← Chapters

အခန်း ၃၄၅

Vol. 18 Ch. 345

အခန်း ၃၄၅

Vol. 18 Ch. 345

အပိုင်း(၃၄၅) ငါကတော့ မယုံဘူး

သူတို့နှစ်ဦး၏ ဆရာတပည့်ဆက်ဆံရေးက သိပ်မကြာသေးသော်လည်း တင်းတုံက သူမ၏တပည့်ဖြစ်သူအပေါ် အတော်အတန် နားလည်နေပြီ ဖြစ်သည်။

ဒီတစ်ကြိမ် စည်းဝါးလွတ် ကားပြိုင်ပွဲက ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာ သူမ မသိတာလည်း မဟုတ်။

သူမကိုယ်တိုင်ပင်လျှင် ဤတစ်ကြိမ်တွင် အထူးသတိထားနေရခြင်း ဖြစ်သည်။

ကိုယ့်တပည့်ကို ခေါ်သွားဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။

ကျိုးရှောင်ရှောင်က အလျင်စလို ပြောလိုက်သည်။

"ဆရာ... သမီး စုံစမ်းပြီးသွားပြီ... သာမန်လူတွေက ပြိုင်ပွဲဝင်လို့ မရဘူးတဲ့"

"ဒါပေမဲ့ လက်ထောက်အနေနဲ့တော့ ဝင်ပြိုင်လို့ ရတယ်တဲ့"

"ဆရာသာ ခွင့်ပြုမယ်ဆိုရင် သမီး သေစာရင်းမှာ လက်မှတ်ထိုးပြီး... ဝင်ပြိုင်လို့ ရပြီ"

တင်းတုံ၏ မျက်နှာက အေးစက်သွားပြီး ပထမဆုံးအကြိမ်အဖြစ် အလွန် တင်းမာပြတ်သားသော စကားလုံးများဖြင့် ပြောလိုက်သည်။

"နင် ရူးနေလား... မရဘူး... ငါ လုံးဝ ခွင့်မပြုနိုင်ဘူး"

"အစွမ်းပိုင်ရှင်တွေရဲ့ ပြိုင်ပွဲက ကလေးကစားစရာလို့ နင် ထင်နေလား"

"ဒီတစ်ခေါက် ပြိုင်ပွဲဝင်မယ့် အစွမ်းပိုင်ရှင်တွေထဲမှာ ဘယ်သူက လွယ်လွယ်နဲ့ ရင်ဆိုင်လို့ရမယ့်သူ ပါလို့လဲ... တခြားသူတွေကို အသာထားလိုက်ဦး... ငါတို့ဘက်က စွန်းချန်းချန်းတို့... ထယ်ရှီးတို့ဆိုရင် လမ်းစဉ် အဆင့် (၃) က အစွမ်းထက်တဲ့ တိုက်ခိုက်ရေး လမ်းစဉ်တွေချည်းပဲ"

"ပြီးတော့ အဲဒီ ကောက်ကျစ်စဉ်းလဲတဲ့ ချန်းရီ... အဲဒီလိုလူမျိုးက နင့်ကို တစ်လုတ်တည်း ဝါးစားသွားရင်တောင် နင် သိလိုက်မှာ မဟုတ်ဘူး"

"သူတို့ထက် အစွမ်းထက်တဲ့သူတွေလည်း အများကြီး ရှိသေးတယ်"

"ပြိုင်ပွဲဝင်မယ့်သူတွေ အကုန်လုံးက အဲဒီလို လူစားမျိုးတွေချည်းပဲ"

"ငါတောင် သေချာပေါက် နိုင်မယ်လို့ အာမမခံနိုင်တာ... နင်က ဘာကို အားကိုးပြီး မသေနိုင်ဘူးလို့ ပြောနေတာလဲ"

"အစွမ်းပိုင်ရှင်တွေက နင့်ကို သက်ညှာပေးမယ်လို့ တကယ်ပဲ ထင်နေတာလား"

တင်းတုံ၏ စကားတိုင်းက တစ်ခွန်းထက် တစ်ခွန်း ပို၍ တင်းမာအေးစက်လာသည်။

ချန်းရီနှင့် စွန်းချန်းချန်းတို့သာ မရှိပါက လမ်းစဉ်ဆေးထိုးအပ် ရှိသည်ကို သိလျှင်တောင် တင်းတုံက ဤပြိုင်ပွဲကို ဝင်ပြိုင်မည် မဟုတ်ပေ။

ထယ်ရှီး တစ်ယောက်တည်းသာ ရှိမည်ဆိုလျှင်လည်း သူမက ဤပြိုင်ပွဲကို ဝင်ပြိုင်မည် မဟုတ်ပေ။

ချန်းရီက ကောက်ကျစ်စဉ်းလဲကာ ရက်စက်ကြမ်းကြုတ်ပြီး လူစိတ်မရှိသူ ဖြစ်သော်လည်း။

အသင်းဖော်တစ်ယောက် အနေဖြင့်မူ လူများကို လုံခြုံမှု အတော်အတန် ပေးစွမ်းနိုင်သေးသည်။

"ဒုံး"

ကျိုးရှောင်ရှောင်က ဒူးနှစ်ဖက် ခွေကျသွားပြီး မြေပြင်ပေါ်သို့ တိုက်ရိုက် ဒူးထောက်ကျသွားကာ တင်းတုံကို အသံမြည်သည်အထိ ဦးချကန်တော့လိုက်သည်။

ခေါင်းမော့လာချိန်တွင် မိန်းကလေး၏ နဖူးမှာ ညိုမည်းပွန်းပဲ့နေပြီ ဖြစ်သည်။

"ဆရာ... သမီး သိပါတယ်... ဆရာ သမီးကို စိတ်ပူနေတယ်ဆိုတာ သမီး သိပါတယ်"

"ဒါပေမဲ့... ဒီတစ်ခါက သမီးအတွက် အခွင့်အရေးပါပဲ"

"ဒီတစ်သက်မှာ ဒီလိုအခွင့်အရေးမျိုး နောက်တစ်ခါ ရှိလာတော့မှာ မဟုတ်ဘူး"

"တကယ်လို့ သမီးသာ မပြိုင်ရင်... သမီးနေရာမှာ အစားထိုးပေးမယ့်သူ မရှိဘူး"

"ဆရာရယ်... သမီးကို ခွင့်ပြုပေးပါနော်"

ကျိုးရှောင်ရှောင်က နဖူးဖြင့် မြေကြီးကို ဖိကပ်ထားပြီး ချွေးပေါက်များက မြေပြင်ပေါ်သို့ ကျဆင်းကာ ကျောက်ပြားကြမ်းပြင်ကို စိုစွတ်သွားစေသည်။

လမ်းစဉ်ဆေးထိုးအပ်ကိုသာ မရခဲ့လျှင် ပြိုင်ပွဲကွင်းထဲမှာပဲ အသေခံလိုက်တော့မည်။

ရက်ပေါင်းများစွာတိုင်တိုင် သူမ အမဖြစ်သူ၏ မျက်နှာကို အမြဲ အိပ်မက်မက်နေခဲ့သည်။

အိပ်မက်ထဲတွင် အမဖြစ်သူက ထိုစဉ်က သူမကို ဘာကြောင့် ပြန်မကယ်ခဲ့တာလဲဟု အမြဲ မေးတတ်သည်။

ထိုကဲ့သို့သော အိပ်မက်မျိုးကို ကျိုးရှောင်ရှောင် ဘယ်နှကြိမ်လောက် မက်ခဲ့မှန်း သူမကိုယ်တိုင်ပင် မသိတော့ပေ။

အစွမ်းပိုင်ရှင် ဖြစ်လာရေးသည် ကျိုးရှောင်ရှောင်၏ စိတ်နှလုံးထဲမှ မကောင်းဆိုးဝါးတစ်ကောင်လို စွဲလမ်းမှုတစ်ခု ဖြစ်နေခဲ့ပြီ။

ဤတစ်ကြိမ်တွင် လမ်းစဉ်ဆေးထိုးအပ်ကို မရခဲ့လျှင် ရွေးချယ်စရာ လမ်းတစ်လမ်းသာ ရှိတော့သည်။

သူမက အဆုံးမဲ့ချောက်နက်ကြီးထဲသို့ တိုက်ရိုက်ဦးတည်နေသော ထိုအမှောင်လမ်းကိုသာ ရွေးချယ်လိုက်ချင်တော့သည်။

"နင်"

တင်းတုံက မိမိ၏ တပည့်ဖြစ်သူကို ကြက်သေသေကာ ကြည့်နေမိပြီး တစ်ခဏမျှ ဘာပြောရမှန်းပင် မသိတော့ပေ။

ကျိုးရှောင်ရှောင်၏ ခေါင်းမာမှုက တင်းတုံကို နောက်တစ်ကြိမ် ထိတ်လန့်အံ့အားသင့်သွားစေသည်။

ကျိုးရှောင်ရှောင်၏ မျက်လုံးများထဲတွင် သေချင်နေသည့် ဆန္ဒကိုပင် သူမ မြင်တွေ့လိုက်ရသည်။

အချိန်အတော်ကြာသည့်တိုင် ကျိုးရှောင်ရှောင်က ငြိမ်သက်စွာဖြင့် မလှုပ်မယှက် ရှိနေဆဲပင်။

ကြမ်းပြင်ပေါ်ရှိ စိုစွတ်နေသော နေရာများကသာ တဖြည်းဖြည်း ပို၍ များပြားလာသည်။

တင်းတုံက အတန်ကြာ ငေးကြောင်နေပြီးနောက် သက်ပြင်းသဲ့သဲ့လေး ချလိုက်သည်။

"အေးပါ"

"နင်က ဒီလောက်တောင် ဇွတ်လုပ်နေမှတော့... တကယ်လို့ သေသွားခဲ့ရင် ငါ့ကို လာမအပြစ်မတင်နဲ့"

ထိုစကားများကို တင်းတုံက အံကြိတ်ကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အသံက သွားကြားထဲမှ ညှစ်ထုတ်ထားသကဲ့သို့ ထွက်ပေါ်လာ၏။

ကျိုးရှောင်ရှောင်က ဘာမှ ပြန်မပြောဘဲ တင်းတုံကိုသာ ဆက်၍ ဦးချနေခဲ့သည်။

ယခင်က ကျိုးရှောင်ရှောင်သည် မိမိကိုယ်ကိုယ် ခေတ်သစ်အမျိုးသမီး တစ်ယောက်ဟု မှတ်ယူထားပြီး ဦးချကန်တော့ခြင်းကဲ့သို့သော ကိစ္စမျိုးကို မိဘများကိုပင် တစ်ခါမှ မလုပ်ဖူးရာ အခြားသူများကို ဦးချရန်ဆိုသည်မှာ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။

ထိုစဉ်က ကျိုးရှောင်ရှောင်ကို တစ်ယောက်ယောက်က ယနေ့ကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ရမည်ဟု လာပြောခဲ့လျှင်...

သူမ လုံးဝ ယုံကြည်မည် မဟုတ်ပေ။

သို့သော် ယခုအချိန်တွင်မူ...

ကျိုးရှောင်ရှောင်က ဆရာဖြစ်သူကို ဦးချကန်တော့နေခြင်းမှာ သေချာပေါက် သေဆုံးနိုင်ချေရှိသည့် နေရာတစ်ခုကို တောင်းဆိုရန်အတွက်သာ ဖြစ်ပေသည်။

...

ရှုလီနာက လတ်တလော ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို တစ်ခေါက် ပြန်လည် ပြောပြလိုက်သည်။

ဤမိန်းမက အလွန် ပါးနပ်သည်။ ချန်းရီ ဘာကို ကြားချင်နေသလဲ ဆိုတာကို သူမ သိသည်။

ထို့ကြောင့် လျှိုလီနှင့် တင်းရှန်တို့နှစ်ယောက်၏ ကိစ္စကို အလေးပေးကာ ချန်းရီကို အသေးစိတ် ပြောပြလေသည်။

လျှိုလီက ထိုမျှ များပြားသော လူများကို ရိက္ခာပစ္စည်းများ ခွဲဝေပေးခဲ့သည်ဟု ကြားလိုက်ရသောအခါ ချန်းရီက မျက်ခုံးအနည်းငယ် ပင့်လိုက်မိသည်။

ရှုလီနာ၏ အပြောအရဆိုလျှင် ထိုစဉ်က လူဦးရေက နည်းနည်းနောနော မဟုတ်ပေ။

တစ်ယောက်ကို နည်းနည်းစီ ခွဲပေးလျှင်တောင် အားလုံးပေါင်းလိုက်ပါက အလွန် များပြားပေလိမ့်မည်။

ရှုလီနာက ဤမျှ အများကြီး ပြောပြနေခြင်းမှာ ချန်းရီက လျှိုလီအပေါ် အမြင်ကြည်လင်စေရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။

သူမက တကယ်ကို စိတ်ထားကောင်းမွန်တဲ့ မိန်းကလေးတစ်ယောက်ပဲ။

သဘောထားပြည့်ဝတယ်၊ လှပတယ်၊ ပြီးတော့ ကိုယ်ချင်းစာတရားလည်း ရှိသေးတယ်။

ရှုလီနာကိုယ်တိုင်သာ အစွမ်းပိုင်ရှင် ဖြစ်လာခဲ့လျှင် ဤကဲ့သို့သော အတိုင်းအတာအထိ လုံးဝ လုပ်နိုင်မည် မဟုတ်ကြောင်း သူမကိုယ်သူမ သိနေသည်။

ဤကဲ့သို့သော ကမ္ဘာပျက်ကပ် ကာလကြီးတွင် ထိုကဲ့သို့သော လူမျိုး တစ်ယောက်ပိုများလာလေ၊ ကမ္ဘာကြီးအတွက် မျှော်လင့်ချက် တစ်ခု ပိုများလာလေပင် ဖြစ်သည်။

သို့သော် ချန်းရီ၏ စိတ်ထဲမှ အတွေးများကမူ ရှုလီနာနှင့် တူညီခြင်း မရှိပေ။

ချန်းရီက ပထမဆုံးအနေဖြင့် သံသယ ဝင်သွားခြင်း ဖြစ်သည်။

မဖြစ်နိုင်ဘူး... ဒီလိုလူမျိုးက မရဏနတ်သမီးရဲ့ ပူးတွဲရှင်သန်သူ ဖြစ်နိုင်ပါ့မလား။

အခုလို ကမ္ဘာပျက်ကပ် အခြေအနေမျိုးမှာ ဒီလိုလူမျိုးက အသက်ရှင်နိုင်ပါ့မလား။

ငါကတော့ မယုံဘူး။

သို့သော် ချန်းရီ၏ မျက်နှာပေါ်တွင်မူ သူ၏ အတွေးများကို ဖော်ပြခြင်း မရှိခဲ့ပေ။

"တခြားကိစ္စ ရှိသေးလို့လား"

ဒီနေ့အကြောင်းအရာတွေကို ရှုလီနာ ပြောပြပြီးသွားသော်လည်း ထွက်သွားမည့် အရိပ်အယောင် မပြသည်ကို ချန်းရီက ကြည့်လိုက်သည်။

"ဆရာချန်း"

"ပြောစရာရှိတာ ပြော... ငါ အလုပ်ရှုပ်နေတယ်"

ချန်းရီက ခဏနေလျှင် စာတစ်စောင်ကို အပြင်သို့ သွားပို့ရဦးမည် ဖြစ်သည်။

ဤစာထဲတွင် ပါဝင်သောအရာက ကောင်းသလား ဆိုးသလား ဆိုတာကို သူ သေချာ မသိပေ။

ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူကတော့ သွားရောက်ပတ်သက်ရန် အစီအစဉ် မရှိပေ။

ရှုလီနာက အနည်းငယ် တွေဝေသွားပြီးနောက် အံကြိတ်ကာ ပြောလိုက်သည်။

"ဆရာချန်း... ကျွန်မ သတင်းတစ်ပုဒ် ကြားထားပါတယ်... ပြိုင်ပွဲဝင်မယ့် အစွမ်းပိုင်ရှင်တိုင်းက လက်ထောက်တစ်ယောက်စီ ခေါ်သွားလို့ ရတယ်တဲ့"

"ဆရာချန်း... ကျွန်မ... ကျွန်မ လက်ထောက်အနေနဲ့ ပြိုင်ပွဲ ဝင်ချင်ပါတယ်"

"မင်းက"

ချန်းရီက ရှုလီနာကို သေချာ တစ်ချက် ကြည့်လိုက်သည်။

"သာမန်လူတစ်ယောက်က ဒီလိုပြိုင်ပွဲမျိုးကို ဝင်ပြိုင်တယ်ဆိုတာ ဘာကိုဆိုလိုလဲဆိုတာ မင်း သိရဲ့လား"

ရှုလီနာက လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"မင်း ပြိုင်ကွင်းထဲကို ရောက်သွားနိုင်ပေမဲ့ ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး... မင်း သေချာလား"

ရှုလီနာက ထပ်မံ၍ ခေါင်းညိတ်လိုက်သည်။

"အေးလေ... ဒီလိုဆိုမှတော့ မင်း ဆုံးဖြတ်ပြီးရင်လည်း ပြီးတာပါပဲ... ဒါပေမဲ့ တကယ်လို့ သေသွားရင် ငါ့ကို လာမအပြစ်မတင်နဲ့"

"ပြီးတော့ ငါ မင်းကို ရှင်းရှင်းလင်းလင်း ပြောထားမယ်... အဲဒီရောက်လို့ အန္တရာယ်ကြုံလာခဲ့ရင် ငါ မင်းကို ကယ်မှာ မဟုတ်ဘူး"

ချန်းရီ၏ နောက်ဆုံးစကားလုံးများက အေးစက်စက် နိုင်လှသည်။

ရှုလီနာ၏ ရင်ထဲတွင် အနည်းငယ် လေးလံသွားသည်။ ချန်းရီ ပြောသည့်စကားက နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သူမ သိသည်။

"ကျွန်မ သိပါတယ်... တကယ်လို့ သေသွားခဲ့ရင်တောင် ဆရာချန်းက... ကျွန်မရဲ့ နာမည်လေးကို မှတ်မိပေးဖို့ပဲ တောင်းဆိုချင်ပါတယ်"

"ဒီကမ္ဘာကြီးကို ကျွန်မ ရောက်လာခဲ့တယ်ဆိုတာကို ဘယ်သူမှ မသိလိုက်တာမျိုး မဖြစ်ချင်လို့ပါ"

ကမ္ဘာပျက်ကပ် မတိုင်မီက ရှုလီနာကို သိကျွမ်းသူ အားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

သူမနှင့် ပတ်သက်ဆက်နွှယ်နေသူများလည်း သေဆုံးသွားခဲ့ပြီ။

ကမ္ဘာပျက်ကပ် ပြီးနောက် ပတ်ဝန်းကျင်ရှိ လူအများအပြားလည်း သေဆုံးသွားခဲ့သည်။

ထို့ကြောင့်ပင် ရှုလီနာက သူမ ဘယ်တော့ သေရမလဲ ဆိုသည်ကို မကြာခဏ တွေးမိတတ်သည်။

အကယ်၍ ဤကမ္ဘာပေါ်တွင် လူတစ်ယောက်တည်းသာ အသက်ရှင်ခွင့် ရမည်ဆိုလျှင်...

အဲ့ဒီလူဟာ ချန်းရီ ဖြစ်ဖို့ အဖြစ်နိုင်ဆုံးပဲဟု ရှုလီနာက အတိအကျ ယုံကြည်ထားသည်။

ချန်းရီ "..."

ချန်းရီ တုံ့ပြန်သည်ကို မစောင့်တော့ဘဲ ရှုလီနာက လှည့်ထွက်သွားသည်။

...

သာမန်လူတစ်ယောက် အနေဖြင့် ကမ္ဘာပျက်ကပ်ထဲတွင် အသက်ရှင်သန်ချင်ပါက...

မျှော်လင့်ချက် မှေးမှိန်နေသော အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ထားနိုင်ရန် လိုအပ်သည်။

ထိုအခွင့်အရေးက သေမင်းနှင့် အဆုံးမဲ့ နီးကပ်နေလျှင်တောင်မှ ဖြစ်သည်။

ဥပမာအားဖြင့် အစ်ကိုကောက်။

အစပိုင်းတွင် ရှုလီနာက ချန်းရီနှင့် နီးစပ်လာစေရန် ကူညီပေးခဲ့သည်။

ထိုဆေးလိပ်တစ်တောင့်က သူ၏ အသက်တစ်ဝက်ခန့်နီးပါးကို လဲလှယ်လိုက်ရမလို ဖြစ်ခဲ့သည်။

အရာအားလုံးက ချန်းရီရှေ့တွင် ရှုလီနာက သူ၏အကြောင်းကို တစ်ခွန်းလောက် ပိုပြောပေးရန် တောင်းဆိုမှုအတွက်သာ ဖြစ်သည်။

လမ်းစဉ်ဆေးထိုးအပ်ကို မရခဲ့လျှင်တောင်မှ အစ်ကိုကောက်က ရှုလီနာ အစွမ်းပိုင်ရှင် ဖြစ်လာပြီးနောက် ကျေးဇူးကြွေး တစ်ခုတော့ တင်ရှိသွားစေချင်သည်။

နောက်ပိုင်းတွင် သွေးခွဲရန်တိုက်သည့် အစီအစဉ်လည်း ရှိသေးသည်။

ချူချယ်က သတင်းအချက်အလက် များစွာကို အစ်ကိုကောက်ထံ ပြောပြခဲ့သည်။

ထို့နောက် အစ်ကိုကောက်က သူ၏ လက်အောက်ငယ်သားများကို သတင်းဖြန့်ခိုင်းခဲ့သည်။

သို့သော် လောကကြီးတွင် လုံခြုံလှသော လျှို့ဝှက်ချက် ဆိုသည်မှာ မရှိပေ။

ထိုလူများကလည်း ပြဿနာရှိနေသည်ကို သတိမထားမိဘဲ မနေခဲ့ကြပေ။

အဆုံးတွင် အစ်ကိုကောက်ကို လူတွေ လာရောက်ရှာဖွေခြင်း ခံလိုက်ရသည်။

အစ်ကိုကောက်ကိုပင် ရိုက်သတ်ခံရမလို ဖြစ်သွားခဲ့သည်။

ကံကောင်း၍ နောက်ဆုံးတွင် ချူချယ် ဝင်ပါခဲ့သောကြောင့်သာ တော်တော့သည်။ မဟုတ်လျှင် အစ်ကိုကောက်မှာ တကယ် သေသွားလောက်ပြီ ဖြစ်သည်။

ချူချယ်နှင့် ချန်းရီတို့၏ အစီအစဉ်ကို အောင်မြင်ရန်အတွက် အစ်ကိုကောက်က ဘယ်ဘက်ခြေထောက် တစ်ချောင်းနှင့် နံရိုး သုံးချောင်းကို ပေးဆပ်ခဲ့ရသည်။

ယခုအချိန်တွင် အစ်ကိုကောက်မှာ ကုတင်ပေါ်၌ မလှုပ်မယှက်သာ လဲလျောင်းနေရသည်။

သို့သော် ထိုသို့ဖြစ်နေသည့်တိုင် ယခု စည်းဝါးလွတ် ကားပြိုင်ပွဲ သတင်းက ပျံ့နှံ့လာခဲ့ပြီ ဖြစ်သည်။

လက်ထောက်များလည်း ပြိုင်ပွဲဝင်ခွင့်ရှိသည်ဟူသော သတင်းကို အစ်ကိုကောက် သိထားသည်။

သို့သော်... သူ့မှာ အရည်အချင်း မရှိပေ...

ထယ်ရှီးကိုဖြစ်စေ၊ စွန်းချန်းချန်းကိုဖြစ်စေ သူ့ကို ပြိုင်ပွဲခေါ်သွားပေးရန် အိမ်တိုင်ရာရောက် သွားရောက်တောင်းဆိုချင်ခဲ့သည်။

သူ လုံးဝ မလုပ်နိုင်ခဲ့ပေ။

ထိုအချိန်မှာပင် အစ်ကိုကောက်၏ မျက်ဝန်းထဲတွင် လူရိပ်တစ်ခု ထင်ဟပ်လာခဲ့သည်။

အစ်ကိုကောက် အလွန် ဝမ်းသာလုံးဆို့သွားသည်။

"ဆရာ... ကျွန်တော်... ပြိုင်ပွဲကို... ဝင်ပြိုင်ချင်ပါတယ်... ကျွန်တော် သိထားတယ်... လက်ထောက်အနေနဲ့... ရတယ်ဆိုတာ"

အစ်ကိုကောက် ပြောလိုက်သော စကားလုံးတိုင်းက အလွန်တရာ ခက်ခဲနေပုံရသည်။

ထိုလူရိပ်က အနည်းငယ် ရပ်တန့်သွားပြီးနောက် ပြောလိုက်သည်။

"မင်းရဲ့ အခုပုံစံနဲ့ဆိုရင် အသေအချာကို သေရမှာပဲ"

အစ်ကိုကောက်က အံကြိတ်လိုက်သည်။

"ကျွန်တော်... နောင်တမရပါဘူး"

လူရိပ်က သက်ပြင်းသဲ့သဲ့လေးချလိုက်ပြီး စကားတစ်ခွန်းမျှ ထပ်မပြောတော့ပေ။

ဆက်ရန်...

All Chapters