← Chapters

အခန်း ၃၄၄

Vol. 18 Ch. 344

အခန်း ၃၄၄

Vol. 18 Ch. 344

အပိုင်း(၃၄၄) ဝင်ပြိုင်ချင်နေသော ကျိုးရှောင်ရှောင်

ပထမဆုအနေဖြင့် လမ်းစဉ်ဆေးထိုးအပ် နှစ်ချောင်း ပေးမည်ဆိုသော ကိစ္စက ဆူပွက်နေသော ဆီအိုးထဲသို့ ရေအေးတစ်စက် ကျသွားသကဲ့သို့ပင်။

လူအများအပြား အိုအေစစ်သို့ လာကြခြင်းမှာ လမ်းစဉ်ဆေးထိုးအပ်ကို လိုချင်၍ ဖြစ်သည်။

အစွမ်းပိုင်ရှင်ဖြစ်စေ၊ သာမန်လူဖြစ်စေ ဤသတင်းကို ကြားလိုက်ရချိန်တွင် အနည်းငယ်တော့ ရင်ခုန်လှုပ်ရှားသွားကြသည်။

သာမန်လူများအတွက်ဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။

ဤကဲ့သို့သော ကမ္ဘာပျက်ကပ် ဘဝမျိုးတွင် အစွမ်းပိုင်ရှင်များ ရှိနေမှန်း လူတိုင်း သိကြသည်။

မည်သူကမျှ ယာဉ်တန်းထဲတွင် အချိန်မရွေး စွန့်ပစ်ခံရနိုင်သော အမြီးပိုင်းနေရာ၌ တစ်သက်လုံး မနေချင်ကြပေ။

တရားမျှတရေး ယာဉ်တန်းရှိ သာမန်လူများ၏ ခံစားခွင့်က ကောင်းမွန်သေးသည်ဟု ဆိုရမည်။

အနည်းဆုံးတော့ ခေါင်းဆောင်ချူတို့က ကျွန်စနစ်မျိုး မကျင့်သုံးခဲ့ပေ။

အချို့ယာဉ်တန်းများကမူ အလွန်လွန်ကဲလှသည်။ အစွမ်းပိုင်ရှင်များက သာမန်လူများကို သူတို့၏ ကိုယ်ပိုင်ပစ္စည်းများသဖွယ် သဘောထားကြသည်။

အနည်းငယ် စိတ်အလိုမကျဖြစ်လျှင်ပင် ရိုက်နှက်ဆဲဆိုခြင်းမှာ အပေါ့ပါးဆုံး ပြစ်ဒဏ် ဖြစ်သည်။

သာမန်လူတစ်ယောက်ကို ရိုက်သတ်လိုက်လျှင်တောင်မှ အစွမ်းပိုင်ရှင်ကို မည်သူကမျှ ပြဿနာလာရှာမည် မဟုတ်ပေ။

ခေါင်းဆောင်ချူ ကိုယ်တိုင်ကပင် သာမန်လူများ၏ အသက်က အစွမ်းပိုင်ရှင်များ၏ အသက်ထက် ပို၍ တန်ဖိုးကြီးသည်ဟု လက်ခံမထားပေ။

ဤကဲ့သို့သော နောက်ခံအခြေအနေမျိုးတွင် သာမန်လူများသည် အစွမ်းပိုင်ရှင်များ ဖြစ်လာပြီး ကံကြမ္မာကို ပြောင်းလဲပစ်ရန် အိပ်မက်မက်နေကြခြင်း ဖြစ်သည်။

အစွမ်းပိုင်ရှင်များမှာလည်း ချွင်းချက် မဟုတ်ပေ။

အစွမ်းပိုင်ရှင်များသည်လည်း လူသားများသာဖြစ်ရာ လူတိုင်း၏ အနီးအနားတွင် သာမန်လူအချို့ စုဝေးနေတတ်ကြသည်။

ဥပမာအားဖြင့် တင်းတုံနှင့် ကျိုးရှောင်ရှောင်။

ခေါင်းဆောင်ချူ၊ ရွှီနန်နှင့် ရှောင်ဖူ။

နောက်ထပ် ဥပမာပြရလျှင် ချန်းရီနှင့် ရှုလီနာ။

အစွမ်းပိုင်ရှင် ကိုယ်တိုင်က လမ်းစဉ်ဆေးထိုးအပ်ကို သိပ်ပြီး စိတ်မဝင်စားလျှင်တောင်မှ သူတို့အနားတွင် စုဝေးနေကြသော သာမန်လူများက ထိုအစွမ်းပိုင်ရှင်များကို ဤတိုက်ပွဲထဲသို့ ပါဝင်လာစေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားကြပေလိမ့်မည်။

သူတို့သည် မည်သည့်စတေးမှုမျိုးကိုမဆို ပေးဆပ်၍ လမ်းစဉ်ဆေးထိုးအပ်ကို ရရှိရန် ကြိုးပမ်းကြမည် ဖြစ်သည်။

ချန်းရီလို အေးစက်စက်နိုင်သော လူပင်လျှင် ဤတစ်ကြိမ် စည်းဝါးလွတ် ကားပြိုင်ပွဲကို အလွန် အလေးထားနေသည်။

အကြောင်းမှာ ဤပြိုင်ပွဲ၏ ချန်ပီယံဆုတွင် အခြားသော ရိက္ခာပစ္စည်းများစွာလည်း ပါဝင်နေသောကြောင့် ဖြစ်သည်။

ထိုပစ္စည်းများမှာ သက်တမ်းမကုန်သေးသော စားနပ်ရိက္ခာများ ဖြစ်သည်။

တစ်ခုတည်းသော စိတ်ပျက်စရာမှာ ယခင်က ကောလာဟလ ထွက်ပေါ်ခဲ့သော ပြီးပြည့်စုံသည့် မျိုးစေ့များ မပါဝင်ခြင်းပင်။

ကြည့်ရသည်မှာ ဒါက ကောလာဟလ သက်သက်သာ ဖြစ်ပုံရသည်။

အိုအေစစ် ဘက်ကလည်း ပြီးပြည့်စုံသည့် မျိုးစေ့ကို ဆုအဖြစ် ပေးရန် နှမြောနေပုံရသည်။

ပြီးပြည့်စုံသည့် မျိုးစေ့ မည်မျှ တန်ဖိုးကြီးကြောင်း မြင်တွေ့နိုင်သည်။

အိုအေစစ် ကိုယ်တိုင်ပင် လက်မလွှတ်ရက်သော အရာဖြစ်သည်။

...

တင်းတုံက ကိုယ်တိုင်လုပ်ထားသော ရေကရားကိုဆွဲကာ အာလူးနှင့် ဆလတ်ပင်များကို ရေလောင်းနေသည်။

နောက်ထပ် နေ့ဝက်ခန့် ကြာလျှင် ဤအပင်များကို ထပ်မံ ရိတ်သိမ်းနိုင်တော့မည်။

ထိုအခါကျလျှင် ယာဉ်တန်း၏ အရန်ရိက္ခာမှာ အနည်းငယ် ထပ်တိုးလာပေလိမ့်မည်။

ဟူး... ယာဉ်တန်းထဲရှိ အစားကြီးသူများအတွက် ဤအာလူးနှင့် ဆလတ်ပင် အနည်းငယ်မျှက လောက်ငှမည် မဟုတ်ပေ။

အိုအေစစ်သို့ ရောက်လျှင် စားဝတ်နေရေးအတွက် ပူပန်စရာ မလိုတော့ဟု ထင်မှတ်ခဲ့သော်လည်း အဆုံးတွင် ယာဉ်တန်း၏ ထောက်ပံ့မှုကိုသာ အားကိုးနေရဆဲ ဖြစ်သည်။

ဤအချက်က တင်းတုံကို အနည်းငယ် စိတ်ပူစေသည်။

အိုအေစစ်သို့ ရောက်လာပြီးနောက် ပန်းအိုးများထဲတွင် စိုက်ပျိုးထားသော ဤအာလူးနှင့် ဆလတ်ပင်များကို တင်းတုံက ခြံဝင်းငယ်လေးထဲသို့ ရွှေ့ပြောင်းစိုက်ပျိုးခဲ့သည်။

ဤအမျိုးသမီးက မည်သည့်အရာကိုမဆို မေ့လျော့နိုင်သော်လည်း သူမ၏ အဖိုးတန် အပင်များကိုတော့ မည်သို့မျှ မေ့လျော့သွားမည် မဟုတ်ပေ။

အမှန်တကယ် ပြောရလျှင် သူမက အာလူးနှင့် ဆလတ်ပင်များအပေါ် အလေးထားမှုသည် တပည့်ဖြစ်သူ ကျိုးရှောင်ရှောင်အပေါ် အလေးထားမှုထက်ပင် ပိုများနေသေးသည်။

မူလက ထိုခြံဝင်းငယ်လေးထဲတွင် ပန်းမန်အချို့ ရှိနေခဲ့သည်။

ယခုတော့ တင်းတုံက အကုန်နုတ်ပစ်လိုက်ပြီး အာလူးနှင့် ဆလတ်ပင်များကိုသာ အပြည့် စိုက်ပျိုးထားလိုက်သည်။

အလှသာကြည့်ရပြီး အသုံးမဝင်သော ထိုပန်းမန်များသည် သူမအမြင်တွင် ဤအာလူးနှင့် ဆလတ်ပင်များ၏ အရွက်တစ်ရွက်ကိုပင် မမီဟု ထင်မှတ်ထားသည်။

ဤရက်ပိုင်းအတွင်း အပြင်ဘက်တွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို တင်းတုံ လုံးဝ မသိခဲ့ပေ။

ခေါင်းဆောင်ချူနှင့် ချန်းရီတို့ နှစ်ယောက်၏ မတရားလုပ်ရပ်များကိုလည်း သူမ လုံးဝ ဝင်မစွက်ဖက်ချင်ခဲ့ပေ။

အာလူးနှင့် ဆလတ်ပင်များကို ခြံဝင်းထဲသို့ ပြောင်းရွှေ့စိုက်ပျိုးပြီးနောက် ဤအပင်များ၏ မျိုးစေ့အရည်အသွေးက အနည်းငယ်မျှ ပိုမို ကောင်းမွန်လာကြောင်း တင်းတုံ ဝမ်းသာအားရ တွေ့ရှိခဲ့ရသည်။

အလွန် သေးငယ်လှသော တိုးတက်မှုလေး ဖြစ်သော်ငြားလည်း...

ဤအမျိုးသမီးကို ရူးသွပ်သွားလောက်အောင် ဝမ်းသာပျော်ရွှင်စေရန် လုံလောက်နေပြီ ဖြစ်သည်။

သူမက ဤရှာဖွေတွေ့ရှိမှုကို မှတ်စုစာအုပ်ထဲတွင် သေသေချာချာ မှတ်သားထားလိုက်သည်။

ဤအမျိုးသမီးသည် စိုက်ပျိုးရေးနှင့် ပတ်သက်လျှင် သာမန်လူများ နားလည်နိုင်ရန် ခက်ခဲသော စွဲလမ်းမှုမျိုး ရှိနေသည်။

ထိုကြောင့်ပင် ယာဉ်တန်းထဲတွင် ချန်းရီတောင်မှ လမ်းစဉ် အဆင့် (၃) သို့ ရောက်ရှိသွားပြီ ဖြစ်သော်လည်း သူမကမူ လမ်းစဉ် အဆင့် (၂) တွင်သာ ရှိနေဆဲ ဖြစ်သည်။

သို့သော် သူမက စွမ်းအားများ တိုးတက်လာရေးအတွက် အနည်းငယ်မျှပင် အလျင်လိုခြင်း မရှိပေ။

အရင်ကဆိုလျှင် နေ့တိုင်း အချိန်အနည်းငယ်ယူ၍ တရားထိုင်လေ့ကျင့်တတ်သေးသည်။

ယခုတော့ တရားထိုင်ခြင်းကဲ့သို့သော ကိစ္စများကို သတိရမှသာ လုပ်ဖြစ်တော့သည်။

မအားလပ်လျှင်လည်း ထားလိုက်ရုံပင်။

အရာရာကို ရေစုန်မျောလိုက်သည့် ပုံစံမျိုး ဖြစ်နေသည်။

အသားပိုးကောင်နှင့် ပတ်သက်၍မူ...

တင်းတုံက အသားပိုးကောင်ကို အနည်းငယ်မျှပင် စိတ်မဝင်စားချေ။ ယခု အသားပိုးကောင်ကို မည်သူ မွေးမြူနေသည်ကိုပင် သူမ မသိပေ။

ခေါင်းဆောင်ချူကလည်း လေ့ကျင့်မှုများကို လျစ်လျူမရှုထားရန် တင်းတုံကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးသည်။

နောက်ပိုင်းတွင် တင်းတုံက ဘယ်နားဝင် ညာနားထွက် လုပ်နေသည်ကို မြင်သောအခါ...

ခေါင်းဆောင်ချူလည်း ထပ်မပြောချင်တော့ပေ။

ကမ္ဘာပျက်ကပ်ကြီးသာ မဟုတ်လျှင် တင်းတုံက ဤခြံဝင်းငယ်လေးထဲတွင် တစ်သက်လုံး အပြင်မထွက်ဘဲ နေနိုင်သည်ဟုပင် ထင်မှတ်ရသည်။

သို့သော်လည်း လက်ရှိတွင် သူမ ဂရုစိုက်သော ကိစ္စတစ်ခုတော့ ရှိနေသေးသည်။

ဥပမာအားဖြင့် စည်းဝါးလွတ် ကားပြိုင်ပွဲ။

သူမ၏ အသည်းကျော် တပည့်လေးအတွက် လမ်းစဉ်ဆေးထိုးအပ် တစ်ချောင်း ရရှိစေရန် ဤတစ်ကြိမ်တွင် သူမ ကိုယ်တိုင် ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားသည်။

လွန်ခဲ့သော မိနစ်အနည်းငယ်ကမှ မြို့တံခါးဝတွင် ကြေညာစာကပ်ထားကြောင်း တိကျသော သတင်းကို သူမ ရရှိခဲ့သည်။

ဤတစ်ကြိမ် ပြိုင်ပွဲ၏ ပထမဆုက လမ်းစဉ်ဆေးထိုးအပ် နှစ်ချောင်း ရရှိမည် ဖြစ်သည်။

သို့သော် ပြီးပြည့်စုံသည့် မျိုးစေ့တော့ မပါဝင်ပေ။

ဤအချက်က တင်းတုံကို အနည်းငယ် နှမြောတသ ဖြစ်စေခဲ့သည်။

တင်းတုံက သူမ၏ အဖိုးတန်အပင်များကို ရေလောင်းရင်း စောင့်ဆိုင်းနေလိုက်သည်။

သူမ၏ ခေါင်းမာသော တပည့်လေး သေချာပေါက် ရောက်လာလိမ့်မည်ဆိုတာ သူမ သိနေသည်။

လမ်းစဉ်ဆေးထိုးအပ်က ထိုကောင်မလေး၏ အသက်ပင် ဖြစ်သည်။

ထိုအချိန်မှာပင် ခြံဝင်းငယ်လေး၏ တံခါးက ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသည်။

တံခါးတွန်းဖွင့်သူမှာ အလွန် အလျင်လိုနေသဖြင့် ခြံတံခါးဆီမှ ကြီးမားသော အသံကြီး ထွက်ပေါ်လာသည်။

တင်းတုံက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး လှည့်ကြည့်လိုက်သောအခါ သိုင်းကျင့်ရာတွင် ရူးသွပ်မတတ် ဖြစ်နေသော သူမ၏ တပည့်လေး... ကျိုးရှောင်ရှောင်ကို တွေ့လိုက်ရသည်။

"ဆရာ..."

ချွေးများက ဆံပင်များကို စိုရွှဲနေစေပြီး ကျိုးရှောင်ရှောင်၏ နဖူးနှင့် နားထင်များတွင် ကပ်နေကာ မြင်းမြီးပုံချည်ထားသော ဆံပင်စွန်းများက ငန်းရိုင်းတစ်ကောင်လို လှပသော လည်တိုင်တွင် ရစ်ပတ်နေသည်။

နှာခေါင်းထိပ်၊ မေးစေ့၊ ပါးပြင်နှင့် နားသီးလေးများပေါ်တွင် စိန်ပွင့်လေးများလို ချွေးပေါက်များဖြင့် ပြည့်နှက်နေသည်။

ဤမိန်းကလေးက ရေထဲမှ ဆယ်ယူလာသည့်အတိုင်းပင်။

မျက်ဝန်းများကမူ အနည်းငယ် နီရဲနေသည်။

လွန်ခဲ့သော အချိန်လေးကပင် ကျိုးရှောင်ရှောင်သည် ငါးနာရီကျော်ကြာအောင် မနားတမ်း သိုင်းလေ့ကျင့်နေခဲ့ခြင်း ဖြစ်သည်။

ချွေးများက သူမ၏ တစ်ကိုယ်လုံးကို စိုရွှဲသွားစေခဲ့သည်။

ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းက ဆက်မလုပ်နိုင်တော့ကြောင်း သတိပေး အော်ဟစ်နေကြသည်။

သို့သော် ဤမိန်းကလေးကတော့ ဂရုမစိုက်ဘဲ ရူးသွပ်စွာဖြင့် သိုင်းကိုသာ ဆက်၍ ဆက်၍ လေ့ကျင့်နေခဲ့သည်။

ကမ္ဘာပျက်ကပ် မတိုင်မီက ဖျော်ဖြေရေးလောက တစ်ခုလုံးက ပွဲဦးထွက်လာမည်ကို စောင့်မျှော်ခဲ့ရသော မိန်းကလေး။

ယခုအချိန်တွင် ထိုမျက်နှာလေးက သပ်ရပ်၊ ကြည့်ကောင်းကာ လှပနေဆဲ ဖြစ်သည်။

သို့သော် သူမ၏ မျက်လုံးများထဲတွင်တော့ ကြံ့ခိုင်မှုနှင့် တည်ငြိမ်မှုများ များစွာ တိုးလာခဲ့ချေပြီ။

သူမက သူမပင် ဖြစ်သော်လည်း ယခုအချိန်၌ ကျိုးလန်သာ မြင်တွေ့သွားပါက သူမ၏ ညီမလေးမှန်း မှတ်မိနိုင်မည် မဟုတ်တော့ပေ။

စည်းဝါးလွတ် ကားပြိုင်ပွဲ၏ ပထမဆုမှာ လမ်းစဉ်ဆေးထိုးအပ် ဖြစ်ကြောင်း တစ်ယောက်ယောက်က လာပြောပြသည့် အချိန်တွင်...

ကျိုးရှောင်ရှောင်သည် စက္ကန့်သုံးဆယ်ခန့် ကြောင်အမ်းသွားခဲ့ပြီးနောက် ရူးသွပ်စွာဖြင့် ပြေးပြန်လာခဲ့ခြင်း ဖြစ်သည်။

သူမ၏ ဆရာက အဖိုးတန်အပင်များကို ပြုစုနေသည်ကို မြင်လိုက်ရသည်။

တင်းတုံကို တစ်ခွန်းတည်းသာ အော်ခေါ်လိုက်သည်။

"ဆရာ..."

ထို့နောက် ဘာမှ ဆက်မပြောတော့ဘဲ သူမ၏ ဆရာကိုသာ ငေးကြည့်နေလိုက်သည်။

ထိုသပ်ရပ်လှပသော မျက်နှာလေးပေါ်တွင် ခေါင်းမာမှုနှင့် ဇွဲလုံ့လများကိုသာ အပြည့်အဝ တွေ့ရသည်။

ကျိုးရှောင်ရှောင် ဘာပြောချင်သည်ကို တင်းတုံက စောစောစီးစီးကတည်းက ခန့်မှန်းမိပြီးသား ဖြစ်ပုံရသည်။

တင်းတုံ၏ မျက်နှာပေါ်တွင် ကြင်နာယုယသော အပြုံးတစ်ခု ပေါ်လာသည်။

"ရှောင်ရှောင်... စိတ်ချပါ... ချန်းရီ... ခေါင်းဆောင်ချူ... ထယ်ရှီးနဲ့ ချန်းချန်းတို့ ရှိနေတာပဲ... ဒီတစ်ခါ ငါတို့ လမ်းစဉ်ဆေးထိုးအပ်ကို ရဖို့ တော်တော်လေး သေချာနေပါတယ်"

"ချန်းရီက အငြိုးနဂါးရဲ့ အကြေးခွံကို လိုချင်နေတာ... ယာဉ်တန်းရဲ့ စည်းမျဉ်းအရဆိုရင် အငြိုးနဂါးရဲ့ အကြေးခွံတွေထဲမှာ ဆရာ့အတွက် ဝေစုလည်း ပါတယ်လေ"

"လမ်းစဉ်ဆေးထိုးအပ် ဝေစုနဲ့ လဲလှယ်ဖို့အတွက် ဆရာ့ရဲ့ နဂါးအကြေးခွံ ဝေစုကို စွန့်လွှတ်လိုက်လို့ ရပါတယ်"

"ပြီးတော့ ခေါင်းဆောင်ချူ... သူကလည်း ယာဉ်တန်းထဲမှာ အစွမ်းပိုင်ရှင် တစ်ယောက် ထပ်တိုးလာတာကို လိုလားနေတာပဲ"

"ထယ်ရှီးနဲ့ ချန်းချန်းတို့ဆိုရင် စကားပြောရတာ ပိုတောင် လွယ်သေးတယ်"

တင်းတုံက စိတ်ထဲတွင် အစောကြီးကတည်းက တွက်ချက်ထားပြီးဖြစ်ပုံရသည်။

သူမ တစ်ယောက်တည်း၏ အင်အားဖြင့် လမ်းစဉ်ဆေးထိုးအပ်ကို ရယူနိုင်ရန် မဖြစ်နိုင်ပေ။

သို့သော် ယာဉ်တန်းမှ လူများ၏ အကူအညီသာ ပါလာလျှင် မဖြစ်နိုင်စရာ အကြောင်းမရှိပေ။

စုစုပေါင်း လမ်းစဉ်ဆေးထိုးအပ် နှစ်ချောင်းရှိရာ တစ်ချောင်းကို ရရှိရန် သူမ အတော်လေး ယုံကြည်ချက် ရှိနေသည်။

ကျိုးရှောင်ရှောင်က ခေါင်းခါယမ်းလိုက်ပြီး အံကြိတ်ကာ ခေါင်းမာစွာဖြင့် နောက်တစ်ခေါက် ထပ်ခေါ်လိုက်သည်။

"ဆရာ..."

ထို့နောက် ဘာစကားမှ ဆက်မပြောဘဲ သပ်ရပ်လှပသော မျက်နှာလေးပေါ်တွင် ခေါင်းမာမှုနှင့် ဇွဲလုံ့လများသာ ပြည့်နှက်နေသည်။

တင်းတုံ၏ မျက်နှာထားကလည်း တဖြည်းဖြည်း ပြောင်းလဲသွားသည်။

သူမ၏ တပည့်လေး ဆိုလိုသည့် အဓိပ္ပာယ်ကို သူမ အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။

တင်းတုံက ခေါင်းခါယမ်းလိုက်သည်။

"မရဘူး... နင်က အစွမ်းပိုင်ရှင် မဟုတ်ဘူး... ပြိုင်ပွဲဝင်လို့ မရဘူး"

ဆက်ရန်...

All Chapters