင်းချ၍ လူသတ်ခိုင်းခြင်းလော။
ဤစကားလုံးမှာ အသစ်အဆန်းပင်။
အများအားဖြင့် မိမိကိုယ်ကိုရောင်းချ၍ ဖခင်ကိုသင်္ဂြိုဟ်ခြင်း၊ မိခင်ကိုသင်္ဂြိုဟ်ခြင်း သို့မဟုတ် အဘိုးကိုသင်္ဂြိုဟ်ခြင်း... စသည်ဖြင့်သာ ရှိတတ်လေ၏။
ချူချင်းက ခေါင်းကိုစောင်းပြီး နှစ်ကြိမ်ခန့်ကြည့်လိုက်ရာ ပတ်ဝန်းကျင်ရှိလူတို့သည် ထိုအရာကို လျစ်လျူရှုနေကြသည်ကို သတိပြုမိလေသည်။
ရံဖန်ရံခါ ထိုလူရိပ်ရှေ့တွင် ရပ်တန့်သွားသူအချို့ရှိသော်လည်း ခေါင်းခါသက်ပြင်းချပြီးနောက် အလျင်အမြန်ပင် ထွက်သွားကြ၏။
သိပ်မဝေးသောနေရာ၌ ဖက်ထုပ်ဆိုင်တစ်ဆိုင်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ချူချင်းက ဝမ်ရိုကိုခေါ်ကာ စားပွဲအလွတ်တစ်ခုဆီသို့ သွားထိုင်လိုက်သည်။
ဆိုင်ရှင်ကိုလက်ဝှေ့ယမ်းပြကာ ဖက်ထုပ်နှစ်ပွဲမှာလိုက်ပြီး ဆိုင်ရှင်လာပို့ပေးသောအခါ ချူချင်းက အမှတ်တမဲ့မေးလိုက်၏။
"ဟိုဘက်က ဘာတွေဖြစ်နေတာလဲ..."
တစ်စုံတစ်ယောက်က လာရောက်မေးမြန်းနေသည်ကို မြင်သော်လည်း ဆိုင်ရှင်က မထူးမဆန်း သက်ပြင်းချကာ ပြောလိုက်သည်။
"ဒီမိန်းကလေးက အတော်လေး သနားစရာကောင်းတာပါ..."
"မိန်းကလေးလား..."
ချူချင်းက နှစ်ကြိမ်ခန့်လှမ်းကြည့်လိုက်လေ၏။ ထိုသူက ကွေးကွေးလေးထိုင်နေသဖြင့် ယောက်ျားလား၊ မိန်းမလားဆိုတာပင် မသဲကွဲပေ။
"မိန်းကလေးမဟုတ်လို့ ဘာဖြစ်ရမှာလဲ..."
ဆိုင်ရှင်က ဆက်ပြောလေသည်။
"သူက လွန်ခဲ့တဲ့သုံးရက်ကမှ တင်ရှင်းမြို့ကိုရောက်လာတာဗျ။ ဘယ်ကနေလာပြီး ဘာတွေကြုံတွေ့ခဲ့ရလဲဆိုတာတော့ မသိရဘူး…”
"တစ်ကိုယ်လုံးလည်း စုတ်ပြတ်သတ်နေပြီး မျက်နှာကိုလည်း ဓားနဲ့အမွှန်းခံထားရတယ်။ အသက်ရှိနေပေမဲ့ သေသူတစ်ယောက်လိုပဲ…”
"ကြားရသလောက်တော့ ကျွန်တော်တို့ ထျယ်ရွှဲ့ခန်းမသခင် ထျယ်လင်ယွန်းက တင်ရှင်းမြို့မှာရှိနေလို့ သူ့ကိုလာရှာတာတဲ့…”
"နောက်ပိုင်းတော့ ဘယ်လိုဖြစ်သွားလဲမသိဘူး လူကို မတွေ့လိုက်ရဘူး…”
"နောက်ဆုံးကျန်တဲ့ ငွေစလေးနဲ့ ဆိုင်းဘုတ်တစ်ခုဝယ်ပြီး 'လူသတ်ပေးရန် မိမိကိုယ်ကိုရောင်းမည်'ဆိုတဲ့ စာလုံးလေးလုံးကို ရေးထားတာပဲ…”
"ကျွန်တော်တို့လို သာမန်အရပ်သားတွေက လူသတ်တာနဲ့ပတ်သက်ပြီး ဘယ်ဝင်ပါရဲပါ့မလဲ…”
"တချို့တလေက သွားကြည့်ပေမဲ့လည်း မိန်းကလေးရဲ့ရုပ်ကို မြင်လိုက်တာနဲ့ လန့်ပြီး ပြေးကြတော့တာပဲ…”
"ဖြတ်သွားဖြတ်လာလုပ်နေတဲ့ သိုင်းလောကသားတွေထဲမှာ ဒီမိန်းကလေးနဲ့ စကားသွားပြောတဲ့သူတွေရှိပေမဲ့ စကားနှစ်ခွန်းလောက်ပြောပြီးတာနဲ့ အကုန်လူစုကွဲသွားကြတာပဲ…”
"ဒီနေ့အထိ သူ့နာမည်ကဘာ၊ အိမ်ကဘယ်မှာ၊ သူသတ်ချင်တဲ့သူက ဘယ်သူလဲဆိုတာကို ကျွန်တော်တို့လည်း မသိသေးဘူး…”
"သူ့ကိုသနားလို့ တချို့က မုန့်နည်းနည်းလာပေးကြပြီး ဗိုက်ဝအောင် ကျွေးကြတာပဲရှိတယ်…”
"ဒါပေမဲ့လည်း ဒီခေတ်ကြီးမှာ ဘယ်အိမ်ကမှ ပိုလျှံမနေဘူးလေ…”
"တစ်ကြိမ်၊ နှစ်ကြိမ်လောက်တော့ရပေမဲ့ အချိန်ကြာလာရင် ဘယ်သူကမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး... ခန့်မှန်းရသလောက်တော့ နောက်နှစ်ရက်လောက်ဆို ငတ်သေသွားလောက်ပြီ..."
ထိုစကားကိုကြားသောအခါ ချူချင်းကခေါင်းညိတ်လိုက်ပြီး ဆိုင်ရှင်ကို ငွေအနည်းငယ် ပိုပေးလိုက်လေသည်။ ထို့နောက် ဝမ်ရိုနှင့်အတူ ခေါင်းငုံ့ကာ အစားစားနေလိုက်၏။
စားသောက်ပြီးသွားသောအခါ လူသတ်ပေးရန် မိမိကိုယ်ကိုရောင်းနေသော မိန်းကလေးထံသို့ သွားမကြည့်တော့ဘဲ တည်းခိုရန်နေရာရှာရန် လှည့်ထွက်လာခဲ့သည်။
နောက်ဆုံးတွင် တည်းခိုခန်းတစ်ခုကိုရွေးချယ်လိုက်ပြီး အခန်းနှစ်ခန်းယူကာ ခေတ္တတည်းခိုနေထိုင်လိုက်လေ၏။
ထို့နောက် ချူချင်းက အဝတ်အစားအချို့နှင့် သိုးမွှေးဦးထုပ်နှစ်လုံး သွားရောက်ဝယ်ယူခဲ့ပြီး ဝမ်ရိုနှင့် တစ်ယောက်တစ်လုံးစီ ဆောင်းထားလိုက်သည်။
ဤကဲ့သို့ဝတ်စားဆင်ယင်ထားပါက ဝမ်ဖူစန်းကိုယ်တိုင် မြင်တွေ့လျှင်ပင် သူ့ရှေ့မှလူမှာ သူ၏သမီးအရင်းဖြစ်ကြောင်း မှတ်မိနိုင်မည် မဟုတ်ပေ။
မွန်းလွဲပိုင်းအချိန်တွင် ချူချင်းက အပြင်သို့ထွက်သွားခဲ့၏။ အဓိကအားဖြင့် လျူယွီလိုင်အကြောင်းကို စုံစမ်းရန်ဖြစ်လေသည်။
သာမန်အရပ်သားများကြားတွင် ထိုလူမှာ နာမည်ကောင်းရှိပြီး သူ၏တစ်သက်တာတွင် မကောင်းမှုတစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်းမရှိကြောင်းကို သူတွေ့ရှိခဲ့ရသည်။ သို့သော်လည်း မည်သူက မည်သည့်အကြောင်းကြောင့် သူ့ကိုသတ်ချင်နေသည်ကိုတော့ မသိရပေ။
ယခင်က လျန်ရှန်ခံတပ်ခုနှစ်ခု၏ကိစ္စကို ပြန်လည်ဆက်စပ်တွေးတောမိရင်း လျူယွီလိုင်ကိုသတ်ချင်နေသူများမှာ ပုဂ္ဂိုလ်ရေးရန်ငြိုးကြောင့်မဟုတ်လျှင် တင်ရှင်းမြို့ရင်ဆိုင်နေရသော လက်ရှိအခြေအနေနှင့် တစ်နည်းနည်းဖြင့် ဆက်စပ်နေနိုင်ကြောင်း ချူချင်းစဉ်းစားလိုက်မိ၏။
အထူးသဖြင့် ချူချင်းသည် နောက်ထပ်သတင်းတစ်ပုဒ်ကိုလည်း ကြားခဲ့ရသေးသည်။ မီးတောက်ခန်းမဆောင်၏ အလုံးအရင်း ကျူးကျော်ဝင်ရောက်မှုကြောင့် မူလက တင်ရှင်းမြို့ကိုတာဝန်ယူခဲ့သူ လုကျီဝေ့သည် ယခုအခါ တင်ရှင်းမြို့တွင်မရှိတော့ပေ။
တင်ရှင်းမြို့ကို လျူယွီလိုင်ထံ ခေတ္တလွှဲပြောင်းကာ တာဝန်ယူစေခဲ့ခြင်းပင်။
အကယ်၍ လျူယွီလိုင်သာ ဤအချိန်တွင် သေဆုံးသွားခဲ့မည်ဆိုလျှင် အခြေအနေများမှာ ပို၍ရှုပ်ထွေးသွားဖို့သာ ရှိတော့သည်။
အကျိုးအမြတ်ရရှိမည့်သူများထဲတွင် တင်ရှင်းမြို့ကို မျက်စိကျနေသူများသာမက လုကျီဝေ့၏ အခြားလက်အောက်ငယ်သားနှစ်ဦးလည်း ပါဝင်နေလေ၏။ သူတို့မှာ ကြယ်ခဓား ကွမ်ဝမ်၊ ကျည်ဆန်ပျံ ကျန်ချွန်းဟွာတို့ပင် ဖြစ်သည်။
သို့သော် ကနဦးစုံစမ်းရရှိထားသော သတင်းများမှာ ယုံကြည်စိတ်ချရမှုရှိမရှိဆိုသည်ကို မပြောနိုင်သေးရာ ထိုပုဂ္ဂိုလ်ကို ပို၍အာရုံစိုက်ထားရန် လိုအပ်ပေသည်။
အထူးသဖြင့် လက်ရှိအခြေအနေအောက်တွင် ထိုသူတောင်းစားသည် 'ဓားတစ္ဆေ' ထွက်ပေါ်လာကြောင်း သတင်းကို နျဲ့ကျင့်ထိုင်သို့ ပြန်လည်ပေးပို့လိုက်မည်ဆိုပါက တစ်စုံတစ်ယောက်က စုံစမ်းစစ်ဆေးရန် ရောက်လာမည်မှာ အသေအချာပင် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် သူတို့သည် လျူယွီလိုင်ကိုအသုံးချကာ 'ဓားတစ္ဆေ'ကို ကိုယ်ထင်ပြလာစေရန် မြှူဆွယ်နိုင်ပေသည်။ တင်ရှင်းမြို့၏အခြေအနေကို တည်ငြိမ်စေရန်အတွက် လျူယွီလိုင်သည် ယခုလက်ရှိတွင် အင်အားစုဆောင်းနေကြောင်းကိုလည်း ချူချင်းသိထားလေသည်။
ဤလုပ်ရပ်မှာ အတော်လေး မျက်ကန်းတစ္ဆေမကြောက်လုပ်ရပ်ဖြစ်ကြောင်း ချူချင်းခံစားမိ၏။ လူယုတ်မာတစ်ယောက်က ဤအခွင့်အရေးကိုအသုံးချကာ ခိုးဝင်လာမည်ဆိုပါက မည်သူသိနိုင်မည်နည်း။
သို့သော် လုကျီဝေ့က တင်ရှင်းမြို့ကို လျူယွီလိုင်ထံ စိတ်ချလက်ချ လွှဲအပ်ခဲ့ခြင်းဖြစ်ရာ ထိုသူမှာလည်း သာမန်လူတစ်ယောက်မဖြစ်နိုင်ချေ။ ဤလုပ်ရပ်မှာ အခြားရည်ရွယ်ချက်တစ်ခုခု ရှိနေနိုင်ပေသည်။
သူရရှိထားသော သတင်းအချက်အလက်များကို ခေါင်းထဲတွင် အကြမ်းဖျင်း ပြန်လည်စီစဉ်လိုက်သည်။ ညသန်းခေါင်အချိန်သို့ ရောက်နေပြီဖြစ်ကာ ဝမ်ရိုအနားယူသွားသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ခဏမျှစဉ်းစားပြီးနောက် ချူချင်းသည် ညဝတ်စုံကို လဲဝတ်လိုက်၏။
'ညဧကရာဇ်'၏ အမှတ်အသားဖြစ်သော အဖြူရောင်မျက်နှာဖုံးကို မတပ်ဆင်တော့ဘဲ မျက်နှာဖုံးဝတ်စတစ်ခုဖြင့်သာ သူ၏မျက်နှာကို ဖုံးအုပ်ထားလိုက်သည်။
ထို့နောက် တည်းခိုခန်းပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ခုန်ထွက်သွားလေသည်။ ခြေလှမ်းများက အမိုးပေါ်မှဖြတ်ပြေးသွားပြီး ခဏအကြာတွင် နေရာတစ်ခု၌ ရပ်တန့်လိုက်၏။
အဝေးမှလှမ်းကြည့်လိုက်ရာ လမ်းမပေါ်ရှိ ထိုလူရိပ်မှာ ကောက်ရိုးဖျာတစ်ချပ်ကို လွှမ်းခြုံထားကာ မိမိကိုယ်ကိုကွေးထားရန် ကြိုးစားနေသော်လည်း အအေးဒဏ်ကြောင့် တဆတ်ဆတ်တုန်ရီနေဆဲပင် ဖြစ်သည်။
ချူချင်းက ထိုနေရာတွင် ခဏမျှရပ်ကြည့်နေပြီးနောက် ရုတ်တရက် သူ၏ခန္ဓာကိုယ်မှာ လေထဲလွင့်နေသော မြူခိုးငွေ့တစ်စုကဲ့သို့ဖြစ်သွားကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုလူရိပ်ရှေ့သို့ ရောက်ရှိသွားလေသည်။
ချက်ချင်းပင် လက်လှမ်းကာ ထိုသူကိုဖမ်းဆွဲလိုက်ပြီး ခြေထောက်က မြေကြီးကိုမထိဘဲ မြူခိုးငွေ့ကဲ့သို့ အထက်သို့ပျံတက်သွား၏။
လက်ထဲမှလူမှာ ရုတ်တရက်ထိတ်လန့်သွားပြီး ချူချင်း၏လက်ကောက်ဝတ်ကို လှမ်းဆွဲထားလိုက်လေသည်။ ပါးစပ်မှ ပင်ကိုအသိစိတ်ဖြင့် ထိတ်လန့်တကြားအော်ဟစ်လိုက်သော်လည်း တစ်ကြိမ်အော်ပြီးသည်နှင့် မိမိပါးစပ်ကို တင်းကျပ်စွာ ပြန်ပိတ်ထားလိုက်သည်။
ချူချင်းက ထိုလူကိုခေါ်ကာ တစ်လျှောက်လုံးပျံသန်းသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တင်ရှင်းမြို့၏အသွားအလာပျက်သော ထောင့်တစ်နေရာသို့ ရောက်ရှိသွားလေသည်။
ထိုသူကို မြေပြင်ပေါ်သို့ချပေးလိုက်ပြီးနောက် ရင်ခွင်ထဲမှ ဆီစက္ကူထုပ်တစ်ထုပ်ကိုထုတ်ကာ သူမရှေ့သို့ ပစ်ချပေးလိုက်၏။
မိန်းကလေးမှာ ထိတ်လန့်နေဆဲပင်ဖြစ်သော်လည်း ဆီစက္ကူထုပ်ကိုမြင်လိုက်ရသောအခါ ချက်ချင်းလှမ်းယူကာ ဆုတ်ဖြဲလိုက်သည်။ အထဲတွင် ချက်ပြုတ်ထားသော အသားအချို့ရှိနေပြီး အဆိပ်ခပ်ထားနိုင်သည်ကိုပင် ဂရုမစိုက်တော့ဘဲ ကောက်ယူကာ ပါးစပ်ထဲသို့ ဆက်တိုက်ထည့်သွင်းလိုက်လေသည်။
ပြီးနောက် အားရပါးရ ဝါးမျိုစားသောက်နေတော့သည်။
ချူချင်းက မျက်ခုံးပင့်လိုက်၏။
"မင်းက သေချင်နေတာလို့ ကြားခဲ့ရတာ... အခုကြည့်ရတာတော့ မင်းက အဲဒီလောက်လည်း မသေချင်သေးပါဘူး..."
မိန်းကလေးမှာ အငမ်းမရစားနေသောကြောင့် နင်သွားပြီး ရင်ဘတ်ကို ဆက်တိုက်ထုနေရသည်။
ချူချင်းက လက်ကိုဝှေ့ယမ်းကာ သူမထံသို့ ရေဘူးတစ်ဘူးထပ်မံပစ်ပေးလိုက်ရာ သူမက အလျင်အမြန်ဖွင့်၍ ရေအနည်းငယ်ကို အငမ်းမရသောက်ချလိုက်၏။ ထို့နောက်မှ သက်ပြင်းရှည်ကြီးတစ်ခုချနိုင်သွားပြီး လက်နှင့်ခြေထောက်များတုန်ယင်လျက် ချူချင်းကိုကြည့်လာလေသည်။
ညအမှောင်ထုအောက်တွင် ချူချင်းသည် သူမ၏မျက်နှာကို ရှင်းလင်းစွာမြင်လိုက်ရသည်။ တကယ်ကိုပင် စိတ်မချမ်းမြေ့ဖွယ်ကောင်းလှ၏။
ဓားဒဏ်ရာများက ရှုပ်ယှက်ခတ်ကာ ပုံပျက်ပန်းပျက်ဖြစ်နေပြီး ထိုဒဏ်ရာများမှာ ဆွန်ရှောင်ရှန်း၏ဒဏ်ရာများကဲ့သို့ အနာဟောင်းများမဟုတ်ဘဲ အချိန်မီမကုသခဲ့သောကြောင့် အနာများယိုယွင်းကာ ပြည်တည်နေခဲ့သည်။
သူမ၏ပုံပန်းသွင်ပြင်မှာ ရက်စက်သော တစ္ဆေသရဲတစ်ကောင်နှင့်တူပြီး မြင်ရသူအဖို့ ထိတ်လန့်စရာပင် ဖြစ်သည်။
သို့သော် သူမ၏အသံမှာ ကြောက်ရွံ့တုန်လှုပ်မှုများ ကိန်းအောင်းနေ၏။
"ကျွန်မ... ကျွန်မ မသေချင်ဘူး…”
"ဒါပေမဲ့... ကျွန်မအသုံးမကျလို့... လက်စားမချေနိုင်ဘူးဆိုရင် အသက်ရှင်နေရတာလည်း အဓိပ္ပာယ်မရှိဘူး…”
"တကယ်လို့... တကယ်လို့များ တစ်ယောက်ယောက်ကသာ ကျွန်မကိုဝယ်ပြီး လက်စားချေဖို့ကူညီပေးမယ်ဆိုရင် အဲဒီသူအတွက် ကျွန်မ အသက်ရှင်ပေးနိုင်ပါတယ်…”
"တကယ်လို့ ဘယ်သူမှမရှိဘူး... ဘယ်သူကမှ ကျွန်မကိုမဝယ်ချင်လို့... လက်စားချေလို့ မရတော့ဘူးဆိုရင်…”
"ကျွန်မ သေသွားလည်း ကိစ္စမရှိပါဘူး... ငရဲလမ်းမှာ သူတို့ ကျွန်မကို စောင့်နေကြဦးမှာပါ..."
ချူချင်းက သူမကို တိတ်တဆိတ် နှစ်ကြိမ်ခန့်ကြည့်လိုက်ပြီးနောက် ညင်သာစွာပြောလိုက်သည်။
"မင်းဇာတ်လမ်းကို ပြောပြစမ်းပါ... မင်းသတ်ချင်နေတဲ့သူက ဘယ်သူလဲ..."
"ကြယ်ခဓား... ကွမ်ဝမ်..."
တွေဝေဆိုင်းငံ့မှုမရှိဘဲ ထိုမိန်းကလေးက နာမည်တစ်ခုကို ပြောလိုက်လေသည်။