အခန်း ၃၄၂
Vol. 18 Ch. 342
အပိုင်း(၃၄၂) မရက်စက်နိုင်ပါ
"ဟိုမှာ ဘာဖြစ်နေကြတာလဲ... ဘာလို့ ဒီလောက် ဆူညံနေတာလဲ"
မြို့ပြင်မှ ပြန်ရောက်လာခါစဖြစ်သော လျှိုလီက ကားပေါ်တွင် ထိုင်ရင်း မျက်မှောင်ကြုတ်လိုက်၏။ လှပသော ထိုမက်မွန်ပွင့် မျက်ဝန်းအစုံမှာ လခြမ်းကွေးလေးသဏ္ဌာန် ပြောင်းလဲမသွားဘဲ အနည်းငယ် ပင်ပန်းနွမ်းနယ်နေဟန် ရှိသည်။
မူလက အလှအပ (၇) မှတ်ခန့်သာ ပေးနိုင်သော ထိုမျက်နှာလေးမှာ မက်မွန်ပွင့် မျက်ဝန်းအစုံကြောင့် (၉) မှတ်အထိ တိုက်ရိုက် ရောက်ရှိသွားစေသည်။
ဤတစ်ကြိမ် ရိက္ခာရှာဖွေရေး ခရီးစဉ်က သိပ်ပြီး အဆင်မပြေခဲ့ပေ။
အိုအေစစ် အနီးအနားရှိ မြို့နယ်များတွင် ရိက္ခာပစ္စည်းများက မူလကတည်းက သိပ်မရှိလှသည့်အပြင် အိုအေစစ် ယာဉ်တန်းများက ကြိုတင်၍ အကြိမ်ကြိမ် ရှင်းလင်း ရှာဖွေထားပြီး ဖြစ်သည်။
ထိုမြို့နယ်များထဲရှိ ထူးဆန်းသောအရာများကလည်း ကြောက်ခမန်းလိလိ အစွမ်းထက်လှ၏။
သူမက လမ်းစဉ် အဆင့် (၄) ဖြစ်နေပြီ ဆိုသော်လည်း ထူးဆန်းသောအရာများကို ရင်ဆိုင်ရာတွင် လုံးဝ ပေါ့ဆရဲခြင်း မရှိပေ။
ကိုယ်ပေါ်ရှိ မရဏနတ်သမီးသာ ထူးခြားမှု မရှိခဲ့ပါက သူမကိုယ်တိုင်ပင် စောစောစီးစီး သေဆုံးသွားခဲ့လောက်ပြီ ဖြစ်သည်။
လူသား အစွမ်းပိုင်ရှင်များက ပို၍ အစွမ်းထက်လာကြသော်လည်း ထိုထူးဆန်းသောအရာများ၏ အစွမ်းထက်လာမှု နှုန်းထားက ပို၍ပင် မြန်ဆန်နေသေးသည်။
မြို့ထဲသို့ ပြန်ရောက်သည်နှင့် လျှိုလီက အသင်းသားများနှင့် လမ်းခွဲကာ ဤလမ်းအတိုင်း တစ်ယောက်တည်း ပြန်လာခဲ့ခြင်း ဖြစ်သည်။
ကားလေး ဝင်လာသည်နှင့် လမ်းမပေါ်တွင် ဆူဆူညံညံ အသံများကို ကြားလိုက်ရ၏။
လျှိုလီ၏ အသံကို ကြားလိုက်ရသဖြင့် ကားမောင်းနေသော လက်ထောက်ကောင်မလေးက ခေါင်းပြူ၍ ခဏမျှ ကြည့်လိုက်ပြီးမှ အံ့သြတကြီး ပြောလိုက်သည်။
"အမလျှိုလီ... ရှုလီနာတို့အဖွဲ့ ဖြစ်နေတယ်"
"ရှုလီနာ"
ထိုနာမည်နှင့် ပတ်သက်၍ လျှိုလီက အတော်လေး ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သည်။
သေချာသည်ကတော့ လျှိုလီ၏ မှတ်ဉာဏ်ထဲတွင် အစွဲလန်းဆုံး အရာမှာ ဤအမျိုးသမီး၏ အလှအပက သူမထက် လုံးဝ လျော့ကျမနေခြင်းပင် ဖြစ်သည်။
ထို့အပြင် ဤအမျိုးသမီးက သူမ၏ ပရိသတ် တစ်ဦးဖြစ်ပြီး သူမအပေါ် ရူးသွပ်လောက်အောင် နှစ်သက်ကြောင်း ပြသခဲ့ဖူးသည်။
ဤသည်က လျှိုလီအတွက် အလွန် ဆန်းသစ်သော အတွေ့အကြုံ တစ်ခု ဖြစ်ခဲ့၏။
ကမ္ဘာပျက်ကပ် မတိုင်မီက သူမက အင်တာနက် နာမည်ကျော် တစ်ဦးလည်း မဟုတ်ခဲ့သလို ရုပ်ရှင်မင်းသမီး တစ်ဦးလည်း မဟုတ်ခဲ့ပေ။
သို့သော် လူတစ်ယောက်က သင့်အပေါ် အကြောင်းပြချက် မရှိဘဲ သဘောကျ နှစ်သက်နေသည်ကို မြင်ရသောအခါ သင်လည်း ထိုလူအပေါ် သဘောကောင်းမှုများ ဖြစ်ပေါ်လာတတ်စမြဲပင်။
ထို့အပြင် တစ်ဖက်လူကလည်း သူမနှင့် အဆင့်တူ လှပသော မိန်းမချော တစ်ဦး ဖြစ်နေသေးသည်။
"သူက ဒီမှာ ဘာလုပ်နေတာလဲ"
"အမလျှိုလီ... အမရှုလီနာက... သူများတွေနဲ့ ရန်ဖြစ်နေတာလား"
လက်ထောက်ကောင်မလေး၏ အသံထဲတွင် အလွန်အမင်း အံ့သြမှုများ ပြည့်နှက်နေသည်။
ရှုလီနာကဲ့သို့ လှပသော မိန်းကလေး တစ်ဦးက ဤကဲ့သို့ ရန်ဖြစ်လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပုံ ရ၏။
လျှိုလီက အရှေ့ဘက်သို့ အကြည့်ကို ပြောင်းရွှေ့လိုက်သည်။
ယခုအချိန်တွင် ရှုလီနာကို အမျိုးသမီး စစ်နတ်ဘုရားမ တစ်ပါးဟုပင် ခေါ်ဆိုနိုင်ပေသည်။ ဤအမျိုးသမီးက အမျိုးသား တစ်ဦး၏ ဆံပင်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး ထိုအမျိုးသား၏ အရေးကြီးသော နေရာကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်သည်။
ယနေ့ ရန်ဖြစ်ရာတွင် အဆင်ပြေစေရန်အတွက် ဤအမျိုးသမီးက ခေါင်းတွင် ဦးထုပ်တစ်လုံးကို သီးသန့် ဆောင်းထားပြီး စကတ်အစား လှုပ်ရှားရ အဆင်ပြေသော ဂျင်းဘောင်းဘီကို ပြောင်းလဲ ဝတ်ဆင်ထားခဲ့သည်။
ကမ္ဘာပျက်ကပ်ကြီး ရောက်နေပြီ မဟုတ်ပါလော။
ယခုအချိန်အထိ အသက်ရှင် ကျန်ရစ်နေသော အမျိုးသမီးတိုင်းက အပြင်ပန်းတွင် မည်မျှပင် နူးညံ့ပျော့ပျောင်းနေဟန် ရှိစေကာမူ ရန်ဖြစ်နိုင်စွမ်း ရှိပြီး အနည်းနှင့်အများတော့ ရက်စက်တတ်ကြသည်ချည်းသာ ဖြစ်သည်။
ထိုအမျိုးသားမှာ ရှုလီနာ၏ ခြေထောက်ဖြင့် အကန်ခံလိုက်ရသဖြင့် မျက်နှာပေါ်တွင် နာကျင်မှုများ အထင်းသား ပေါ်လွင်သွားပြီး တစ်ကိုယ်လုံးမှာ ပုဇွန်ထုတ်ကြီး တစ်ကောင်အလား ကွေးကောက်ကာ မြေပြင်ပေါ်တွင် ဝပ်ကျသွားတော့သည်။
လျှိုလီ၏ နှုတ်ခမ်းထောင့်လေးများ အနည်းငယ် ကွေးတက်သွားသည်။ ရှုလီနာတွင် ဤကဲ့သို့သော မျက်နှာစာ တစ်ခု ရှိနေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
သို့သော် ဆက်လက် ဖြစ်ပေါ်လာသော အခြေအနေများကြောင့် လျှိုလီ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားရသည်။
ထိပ်ပြောင်ကြီး တစ်ယောက်က အနားသို့ ရောက်လာပြီး ပါးတစ်ချက် ရိုက်ချလိုက်ရာ ရှုလီနာမှာ မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားပြီး သူတို့နှစ်ဦး ချက်ချင်းပင် လုံးထွေး သတ်ပုတ်ကြတော့သည်။
ထိုထိပ်ပြောင်ကြီး၏ ခန္ဓာကိုယ် အရွယ်အစားက ရှုလီနာထက် အနည်းဆုံး တစ်ဆခန့် ပို၍ တုတ်ခိုင်ကြီးမားနေပုံ ရ၏။
လျှိုလီ၏ မျက်နှာကြီး မှောင်မည်းသွားသည်။ ရှုလီနာက မည်သို့ပင် ဆိုစေကာမူ သူမ သိကျွမ်းသော လူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။
ရှုလီနာတစ်ယောက် အရိုက်ခံနေရပြီး ပြန်လည် ခုခံနိုင်စွမ်း မရှိတော့သည့် အချိန်မှာပင် လျှိုလီ ပေါ်လာခဲ့လေသည်။
သူမက အမျိုးသမီး စစ်နတ်ဘုရားမ တစ်ပါးအလား လှုပ်ရှားလိုက်ပြီး ခဏတွင်းချင်းမှာပင် ထိုထိပ်ပြောင်ကြီးကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။
ဆက်လက် ဖြစ်ပေါ်လာမည့် အခြေအနေများကတော့ ရိုးရှင်းသွားပြီ ဖြစ်သည်။
အစွမ်းပိုင်ရှင် တစ်ဦး ဝင်ရောက် စွက်ဖက်လာသည့်အပြင် ထိုသူက ဤကိစ္စ၏ အဓိက အကြောင်းရင်း တစ်ခုဖြစ်သော လျှိုလီ ကိုယ်တိုင် ဖြစ်နေသည်။
မည်သူကမျှ ဆက်လက် လက်ပါရဲခြင်း မရှိတော့ဘဲ ငှက်များအလား ထိတ်လန့်တကြား လူစုခွဲ၍ ပြေးကြတော့သည်။
"ရှုလီနာ... နင်က ဘာလို့ ဒီကို ရောက်နေတာလဲ... ပြီးတော့ သူတို့နဲ့ ဘာလို့ ရန်ဖြစ်နေရတာလဲ"
လျှိုလီ၏ ထိုမက်မွန်ပွင့် မျက်ဝန်းအစုံကို ရင်ဆိုင်ရချိန်တွင် ရှုလီနာ၏ ရင်ထဲ၌ မနာလိုမှု အနည်းငယ် ဖြစ်ပေါ်သွားခဲ့သည်။
သူမက အလှအပရေးရာနှင့် ပတ်သက်လျှင် မည်သူ့ကိုမျှ အရှုံးပေးမည် မဟုတ်ဟု အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားခဲ့သော်လည်း လျှိုလီ၏ ဤမက်မွန်ပွင့် မျက်ဝန်းအစုံကတော့ မိန်းမောဖွယ် ကောင်းလွန်းလှပြီး ယောက်ျား မိန်းမ မရွေး ဆွဲဆောင်နိုင်စွမ်း ရှိနေသည်။
"လျှိုလီ... နင် မသိပါဘူး... ဒီလူတွေက ဘယ်လောက်တောင် ဒေါသထွက်ဖို့ ကောင်းလဲဆိုတာ"
ရှုလီနာက ခုနက ဖြစ်ပျက်ခဲ့သော ကိစ္စများကို တစ်ခေါက် ပြန်ပြောပြလိုက်သည်။
လျှိုလီက ကြားလေလေ ရယ်ချင်လာလေလေ ဖြစ်ကာ ပြောလိုက်၏။
"နင်လည်း လူကြီး ဖြစ်နေပြီကို... ဘာလို့ ဒီလိုတွေ လျှောက်လုပ်နေရတာလဲ"
ရှုလီနာ၏ မျက်နှာပေါ်တွင် ဖြူစင်သော အပြုံးတစ်ခု ပေါ်လာသည်။ သရုပ်ဆောင်ခြင်းက သူမ အကျွမ်းကျင်ဆုံး အရာပင် ဖြစ်သည်။
သို့မဟုတ်ပါက ယခင်နှစ်များက သူမ ထိုကဲ့သို့သော အောင်မြင်မှုမျိုးကို ရရှိနိုင်ခဲ့မည် မဟုတ်ပေ။
အကယ်၍ ဤအမျိုးသမီးသာ အနုပညာလောကသို့ ဝင်ရောက်ခဲ့ပါက သေချာပေါက် ဆုကြီးများ ရရှိနိုင်မည် ဖြစ်သည်။
"ဘာလို့ မဖြစ်ရမှာလဲ... လျှိုလီ... နင်က ငါတို့ရဲ့ စံပြပုဂ္ဂိုလ်ပဲ... ငါတို့က တခြားလူတွေ နင့်ကို စော်ကားတာကို ခွင့်မပြုနိုင်ဘူး"
"ဟုတ်တယ်... အမလျှိုလီ... ငါတို့က သာမန်လူတွေ ဖြစ်လို့ ငါတို့ကို စော်ကားရင် ရတယ်... အမကို စော်ကားလို့ မရဘူး"
"ဟုတ်တယ်... ဟုတ်တယ်"
အနောက်ဘက်မှ လူများကပါ ဝင်ရောက် ထောက်ခံလိုက်ကြသည်။
ဤလူများက သူမအပေါ် ဤမျှလောက်အထိ ကာကွယ်ပေးကြလိမ့်မည်ဟု လျှိုလီ ထင်မှတ်မထားခဲ့ပေ။
တစ်ခဏမျှ သူမ အတော်လေး စိတ်လှုပ်ရှား ခံစားသွားရသည်။
သူမနှင့် လုံးဝ မရင်းနှီးသော လူတစ်စုက သူမအတွက်နှင့် အခြားလူများကို ရန်ဖြစ်ပေးလိမ့်မည်ဟု သူမ တစ်ခါမှ မကြုံဖူးခဲ့ပေ။
လျှိုလီသည် အမှန်တကယ်ပင် စိတ်လှုပ်ရှား ခံစားသွားရပြီး...
"နင်တို့တွေ... ထားလိုက်တော့... ငါ အဆဲခံရရုံနဲ့ ဘာမှမဖြစ်ပါဘူး... နင်တို့တွေ ရန်မဖြစ်ကြနဲ့တော့"
ရိုးရှင်းသော နှုတ်ခွန်းဆက် စကားအချို့ ပြောဆိုပြီးနောက် လျှိုလီက ကားပေါ်သို့ ပြန်တက်ကာ အစားအသောက် အချို့ကို ယူ၍ ရှုလီနာတို့ လူစုကို ဝေငှပေးလိုက်သည်။
လျှိုလီ၏ ကားနောက်ဖုံးထဲတွင် အစားအသောက်များ သိပ်မများတော့သည်ကို ရှုလီနာ တွေ့လိုက်ရသည်။
သူမက ရှိသမျှကို အကုန် နီးပါး ထုတ်ယူလာခဲ့ခြင်း ဖြစ်ပြီး တစ်စုံတစ်ယောက် မရရှိဘဲ ကျန်ရစ်မည်ကို စိုးရိမ်၍ ဖြစ်ဟန်တူသည်။
ဒီအမျိုးသမီးကတော့...
ရှုလီနာသည် လျှိုလီအား တွင်းတူး၍ မြှုပ်နှံရန် အနည်းငယ် မရက်စက်နိုင်အောင် ဖြစ်သွားရသည်။
ကံကောင်းသည်မှာ ဆရာချန်း နှင့် ခေါင်းဆောင်ချူ တို့က သူမကို အသုံးချရန်သာ ရည်ရွယ်ထားခြင်း ဖြစ်သည်။
နတ်ဘုရားတွေ ကယ်မပါစေ... လျှိုလီ တစ်သက်လုံး ဆရာချန်း နှင့် ခေါင်းဆောင်ချူ တို့နှင့် မတွေ့ဆုံရပါစေနဲ့ဟု ဆုတောင်းရုံသာ ရှိတော့သည်။
လျှိုလီ၏ ဘေးတွင် ရပ်နေသော လက်ထောက်ကောင်မလေးက စကားပြောရန် ဟန်ပြင်ပြီးမှ ပြန်မြိုချလိုက်သည့် ပုံစံပေါက်နေပြီး သူမ၏ မျက်နှာအမူအရာလေးက လုံးဝ သဘောမတူလိုသည့် ဟန်ပေါ်နေသည်။
သိသာထင်ရှားသည်မှာ သူတို့၏ အစားအသောက်များကလည်း သေချာပေါက် လုံလောက်မည် မဟုတ်ပေ။
လျှိုလီနှင့် ရှုလီနာတို့ လူစုက ရိုးရှင်းသော နှုတ်ဆက်စကား အနည်းငယ် ထပ်မံ ပြောဆိုလိုက်ကြသည်။
ထို့နောက် ကားပေါ်သို့ ပြန်တက်ကာ ထွက်ခွာသွားကြလေသည်။
ရှုလီနာက ဝေးကွာသွားသော ကားလေးကို ကြည့်ရင်း ပါးစပ်မှ တီးတိုး ရေရွတ်လိုက်၏။
"တောင်းပန်ပါတယ် လျှိုလီ... ငါလည်း ဒီလိုမျိုး မလုပ်ချင်ပါဘူး... ဒါပေမဲ့"
"ဒါက ဆရာချန်း နဲ့ ခေါင်းဆောင်ချူ တို့ရဲ့ ဆန္ဒပဲ"
"နင်နဲ့ သူတို့ ယှဉ်လာရင်... ငါက သူတို့ဘက်ကပဲ ရပ်တည်နိုင်တော့မှာ"
"အမရှုလီနာ... ဘာတွေ ပြောနေတာလဲ"
ဘေးနားရှိ ပေါင်မုန့် ကိုက်စားနေသော လူငယ်လေး တစ်ဦးက လျှိုလီ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း မျက်လုံးများထဲတွင် ကြည်ညိုလေးစားမှုများနှင့် ကျေးဇူးတင်မှုများ အပြည့်အဝ ပေါ်လွင်နေသည်။
ရှုလီနာ သတိပြန်ဝင်လာပြီး...
"ဘာမှမဟုတ်ပါဘူး... နင်တို့တွေ လျှိုလီကို ဘယ်လိုမြင်လဲ"
လူငယ်လေးက ချက်ချင်းပင် လက်မထောင်ပြလိုက်ပြီး...
"အမလျှိုလီကတော့ ပြောစရာကို မလိုတာ"
"အိုအေစစ်တစ်မြို့မှာ... ကျွန်တော် အလေးစားဆုံးက သူပဲ"
"တကယ်ပြောတာ အမရှုလီနာ... ကမ္ဘာပျက်ကပ် စကတည်းက အမလျှိုလီလောက် ကောင်းတဲ့လူမျိုးကို ကျွန်တော် တကယ် မမြင်ဖူးသေးဘူး"
လူငယ်လေး၏ အသံထဲတွင် ဖော်ပြ၍ မရနိုင်သော ခွန်အား တစ်မျိုး စိမ့်ဝင်နေသည်။
လျှိုလီသည် သူ၏ ရင်ထဲ၌ အမှောင်ထုထဲမှ မီးတောက် တစ်ခုအလား ဖြစ်နေပုံ ရ၏။
"ဟုတ်တယ်... ဟုတ်တယ်... အမလျှိုလီက ရုပ်လေးလည်း လှသလို စိတ်ထားလေးကလည်း ကောင်းတယ်... ပြီးတော့ အစွမ်းကလည်း ထက်သေးတာ... လမ်းစဉ် အဆင့် (၄) တဲ့လေ... တကယ့်အံ့မခန်းပဲ"
"အိုအေစစ်မြို့ တစ်မြို့လုံးမှာတောင် လမ်းစဉ် အဆင့် (၄) တွေက လက်ချိုးရေလို့ ရတယ်"
"ဒါပေါ့... အရင်တုန်းက အားပေးခဲ့တဲ့ မင်းသမီးတွေဆိုတာ အမလျှိုလီနဲ့ ယှဉ်လို့ကို မရတာ"
"ခွေးကောင်တွေ... နောက်တစ်ခါ အဲ့ဒီကောင်တွေကို တွေ့ရဦးမယ်ဆိုရင် သေအောင်ကို လုပ်ပစ်မယ်"
"သေအောင်ကို လုပ်ပစ်မယ်"
တစ်ခဏတွင်းမှာပင် လူအုပ်ကြီးထဲတွင် ဒေါသထွက်မှုများ ပြည့်နှက်သွားကြသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှုလီနာ၏ ရင်ထဲ၌ သက်ပြင်းချလိုက်မိသည်။
ခေါင်းဆောင်ချူ နှင့် ဆရာချန်း တို့၏ လူရွေးချယ်မှု တိကျမှန်ကန်ခြင်းကို သူမ မလေးစားဘဲ မနေနိုင်တော့ပေ။
လျှိုလီကို အထင်ကရ သင်္ကေတ တစ်ခုအဖြစ် ထောင်ပြထားခြင်းက တကယ်ကို အသုံးဝင်လွန်းလှသည်။
အနည်းငယ် လမ်းကြောင်းပေးလိုက်ရုံဖြင့် လျှိုလီ၏ ပရိသတ်အင်အားက ဤမျှလောက်အထိ ကြီးထွားလာခဲ့ပြီ ဖြစ်သည်။
ရှုလီနာသည် လျှိုလီအား စိတ်ထဲမှနေ၍ ထပ်မံ တောင်းပန်လိုက်ပြန်သည်။
ကားပေါ်တွင်။
"အမလျှိုလီ... အမက အစားအသောက်တွေကို သူတို့ဆီ အကုန်ပေးလိုက်တော့... ကျွန်မတို့က ဘာစားရမှာလဲ"
လက်ထောက်ကောင်မလေးက မကျေမနပ်ဖြစ်ကာ မျက်နှာလေး ငယ်၍ ပြောလိုက်သည်။
လျှိုလီက လက်ထောက်ကောင်မလေး၏ ခေါင်းကို ပုတ်ပေးလိုက်ပြီး...
"အကုန်လုံး ပေးလိုက်တာမှ မဟုတ်တာ... အများကြီး ကျန်ပါသေးတယ်... ပြီးတော့ သူတို့ကို ကြည့်ရတာ သနားစရာလေးတွေပါ"
"အဲ့လောက်လေး ကျန်တာကို အများကြီးတဲ့လား... အမရယ်... ကျွန်မတို့ဆီမှာ ခေါက်ဆွဲဘူး သုံးဘူးပဲ ကျန်တော့တာလေ... အမလျှိုလီကတော့ လက်ဖွာလွန်းတယ်"
"နင်ကတော့လေ ကောင်မလေး... နင် ငါ့နောက်ကို လိုက်လာကတည်းက ဘယ်တုန်းကများ နင့်ကို ဒုက္ခအရောက်ခံ အဆာခံထားဖူးလို့လဲ... မနက်ဖြန်ကျရင် ငါတို့ ထပ်ပြီး သွားရှာကြတာပေါ့... လုံလောက်တဲ့ ရိက္ခာတွေ သေချာပေါက် ရှာတွေ့မှာပါ"
ဆက်ရန်...