← Chapters

အခန်း ၃၄၁

Vol. 18 Ch. 341

အခန်း ၃၄၁

Vol. 18 Ch. 341

အပိုင်း(၃၄၁) အိုအေစစ်မြို့၏ အငွေ့အသက်များ

အိုအေစစ်မြို့ဆီသို့ ရောက်ရှိလာသော ယာဉ်တန်းများ တစ်နေ့တခြား များပြားလာသည်နှင့်အမျှ မြို့၏ နေ့စဉ် လိုအပ်နေသော ရိက္ခာပစ္စည်း လိုအပ်ချက်ကလည်း ပိုမို ကြီးမားလာခဲ့သည်။

နတ်ဆင်ရွာနည်းတူ အိုအေစစ်မြို့တွင်လည်း ကိုယ်ပိုင် စိုက်ပျိုးရေး စခန်းတစ်ခု ရှိနေသည်။

ထိုနေရာတွင်လည်း ပြီးပြည့်စုံသည့် မျိုးစေ့များကို စိုက်ပျိုးထားသည်။

သို့သော် ပြီးပြည့်စုံသည့် မျိုးစေ့များက မည်မျှပင် အံ့မခန်း ဖြစ်နေစေကာမူ မြို့တစ်မြို့လုံးရှိ လူအားလုံး၏ ရိက္ခာ လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်စွမ်း မရှိသေးပေ။

တင်းတုံ၏ ပြီးပြည့်စုံသည့် မျိုးစေ့များနည်းတူပင် ဖြစ်၏။

အရည်အသွေးမီ မျိုးစေ့ အောင်မြင်နှုန်းမှာ ဘယ်သောအခါမှ တိုးတက်မလာခဲ့ချေ။

အိုအေစစ်မြို့၏ စိုက်ပျိုးရေး စခန်းသည် မြို့၏ ရိက္ခာ အကျပ်အတည်းကို အနည်းငယ် သက်သာစေရုံသာ ဖြစ်ပြီး လူများကို လုံးဝ မျှော်လင့်ချက် မဲ့မသွားစေရန်သာ တတ်နိုင်ပေသည်။

အိုအေစစ်မြို့တွင် ပြီးပြည့်စုံသည့် မျိုးစေ့များ ရှိနေကြောင်း သတင်းများ ပျံ့နှံ့သွားချိန်၌...

နေ့စဉ်နှင့်အမျှ စိုက်ပျိုးရေး စခန်းနားတွင် ရည်ရွယ်ချက် မကောင်းသော အစွမ်းပိုင်ရှင်များက လာရောက် ဝဲပျံနေတတ်ကြသည်။

သို့သော် ကံဆိုးစွာဖြင့် ထိုနေရာသည် အိုအေစစ်မြို့ တစ်မြို့လုံးအတွက် အရေးအကြီးဆုံး နေရာ ဖြစ်နေခဲ့သည်။

ထိုနေရာကို ဒုတိယမြို့တော်ဝန် တင်းရှန် ကိုယ်တိုင် ကြီးကြပ်စောင့်ရှောက်နေသည့်အပြင် တိုက်ခိုက်ရေး လမ်းစဉ် အဆင့် (၃) အစွမ်းပိုင်ရှင် သုံးယောက်ထက်မနည်း ရှိနေပြီး အဆင့် (၂) အစွမ်းပိုင်ရှင် အများအပြားလည်း ရှိနေသေးသည်။

အားလုံးက စွမ်းအားကြီးမားသော တိုက်ခိုက်ရေးသမားများချည်းသာ ဖြစ်ကြသည်။

ထို့ကြောင့်သာ ထိုမကောင်းသော အကြံအစည်ရှိသည့် မျက်လုံးများကို အဝေးသို့ ဖယ်ခွာသွားစေနိုင်ခြင်း ဖြစ်သည်။

သေချာသည်မှာ အိုအေစစ်မြို့သည် မြို့၏ လည်ပတ်မှုအတွက် ဤစိုက်ပျိုးရေး စခန်း တစ်ခုတည်းကိုသာ အားကိုးနေခြင်း မဟုတ်ပေ။

နေ့စဉ်နှင့်အမျှ အပြင်သို့ ထွက်ခွာနေသော ယာဉ်တန်းများလည်း ရှိနေသေးသည်။

ထိုယာဉ်တန်းအားလုံးသည် ရိက္ခာပစ္စည်းများ ရှာဖွေစုဆောင်းရန် သွားကြခြင်း ဖြစ်သည်။

အချိန်အတိုင်းအတာ တစ်ခုတိုင်းတွင် မြို့အပြင်ဘက်မှ ရိက္ခာ အများအပြားကို သယ်ယူလာလေ့ ရှိကြသည်။

ဥပမာအားဖြင့် အစောပိုင်းက ဒုတိယမြို့တော်ဝန် တင်းရှန် မြို့ပြင်မှ ပြန်လာချိန်တွင် ကားပေါ်၌ ရိက္ခာပစ္စည်းများ အပြည့်ပါလာသည်ကို ချန်းရီ တွေ့ခဲ့ရသည်။

ထိုရိက္ခာပစ္စည်းများသည် များပြားပုံပေါ်သော်လည်း တကယ်တမ်းတွင်မူ မြို့ငယ်လေး တစ်မြို့အတွက် ရေငတ်နေသူကို ရေတစ်စက် တိုက်လိုက်သကဲ့သို့သာ ဖြစ်ပေသည်။

သေချာသည်မှာ ဤနည်းလမ်း နှစ်သွယ်တည်းဖြင့် အိုအေစစ်မြို့၏ ရိက္ခာကို ဖြည့်တင်းရန်မှာ အလွန်ပင် မလုံလောက်သေးချေ။

အပြင်ဘက်မှ အိုအေစစ်မြို့ဆီသို့ ရောက်ရှိလာသော ယာဉ်တန်းများကလည်း နောက်ထပ် အထောက်အပံ့ တစ်ခု ဖြစ်သည်။

ဤယာဉ်တန်းများ သယ်ဆောင်လာသော ရိက္ခာများသည် အလွန်အမင်း များပြားခြင်း မရှိသော်လည်း ဘာမှမရှိခြင်းထက်မူ များစွာ သာလွန်နေသေးသည်။

ထို့ကြောင့် အိုအေစစ်သည် ဤဝင်ငွေလမ်းကြောင်း သုံးသွယ်ကို အားကိုးကာ ကမ္ဘာပျက်ကပ်ကြီးထဲတွင် ခက်ခဲကြမ်းတမ်းစွာ ရုန်းကန် အသက်ဆက်နေရခြင်း ဖြစ်သည်။

အနီးအနားရှိ မြို့ရွာများမှ ရိက္ခာရှာရ လွယ်ကူသော နေရာအများစုမှာ စောစောရောက်လာခဲ့သော ယာဉ်တန်းများ၏ ပြောင်သလင်းခါအောင် ရှင်းလင်းမှုကို ခံခဲ့ရပြီး ဖြစ်သည်။

ထို့ကြောင့် ရိက္ခာရှာချင်ပါက ခပ်ဝေးဝေး နေရာများဆီသို့သာ သွားရောက်ရတော့မည် ဖြစ်သည်။

ချူချယ်တို့က ဤအခြေအနေကို နားလည်သွားပြီးနောက် အပြင်ထွက်ကာ ရိက္ခာရှာမည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ကြသည်။

ချူချယ်နှင့် ချန်းရီတို့ နှစ်ဦးစလုံးက အိုအေစစ်မြို့ကြီးမှာ အချိန်ကြာရှည် တည်တံ့နိုင်မည် မဟုတ်ကြောင်း တစ်သဘောတည်း ယူဆထားကြသည်။

ဤမြို့ကြီးတွင် ထူးဆန်းသည့် အရာများက အလွန် များပြားလွန်းနေသည်။

ထို့ကြောင့် ဤအချိန်လေးအတွင်း ကောင်းကောင်း အနားယူနေလိုက်သည်က ပိုကောင်းပေလိမ့်မည်။

စည်းဝါးလွတ် ကားပြိုင်ပွဲတွင် အဆင့်ကောင်းကောင်းတစ်ခု ရအောင် ဝင်ပြိုင်လိုက်လျှင် ရရှိလာမည့် ဆုကြေးရိက္ခာများက အပြင်ထွက်ရှာသည်ထက် များစွာ ပိုမို တွက်ခြေကိုက်ပေလိမ့်မည်။

သို့သော် အချို့လူများကမူ လက်မလျှော့ကြဘဲ ဝေးလံသည့်တိုင်အောင် သွားရောက် ကံစမ်းလိုကြသည်။

ဥပမာအားဖြင့် ဟွမ်တီဆိုသော ဝတုတ်လေးပင် ဖြစ်သည်။

(အစပိုင်းမှာ လူဝကြီးလို့သုံးထားပေမယ့် နောက်ပိုင်းကျတော့ Little fatty - ဝတုတ်လေး ဖြစ်သွားတယ်။ မင်မင် ဝတုတ်လေး လို့ပဲ သုံးလိုက်မယ်နော်။ ဟွမ်တီဆိုတာက ခံတပ်ကားကြီးကိုပိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ဘုရင်လိုသတ်မှတ်နေတဲ့ စိတ်ကူးယဉ်သမားလမ်းစဉ် ပိုင်ရှင် ကိုပြောတာပါ)

အစပိုင်းတုန်းက သူ၏ ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးမှာ အငြိုးနဂါး၏ မီးမှုတ်မှု တစ်ချက်တည်းနှင့် ပြာကျသွားခဲ့ရသည်။

ထို့ကြောင့် သူ၏ ရိက္ခာများအားလုံးမှာ သူ့၏ "လက်အောက်ခံများ" လုယက်သွားခြင်းကို ခံလိုက်ရလေသည်။

အိုအေစစ်ဆီသို့ ရောက်လာပြီးနောက် ထိုကောင်လေးတွင် ရိက္ခာများ သိပ်မကျန်တော့သဖြင့် ဖြည့်တင်းရန်အတွက် အပြင်ထွက် ရှာဖွေရုံသာ ရှိတော့သည်။

ထို့ကြောင့် ယခုအချိန်တွင် ချန်းရီတို့က ထိုလွန်ကဲလှသော "ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး" ကို မတွေ့ရတော့ခြင်း ဖြစ်သည်။

အိုအေစစ်မြို့ဆီသို့ လာရောက်သူများမှာ တစ်ချိန်မှ ပြတ်တောက်မသွားခဲ့ပေ။

တစ်ခါတစ်ရံ တစ်နေ့တည်းတွင်ပင် ယာဉ်တန်း တစ်တန်း သို့မဟုတ် နှစ်တန်းခန့် ရောက်လာတတ်သည်။

တစ်ခါတစ်ရံတွင်မူ သုံးလေးငါးရက်လောက်နေမှ ယာဉ်တန်းတစ်တန်းမျှပင် မရောက်လာတတ်ချေ။

သေချာသည်မှာ ဤမျှလောက် လူဦးရေ ပမာဏသည် ကမ္ဘာပျက်ကပ် မတိုင်မီက ခေါင်ဖျားသော မြို့ငယ်လေး တစ်မြို့လောက်ပင် မရှိပေ။

သို့သော် ချန်းရီနှင့် ချူချယ်တို့ကမူ အိုအေစစ်မြို့၏ လူဦးရေ တိုးပွားလာမှုကို တကယ်တမ်း ခံစားသိရှိနေကြသည်။

မူလက အိုအေစစ်မြို့တွင် လူဦးရေ ငါးထောင် အနည်းဆုံး ရှိမည်ဟု ခန့်မှန်းထားခဲ့ကြသည်။

ယခုအချိန်တွင်မူ ခြောက်ထောင်တော့ သေချာပေါက် ရှိနေလောက်ပြီ ဖြစ်သည်။

အိုအေစစ်မြို့၏ နာမည်က ဘယ်လိုများ ပြင်ပသို့ ပျံ့နှံ့သွားခဲ့သလဲ ဆိုတာကိုလည်း မသိရပေ။ သိထားရမည်မှာ ယခုအချိန်က ကမ္ဘာပျက်ကပ်ကြီး ကျရောက်နေချိန် ဖြစ်သည်။

သေချာသည်မှာ ချူချယ်နှင့် ချန်းရီတို့က တစ်ခါတစ်ရံ ပျင်းရိချိန်များတွင်သာ အနည်းငယ် ပြောဆို ဆွေးနွေးဖြစ်ကြခြင်း ဖြစ်သည်။

အိုအေစစ်မြို့၏ လျှို့ဝှက်ချက်များကို နက်နက်နဲနဲ တူးဆွလိုသည့် ဆန္ဒမျိုး သူတို့တွင် မရှိခဲ့ပေ။

ချန်းရီတို့ ခရီးသွားလာခဲ့စဉ် တစ်လျှောက်တွင် တစ်ခါတစ်ရံ လပေါင်းများစွာ ကြာသည်အထိ အခြားယာဉ်တန်းများနှင့် တစ်ခါမျှ မဆုံတွေ့ခဲ့ရချေ။

သို့သော် ယခုအချိန်တွင်မူ လူတွေက အလွန်တရာ များပြားနေသည်။

ဤယာဉ်တန်းများမှ လူများသည် အိုအေစစ်သို့ ရောက်ရှိလာပြီးနောက် စိတ်ပျက်မှု အချို့ကို ခံစားခဲ့ရပြီးချိန်တွင် အေးအေးဆေးဆေးပင် လက်ခံသွားကြသည်။

ဤနေရာက တကယ့် ဒဏ္ဍာရီလာ အိုအေစစ် မဟုတ်မှန်းကို မည်သူမဆို မြင်တာနဲ့ သိသာလှသည်။

ဤအိုအေစစ်နှင့် ဒဏ္ဍာရီထဲက အိုအေစစ်မှာ အလွန်တရာ ကွာခြားလွန်းလှသည်။

သို့သော် ဒါက ဘာဖြစ်သေးသနည်း။

အနည်းဆုံးတော့ အိုအေစစ်မှာ အဆုံးအစမရှိသော ထူးဆန်းတဲ့အရာများ မရှိဘူး မဟုတ်ပါလော။

ချန်းရီနှင့် ချူချယ်တို့က အတွင်းမြို့တော်ရှိ အိမ်များမှာ နေထိုင်ရန် နေရာများ တဖြည်းဖြည်း မလုံလောက်တော့ကြောင်းကို သိသိသာသာ ခံစားလာရသည်။

ယခင်က အေ-အိမ်တန်းဘက်တွင် အခန်းလွတ် အချို့ ကျန်ရှိနေသေးသည်။

ယခုရက်ပိုင်းအတွင်း ထိုအခန်းများမှာလည်း ဖြည်းဖြည်းချင်း ပြည့်လုနီးပါး ဖြစ်လာခဲ့သည်။

ဘီ-အိမ်တန်းနှင့် စီ-အိမ်တန်းဘက်တွင်မူ အခန်းတစ်ခန်း၌ လူအများအပြား ပြွတ်သိပ်နေထိုင်နေကြရသည်မှာ ကြာပြီဟု ကြားရသည်။

ချန်းရီတို့လို လမ်းစဉ် အဆင့် (၃) အစွမ်းပိုင်ရှင်များသာ တစ်ယောက်ကို အခန်းတစ်ခန်းစီ သီးသန့်ရရှိသည့် အခွင့်အရေးမျိုး ရှိကြသည်။

အစွမ်းပိုင်ရှင်များ များပြားလာသည်နှင့်အမျှ ချန်းရီတို့လည်း ယခင်ကလောက် မျက်စိကျစရာ မဖြစ်တော့ပေ။

သူတို့ တကယ်တမ်း သိကျွမ်းကြသလား၊ ဘယ်လို ရည်ရွယ်ချက် ရှိသလဲ၊ ဘယ်လမ်းစဉ်ကလဲ ဆိုတာတွေကို မည်သူကမျှ ဂရုမစိုက်ကြတော့ချေ။

အစွမ်းပိုင်ရှင်တိုင်းတွင် ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိကြပြီး သူတစ်ပါး၏ ကိစ္စများကို တမင်သက်သက် စပ်စုချင်လောက်အောင် ပျင်းရိနေသူများလည်း မရှိကြပေ။

ထိုသို့ ပြုမူခြင်းက အလွန်တရာ ရန်သူပွားစေသော လုပ်ရပ် ဖြစ်သည်။

လူများလာသည်နှင့်အမျှ လူတိုင်း၏ စိတ်ကူးအကြံအစည်များကလည်း ရှုပ်ထွေးလာကြသည်။

ဤအိုအေစစ်မြို့သို့ ရောက်ရှိလာသော ယာဉ်တန်းများအထဲတွင် လမ်းပြသူ လမ်းစဉ် အဆင့် (၃) အစွမ်းပိုင်ရှင် တစ်ယောက်လည်း ပါဝင်လာခဲ့သည်။

ထိုသူမှာ ခန္ဓာကိုယ် အနည်းငယ် ပြည့်ဖြိုးသော လူလတ်ပိုင်း အဒေါ်ကြီး တစ်ဦး ဖြစ်နေသည်။

အသက်အရွယ်မှာ (၄၀) မှ (၅၀) ကြားခန့် ရှိပြီး အလွန်သွက်လက်ကာ အလွယ်တကူ ခင်မင်တတ်သည့် ပုံစံမျိုး ရှိသည်။

ရောက်လာသည့် ပထမဆုံးနေ့မှာပင် ထိုဖော်ရွေလွန်းသော မြောက်ပိုင်းသူ အဒေါ်ကြီးသည် ချူချယ်၏ ခြံဝင်းတံခါးကို လာရောက် ခေါက်လေတော့သည်။

ချူချယ်မှာ မူလက အိမ်ထဲတွင် တိတ်တဆိတ်ဖြင့် လူလိမ်ရန် အစီအစဉ်များကို ရေးဆွဲနေခြင်း ဖြစ်သည်။

ခိုးနားထောင်သည့် ရေဒီယိုမှတစ်ဆင့် နေရောင်အောက် မပြဝံ့သော လျှို့ဝှက်ချက် အများအပြားကို သူ ကြားသိထားခဲ့ရသည်။

ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်ဆောင်ရခြင်းက ခေါင်းဆောင်ချူ၏ အကြီးမားဆုံးသော ဝါသနာပင် ဖြစ်သည်။

တစ်ညလုံး နေရသည်ဖြစ်စေ၊ တစ်လလုံး မအိပ်ဘဲနေရသည်ဖြစ်စေ ခေါင်းဆောင်ချူကမူ အလွန်တရာ စိတ်ဝင်စားနေနိုင်စွမ်း ရှိသည်။

ဤခေါင်းဆောင်ချူသည် တစ်နေ့တခြား ပို၍ ရူးကြောင်ကြောင် နိုင်လာသည်ဟု ဆိုရပေမည်။

တံခါးခေါက်သံ ထွက်ပေါ်လာချိန်တွင် ချူချယ်မှာ အလွန်တရာ စိတ်မရှည် ဖြစ်သွားရသည်။

မူလက လျစ်လျူရှုထားရန် ရည်ရွယ်ထားခဲ့သည်။

သို့သော် ထိုတံခါးခေါက်သံမှာ လုံးဝ ရပ်တန့်မသွားခဲ့ပေ။

နောက်ဆုံးတွင် မတတ်နိုင်တော့ဘဲ ချူချယ်သည် လက်ထဲမှ အလုပ်များကို ရပ်တန့်ကာ တံခါးဖွင့်ပေးရန် လှည့်ထွက်လာခဲ့ရသည်။

တံခါးဖွင့်လိုက်သည်။

ချူချယ်က ခန္ဓာကိုယ် အနည်းငယ် ပြည့်ဖြိုးနေသည့် လူလတ်ပိုင်း အမျိုးသမီး တစ်ဦး ပြုံးရွှင်သော မျက်နှာဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။

"အစ်ကိုကြီး... ကျွန်မ ဒီနေ့မှ ဒီကို ရောက်လာတာ... သူတို့ပြောတာ အစ်ကိုကြီးကလည်း လမ်းပြသူ လမ်းစဉ်ပဲဆို... ကျွန်မလည်း အတူတူပဲလေ"

"သူတို့ပြောတော့ အစ်ကိုကြီးက အိုအေစစ်မြို့ရဲ့ စီမံခန့်ခွဲသူ ဖြစ်သွားပြီဆို... အခု ကျွန်မလည်း စီမံခန့်ခွဲသူ ဖြစ်သွားပြီနော်"

"ကျွန်မ အစ်ကိုကြီးဆီကနေ သတင်းလေး နည်းနည်းလောက် မေးချင်လို့ပါ"

စကားစပြောလိုက်သည်နှင့် "အစ်ကိုကြီး" ဟု ခေါ်လိုက်ခြင်းက ချူချယ်ကို ဒေါသထွက်လုမတတ် ဖြစ်သွားစေသည်။

သိထားရမည်မှာ သူ၏ရှေ့မှ အဒေါ်ကြီးက သူထက် အသက်အများကြီး ပိုကြီးနေသည်မှာ သိသာထင်ရှားနေသည်။

သို့ပါလျက်နဲ့ ငါ့ကို အစ်ကိုကြီးလို့ ခေါ်တယ် ဟုတ်လား။

နေပါဦး... ဘယ်သူက အသက်ပိုကြီးလဲ ဆိုတာကို သေချာ မကြည့်တတ်ဘူးလား။

သို့သော် ချူချယ်က တံခါးလက်ကိုင်ကွင်းမှ သတ္တုရောင်ပြန်ဟပ်မှုတွင် သူ၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ တစ်ကိုယ်လုံးရှိ ဒေါသအဟုန်များ ချက်ချင်းပင် လျော့ကျသွားတော့သည်။

မတတ်နိုင်ပေ... ဘေးထွက်ဆိုးကျိုးများ ပိုမို နက်ရှိုင်းလာသည်နှင့်အမျှ ခေါင်းဆောင်ချူ၏ ခေါင်းပေါ်မှ ဆံပင်များကလည်း တစ်နေ့တခြား နည်းပါးလာခဲ့ပြီ ဖြစ်သည်။

အရှေ့ဘက်မှ ကြည့်လိုက်လျှင် ခေါင်းဆောင်ချူ၏ အနည်းငယ် ပြောင်လက်နေသော နဖူးနှင့် ထိပ်ပြောင်ပြောင်ကိုပင် မြင်တွေ့နိုင်နေပြီ ဖြစ်သည်။

သူ၏ရှေ့မှ အဒေါ်ကြီး၏ ဖော်ရွေသော အပြုံးကို မြင်လိုက်ရသောအခါ ချူချယ်က စိတ်ကို ထိန်းလိုက်ပြီး သူသိထားသော အခြေခံ သတင်းအချက်အလက် အချို့ကို မြောက်ပိုင်းမှလာသော ထိုဖော်ရွေသည့် အဒေါ်ကြီးအား ပြောပြလိုက်လေသည်။

အဒေါ်ကြီးက တဟားဟား ရယ်မောလျက် ပြန်လည် ထွက်ခွာသွားပြီး တစ်လျှောက်လုံး ပြောဆိုဆွေးနွေးမှုမှာ အလွန်တရာ ချောမွေ့သွားခဲ့သည်။

......

ဤကဲ့သို့သော အခြေအနေမျိုးတွင် အိုအေစစ်မြို့၏ စည်းဝါးလွတ် ကားပြိုင်ပွဲသည် ထူးထူးခြားခြား မျက်စိကျစရာ ဖြစ်လာခဲ့သည်။

အိုအေစစ်မြို့ဘက်မှ ဤတစ်ကြိမ်တွင် မည်သည့် ဆုကြေးများကို ထုတ်ပေးလာမည်ကို လူအချို့က စတင် ခန့်မှန်းနေကြသည်။

ယခင်က ကြေညာထားခဲ့သော ရက်လွန်မနေသည့် ရိက္ခာ ပိဿာ (၁၂၀) ခန့် ဆိုသည်က အယုံကြည်ရဆုံး သတင်း ဖြစ်သည်။

နောက်ထပ် သတင်းတစ်ရပ်မှာ အိုအေစစ်မြို့၏ အထက်ပိုင်း အရာရှိများက ဤတစ်ကြိမ်တွင် အနည်းဆုံး လမ်းစဉ်ဆေးထိုးအပ် နှစ်ချောင်းကို ထုတ်ပေးရန် ရည်ရွယ်ထားသည် ဟူ၍ ဖြစ်သည်။

ဒုတိယမြို့တော်ဝန် မာချင် ပျောက်ဆုံးသွားပြီးကတည်းက လမ်းစဉ်ဆေးထိုးအပ်များ ရရှိရန် အလွန်တရာ ခဲယဉ်းလာခဲ့ပြီ ဖြစ်သည်။

ဤသတင်းက အိုအေစစ် မြို့တစ်မြို့လုံးကို တိုက်ရိုက်ပင် လှုပ်ခတ်သွားစေခဲ့သည်။

သေချာသည်မှာ ဤကဲ့သို့သော အချိန်ကာလတွင် နောက်ထပ် စိတ်ဝင်စားစရာ ကောင်းသော ကိစ္စတစ်ခုလည်း ရှိနေသေးသည်။

ဥပမာအားဖြင့် ချန်းရီ တစ်ယောက် အင်းဆိုင်မှ ပြန်လာချိန်တွင် လျှိုလီနှင့် တင်းရှန်တို့၏ ပရိသတ်များ လမ်းမပေါ်၌ အချင်းများ ရန်ဖြစ်နေကြခြင်းပင် ဖြစ်သည်။

ဆက်ရန်...

All Chapters