← Chapters

အခန်း ၃၄၇

Vol. 18 Ch. 347

အခန်း ၃၄၇

Vol. 18 Ch. 347

အပိုင်း(၃၄၇) အိုအေစစ်မြို့တော် တည်ရှိနေခြင်း၏ အကြောင်းရင်း

ခြံဝင်းငယ်လေးထဲတွင် ပေါ်လာသူက ဒုတိယမြို့တော်ဝန် တင်းရှန်ပင် ဖြစ်သည်။

သွေးရောင်လွှမ်းနေသော ဆံပင်များက သွေးမီးတောက်များ လောင်ကျွမ်းနေသည့်အလား ပုံပေါက်နေသည်။

သွေးရောင် မျက်ဝန်းများကလည်း ကောင်းကင်ယံမှ သွေးရောင်လမင်းကြီးနှင့် တူလှသည်။

ဤဒုတိယမြို့တော်ဝန်၏ မျက်လုံးများက လျှပ်စီးသဖွယ် စူးရှနေပြီး သွေးရောင်လမင်းအောက်ရှိ ခြံဝင်းငယ်လေးထဲမှ မြေကြီးနှင့် ပန်းမန်တိုင်း၏ လက်တစ်ဆုပ်စာ နေရာလေးများကိုပင် မလွတ်တမ်း လိုက်လံ အကဲခတ်နေသည်။

နှမြောစရာကောင်းသည်မှာ သူ အကြိမ်ကြိမ် အခါခါ ရှာဖွေကြည့်ရှုသော်လည်း မြေပြင်ပေါ်ရှိ စာအိတ်လေးမှလွဲ၍ အခြား မည်သည့်အရာကိုမျှ မတွေ့ရှိခဲ့ရပေ။

သူ၏ ကျောဘက်ရှိ အမြီးက အဆိပ်ပြင်း မြွေတစ်ကောင်အလား အနည်းငယ် ကွေးညွတ်နေပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရန်သူသဖွယ် စောင့်ကြည့်နေသည်။

အကယ်၍ ပုံမှန်မဟုတ်သော အခြေအနေတစ်ခုခု ဖြစ်ပေါ်လာပါက မြွေဟောက်နှင့်တူသော ဤအမြီးက ချက်ချင်းဆိုသလို တုံ့ပြန်တိုက်ခိုက်မည် ဖြစ်သည်။

ဤအမြီးသည် ဒုတိယမြို့တော်ဝန် တင်းရှန်အား ရန်သူများကို အနိုင်ယူကာ အန္တရာယ်မှ လွတ်မြောက်စေရန် အကြိမ်ကြိမ် ကူညီပေးခဲ့ဖူးပြီး ဒုတိယမြို့တော်ဝန် တင်း၏ လျှို့ဝှက်လက်နက်များထဲမှ တစ်ခုဟု ဆိုလျှင်လည်း မမှားပေ။

အချိန် စက္ကန့်(၃၀) ခန့် ကြာသွားသော်လည်း ဒုတိယမြို့တော်ဝန် တင်းသည် ပုံမှန်မဟုတ်သော အခြေအနေ တစ်စုံတစ်ရာကိုမျှ မတွေ့ရသေးချေ။

သူ၏ စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွားမိသည်။ သူက သွေးလမင်း သားတော် လမ်းစဉ်ပိုင်ရှင် ဖြစ်ကြောင်း သိထားရမည်။ သွေးရောင်လမင်း၏ အောက်တွင် ရှိနေသရွေ့ သူ၏ စွမ်းရည်အားလုံးသည် နှစ်ဆ တိုးပွားနေမည် ဖြစ်သည်။

ယခုလက်ရှိ သူ၏ အနေအထားအရ သာမန် လမ်းစဉ် အဆင့် (၅) နှင့်ပင် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိသည်။

သွေးလမင်း သားတော်သည် သွေးရောင်လမင်းအောက်တွင် သွေးလမင်း၏ အကာအကွယ်ကို ရရှိနိုင်ပေသည်။

စောစောက ခြံဝင်းငယ်လေးထဲတွင် လှုပ်ရှားမှုတစ်ခုခု ရှိနေသယောင် သူ သေချာပေါက် ခံစားလိုက်ရသည်။

သို့သော် သူ ဤနေရာသို့ ရောက်လာသောအခါတွင်မူ ဘာကိုမှ မတွေ့ရတော့ပေ။

ရောက်လာသူသည် သေချာပေါက် သူနှင့်အဆင့်တူ လမ်းစဉ် အဆင့် (၄) ဖြစ်ရမည်ဖြစ်ပြီး အစွမ်းထက်သော လမ်းစဉ်အမျိုးအစား ဖြစ်ပေလိမ့်မည်။

အမြီးက မြေပြင်ပေါ်ရှိ စာအိတ်ကို ညင်သာစွာ ကောက်ယူလိုက်ပြီးနောက် ဒုတိယမြို့တော်ဝန် တင်းက စာအိတ်ကို ကြည့်လိုက်သည်။

စာအိတ်ပေါ်တွင် စာတစ်လုံးမျှ ရေးသားထားခြင်း မရှိပေ။ ဒုတိယမြို့တော်ဝန် တင်းသည် ခဏမျှ စဉ်းစားပြီးနောက် စာအိတ်ကို ရင်ခွင်ထဲ သိမ်းဆည်းကာ အိမ်ထဲသို့ ပြန်ဝင်သွားသည်။

အိမ်ထဲတွင် နောက်ထပ် လူတစ်ယောက် ရှိနေသည်။

ဆံပင်များ ဖြူဖွေးနေပြီး မျက်နှာအမူအရာက အလွန်တရာ ပင်ပန်းနွမ်းနယ်နေပုံပေါ်သော အဘိုးအို တစ်ယောက် ဖြစ်သည်။

ဤသူသည် အိုအေစစ်မြို့တော်၏ မြို့တော်ဝန်... လမ်းပြသူ လမ်းစဉ် အဆင့် (၄) ဖြစ်သော မြို့တော်ဝန် ချဝူပင် ဖြစ်သည်။

ဤမြို့တော်ဝန်သည် အိုအေစစ်မြို့တော်၏ ဂန္ထဝင်တစ်ပါး ဖြစ်သည်။ သူသာ မရှိခဲ့လျှင် အိုအေစစ်မြို့တော်သည်လည်း တည်ရှိလာနိုင်မည် မဟုတ်ပေ။

သူသည် လက်ရှိအချိန်တွင် တစ်ဦးတည်းသော လမ်းပြသူ လမ်းစဉ် အဆင့် (၄) လည်း ဖြစ်သည်။

အိုအေစစ်မြို့တော်က ဤနေရာတွင် အခြေချ နေထိုင်နိုင်ခြင်းမှာလည်း သူ၏ အစွမ်းကြောင့်ပင် ဖြစ်သည်။

ဤမြို့တော်ဝန်သည် အလွန် အလုပ်များပြီး နေ့စဉ် ဖြေရှင်း၍ မကုန်နိုင်သော ကိစ္စရပ်များ ရှိနေသဖြင့် သူ့ကို မြင်ဖူးသူ အလွန် နည်းပါးကြောင်း ကောလာဟလများ ရှိကြသည်။

ချူချယ် စီမံခန့်ခွဲသူအဖြစ် ခန့်အပ်ခံရသည့် နေ့တွင်ပင် လမ်းပြသူ တစ်ဦးကသာ ကိုယ်စား တက်ရောက်ပေးခဲ့သည်။

သို့သော် ယခုအခါတွင်မူ ထိုအလွန် အလုပ်များလှသော မြို့တော်ဝန်ကြီးက ဒုတိယမြို့တော်ဝန် တင်းရှန်၏ အိမ်ထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေလေသည်။

တင်းရှန် ဝင်လာသည်ကို မြင်သောအခါ ချဝူက အိုမင်းရင့်ရော်နေသော အသံဖြင့် မေးလိုက်သည်။

"ဘာ ဖြစ်တာလဲ"

တင်းရှန်က မျက်နှာအမူအရာ မပြောင်းလဲဘဲ ပြန်ဖြေလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး... ကြောင်တစ်ကောင် ဖြတ်သွားတာ"

ချဝူက လှောင်ပြုံး ပြုံးလိုက်သည်။

"ကျုပ်ကို လိမ်ချင်ရင်လည်း နည်းနည်းပါးပါး ယုတ္တိရှိတာလေး လိမ်ပါဦး... အခုချိန်မှာ ကြောင်ရှိသေးလို့လား... လူတွေ စားပစ်လိုက်တာ ကြောင်အမွေးတောင် ကျန်တော့မှာ မဟုတ်ဘူး"

တင်းရှန်၏ ကျောဘက်မှ အမြီးက ရမ်းခါသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ချဝူ... ခင်ဗျားက ကျုပ်ဆီကို သက်သက် လာလှောင်ပြောင်တာဆိုရင်တော့ လာစရာမလိုဘူး... အခုချက်ချင်း ထွက်သွားလို့ရတယ်"

တင်းရှန်၏ ရိုင်းစိုင်းသော အပြုအမူကို ချဝူက မကြားလိုက်သကဲ့သို့ ပစ်ပယ်ထားလိုက်သည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ချဝူ၏ မျက်နှာပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုများက ပိုမို နက်ရှိုင်းလာကာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။

"အိုအေစစ်မြို့တော်က... သိပ်မကြာခင်ကစပြီး ပိုပို ထူးဆန်းလာတယ်"

"အရင်တုန်းက ခင်ဗျား ထူးဆန်းတဲ့အရာတွေနဲ့ အပေးအယူ လုပ်တုန်းက ကျုပ် ကန့်ကွက်ခဲ့သားပဲ... အခုတော့ အိုအေစစ်မြို့တော် တစ်ခုလုံး ရှုပ်ယှက်ခတ်နေပြီ... ခင်ဗျားမှာ အဓိက တာဝန်ရှိတယ်"

တင်းရှန်က အေးစက်စက် ပြုံးလိုက်သည်။

"ဒီရက်ပိုင်း ဖြစ်နေတဲ့ ကလေးကလား ကိစ္စတွေကို ပြောချင်တာလား... အသေးအမွှား လှည့်ကွက်လေးတွေပါဗျာ... ဒါလေးတွေကို ခင်ဗျားက အရေးတယူ လုပ်နေတာလား"

ချဝူသည် တင်းရှန်၏ လှောင်ပြုံးကို ဂရုမစိုက်ဘဲ အလွန် လေးနက်သော လေသံဖြင့် ပြန်ပြောလိုက်သည်။

"ကျုပ် ဘာကို ဆိုလိုသလဲဆိုတာ ခင်ဗျား သိပါတယ်"

"တင်းရှန်... အရင်တုန်းက ခင်ဗျား ထူးဆန်းတဲ့အရာတွေနဲ့ အပေးအယူ လုပ်တာကို ကျုပ် ဆန့်ကျင်ခဲ့တယ်... အခု အိုအေစစ်မြို့တော်ထဲမှာ ထူးဆန်းတဲ့အရာတွေ ဘယ်လောက်တောင် ရှိနေပြီလဲဆိုတာ ခင်ဗျား မသိတာတော့ မဟုတ်လောက်ဘူးနော်"

ချဝူ၏ စကားသံက နှေးကွေးသော်လည်း စကားလုံးတိုင်းကို အလွန် လေးလေးနက်နက် ပြောဆိုနေပြီး စကားပြောနေစဉ် တင်းရှန်၏ မျက်လုံးများကို စူးစိုက်ကြည့်နေသည်။

မြို့တော်ဝန် တစ်ဦး၏ ဩဇာအာဏာက သဘာဝအတိုင်း ထွက်ပေါ်လာသည်။

အိုအေစစ်မြို့တော် တည်ဆောက်ခြင်းက လူတိုင်း တွေးထင်ထားသည်ထက် များစွာ ပိုမို ရှုပ်ထွေးလှသည်။

ဤကမ္ဘာမြေပေါ်ရှိ နေရာဒေသ ကိုးဆယ့်ကိုးရာခိုင်နှုန်းကို ထူးဆန်းသည့်အရာများက သိမ်းပိုက်ထားခဲ့ပြီ ဖြစ်သည်။

ထူးဆန်းသည့်အရာများ စတင် ပေါ်ပေါက်လာသည့် အချိန်မှစ၍ လူသားများသည် ထိုအရာများနှင့် တိုက်ခိုက်ရာတွင် တစ်ကြိမ်တစ်ခါမျှ အနိုင်မရခဲ့ဖူးချေ။

အိုအေစစ်မြို့တော် တည်ရှိနေခြင်းက လူသားယဉ်ကျေးမှု သမိုင်းတွင် တစ်ခုတည်းသော မျှော်လင့်ချက် မီးတောက်ငယ်လေးသဖွယ် ဖြစ်သည်။

သို့သော် အိုအေစစ်မြို့တော်၏ လျှို့ဝှက်ချက်သာ ပေါက်ကြားသွားပါက ဤမြို့တော်ကြီးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြိုကွဲပျက်စီးသွားပေလိမ့်မည်။

အိုအေစစ်မြို့တော် တည်ထောင်ပြီး လဝက်ပင် မပြည့်သေးသည့် အချိန်က ဖြစ်သည်။

ထူးဆန်းသည့်အရာများက လာရောက်လည်ပတ်ခဲ့ကြသည်။

ထိုအချိန်က အိုအေစစ်မြို့တော်သည် ယခုကဲ့သို့ အတိုင်းအတာ ကြီးမားခြင်း မရှိသေးသလို လူဦးရေလည်း ယခုလောက် မများပြားသေးဘဲ အများဆုံးမှ လူငါးရာ၊ ခြောက်ရာခန့်သာ ရှိသေးသည်။

ထိုတစ်ကြိမ်တွင် အိုအေစစ်မြို့တော်သည် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။

ဒုတိယမြို့တော်ဝန် တင်းရှန်သည်လည်း သွေးလမင်း သားတော် လမ်းစဉ်သို့ ပြောင်းလဲထားခါစသာ ရှိသေးပြီး သူ၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ဖြင့်ပင်လျှင် ထူးဆန်းသည့်အရာများ၏ ရှေ့မှောက်၌ အလွယ်တကူ ရှုံးနိမ့်သွားခဲ့ရသည်။

အိုအေစစ်မြို့တော် တစ်ခုလုံးရှိ လူငါးရာ၊ ခြောက်ရာခန့်စလုံး ထူးဆန်းသည့်အရာများ၏ ညစ်ညမ်းမှုဒဏ်ကို ခံရကာ ဝါးမျိုခံရတော့မည့် အချိန်တွင်...

မနည်းကြိုးစား တည်ဆောက်ထားရသော အိုအေစစ်မြို့တော်ကို ကာကွယ်ရန်အတွက်...

တင်းရှန်သည် ထူးဆန်းသည့်အရာများနှင့် အပေးအယူ တစ်ခု လုပ်ခဲ့သည်။

ထိုအခါမှသာ အိုအေစစ်မြို့တော်သည် ရှင်သန်ခွင့် ရရှိခဲ့ပြီး တဖြည်းဖြည်း ပိုမို အင်အားကြီးမားလာကာ ယခုကဲ့သို့ အတိုင်းအတာတစ်ခုအထိ ရောက်ရှိလာခြင်း ဖြစ်သည်။

သေချာသည်မှာ ထူးဆန်းသည့်အရာများနှင့် လူသားများ အတူတကွ ယှဉ်တွဲနေထိုင်၍ မရနိုင်ဟူသော စည်းမျဉ်းကိုမူ ဖောက်ဖျက်၍ မရနိုင်ခဲ့ပေ။

ဥပမာအားဖြင့် ယခုအကြိမ် ကျင်းပသော စည်းဝါးလွတ် ကားပြိုင်ပွဲသည်လည်း ထိုအပေးအယူထဲမှ အစိတ်အပိုင်း တစ်ခုပင် ဖြစ်သည်။

ချဝူ၏ စကားကို ကြားပြီးနောက် တင်းရှန်က အေးစက်စွာ ပြုံးလိုက်ပြီး သူ၏ ကျောဘက်မှ အမြီးက ဂနာမငြိမ်စွာ လှုပ်ရှားသွားသည်။

"ဆန့်ကျင်တယ် ဟုတ်လား... ချဝူ... ကျုပ်သာ ထူးဆန်းတဲ့အရာတွေနဲ့ အပေးအယူ မလုပ်ခဲ့ရင် အိုအေစစ်မြို့တော်ဆိုတာ အခုလိုမျိုး ရှိလာနိုင်မှာတောင် မဟုတ်ဘူး"

"ထူးဆန်းတဲ့အရာတွေနဲ့ အပေးအယူ လုပ်တော့ရော ဘာဖြစ်လဲ... လူတချို့ကို ပေးဆပ်လိုက်ရုံနဲ့ ထာဝရ ငြိမ်းချမ်းရေးကို ပြန်ရလာတာပဲလေ... ခင်ဗျားရဲ့ လှည့်ကွက်တွေနဲ့ ထူးဆန်းတဲ့အရာတွေ အားလုံးကို လှည့်စားထားနိုင်မယ်လို့များ ထင်နေတာလား"

"မြို့ပြင်က ပန်းတွေ... ခင်ဗျားရဲ့ လျှို့ဝှက်အကာအကွယ်တွေက အတိုင်းအတာတစ်ခုအထိ အသုံးဝင်တယ် ဆိုပေမဲ့ အသက်ရှင်နေတဲ့ လူတစ်ယောက် အပြင်ကို ထွက်သွားတာနဲ့ ဒီနေရာက ချက်ချင်း ပေါက်ကြားသွားမှာပဲ"

"ချဝူ... အပြင်ဘက်က ထူးဆန်းတဲ့အရာတွေက အရင်တုန်းကလို အတုံးအအတွေလို့ ခင်ဗျား ထင်နေတာလား"

"ထူးဆန်းတဲ့အရာ တော်တော်များများရဲ့ ဉာဏ်ရည်က လူတွေထက် မနိမ့်ကျတော့ဘူး"

"သူတို့တွေက... ခင်ဗျား ထင်ထားတာထက် အများကြီး ပိုပါးနပ်တယ်"

ချဝူသည် တင်းရှန်၏ စကားကို ကြားပြီးနောက် ဘာမှမပြောဘဲ တိတ်ဆိတ်သွားသည်။

ယခင်က တင်းရှန်နှင့် ထူးဆန်းသည့်အရာများ လုပ်ခဲ့သော အပေးအယူကို သူ ကန့်ကွက်ခဲ့သည်။

သို့သော် သူ့တွင်လည်း ပိုကောင်းသော နည်းလမ်း မရှိခဲ့ပေ။

တင်းရှန် ပြောသည်က မှန်နေသည်။

ချဝူက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး သူ၏ မျက်ဝန်းထဲမှ ဝေခွဲမရဖြစ်မှုများနှင့် ပင်ပန်းနွမ်းနယ်မှုများက ပိုမို နက်ရှိုင်းလာသည်။

အတန်ကြာမှသာ ချဝူသည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး တံခါးပေါက်ဆီသို့ လျှောက်သွားလေသည်။

တင်းရှန်က မတ်တတ်ရပ်၍ လိုက်မပို့သလို တားဆီးမည့် စကားတစ်ခွန်းမျှလည်း မဟခဲ့ပေ။

သူ ကိုယ်တိုင်ဖြစ်စေ၊ ချဝူ ဖြစ်စေ၊ အားလုံးက လူသားများအတွက် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။

သူတို့နှစ်ဦးသည် လုပ်ဆောင်ပုံ နည်းလမ်းနှင့် ခံယူချက် မတူညီကြရုံသာဖြစ်ပြီး သေခန်းပြတ် ရန်သူများ မဟုတ်ကြပေ။

တစ်နည်းအားဖြင့် ဆိုရလျှင် သူတို့နှစ်ဦးသည် စစ်မြေပြင်မှ ရဲဘော်ရဲဘက်များပင် ဖြစ်သေးသည်။

ချဝူက တံခါးဝသို့ ရောက်သည့်တိုင်အောင် လျှောက်သွားပြီးမှ ခြေလှမ်းများကို ရပ်တန့်လိုက်ကာ အိုမင်းရင့်ရော်နေသော အသံဖြင့် ပြောလိုက်သည်။

"မနက်ဖြန်ကျရင် ပြိုင်ပွဲ စတော့မယ်... ခင်ဗျား... လူတွေ အများကြီး မသေစေနဲ့ဦး"

တင်းရှန်က အေးစက်စွာ ပြုံးလိုက်သည်။

"လူအရေအတွက် အလုံအလောက် မသေရင်... ဟိုဘက်ကို ရှင်းပြလို့ ရမှာမဟုတ်ဘူး"

ချဝူ၏ ခန္ဓာကိုယ် တစ်ချက် တုန်ယင်သွားပြီး ခဏရပ်တန့်သွားကာမှ တံခါးအပြင်ဘက်သို့ ပြန်လည် ထွက်ခွာသွားတော့သည်။

ယခင်က မတ်မတ်ရပ်နေတတ်သော ကျောပြင်ကြီးက ယခုအခါ အနည်းငယ် ကိုင်းညွတ်သွားသကဲ့သို့ ရှိနေပြီး သွေးရောင်လမင်းအောက်တွင် အလွန်တရာ ဝမ်းနည်းကြေကွဲဖွယ် ကောင်းနေလေသည်။

ချဝူ ထွက်သွားပြီးနောက် အချိန်အတန်ကြာသည်အထိ တင်းရှန်သည် ထိုင်ခုံပေါ်တွင် မလှုပ်မယှက် ထိုင်နေခဲ့သည်။

သူ၏ ကျောဘက်ရှိ အမြီးပင်လျှင် ခွန်အားမဲ့စွာ တွဲကျနေသည်။

"ဟဲဟဲ... တင်းရှန်... မင်း ပြင်ဆင်ပြီးပြီလား... မနက်ဖြန်ကျရင် ငါတို့ အနည်းဆုံး လူ(၅၀၀) လိုမယ်နော်"

ထိုအချိန်မှာပင် ဧည့်ခန်း၏ အမှောင်ထုထဲ၌ ဧရာမ စက်လုံးကြီးတစ်ခုနှင့် တူသော အရာကြီးတစ်ခုက မည်သည့်အချိန်ကတည်းက ပုန်းအောင်းနေမှန်း မသိဘဲ ထွက်ပေါ်လာသည်။

အမှောင်ထဲရှိ ထိုပုံပန်းသဏ္ဍာန် မသေချာသော အရာကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ခြေလက်များ၏ ပုံရိပ်များ ပြည့်နှက်နေပြီး မရေမတွက်နိုင်သော လူ့ခန္ဓာကိုယ်များ ပူးကပ်လိမ်ယှက်ကာ ဖြစ်ပေါ်လာသော ဘောလုံးကြီး တစ်လုံးနှင့် တူနေလေတော့သည်။

ဆက်ရန်...

All Chapters