အခန်း ၃၄၃
Vol. 18 Ch. 343
အပိုင်း(၃၄၃) အောက်တိုဘာလ (၁၄) ရက်နေ့
လျှိုလီနှင့် တင်းရှန်တို့ နှစ်ဦးစလုံးသည် အိုအေစစ်မြို့တွင် ဩဇာတိက္ကမကြီးမားသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။
သူတို့နှစ်ဦးစလုံးသည် လမ်းစဉ် အဆင့် (၄) အစွမ်းပိုင်ရှင်များ ဖြစ်ကြသည့်အပြင် နာမည်ကျော်ကြားမှုတွင်လည်း ထိပ်တန်းအဆင့်၌ ရှိနေသောကြောင့် ဖြစ်သည်။
အိုအေစစ်မြို့၏ ဒုတိယမြို့တော်ဝန်ဖြစ်သူ တင်းရှန်၏ သွေးလမင်း သားတော် လမ်းစဉ်အစွမ်းကို လူအများက နတ်ဘုရားတစ်ပါးကဲ့သို့ ချီးကျူးပြောဆိုနေကြပြီး အိုအေစစ်မြို့၏ နံပါတ်တစ် အစွမ်းထက်ဆုံး အစွမ်းပိုင်ရှင်ဟုပင် တချို့က ဆိုကြသည်။
လျှိုလီကမူ ပူးတွဲရှင်သန်ခြင်း လမ်းစဉ် အဆင့် (၄) ဖြစ်ပြီး သူမနှင့် ပူးတွဲရှင်သန်နေသော ထူးဆန်းသည့်အရာ၏ ကြောက်မက်ဖွယ်ကောင်းမှုကို မျက်မြင်ကိုယ်တွေ့ ကြုံဖူးသူတိုင်းက ကောင်းကောင်းကြီး နားလည်ထားကြသည်။
ထို့အပြင် လျှိုလီသည် ရုပ်ရည်ချောမောလှပကာ သဘောထား နူးညံ့သိမ်မွေ့သူ ဖြစ်သောကြောင့် လူချစ်လူခင် အလွန်ပေါများလေသည်။
ထို့ကြောင့် သူမ၏ အားပေးထောက်ခံသူ ပရိသတ်အဝန်းအဝိုင်းမှာလည်း လျင်မြန်စွာ ကျယ်ပြန့်လာခဲ့သည်။
တင်းရှန်ကလည်း အိုအေစစ်မြို့၏ စီနီယာ ခေါင်းဆောင်တစ်ဦး ဖြစ်ရာ သူ၏ ဘေးတွင်လည်း သစ္စာရှိသော နောက်လိုက်များစွာ ရှိနေပေသည်။
မူလက သူတို့နှစ်ဦးသည် တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိထားကြပြီး တစ်ဖက်နှင့်တစ်ဖက် ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ အေးချမ်းစွာ နေထိုင်ရန်သာ ရည်ရွယ်ထားခဲ့ကြသည်။
သို့သော် မကြာသေးမီက သူတို့နှစ်ဦး၏ ပရိသတ်များအကြားတွင် ပြဿနာများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခဲ့သည်။
သူတို့နှစ်ဦးစလုံးက ပါးစပ်မှ ကိစ္စမရှိပါဘူးဟု ဆိုနေကြသော်လည်း...
သူတို့၏ ရင်တွင်းမှ အစစ်အမှန် ခံစားချက်များကိုမူ သူတို့ကိုယ်တိုင်သာလျှင် သိရှိနိုင်ပေလိမ့်မည်။
သေချာသည်မှာ... ဤပုဂ္ဂိုလ်ကြီး နှစ်ဦးအပြင် အိုအေစစ်မြို့၌ အခြားသော ကိစ္စရပ်များစွာလည်း ဖြစ်ပျက်နေခဲ့သည်။
"လောင်ဝမ်... ခွေးကောင်... မင်းကို ငါက ညီအစ်ကိုအရင်းလို သဘောထားခဲ့တာကို... မင်းကများ... မင်းကများ ငါ့ကို"
အဖြူရောင် ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် ပုံစံကြီးမားလွန်းသော ဖားမျက်မှန်ကြီးကို တပ်ဆင်ထားသည့် အမျိုးသားတစ်ဦးက မျက်နှာချင်းဆိုင်ရှိ အနက်ရောင် လက်ပြတ်အင်္ကျီ ဝတ်ဆင်ထားသော လူသန်ကြီးကို လက်ညိုးထိုးကာ အော်ဟစ်နေသည်။
သိရှိသူတိုင်းက ဤလူနှစ်ဦးသည် အစကတည်းက သံယောဇဉ်ကြီးမားသော ညီအစ်ကိုများ ဖြစ်ကြကြောင်း သိထားကြသည်။
အိုအေစစ်မြို့သို့ ရောက်ရှိလာချိန်တွင်လည်း သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အလွန် အဆင်ပြေနေပုံ ပေါ်ခဲ့သည်။
သို့သော် ယခုအခါတွင်မူ သူတို့နှစ်ဦးသည် ရန်သူတော်ကြီးများအဖြစ်သို့ ရောက်ရှိသွားခဲ့ချေပြီ။
အနက်ရောင် လက်ပြတ်အင်္ကျီနှင့် လူသန်ကြီးကလည်း ဒေါသတကြီးဖြင့် "ရှောင်ပိုင်... ရှောင်မေက အရင်ကတည်းက ငါ့ကို သဘောကျနေခဲ့တာ... မင်းက ငါ့ထက် အရင် ရောက်သွားလို့သာ... ညီအစ်ကို မျက်နှာကို ထောက်ပြီး ရှောင်မေကို ငါ့ဆီ ပေးလိုက်စမ်းပါ"
"မင်း... မင်း ပါးစပ်က ဘာတွေ ပြောနေလဲဆိုတာ မင်းကိုယ်မင်းရော သိရဲ့လား"
"ရှောင်ပိုင်... ညီအစ်ကို သံယောဇဉ်ကို ထောက်ထားပြီးတော့"
"အား... မင်းကများ ငါ့ကို ရိုက်ရဲတယ်ပေါ့လေ"
"အေး... မင်းကို ရိုက်ရဲတယ်ကွ"
ထို့နောက် လမ်းစဉ် အဆင့် (၂) အစွမ်းပိုင်ရှင် နှစ်ဦးသည် လမ်းမပေါ်တွင် အပြန်အလှန် ထိုးကြိတ် တိုက်ခိုက်ကြတော့သည်။
ပြေးလာသော လုံခြုံရေးအစောင့်များမှာလည်း ဝင်ရောက် ဟန့်တားရန် လုံးဝ မဝံ့ရဲကြချေ။
အစွမ်းပိုင်ရှင်များ၏ ပြဿနာကို အစွမ်းပိုင်ရှင်များ ကိုယ်တိုင်သာ ဖြေရှင်းနိုင်သည် မဟုတ်ပါလော။
...
"လောင်ကျန်း... ပြီးခဲ့တဲ့တစ်ခေါက် ငါတို့ သတ်ခဲ့တဲ့ ထူးဆန်းတဲ့အရာဆီကနေ ဘာသဘာဝလွန်ပစ္စည်းမှ မရခဲ့ဘူးလို့ မင်း ပြောခဲ့တယ်မလား... အခု မင်းဆီက မြွေရေခွံက ဘယ်က ရောက်လာတာလဲ"
မုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ဦးက မုတ်ဆိတ်နက်နှင့် အဘိုးအို၏ အင်္ကျီကို ဆွဲကိုင်ကာ ဒေါသတကြီး ဆဲဆိုနေသည်။
မုတ်ဆိတ်နက်နှင့် အဘိုးအိုမှာ မျက်လုံးများ ကလယ်ကလယ် ဖြစ်နေပြီး စိတ်ထဲတွင် အဆက်မပြတ် တွက်ချက် စဉ်းစားနေသည်။
သူ၏ ဤလျှို့ဝှက်ချက်ကြီး မည်သည့်အချိန်က ပေါက်ကြားသွားသနည်းဟု တွေးတောနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်က ယာဉ်တန်းသည် မြွေကြီးတစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့ပြီး မြွေရေခွံတစ်ခု ကျကျန်ရစ်ခဲ့သည်။
ထိုအချိန်က သူသည် အလွန် သေသေချာချာ ဖွက်ထားခဲ့ပါလျက်နှင့် မျက်နှာချင်းဆိုင်ရှိ ဤလူက မည်သို့ သိရှိသွားရသနည်း။
ဤကိစ္စကို သူ မည်သူ့ကိုမျှ နှုတ်ဟ ပြောဆိုခဲ့ခြင်း လုံးဝ မရှိခဲ့ကြောင်း သိထားရမည်။
ဤမြွေရေခွံအတွက်ကြောင့် သူသည် လောင်ချန်နှင့် အရက်အတူသောက်သည့် အကြိမ်အရေအတွက်ကိုပင် များစွာ လျှော့ချထားခဲ့သည် မဟုတ်ပါလော။
မုတ်ဆိတ်နက်နှင့် အဘိုးအိုသည် သဘာဝကျကျပင် ဝန်ခံခြင်းမပြုဘဲ "လောင်ချန်... မင်းစကားက ဘာသဘောလဲ... ငါတို့က ဆယ်စုနှစ်ပေါင်းများစွာ ပေါင်းလာခဲ့တဲ့ ညီအစ်ကိုတွေလေ... မူလတန်းကတည်းက အတန်းတူတူ... အလယ်တန်း အထက်တန်းတွေလည်း အတန်းတူတူပဲ... နောက်ပိုင်း ချွေ့ချွေ့က မင်းနဲ့ ညားသွားတာတောင် ငါ ဘာမှ မပြောခဲ့ဘူးမလား"
"အခု မင်းက ငါ့ကို မယုံဘူးပေါ့"
မုတ်ဆိတ်နက်နှင့် အဘိုးအိုက မျက်နှာတွင် မကျေမနပ်ဖြစ်ဟန် အပြည့်ဖြင့် မုတ်ဆိတ်ဖြူနှင့် အဘိုးအိုကို တွန်းဖယ်လိုက်ကာ ချက်ချင်းပင် ဟန်ဆောင် သရုပ်ဆောင်ပြလိုက်သည်။
သူ၏ မျက်ကွင်းများမှာ နီရဲလာပြီး မျက်နှာပေါ်ရှိ အမူအရာမှာ အလွန်အမင်း မတရားခံရသကဲ့သို့ ဖြစ်နေသည်။
သူသည် သရုပ်ဆောင်ပညာကို နှစ်ပေါင်းများစွာ လေ့လာလိုက်စားလာခဲ့သော ဝါရင့်သရုပ်ဆောင်ကြီး တစ်ဦးနှင့်ပင် တူနေတော့သည်။
ယခင်က သူ ဤကဲ့သို့ ပြုမူလိုက်တိုင်း မုတ်ဆိတ်ဖြူနှင့် အဘိုးအိုမှာ အမြဲတမ်း အလျှော့ပေးခဲ့ရစမြဲ ဖြစ်သည်။
သို့သော် မုတ်ဆိတ်နက်နှင့် အဘိုးအိုက ချွေ့ချွေ့အကြောင်းကို ထည့်သွင်းပြောဆိုလိုက်ချိန်တွင်မူ...
မုတ်ဆိတ်ဖြူနှင့် အဘိုးအိုသည် ပုံမှန်နှင့်မတူဘဲ ပိုမို ဒေါသထွက်လာကာ အရေးအကြောင်းများရှိနေသော မျက်နှာကြီးတစ်ခုလုံး နီရဲလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"လောင်ကျန်း... မင်းကများ ချွေ့ချွေ့အကြောင်းကို ပြောရဲသေးတယ်ပေါ့... မင်း... ခွေးကောင်... မင်း"
"နှစ်ပေါင်းများစွာ ကြာခဲ့ပြီကို"
"ဒါကြောင့် ယန်ယန်က ကြီးလာလေလေ မင်းနဲ့ ပိုတူလာလေလေ ဖြစ်နေတာကိုး... မင်း... သောက်ရမ်းယုတ်မာတဲ့ကောင်"
"ငါ မင်းကို အသေပဲ သတ်တော့မယ်"
စကားအဆုံးတွင် မုတ်ဆိတ်ဖြူနှင့် အဘိုးအို၏ ခန္ဓာကိုယ်မှ ကြွက်သားများ ဖောင်းကြွလာသည်။
သူတို့နှစ်ဦးသည် နောက်ထပ် တိုက်ပွဲမြေပြင် တစ်ခုကို ဖန်တီးလိုက်ကြပြန်သည်။
ထိုတိုက်ပွဲမှာ အလွန်တရာ စိတ်လှုပ်ရှား ရင်ခုန်ဖွယ် ကောင်းလှပေသည်။
...
မကြာသေးမီ ရက်များအတွင်း ဤကဲ့သို့သော ဆင်တူရိုးမှား ဖြစ်ရပ်များစွာ ဖြစ်ပွားခဲ့သည်။
ရန်ဖြစ် တိုက်ခိုက်မှုများလည်း မနည်းလှပေ။
တစ်ချိန်တည်းမှာပင် ခေါင်းဆောင်ချူသည် အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွနေခဲ့သည်။
သူ နောက်ကွယ်မှနေ၍ လျှို့ဝှက် ကြိုးကိုင် ကစားနေခြင်းကို မည်သူမျှ မသိရှိကြသည့် ဤခံစားချက်ကြီးက အလွန်တရာ သာယာလှပေသည်။
ယခင်က ခေါင်းဆောင်ချူသည် လျှို့ဝှက်ချက်လေးများကို ခိုးနားထောင်ရသည်ကိုသာ နှစ်သက်ခဲ့သည်။
အိုအေစစ်မြို့သို့ ရောက်ရှိလာပြီးနောက်တွင်မူ ခေါင်းဆောင်ချူသည် သိုးအုပ်ထဲသို့ ရောက်သွားသော ဝံပုလွေတစ်ကောင်နှင့် တူနေတော့သည်။
ခေါင်းဆောင်ချူသည် အိပ်မပျော်သော ရောဂါကို ပြင်းထန်စွာ ခံစားနေရသော ချန်းရီနည်းတူ ဤကြီးကျယ်ခမ်းနားလှသော အစီအစဉ်ကြီးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ညပေါင်းများစွာ အိပ်မပျော်ဘဲ နေခဲ့ရသည်။
မှန်ပေသည်... ခေါင်းဆောင်ချူက ၎င်းကို "ကြီးကျယ်ခမ်းနားလှသော" အစီအစဉ်ဟု ခေါ်ဆိုခဲ့သည်။
သိရှိထားသော လျှို့ဝှက်ချက်များ များပြားလွန်းလာသောအခါ ရင်ထဲတွင် အမြဲ မြိုသိပ်ထားရသည်မှာလည်း အလွန် အနေရခက်လှသည်။
ဤကဲ့သို့သော နည်းလမ်းဖြင့် ပေါက်ကွဲ ထုတ်ဖော်ခွင့် ရလိုက်သဖြင့် ခေါင်းဆောင်ချူမှာ အလွန် ဝမ်းသာနေခဲ့သည်။
ခေါင်းဆောင်ချူသည် ခိုးနားထောင်သည့် ရေဒီယို၏ ဘေးထွက်ဆိုးကျိုးကို ပိုမို ပြင်းထန်စွာ ခံစားနေရပြီလားဟုပင် ချန်းရီက သံသယဝင်မိသည်။
ဤသဘာဝလွန်ပစ္စည်းများ အများစုမှာ ကမ္ဘာပျက်ကပ်ကြီး ကျရောက်ပြီးနောက် ထူးဆန်းသည့်အရာများနှင့်အတူ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ဤသဘာဝလွန်ပစ္စည်းများနှင့် ထူးဆန်းသည့်အရာများ အကြားတွင် လက်ရှိအချိန်ထိ ရှာဖွေ မတွေ့ရှိသေးသော ဆက်စပ်မှုအချို့ ရှိနေနိုင်ပေသည်။
သေချာသည်မှာ ချန်းရီက ခေါင်းဆောင်ချူ၏ လုပ်ရပ်ကို ဝင်ရောက် တားဆီးခြင်း မပြုခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ လုပ်ဆောင်ခြင်းက အားလုံးအတွက် အကျိုးရှိစေသည် မဟုတ်ပါလော။
ထို့အပြင် ချန်းရီ ကိုယ်တိုင်ကလည်း ဤကိစ္စကို အလွန် စိတ်ဝင်စားစရာ ကောင်းသည်ဟု တွေးထင်ထားသည်။
အားလပ်ချိန်များတွင် ချန်းရီသည် ခုံငယ်လေးတစ်လုံးကို ယူကာ လမ်းမပေါ်သို့ ထွက်၍ ပွဲကြည့်တတ်ပြီး ဘေးနားရှိ လူများနှင့်အတူ "ဟာ..." "ဟုတ်ပြီ..." စသည့် အသံများကို မကြာခဏ အော်ဟစ်ကာ ဝင်ရောက် အားပေးတတ်သေးသည်။
ယခုလက်ရှိ ချန်းရီ၏ ပုံစံမှာ လမ်းမပေါ်ရှိ အလုပ်မဲ့အကိုင်မဲ့ လေလွင့်နေသူ တစ်ဦးနှင့်ပင် တူနေတော့သည်။
သို့သော် ဤကဲ့သို့ သက်တောင့်သက်သာရှိလှသော ဘဝလေးမှာ များမကြာမီပင် ပျက်စီးသွားခဲ့ရသည်။
အကြောင်းရင်းမှာ စည်းဝါးလွတ် ကားပြိုင်ပွဲနှင့် ပတ်သက်သည့် တိကျသော သတင်းအချက်အလက်များ နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့သောကြောင့် ဖြစ်သည်။
လူတိုင်း အစိတ်ဝင်စားဆုံး ကိစ္စမှာ ဤပြိုင်ပွဲတွင် မည်ကဲ့သို့သော ဆုလာဘ်များ ရရှိမည်နည်း ဆိုသည့် အချက်ပင် ဖြစ်သည်။
ချန်းရီက အခြားသော အစွမ်းပိုင်ရှင်များစွာနှင့်အတူ အရှေ့ဘက် တံခါးပေါက်ရှိ ကြော်ငြာဆိုင်းဘုတ်ရှေ့သို့ တိုးဝှေ့ သွားရောက်ခဲ့သည်။
ကြော်ငြာဆိုင်းဘုတ်ပေါ်တွင် ရေးသားထားသော အချက်အလက်များကို မြင်လိုက်ရသောအခါ ချန်းရီ၏ အသက်ရှူနှုန်းပင် အနည်းငယ် မြန်ဆန်သွားခဲ့သည်။
စည်းဝါးလွတ် ကားပြိုင်ပွဲ၏ ပထမဆုမှာ - ဆန် အပြည် (၇၀)၊ ဂျုံမှုန့် (၉၀) ပိဿာ၊ ဝက်ပေါင်ခြောက် (၁၂) ပိဿာနှင့် ဝက်အူချောင်း တစ်ဖာ...
ထို့ပြင် ထိုပစ္စည်းများအားလုံးသည် သက်တမ်းလွန် အစားအစာများ မဟုတ်ကြောင်းကိုလည်း ကြော်ငြာဆိုင်းဘုတ်ပေါ်တွင် ရှင်းလင်းပြတ်သားစွာ ရေးသားထားသည်။
အစားအသောက်များသည် ဆုလာဘ်၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။
ပထမဆုရှင်အတွက် လမ်းစဉ်ဆေးထိုးအပ် နှစ်ချောင်းကိုလည်း ထည့်သွင်း ချီးမြှင့်မည် ဖြစ်သည်။
နောက်ဆုံးတွင်တော့ လမ်းစဉ်ဆေးထိုးအပ်နှင့် ပတ်သက်သည့် သတင်းမှာ အတည်ပြုနိုင်ခဲ့ချေပြီ။
"လမ်းစဉ်ဆေးထိုးအပ်" ဟူသော စာလုံးကို မြင်လိုက်ရချိန်တွင် လူအများအပြားမှာ အသက်ရှူပင် မှားသွားကြသည်။
သူတို့၏ ဘေးနားရှိ လူအများစုမှာ အစွမ်းပိုင်ရှင်များ ဖြစ်ကြသဖြင့် လမ်းစဉ်ဆေးထိုးအပ်ကို အသုံးပြုရန် မလိုအပ်တော့သော်လည်း...
သူတို့၏ ဘေးတွင် ရင်းနှီးချစ်ခင်ရသူများ မရှိဘဲ နေပါမည်လော။
လူအများအပြားသည် အိုအေစစ်မြို့တွင် လမ်းစဉ်ဆေးထိုးအပ် ရှိသည်ဟု သတင်းကြားပြီးမှသာ ဤနေရာသို့ လာရောက်ခဲ့ကြခြင်း ဖြစ်သည်။
ယခုတော့ အမှန်တကယ်ပင် တိကျသေချာသော သတင်းကို ရရှိခဲ့ပြီ ဖြစ်သည်။
ဒုတိယဆုအတွက်မူ ထောက်ပံ့ရေး ပစ္စည်းအချို့ကိုသာ ရရှိမည်ဖြစ်ပြီး လမ်းစဉ်ဆေးထိုးအပ် ပါဝင်မည် မဟုတ်ပေ။
တတိယဆုလည်း ရှိသေးသည်။
ထိုအချိန်မှာပင်...
လူအုပ်ကြီးသည် အင်ဂျင်စက်သံကြီး တစ်ခု ဟိန်းဟောက်မြည်ဟည်းလာသည်ကို ရုတ်တရက် ကြားလိုက်ရသည်။
ထိုအင်ဂျင်သံ ထွက်ပေါ်လာရာဘက်သို့ လှမ်းကြည့်လိုက်သောအခါ...
ဒီဇိုင်း အလွန်တရာ ဆန်းကြယ်ပြီး ကြီးမားလှသော အင်ဂျင်နီယာသုံး ယာဉ်ကြီးတစ်စီး မြို့တံခါးပေါက်ဆီသို့ မောင်းနှင်လာသည်ကို မြင်တွေ့လိုက်ရသည်။
ထိုယာဉ်ကြီး၏ အမြင့်ဆုံးနေရာရှိ အနက်ရောင် အလံတစ်ခုပေါ်တွင် အဝါရောင် စာလုံးကြီးများဖြင့် "ဧကရာဇ်" ဟု ရေးသားထားလေသည်။
ဝတုတ်လေး ရောက်လာခဲ့ပြီ ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ လူများက ထိုယာဉ်ကြီးကို ကြည့်ကာ တစ်ယောက်တစ်ပေါက် တီးတိုး ပြောဆိုနေကြသည်။
ချန်းရီက စကားထစ်တတ်သော ချန်ဟောင်ကိုလည်း လှမ်းမြင်လိုက်ရသည်။
ထိုလူက သူ၏ သေးငယ်သော "ပျော်ရွှင်သော မင်းသားလေး" ကားလေးကို မောင်းနှင်လာခဲ့ခြင်း ဖြစ်သည်။
ဒီနေ့သည် အောက်တိုဘာလ (၁၄) ရက်နေ့ ရောက်နေပြီ ဖြစ်သည်။
ပြိုင်ပွဲက မနက်ဖြန်တွင် စတင်တော့မည်။
အလွန် နီးကပ်နေပြီ ဖြစ်သည်။
လက်ထဲရှိ ထိုစာအိတ်ကို ဒီညမှာပဲ အသုံးပြုလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ဆက်ရန်...