အခန်း ၂၅၀
Vol. 25 Ch. 250
အခန်း (၂၅၀) - ဟုန်ယဲ့ (၂)
ချူချင်း မျက်ခုံးပင့်လိုက်၏။
'လုကျီဝေ့လက်အောက်က လူယုံသုံးယောက်ထဲက တစ်ယောက်လား...'
'အခုလက်ရှိ တင်ရှင်းမြို့ကို လျူယွီလိုင်က အဓိကတာဝန်ယူထားပြီး ကွမ်ဝမ်က လက်ထောက်ဖြစ်နေတာ... ဒီမိန်းကလေးသတ်ချင်တဲ့သူက တကယ်ပဲ ဒီလူဖြစ်နေတာလား...'
'သိုင်းလောကသားတွေ မေးကြည့်ကြပြီး ဘာလို့ဝင်မပါရဲကြတာလဲဆိုတာ အံ့သြစရာတော့ မဟုတ်ဘူး... ထျယ်ရွှဲ့ခန်းမဆောင်နဲ့ ပတ်သက်နေတဲ့ကိစ္စကို ဘယ်သူကများဝင်ပါရဲမှာလဲ...'
ချူချင်းက မျက်လုံးများကို အနည်းငယ်မှေးကျဉ်းလိုက်သည်။
"ဆက်ပြောပါဦး..."
"ရှင်... ရှင် ကျွန်မကို ဝယ်မှာလား..."
မိန်းကလေးက မျှော်လင့်ချက်အပြည့်မျက်လုံးများဖြင့် ချူချင်းကိုကြည့်လာ၏။ သို့သော် သူမ၏မျက်လုံးတစ်ဖက်ကို ဖြတ်သွားသောအမာရွတ်တစ်ခုရှိနေပြီး မျက်လုံးမကန်းသွားသော်လည်း ရုပ်ဆိုးဆဲပင် ဖြစ်သည်။
ချူချင်းက မြေပြင်ပေါ်တွင် ထိုင်ချလိုက်လေသည်။
"ငါ့ကို သေချာပြောပြ... မင်းကိုဝယ်ဖို့ ငါစဉ်းစားပေးမယ်..."
"ဒါပေမဲ့... ကျွန်မသတ်ချင်တဲ့သူက ကွမ်ဝမ်လေ..."
မိန်းကလေးက ချူချင်း၏မျက်လုံးထဲမှ တစ်ခုခုကိုဖတ်ရှုနိုင်ရန် ကြိုးစားနေသည့်အလား သေချာကြည့်လာသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ချူချင်း၏မျက်လုံးတစ်စုံမှာ အလွန်တည်ငြိမ်နေခြင်းပင်။ ထျယ်ရွှဲ့နှင့်ပတ်သက်နေသည့် ကိစ္စဖြစ်သောကြောင့် စိုးရိမ်ကြောက်လန့်မှုမရှိသလို ကွမ်ဝမ်ဟူသောအမည်ကြောင့်လည်း နောက်ဆုတ်သွားခြင်းမရှိပေ။
အသက်ကိုပြင်းပြင်းရှူလိုက်ပြီးနောက် မိန်းကလေးက ထပ်မံစကားဆိုလာ၏။
"ကျွန်မတို့မိသားစုက ဟုန်ရှူးရွာမှာနေတာပါ... လော့ယဲ့မြို့ဘေးက ရွာငယ်လေးတစ်ရွာပေါ့...
"လော့ယဲ့မြို့ကို တာဝန်ယူထားတဲ့သူက ထျယ်ရွှဲ့ စတုတ္ထခန်းမသခင်ကျုံပေထန်ပါ…”
"အဲဒီနေ့က ဟင်းသီးဟင်းရွက်တွေသွားရောင်းဖို့ အဖေနဲ့အစ်ကိုတွေနောက်ကိုလိုက်ပြီး လော့ယဲ့မြို့ကိုသွားခဲ့တယ်…”
"အဲဒီအချိန်က လူအရမ်းစည်ကားနေတာနဲ့ တိုးကြည့်ချင်နေတာကြောင့် အဖေနဲ့အစ်ကိုတွေက တားနေတဲ့ကြားကနေ ဘာတွေဖြစ်နေတာလဲဆိုတာ သိရအောင် ရှေ့ကိုထွက်သွားခဲ့တယ်…”
"ရှေ့ရောက်သွားမှ လူတစ်ယောက်ပြောနေတာကို ကြားလိုက်ရတယ်…”
"စတုတ္ထခန်းမသခင်ကျုံပေထန်ဆီကို လာလည်တဲ့ တင်ရှင်းမြို့က ကြယ်ခဓားကွမ်ဝမ်တဲ့…”
"နှစ်ပေါင်းများစွာ ဟုန်ရှူးရွာလေး ဘေးကင်းလုံခြုံနေရတဲ့ အကြောင်းရင်းက ထျယ်ရွှဲ့ရဲ့ အကာအကွယ်ပေးမှုကြောင့်လို့ ကျွန်မအဖေနဲ့အစ်ကိုတွေက အမြဲပြောပြကြတယ်…”
"ပြီးတော့ ဒီခန်းမသခင်တွေ၊ သိုင်းပညာရှင်တွေအားလုံးက သာမန်အရပ်သားတွေကို ကာကွယ်ပေးတဲ့ သူရဲကောင်းကြီးတွေတဲ့လေ…”
"ဒဏ္ဍာရီတွေထဲကလို မြင့်မြတ်တဲ့လူတွေကို မြင်တွေ့ခွင့်ရတဲ့အတွက်... ကျွန်မ အရမ်းကို ဝမ်းသာပီတိဖြစ်ခဲ့ရတယ်…”
"ကြယ်ခဓားကွမ်ဝမ်က ကျွန်မကို တစ်ချက်လှမ်းကြည့်လိုက်တဲ့အချိန်…”
"ကျွန်မ အရမ်းပျော်လွန်းလို့ ထခုန်မိမတတ်ဖြစ်သွားခဲ့တယ်... ဒါပေမဲ့ ဒီအကြည့်တစ်ချက်အတွက် ကျွန်မ ဘာတွေပေးဆပ်လိုက်ရလဲဆိုတာကိုတော့ မသိခဲ့ဘူး..."
နေ့ဘက်တွင် မြင်တွေ့ခဲ့ရသောကွမ်ဝမ်သည် ဒုတိယနေ့ညဘက်ရောက်သောအခါ ဟုန်ရှူးရွာသို့ရောက်လာလိမ့်မည်ဟု သူမ အိပ်မက်ပင်မမက်ဖူးခဲ့ချေ။ မိန်းကလေး၏မိသားစုသည် ဤသူရဲကောင်းကြီးအပေါ် အပြည့်အဝလေးစားမှုများ ပြသခဲ့ကြသည်။
ဟုန်ရှူးရွာသို့ ကွမ်ဝမ် မည်သည့်အတွက်ကြောင့် ရောက်လာရသနည်းဟု မေးမြန်းကြည့်သောအခါ ဤနေရာမှဖြတ်သွားရင်း တည်းခိုမည့်နေရာလွတ်သွားသောကြောင့် တစ်ညတာ ဝင်ရောက်နှောင့်ယှက်ရခြင်းဖြစ်ကြောင်းသာ ပြောဆိုခဲ့၏။ မည်သူကမျှ ထိုစကားအပေါ် သံသယမဝင်ခဲ့ကြပေ...
ညဘက်ရောက်သောအခါ မူလက ဘေးခန်းတွင် နေထိုင်နေသောကွမ်ဝမ်သည် ရုတ်တရက် ထိုမိန်းကလေး၏ခုတင်ပေါ်သို့ တက်လာလေတော့သည်။
မိန်းကလေးမှာ အလွန်ထိတ်လန့်သွားသော်လည်း ကွမ်ဝမ်က သူမ၏ပါးစပ်ကို ပိတ်ထားလိုက်၏။
"ငါ့နောက်ကိုသာလိုက်ခဲ့စမ်း မင်းခံစားလို့ ကုန်မှာမဟုတ်ဘူး... အခုကစပြီး မင်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ တောသူမလေးတစ်ယောက် မဟုတ်တော့ဘူး... အဆုံးမရှိတဲ့ စည်းစိမ်ဥစ္စာတွေကို ခံစားရတော့မှာ..."
နတ်ဆိုးတစ်ကောင်၏ တိုးတိုးလေးရေရွတ်သံကဲ့သို့ သူမ၏နားထဲတွင် ပဲ့တင်ထပ်နေလေသည်။
တစ်ခဏတာမျှ မိန်းကလေးက တကယ်သဘောတူချင်ခဲ့သည်။ ကွမ်ဝမ်သည် အဆင့်အတန်းမြင့်မားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ရာ မိမိကဲ့သို့အမျိုးသမီးတစ်ယောက်ကို သဘောကျခြင်းမှာ ဘဝရှစ်ဆက်တိုင်အောင် ကျင့်ကြံယူ၍မရနိုင်သော ကံကောင်းမှုပင် ဖြစ်သည်။
သူမအနေဖြင့် သဘောတူလိုက်သင့်သည်။ မည်သို့ငြင်းပယ်ဝံ့မည်နည်း... ငြင်းပယ်ရန်ရော မည်သို့အခွင့်အရေးရှိမည်နည်း...
‘ဒါပေမဲ့... ဒီလိုမျိုးတော့ မဖြစ်သင့်ဘူးလေ…’
သူမ၏မိသားစုမှာ ဆင်းရဲနွမ်းပါးသော်လည်း ညီအစ်ကိုမောင်နှမများကြား ချစ်ခင်ကြသလို မိဘများကလည်း မေတ္တာပြည့်ဝကြသည်။
ဖခင်က မိခင်ကို မည်သို့ဆက်ဆံကြောင်း၊ အစ်ကိုက မရီးကို မည်သို့ဆက်ဆံကြောင်း သူမ မြင်တွေ့ခဲ့ရသည်။ ချစ်ခင်ကြင်နာသော ဇနီးမောင်နှံဆိုသည်မှာ မည်သို့ဖြစ်ကြောင်း သူမ သိရှိထားလေသည်။
ထိုသို့ကိစ္စမျိုးကို ပြုလုပ်ချင်ပါက အောင်သွယ်ပွဲစားသုံးဦးနှင့် စေ့စပ်လက်ဆောင်ခြောက်မျိုးဖြင့် အိမ်သို့တရားဝင်လက်ထပ်ခေါ်ယူမှသာလျှင် ပြုလုပ်နိုင်ပေမည်။ အောင်သွယ်မရှိဘဲ တိတ်တဆိတ်ပေါင်းဖက်ရမည့် အကြောင်းပြချက်မျိုး မည်သို့ရှိနိုင်မည်နည်း။ ထို့ကြောင့် ဆင်ခြင်တုံတရားက နေရာယူသွားသောအချိန်တွင် သူမက အော်ဟစ်လိုက်လေသည်။
"မလုပ်ပါနဲ့..."
ဤအော်သံတစ်ချက်တည်းနှင့်ပင်...
မိဘများကကြားသွားပြီး အပြေးအလွှားရောက်လာသော်လည်း ကွမ်ဝမ်က ဓားတစ်ချက်တည်းနှင့်ပင် သူတို့ကိုသတ်ပစ်လိုက်သည်။
အစ်ကိုနှင့်မရီးဖြစ်သူကလည်း ကြားသွားပြီး အပြေးရောက်လာကြ၏။
ကွမ်ဝမ်က ရူးသွပ်စွာရယ်မောလျက် အစ်ကိုဖြစ်သူ၏ခြေလက်များကို ရိုက်ချိုးလိုက်ပြီး သူ၏ရှေ့တွင်ပင် မရီးဖြစ်သူကို အရှက်ခွဲစော်ကားလေတော့သည်။
မိန်းကလေးမှာ ငယ်ရွယ်လွန်းလှသဖြင့် အဘယ်ကြောင့် ဤသို့ဖြစ်သွားရသနည်းဆိုသည်ကို နားမလည်နိုင်ခဲ့ပေ။ သူတို့ကို အမြဲကာကွယ်ပေးခဲ့သော သူရဲကောင်းကြီးသည် အဘယ်ကြောင့် သူတို့ကိုအနိုင်ကျင့်စော်ကားသော ရက်စက်သည့် တစ္ဆေနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားရသနည်းဆိုသည်ကိုလည်း မသိခဲ့ချေ။
အစ်ကိုဖြစ်သူက သူမကိုကြည့်ကာ မြန်မြန်ပြေးရန် ပြောနေသည်ကိုသာ သူမ သိလေသည်။ သို့သော် သူမ၏ခြေထောက်များမှာ အားပျော့ခွေယိုင်နေပြီး မြေပြင်ပေါ်တွင်စီးကျနေသော မိဘများ၏သွေးများက ဖိနပ်နှင့်ခြေအိတ်များကို စိုရွှဲသွားစေကာ မည်သို့မျှမတ်တတ်ရပ်၍မရနိုင်အောင် ဖြစ်နေ၏။
သူမအနေဖြင့် တစ်ခုခုလုပ်ချင်ခဲ့သော်လည်း... သူမ ဘာများလုပ်နိုင်မည်နည်း...
သူမက မီးဖိုချောင်သုံးဓားကိုယူကာ ကွမ်ဝမ်ကိုခုတ်ပိုင်းရန် ကြိုးစားခဲ့သော်လည်း ကွမ်ဝမ်က တစ်ချက်လှည့်ကြည့်လိုက်ရုံမျှဖြင့် သူမ၏ရဲစွမ်းသတ္တိအားလုံး ပျောက်ကွယ်သွားခဲ့ရသည်။
မရီးဖြစ်သူမှာ ကွမ်ဝမ်၏လည်ပင်းညှစ်သတ်ခြင်းကို ခံလိုက်ရပြီး အစ်ကိုဖြစ်သူမှာလည်း ဓားတစ်ချက်ဖြင့် ခေါင်းဖြတ်ခံလိုက်ရသည့်အချိန်အထိပင်။
မိန်းကလေးမှာ လုံးဝကို စိတ်ပျက်အားငယ်သွားခဲ့လေသည်။
သို့သော် ထိုအချိန်တွင် သူမသည် ရုတ်တရက် ကွမ်ဝမ်အလိုရှိနေသည်ကို အတိအကျသိလိုက်ရ၏။
ထို့ကြောင့် သူမသည် မိမိ၏မျက်နှာကို ဓားဖြင့် တစ်ချက်ချင်းမွှန်းပစ်လိုက်လေသည်။ သူမသည် ကွမ်ဝမ်ကို မထိခိုက်စေနိုင်သော်လည်း မိမိကိုယ်ကိုတော့ နာကျင်အောင် လုပ်နိုင်စွမ်းရှိသည်။
ကွမ်ဝမ်အနေဖြင့် ထိုလုပ်ရပ်ကို တားဆီးနိုင်ပေသည်... သို့သော် ထိုမိန်းကလေးတွင် ဤကဲ့သို့ရဲစွမ်းသတ္တိရှိလိမ့်မည်ဟု သူ မယုံကြည်ခဲ့ပေ။
ထို့ကြောင့် ပထမတစ်ချက် ခုတ်ချလိုက်သောအခါတွင် ကွမ်ဝမ်ပင် ထိတ်လန့်သွားခဲ့သည်။
ထို့နောက် သူက စိတ်ဝင်စားမှုကုန်ဆုံးသွားဟန်ဖြင့် ထိုနေရာတွင်ထိုင်ကာ မိန်းကလေးက သူမ၏မျက်နှာကို ပုံပျက်ပန်းပျက်ဖြစ်သွားသည်အထိ တစ်ချက်ချင်းဓားဖြင့်မွှန်းနေသည်ကို ကြည့်နေလိုက်၏။
ပြီးနောက် သူက လက်ခုပ်တီးလိုက်လေသည်။
"ကောင်းတယ်... သိပ်ကောင်းတယ်... မင်းနိုင်သွားပြီ..."
ထိုသို့ပြောပြီးနောက် သူက လှည့်ထွက်သွားလေတော့သည်။
မိန်းကလေး၏မီးဖိုချောင်သုံးဓားမှာ မြေပြင်ပေါ်သို့ပြုတ်ကျသွားပြီး သွေးများကလည်း မြေပြင်ပေါ်သို့ တစ်စက်စက်ကျဆင်းနေကာ နောက်ဆုံးတွင် အလောင်းများပေါ်၌မှောက်လျက် မထိန်းနိုင်မသိမ်းနိုင် ငိုကြွေးနေတော့သည်။
မိခင်ဖြစ်သူမှာ အသက်ရှူနေဆဲဖြစ်သော်လည်း စကားမပြောနိုင်တော့ဘဲ မိန်းကလေးကိုကြည့်ကာ နှုတ်ခမ်းလှုပ်ရုံမျှဖြင့် သူမကိုထွက်သွားရန် ပြောနေလေ၏...
မိန်းကလေးက မထွက်သွားချင်သော်လည်း ရွာထဲမှ ရုတ်တရက်အော်ဟစ်သံများနှင့် မီးရောင်များထွက်ပေါ်လာလေသည်။ သူမက အခန်းထဲမှ ရုန်းကန်ထွက်လာခဲ့ရာ ထိုအချိန်မှပင် သိလိုက်ရသည်မှာ... ဟုန်ရှူးရွာတစ်ခုလုံး ပြာကျသွားခဲ့ပြီဆိုသည်ကိုပင်။
ဤပြင်းထန်လှသော မီးတောက်ကြီးထဲတွင် သူမ သေဆုံးသွားလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ သူမ အသက်ရှင်ကျန်ရစ်ခဲ့၏။
သူမက လော့ယဲ့မြို့သို့သွားကာ တိုင်ကြားချင်ခဲ့သည်။ သို့သော် လော့ယဲ့မြို့သို့မရောက်မီမှာပင် ကျုံပေထန်က ထိုကိစ္စကို ဓားပြများဝင်ရောက်တိုက်ခိုက်ခြင်းအဖြစ် အဆုံးအဖြတ်ပေးပြီးဖြစ်ကြောင်း သိလိုက်ရလေသည်။
သူမ အမြဲထင်မှတ်ထားခဲ့သည့် သူရဲကောင်းကြီးများမှာ ရုတ်တရက် နတ်ဘုရားစင်မြင့်ထက်မှ ပြုတ်ကျသွားခဲ့လေသည်။
အကုန်လုံးက သက်ရှိလူသားတွေဖြစ်ပါလျက် အချို့မှာ လူစိတ်မရှိကြပေ။
ကျုံပေထန်ကိုသွားရှာလျှင် သူမ မည်ကဲ့သို့သော အဆုံးသတ်မျိုး ရင်ဆိုင်ရမည်ကို မသိခဲ့ပေ။
ကွမ်ဝမ်ကိုကူညီပြီး သူမလို အရေးမပါတဲ့ ရုပ်ဆိုးဆိုးကောင်မလေးကို သတ်ပစ်လိုက်လေမလား…
နောက်ပိုင်းတွင် ခန်းမသခင်ကြီးထျယ်လင်ယွန်းက တင်ရှင်းမြို့သို့ရောက်နေကြောင်းနှင့် လော့ချန်အိမ်တော်ဘက်တွင် အရေးကြီးကိစ္စတစ်ခု ဖြစ်ပေါ်နေသောကြောင့်ဟု ကြားလိုက်ရလေသည်။
မိန်းကလေးအနေဖြင့် အရေးကြီးကိစ္စဆိုသည်မှာ မည်သည့်အရာမှန်း မသိခဲ့ပေ။ သို့သော် ထျယ်လင်ယွန်းမှာ တရားမျှတသူဖြစ်ကြောင်းကိုတော့ သိထားလေသည်။
'သူ့လက်အောက်မှာ လူဆိုးတွေရှိနိုင်ပေမဲ့ အမြင့်ဆုံးနေရာမှာ ရပ်တည်နေတဲ့သူက ငါ့အတွက် အဆုံးအဖြတ်ပေးနိုင်မှာပဲ...'
ဤခရီးစဉ်အပေါ် သူမ စိတ်ချလက်ချ မယုံကြည်နိုင်သဖြင့် လောင်းကြေးတစ်ခုသာ ဖြစ်လေသည်။
သို့သော် သူမ တင်ရှင်းမြို့သို့ရောက်ရှိလာချိန်တွင် ထျယ်လင်ယွန်းက ထွက်ခွာသွားလိမ့်မည်ဟု သူမ အိပ်မက်ပင် မမက်ဖူးခဲ့ပေ။
တင်ရှင်းမြို့မှာ ကွမ်ဝမ်၏နယ်မြေ ဖြစ်နေဆဲပင်။
သူမ ဘာဆက်လုပ်သင့်သနည်း...
ကံကြမ္မာနှင့်လောင်းကြေးထပ်ရန် သူမ ဆုံးဖြတ်လိုက်သည်။
မသေခင် တစ်စုံတစ်ယောက်ကသာ သူမကိုလက်စားချေရန် ကူညီပေးနိုင်မည်ဆိုပါက မိမိကိုယ်ကိုရောင်းချပြီး ကျန်ရှိနေသည့် ဘဝတစ်လျှောက်လုံး ထိုသူ့အတွက် အသက်ရှင်ပေးမည်။
အကယ်၍ သူမ တကယ်သေသွားခဲ့လျှင်...
‘အဲဒါက ကံကြမ္မာရဲ့အဆုံးအဖြတ်ပဲ... လူအုပ်ထဲတိုးကြည့်မိတဲ့ အပြစ်ဒဏ်၊ အော်လိုက်မိတဲ့ ပြစ်ဒဏ်ပဲ…’
တမလွန်ဘဝရောက်သွားပါက မိဘတွေနဲ့ ညီအစ်ကိုမောင်နှမများက သူမကို အပြစ်တင်ကြမည်လော...
ဤမေးခွန်းကို သူမ မစဉ်းစားဝံ့ခဲ့ပေ။ သူမက အရာအားလုံးကို ကောင်းကင်ဘုံထံသို့သာ ပုံအပ်လိုက်တော့သည်။
ဤကိစ္စအားလုံးကို အသေးစိတ် ပြန်လည်ပြောပြပြီးနောက် သူမက ချူချင်းကိုကြည့်လိုက်၏။
"ကျွန်မနာမည်က ဟုန်ယဲ့... ရှန်ဟုန်ယဲ့ပါ…”
"ကျွန်မမွေးတဲ့နေ့မှာ ကောင်းကင်ပေါ်မှာ မေဘယ်ရွက်နီတွေ လွင့်မျောနေပြီး အရမ်းလှတယ်လို့ အမေက ပြောခဲ့ဖူးတယ်…”
"အမေက ပြောခဲ့သေးတယ်... ကျွန်မက အရမ်းလှတဲ့ မိန်းကလေးတစ်ယောက်တဲ့…”