← Chapters

အခန်း ၃၅၂

Vol. 18 Ch. 352

အခန်း ၃၅၂

Vol. 18 Ch. 352

အပိုင်း(၃၅၂) မိစ္ဆာများ သောင်းကျန်းခြင်း

ထိုသီချင်း၏ လွှမ်းမိုးမှုအောက်မှ ရုန်းထွက်လာပြီးနောက် လူအများက လက်ရှိပြိုင်ပွဲပေါ်သို့ အာရုံပြန်လည် စိုက်ထုတ်လာကြသည်။

ချန်းရီက မိစ္ဆာပစ်ကပ်ကားပေါ်သို့ ပြန်တက်လာသည်။

ထိုအချိန်တွင် ကားမောင်းနေသူမှာ ရွှီလီနာ ဖြစ်သည်။

ဤသည်မှာ ရွှီလီနာအတွက် မိစ္ဆာပစ်ကပ်ကား၏ ယာဉ်မောင်းခုံတွင် ပထမဆုံးအကြိမ် ထိုင်ဖူးခြင်း ဖြစ်သည်။

"မှတ်ထား... ခဏနေ ဘာပဲဖြစ်ဖြစ် လီဗာကို နင်းထားတဲ့ခြေထောက် လုံးဝ မလျှော့နဲ့"

ရွှီလီနာက စိတ်လှုပ်ရှားလွန်း၍ လက်ဖဝါးများပင် ချွေးစေးများ ထွက်နေပြီး ချန်းရီ၏ စကားကို ကြားသောအခါ လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ပြီးတော့ငါ့ကို အနှောက်အယှက် မဖြစ်စေနဲ့... မဟုတ်ရင် မင်းကို ကားပေါ်က ကန်ချပစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး"

ရွှီလီနာက ပို၍ စိတ်လှုပ်ရှားသွားသော်လည်း အလေးအနက် ခေါင်းညိတ်ပြပြန်သည်။

"ငါက မင်းကို အချိန်ပြည့် ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး... မင်း သေသွားရင်လည်း ငါ့ကို အပြစ်မတင်နဲ့"

ရွှီလီနာက ခေါင်းညိတ်ပြနေဆဲ ဖြစ်သော်လည်း သူမ၏ မျက်နှာပေါ်ရှိ အမူအရာမှာ ငိုမဲ့မဲ့ ဖြစ်နေလေပြီ။

"ကဲ... သွားကြမယ်"

မိစ္ဆာပစ်ကပ်ကားက ရှေ့သို့ ဖြည်းညင်းစွာ ရွေ့လျားသွားသည်။

ချန်းရီသာ မိစ္ဆာပစ်ကပ်ကားကို အထူးတလည် သတိမပေးထားပါက ဤမိန်းမမှာ ကား၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။

ခဏအကြာတွင် အမျိုးအစားစုံလင်လှသော ကားအစီးပေါင်းများစွာသည် ပြိုင်ပွဲစတင်ရာ လမ်းကြောင်းဆီသို့ မောင်းနှင်လာကြသည်။

မျက်မှောက်ရှိ ဤပြိုင်ပွဲကြီးမှာ မိစ္ဆာများ သောင်းကျန်းနေသည့်ပွဲ ဟုပင် တင်စားခေါ်ဝေါ်လောက်ပေသည်။

အဆွဲဆောင်နိုင်ဆုံးအရာမှာ ဟွမ်တီ၏ ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးပင် ဖြစ်သည်။ ထို ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးတွင် တရားဝင် အမည်တစ်ခု ရှိလာပြီဟု ဆိုကြသည်။

အမည်မှာ နန်းတော် ဟူ၍ ဖြစ်သည်။

အထူးသဖြင့် အမြင့်ဆုံးနေရာရှိ အလံတိုင်ထက်တွင် ဧကရာဇ် ဟု စာလုံးကြီးနှစ်လုံး ရေးသားထားလေသည်။

ဤအရာက လူအများကို အလွန် အမြင်ကတ်စေသည်။

ယခု ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သော ကားများထဲတွင် ကားကြီးများစွာ ပါဝင်သော်လည်း ဝတုတ်လေး၏ "နန်းတော်" ကားကြီးရှေ့တွင်မူ အနည်းနှင့်အများတော့ အားနည်းနေသေးသယောင် ရှိသည်။

ပြီးခဲ့သည့်အကြိမ်က ဤကောင် "ထူးဆန်းတဲ့အရာရဲ့ နှလုံးသား" ကို ရရှိသွားသည်ဟု ကြားလိုက်ရသည်။

ဤ "နန်းတော်" ကားကြီးသည် သဘာဝလွန်ပစ္စည်း တစ်ခုအဖြစ် သတ်မှတ်၍ ရနေပြီ ဖြစ်ကာ နံပါတ်စဉ် အဆင့်မှာလည်း မနိမ့်ကျလှပေ။

မည်သို့ပင်ဆိုစေကာမူ လမ်းစဉ်(၃) စိတ်ကူးယဉ်သမား တစ်ယောက်က သူ၏ သဘာဝလွန် အစွမ်းအားလုံးကို အသုံးပြု၍ ပုံဖော် ဖန်တီးထားခြင်း ဖြစ်သည် မဟုတ်ပါလော။

ယခင်က မိစ္ဆာပစ်ကပ်ကား၏ နံပါတ်စဉ်မှာ (၈၉၉) ဖြစ်သော်လည်း ယခုအခါ (၉၀၀) သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ချန်းရီက နံပါတ်စဉ် အဆင့် လျော့ကျသွားခြင်းမှာ "နန်းတော်" ကားကြီးနှင့် သေချာပေါက် ပတ်သက်နေမည်ဟု ခန့်မှန်းမိသည်။

သို့သော် ဤ "နန်းတော်" ကားကြီး၏ နံပါတ်စဉ်က အတိအကျ မည်မျှဖြစ်သည်ကိုမူ မသိရပေ။

မှန်ပြတင်းပေါက်မှတစ်ဆင့် "နန်းတော်" ကားကြီး၏ ယာဉ်မောင်းခန်းထဲတွင် ထိုင်နေသော ဝတုတ်လေးကို မြင်တွေ့နိုင်သည်။

မျက်နှာပေါ်ရှိ အပြုံးမှာ အလွန် အထိုးခံချင်စရာ ကောင်းနေသည်။

ချန်းရီ၏ စုတ်ပြတ်သတ်နေသော ပစ်ကပ်ကားကို မြင်လိုက်ပုံရပြီး ဝတုတ်လေးက လှောင်ပြုံးတစ်ခု ပြုံးလိုက်သည်။ ယခုအခါ သူက ချန်းရီကို အဖက်ပင် လုပ်တော့သည့်ပုံ မပေါ်ပေ။

ဝတုတ်လေး၏ "နန်းတော်" ကားကြီးဘေးတွင် ထို ပျော်ရွှင်သော မင်းသားလေး ကားမှာ လုံးဝ မျက်စိထဲ ဝင်မလာလောက်အောင် သေးငယ်နေသည်။

ချန်းရီက ကား၏ ရှေ့လေကာမှန်မှတစ်ဆင့် ချန်ဟောင်၏ မျက်နှာနှင့် မျက်မှန်တွင် ပတ်ထားသော တိပ်ခွေများကို မြင်နေရသည်။

ဤကောင်က လူကြောက်သည့် မျက်နှာထားနှင့်ပင်။

သေချာသည်မှာ... တစ်စုံတစ်ယောက်ကသာ ဤကောင်ကို အနိုင်ကျင့်ရန် လွယ်ကူသည်ဟု ထင်မှတ်နေပါက လုံးဝ အမြင်မှားခြင်းပင် ဖြစ်ပေလိမ့်မည်။

နေပါဦး...

ချန်းရီ၏ မျက်ဝန်းများ အနည်းငယ် ပြူးကျယ်သွားသည်။

ချန်ဟောင်၏ ဘေးရှိ ယာဉ်မောင်းခုံတွင် ထိုင်နေသူမှာ အစ်ကိုကောက် ဖြစ်နေသည်ကို သူ သတိထားမိလိုက်သည်။

အစ်ကိုကောက်၏ မျက်နှာတွင် ပတ်တီးများ ပတ်ထားပြီး လက်မောင်းကိုလည်း ရင်ဘတ်တွင် ကြိုးဖြင့် ဆွဲချိတ်ထားသည်။

ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး မသက်သာသေးသည့်ပုံ ပေါ်နေသည်။

ချန်းရီက မျက်လုံးများကို အနည်းငယ် မှေးလိုက်သည်။

ဤလူက ဘယ်လိုလုပ်ပြီး ချန်ဟောင်နဲ့ သွားပေါင်းမိနေတာလဲ။

သူက...

ချန်းရီ၏ အကြည့်ကို သတိထားမိသွားပုံရသည်။

အစ်ကိုကောက်က အနည်းငယ် ခေါင်းငုံ့ကာ ချန်းရီ၏ အကြည့်ကို ရှောင်လွှဲလိုက်သည်။

ရုတ်တရက် တစ်ခုခုကို တွေးမိသွားဟန်ဖြင့် အစ်ကိုကောက်က ခေါင်းကို ပြန်မော့လာပြီး ချန်းရီကို မရွံ့မကြောက် စိုက်ကြည့်လာသည်။

ချန်းရီက သွားဖြီးကာ ရယ်မောလိုက်သည်။

အစ်ကိုကောက်နှင့် ချန်ဟောင်တို့ မည်သို့ ပူးပေါင်းသွားကြသည်ကို သူ မသိပေ။

သို့သော် အစ်ကိုကောက်က ယခင်က သူ့အတွက် အကူအညီ ပေးခဲ့ဖူးသည် ဆိုသည့် အကြောင်းပြချက်ဖြင့် အချိန်တန်လျှင် အလျှော့ပေးလိုက်မည် မဟုတ်ပေ။

ချန်းရီက ချက်ချင်းပင် နားလည်သွားသည်။

အခွင့်အရေး တစ်စွန်းတစ်စ ရှိနေသောကြောင့်သာ အစ်ကိုကောက်က ဤကဲ့သို့ ရွေးချယ်မှုမျိုး ပြုလုပ်ခဲ့ခြင်း ဖြစ်မည်မှာ သေချာသည်။

အကယ်၍ သူသာ အစ်ကိုကောက်၏ နေရာတွင် ဆိုပါက၊ အခွင့်အရေး တစ်စွန်းတစ်စ ပေါ်လာချိန်တွင် အရာအားလုံးကို လျစ်လျူရှုပြီး ဆုပ်ကိုင်မိမည်မှာ သေချာလှသည်။

ချန်းရီက အစ်ကိုကောက်အား "အားတင်းထား" ဟု အားပေးသည့် လက်ဟန်အမူအရာ လုပ်ပြလိုက်သည်။

အစ်ကိုကောက်က အနည်းငယ် ကြောင်အမ်းသွားပြီးနောက် မျက်ဝန်းများ နီရဲလာသည်။

သူ ဤဂိမ်းတွင် ပါဝင်ရခြင်း၌ အကြောက်ရဆုံး လူမှာ ချန်းရီပင် ဖြစ်သည်။

သူ့ကို သစ္စာဖောက်အဖြစ် သတ်မှတ်သွားမည်ကိုသာ စိုးရိမ်နေခဲ့သည်။

ထိုသို့ဆိုလျှင် အချိန်တန်သောအခါ ချန်းရီက သူ့အပေါ် လုံးဝ သက်ညှာပေးလိမ့်မည် မဟုတ်ပေ။

မထင်မှတ်ထားဘဲ...

ချန်းရီက သူ့ကို အားပေးလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

အစ်ကိုကောက်မှာ ခဏတာမျှ စိတ်လှုပ်ရှားကြည်နူးသွားမိသည်။

အကြိမ်ကြိမ်အခါခါ ကျရှုံးမှုများကို ဖြတ်သန်းခဲ့ရသော အစ်ကိုကောက်သည် အခြားသူများ၏ သေးငယ်သော စေတနာလေးများကိုပင် အလွယ်တကူ ခံစားထိရှလွယ်နေတတ်သည်။

အထူးသဖြင့် သူ၏ မျက်လုံးထဲတွင် လူဆိုးကြီးအဖြစ် မြင်နေရသော ချန်းရီကဲ့သို့ လူမျိုးဆီမှ ဖြစ်နေ၍ပင်။

အစ်ကိုကောက်က အားပါးတရ ခေါင်းညိတ်ပြလိုက်ပြီး ချန်းရီအား "အားတင်းထား" ဟူသော အမူအရာဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

ချန်းရီက ဟဲဟဲ ဟု ရယ်မောလိုက်ပြီး သူ၏ အာရုံကို အခြားနေရာသို့ ပြောင်းလိုက်သည်။

ယခုအကြိမ် ပါဝင်ယှဉ်ပြိုင်ကြသည့် ကားများထဲတွင် ထူးထူးဆန်းဆန်း ပုံစံမျိုးစုံ ပါဝင်ကြသည်။

မလှမ်းမကမ်းတွင် သုံးဘီးဆိုင်ကယ် တစ်စီး ရှိနေသေးသည်။

သို့သော် ထို သုံးဘီးဆိုင်ကယ်မှာ သူ၏ ယခင် သုံးဘီးဆိုင်ကယ်နှင့်တော့ မတူညီပေ။ ကားခေါင်မိုးပေါ်တွင် စက်သေနတ် တစ်လက် တပ်ဆင်ထားပြီး ကားနောက်ခန်းတွင်မူ အမြောက်တစ်လက်ကိုပင် တပ်ဆင်ထားသေးသည်။

ကြက်မောက်သီး ပုံစံ ဆံပင်ကို ထောင်ထားပြီး နားကပ်တပ်ထားသော ပန့်ခ်လူငယ်လေး တစ်ဦးက မည်းနက်နေသော သွားများကို ပေါ်အောင် ဖြီးပြရင်း ပတ်ဝန်းကျင်ရှိ လူအများကို ရန်စသည့် အကြည့်များဖြင့် ကြည့်နေသည်။

ချန်းရီ၏ အကြည့်များ ရောက်လာသည်ကို မြင်သောအခါ...

ထို ပန့်ခ် လူငယ်လေးက လည်ပင်းတွင် လည်လှီးမည့် အမူအရာကိုပင် လုပ်ပြလိုက်သေးသည်။

ချန်းရီက ဟဲဟဲ ဟု ရယ်မောလိုက်ပြီး လည်လှီးမည့် အမူအရာဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

ခြိမ်းခြောက်တာလား။

ငါက မလုပ်တတ်ဘူးများ မှတ်နေလား။

ချန်းရီ၏ မာနကို ဤလူငယ်လေးက ချက်ချင်း ဆွပေးလိုက်သလို ဖြစ်သွားသည်။

ဤလူငယ်လေးမှာလည်း အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်သည်မှာ သိသာထင်ရှားလှပြီး ချန်းရီက ဤကဲ့သို့ ပြန်လည် တုံ့ပြန်လိမ့်မည်ဟု ထင်မှတ်ထားပုံ မရပေ။

ချက်ချင်းပင် မျက်နှာထား တင်းမာသွားပြီး ပဲစေ့ခန့် မျက်လုံးများဖြင့် ချန်းရီကို စူးရဲစွာ စိုက်ကြည့်နေတော့သည်။

ချန်းရီက ရွှီလင်းဟောင်ကိုလည်း မြင်လိုက်ရသည်။

ဤကောင်က အရပ်ရှည်ရှည်နှင့်ဖြစ်ပြီး ခွကြားတွင် ကျွမ်းကျင် အဆင့်မီသော စက်ဘီးတစ်စီးကို စီးနင်းထားကာ ကိုယ်ပေါ်တွင်လည်း ကျွမ်းကျင် စက်ဘီးစီးဝတ်စုံကို ဝတ်ဆင်ထားသည်။

မျက်နှာပေါ်တွင်ပင် စက်ဘီးစီး မျက်မှန်ကို တပ်ဆင်ထားသေးသည်။

အားကစားသမား လမ်းစဉ်မှ အစွမ်းပိုင်ရှင်များ၏ ခန္ဓာကိုယ် အချိုးအစားမှာ တကယ်ကို ကောင်းမွန်လှသည်ဟု ဝန်ခံရမည်ပင်။

ဤကောင်၏ အရပ်မှာ ၆ ပေကျော်ခန့် ရှိပြီး ခန္ဓာကိုယ် အချိုးအစား ကျနကာ အပေါ်ပိုင်းမှာ တြိဂံပြောင်းပြန်ပုံစံ ရှိပြီး ပေါင်တံများမှာ တုတ်ခိုင်သန်မာလှသည်။

အမျိုးသမီး အစွမ်းပိုင်ရှင် အတော်များများက ဤကောင်၏ ခန္ဓာကိုယ်ပေါ်သို့ အကြိမ်ကြိမ် ခိုးကြည့်နေကြသည်။

ဤကောင်ကလည်း တွန့်တိုမနေဘဲ တစ်ခါတစ်ရံတွင် ကြွက်သားများကို မသိမသာ ပြသသည့် အမူအရာများကိုပင် လုပ်ပြလိုက်သေးရာ မျက်နှာပူတတ်သော အမျိုးသမီး အစွမ်းပိုင်ရှင် အချို့မှာ မျက်နှာများပင် နီရဲသွားကြသည်။

မြို့ရိုးပေါ်ရှိ သာမန် အမျိုးသမီး အများအပြားကလည်း ရွှီလင်းဟောင်၏ နောက်ခံကို တိတ်တဆိတ် စုံစမ်းနေကြသည်။

ချန်းရီက သူ၏ ခန္ဓာကိုယ်မှာ ရွှီလင်းဟောင်ထက် မညံ့ဘူးဟု ယုံကြည်ထားပြီး ရုပ်ရည်အားဖြင့်လည်း သူက ပို၍ပင် ခန့်ညားနေသေးသည်ဟု ထင်မှတ်ထားသည်။

သို့သော် သူကတော့ ဤကောင်လောက် ဖော်ရှိုး မလုပ်တတ်ပေ။

ထို့အပြင် သူက ကားထဲတွင် ရှိနေသဖြင့် အခြားသူများ ကြည့်ချင်လျှင်ပင် ကြည့်၍ မရနိုင်တော့ပေ။

ရွှီလင်းဟောင်၏ ဘေးတွင်တော့ အနက်ရောင်ဝတ်စုံ အပြည့်ဝတ်ဆင်ထားသော ယဲ့ ရှိနေသည်။

ဤကောင်က အနက်ရောင် ဆိုင်ကယ်တစ်စီးကို စီးနင်းထားပြီး မျက်နှာထား တင်းမာနေကာ တစ်ကိုယ်လုံးတွင် မည်သူမျှ အနားမကပ်ရဲလောက်သည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။

ဤကောင်က ဓားသွေးကျောက် တစ်တုံးကို ဘယ်နေရာက ရလာမှန်း မသိဘဲ အရုပ်ဓားကို အလေးအနက်ထား၍ သွေးနေသည်။

အစွမ်းပိုင်ရှင်များကမူ သူ့ကို လှောင်ပြောင်ခြင်း မရှိကြပေ။

ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်နိုင်သူတိုင်းတွင် ဦးနှောက်တော့ ရှိကြသည် မဟုတ်ပါလော။

ဤမျှ ထူးဆန်းနေသော လူတစ်ယောက်တွင် သေချာပေါက် အရည်အချင်း တစ်ခုခု ရှိနေမည်မှာ အမှန်ပင်။

ထိုလူအနည်းငယ် အပြင်...

တစ်ကွင်းလုံးတွင် လူကို အလန့်တကြား အဖြစ်ဆုံးသူမှာ ဒုတိယမြို့တော်ဝန်တင်း ပင် ဖြစ်သည်။

ဒုတိယမြို့တော်ဝန်တင်း က သွေးရောင်မီးတောက်များ လောင်ကျွမ်းနေသော ဆိုင်ကယ်တစ်စီးကို စီးနင်းထားပြီး တစ်ကိုယ်လုံးမှ မကောင်းဆိုးဝါး အငွေ့အသက်များ ထွက်ပေါ်နေကာ တစ်ချက် ကြည့်လိုက်ရုံဖြင့် ဗီလိန်ကြီးမှန်း သိသာလှသည်။

သေချာသည်မှာ... ချန်းရီ တစ်ယောက်တည်းကသာ ဤ ဒုတိယမြို့တော်ဝန်တင်း မှာ ယခင်ကထက် အနည်းငယ် ကွဲပြားနေသည်ကို သတိထားမိခြင်း ဖြစ်သည်။

အတော်လေး ပိန်ချုံးသွားပုံရသည်။

ဒုတိယမြို့တော်ဝန်တင်း ၏ မလှမ်းမကမ်းတွင်...

တန်ဖိုးကြီးပုံရသော SUV ကားတစ်စီးက တိတ်ဆိတ်စွာ ရပ်နားထားပြီး ဤကား တစ်စီးလုံးတွင် မည်သည့် ပြုပြင်မွမ်းမံမှုမှ လုပ်ထားခြင်း မရှိပေ။

သို့သော် ဤကားမှာ တစ်ကွင်းလုံးတွင် အားပေးသံ အညံဆုံး ဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော် ထိုကား၏ ပိုင်ရှင်မှာ လက်ရှိ အိုအေစစ်မြို့တော်တွင် နာမည်အကြီးဆုံး ဖြစ်နေသော လျှိုလီ ပင် ဖြစ်သောကြောင့်တည်း။

ဤမိန်းမက မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးများ တပ်ဆင်ထားပြီး မြို့ရိုးပေါ်မှ သူမ၏ နာမည်ကို အော်ဟစ်နေသူများအား လက်လှမ်းပြနေသည်။

သေချာသည်မှာ အခြား နာမည်ကျော်ကြားမှု အနည်းငယ် နည်းပါးသူ တစ်ယောက်လည်း ရှိသေးသည်။

ထိုသူမှာ ခုနကမှ "သက်သေအထောက်အထား" ဟူသော သီချင်းကို သီဆိုသွားခဲ့သည့် အဆိုတော် လင်းချင်ကော ပင် ဖြစ်သည်။

ဤမိန်းမက အဖြူရောင် လူစီးကားလေး တစ်စီးကို မောင်းနှင်လာပြီး ထိုနေရာတွင် တိတ်ဆိတ်စွာ နေနေကာ အနည်းငယ် ဟန်ဆောင်ကောင်းသော လျှိုလီ နှင့်တော့ သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။

ဆက်ရန်...

All Chapters