← Chapters

အခန်း ၃၅၄

Vol. 18 Ch. 354

အခန်း ၃၅၄

Vol. 18 Ch. 354

အပိုင်း(၃၅၄) ကားပြိုင်ပွဲ

သေနတ်သံ ထွက်ပေါ်လာသည့် တစ်ခဏ။

ကွင်းပြင်တစ်ခုလုံးတွင် ကြီးမားကျယ်လောင်သော ဟိန်းဟောက်သံကြီးက ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာသည်။

စတင်ရာနေရာအနီးတွင် ရှိနေသူတိုင်းမှာ ခေတ္တမျှ နားအူသွားကြသည်။

ပေါက်ကွဲထွက်မတတ် အင်ဂျင်သံများကြောင့် လူတိုင်းမှာ တစ်ခဏမျှ အသိလွတ်သွားပြီး လက်တွေ့မဆန်သကဲ့သို့ ခံစားလိုက်ကြရသည်။

အင်ဂျင်ဟိန်းဟောက်သံများနှင့်အတူ မြေပြင်မှနေ၍ လေဆင်နှာမောင်း တစ်ခုပါ တိုက်ခတ်လာခဲ့သည်။

စောစောကမှ စကတ်များ ဝတ်ဆင်ထားသော ကားမော်ဒယ်မလေးများမှာ အော်ဟစ်ကာ သူတို့၏ စကတ်များကို အမြန် ဖုံးအုပ်လိုက်ကြရသည်။

သို့သော် မည်သူကမျှ ထိုဆွဲဆောင်မှုရှိသော မြင်ကွင်းကို ဂရုမစိုက်နိုင်ကြချေ။

လူတိုင်းမှာ ပါးစပ်အဟောင်းသားဖြင့် သံမဏိရေစီးကြောင်းကြီးက သူတို့ရှေ့မှ ရိုင်းစိုင်းကြမ်းတမ်းစွာ ဖြတ်သန်းသွားသည်ကိုသာ ကြည့်နေမိကြသည်။

အနီးအနားရှိ လူများဆိုလျှင် မြေပြင်အနည်းငယ် တုန်ခါသွားသည်ကိုပင် ခံစားလိုက်ကြရသည်။

ပြင်းထန်လှသော အမြင်နှင့် အာရုံခံစားမှုများသည် ပေါက်ကွဲထွက်တော့မည့် ရိုင်းစိုင်းသော မိုးကြိုးမုန်တိုင်း တစ်ခုနှင့်ပင် တူနေတော့သည်။

မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် ကားများအားလုံး မူလစတင်ရာနေရာမှ ပျောက်ကွယ်သွားကြလေပြီ။

ရှုလီနာ၏ ခန္ဓာကိုယ်မှာ ပြင်းထန်သော အရှိန်ကြောင့် ကားထိုင်ခုံနောက်မှီတွင် ဖိကပ်သွားလေသည်။

ချန်းရီက သူမအား လီဗာကိုသာ နင်းထားရန်နှင့် ကျန်သည့်ကိစ္စများကို သူ့ကိုသာ လွှဲထားရန် ပြောခဲ့ဖူးသည်။

ရှုလီနာက မိစ္ဆာပစ်ကပ်ကားနှင့် ပတ်သက်၍ ဘာကိုမျှ နားမလည်ပေ။

မိစ္ဆာပစ်ကပ်ကား၏ ယာဉ်မောင်းဘေးခုံတွင် ထိုင်ဖူးသူတိုင်း ဤကား၏ ဝါးမျိုခြင်းကို ခံခဲ့ရပြီး ဖြစ်သည်။

ဤကား၏ စွမ်းအင်မှာ အလွန်ပြည့်ဝလိမ့်မည်ဟု သူမ ထင်ထားခဲ့သော်လည်း ဤမျှလောက်အထိ ကြမ်းတမ်းရက်စက်လိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။

ကားကိုယ်ထည်ထဲတွင် ဧရာမ သတ္တဝါကြီးတစ်ကောင် ပုန်းအောင်းနေသကဲ့သို့ ရှုလီနာ ခံစားလိုက်ရသည်။

အကယ်၍ ချန်းရီကသာ အကူတစ်ယောက် လိုအပ်သည်ဟု မခံစားရပါက ရှုလီနာ တစ်သက်လုံး ဤကားပေါ်သို့ တက်နိုင်မည် မဟုတ်ပေ။

ရှုလီနာ၏ စိုးရိမ်ထိတ်လန့်မှုများနှင့် ယှဉ်လိုက်လျှင် ချန်းရီကမူ မိစ္ဆာပစ်ကပ်ကား၏ အရှိန်ကြောင့် လုံးဝ ထိခိုက်မှု မရှိခဲ့ချေ။

ချန်းရီက ခါးနောက်မှ ပေါက်ကွဲကြယ်ပွင့်ကို ဆွဲထုတ်လိုက်ပြီး မျက်နှာအမူအရာမှာ ပေါ့ပါးနေကာ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

သူ ကိုယ်တိုင်က အန္တရာယ်များသော ကိစ္စများကို ငြင်းပယ်တတ်သူ တစ်ယောက် ဖြစ်သည်။

ဤမျှ အန္တရာယ်များလှသော ကိစ္စမျိုးကို သူ ကိုယ်တိုင် သွားရောက် ပါဝင်လိမ့်မည် မဟုတ်သည်မှာ သေချာလှသည်။

ချူချယ်တို့သာ မရှိခဲ့ပါက ဤကဲ့သို့သော ပြိုင်ပွဲမျိုးကို ချန်းရီ ငြင်းနိုင်သမျှ အသေအလဲ ငြင်းဆန်ခဲ့မည်သာ ဖြစ်သည်။

သို့သော်လည်း ပါဝင်ခဲ့ပြီး ဖြစ်သောကြောင့် ချန်းရီ တစ်ယောက် အလွန် စိတ်လှုပ်ရှားနေမိသည်။

မိစ္ဆာပစ်ကပ်ကားနှင့် ယှဉ်ပြိုင်နေသည်မှာ ပန်းရောင်ဆံပင်နှင့် ကောင်မလေးနှင့် ထယ်ရှီးတို့ ဖြစ်ပြီး ၎င်းတို့ နှစ်စီးစလုံးတွင် နှလုံးသားအင်ဂျင်ကို တပ်ဆင်ထားကြသည်။

ထို့ကြောင့် အရှိန်မှာလည်း အံ့မခန်း မြန်ဆန်လှသည်။

လွယ်လွယ်ပြောရလျှင် ချန်းရီတို့၏ ကားသုံးစီးသည် ယာဉ်တန်းတစ်ခုလုံးတွင် ရှေ့ဆုံးမှ ပြေးနေသော ကားများဖြစ်သည်ဟု ဆိုနိုင်ပေသည်။

အနောက်တွင်မူ အခြားကားများ ရှိနေကြသည်။

ပြိုင်ကွင်းလမ်းကြောင်းပေါ်တွင် ပြွတ်သိပ်ကျပ်ညပ်စွာဖြင့် ဟစ်အော်ဖြတ်သန်းသွားကြသည်။

ကားတစ်စီးနှင့်တစ်စီး အကွာအဝေးမှာ အလွန် နီးကပ်လှပြီး အချို့ကားများဆိုလျှင် ရှေ့ကား၏ နောက်ပိုင်းကို ကပ်လျက် ရူးသွပ်စွာ ရှေ့သို့ တိုးဝင်နေကြသည်။

ကားသုံးစီး၏ ရှေ့ဆုံးတွင် ဒုတိယမြို့တော်ဝန်တင်း၏ သွေးရောင် ဆိုင်ကယ် ရှိမနေခဲ့ပေ။

ထိုအစား ရွှီလင်းဟောင် ဆိုသည့်ကောင် ဖြစ်နေသည်။

ထိုကောင်၏ ခြေထောက်နှစ်ချောင်းမှာ နင်းရင်းဖြင့် အရိပ်များပင် ထွက်လာခဲ့ပြီး လူတစ်ကိုယ်လုံးမှာ ရူးသွပ်စွာ လောင်ကျွမ်းနေသော အင်ဂျင်တစ်လုံးနှင့်ပင် တူနေကာ လူသားတစ်ယောက်နှင့် လုံးဝ မတူတော့ချေ။

ထိုကောင်က ကိုယ်ကို ကိုင်းကာ ရှေ့သို့ ထိုးဖောက်ဝင်ရောက်နေပြီး သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် အရောင်မဲ့ လေခွင်းအကာအကွယ် တစ်ခုပင် ဖြစ်ပေါ်နေသည်ကို မြင်တွေ့နိုင်လေသည်။

မြို့ရိုးပေါ်တွင် ရပ်နေသူများမှာ အနက်ရောင် မျဉ်းတစ်ကြောင်း ရူးသွပ်စွာ ပြေးလွှားနေသည်ကိုသာ မြင်တွေ့နိုင်ကြသည်။

သေချာကြည့်လိုက်သောအခါတွင် စက်ဘီးတစ်စီး ဖြစ်နေသည်ကို တွေ့လိုက်ရချိန်၌မူ...

လူတိုင်းမှာ မျက်လုံးပြူးကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး မျက်နှာပေါ်တွင် မယုံနိုင်မှုများ ပြည့်နှက်သွားကြသည်။

"ရှေ့ဆုံးမှာ... ရှေ့ဆုံးမှာက... အားကစားသမား လမ်းစဉ်က ရွှီလင်းဟောင်... ရွှီလင်းဟောင်ပဲ"

"ဘုရားရေ... သူစီးနေတာက စက်ဘီးတစ်စီးပဲ... စက်ဘီးတစ်စီးကွ"

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"စက်ဘီးတစ်စီးက ဘီးလေးဘီးထက်တောင် ပိုမြန်နေသေးတယ်... တကယ့်ကို ယုံနိုင်စရာ မရှိဘူး"

ပြိုင်ကွင်း၏ အမြင့်ဆုံးနေရာတွင် အစီအစဉ်မှူး တစ်ယောက်က လက်ထဲ၌ အသံချဲ့စက်ကြီး တစ်ခုကို ကိုင်ထားသည်။

အလွန် စိတ်အားထက်သန်နေသော အသံကြီးက အသံချဲ့စက်မှတစ်ဆင့် ပြိုင်ကွင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

သေချာသည်မှာ ထိုအသံချဲ့စက်ကြီးသည်လည်း သဘာဝလွန်ပစ္စည်း တစ်ခုဖြစ်ပြီး ၎င်း၏ အသုံးဝင်မှုမှာ ကွင်းထဲရှိ လူတိုင်းကို ရှင်းလင်းပြတ်သားစွာ ကြားနိုင်စေခြင်းပင် ဖြစ်သည်။

ဤပွဲ၏ အစီအစဉ်မှူးမှာ ကမ္ဘာပျက်ကပ် မတိုင်မီက အစီအစဉ်တင်ဆက်သူ တစ်ယောက် ဖြစ်သည်ဟု ဆိုကြသည်။

အားပြည့်နေသော အသံက ကွင်းထဲရှိ လူတိုင်း၏ စိတ်ခံစားမှုများကို ချက်ချင်း လှုံ့ဆော်ပေးလိုက်သည်။

ပွဲကြည့်နေသော သာမန်လူများမှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ဟိန်းဟောက်နေကြသည်။

ပြိုင်ပွဲဝင်နေသည်မှာ သူတို့ကိုယ်တိုင် ဖြစ်နေသကဲ့သို့ပင်။

"အနောက်မှာ ရှိနေတာကတော့ ကျွန်တော်တို့ရဲ့ ဒုတိယမြို့တော်ဝန်တင်း ဖြစ်ပါတယ်"

"ဒုတိယမြို့တော်ဝန်တင်းဟာ ကျွန်တော်တို့ အိုအေစစ်ရဲ့ နံပါတ်တစ် အစွမ်းထက်ဆုံးသူ ဖြစ်ပြီး သူ့ရဲ့ သွေးရောင်ဆိုင်ကယ်က ရှားပါးတဲ့ သဘာဝလွန်ပစ္စည်း တစ်ခုပါ... အတိအကျ နံပါတ်စဉ် ဘယ်လောက်လဲဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး"

"ဒါပေမဲ့ ဒုတိယမြို့တော်ဝန်တင်းရဲ့ အခုလက်ရှိ မျက်နှာအမူအရာကတော့ တော်တော်လေး ပေါ့ပါးနေပါတယ်"

"ရွှီလင်းဟောင်ရဲ့ ရူးသွပ်မှုနဲ့ ယှဉ်လိုက်ရင် ဒုတိယမြို့တော်ဝန်တင်းကတော့ သက်တောင့်သက်သာ ရှိနေပုံပါပဲ"

"သေချာတာကတော့ နောက်ဆုံး ချန်ပီယံက ကျွန်တော်တို့ ဒုတိယမြို့တော်ဝန်တင်း ဖြစ်မှာပါ"

"သူက ပြင်းထန်တဲ့ မီးတောက်ကြီး တစ်ခုလိုပဲ... ဒုတိယမြို့တော်ဝန်တင်း... အားတင်းထားပါ"

ဆူညံနေသော ရှင်းလင်းချက် အသံများက ချန်းရီ၏ နားထဲသို့ ဝင်ရောက်လာသည်။

ဒုတိယမြို့တော်ဝန်တင်း ဟုတ်လား။

ဘယ်သူရှုံးပြီး ဘယ်သူနိုင်မလဲ ဆိုတာ မသေချာသေးပေ။

ချန်းရီက နောက်ကြည့်မှန်ကို တစ်ချက် ကြည့်လိုက်ရာ ဝတုတ်လေး၏ နန်းတော်ကားကြီးက သူ၏ နောက်တွင် တည်ငြိမ်စွာ ကပ်လိုက်လာသည်ကို တွေ့လိုက်ရသည်။

ထိုနန်းတော်ကားကြီး၏ နံပါတ်စဉ်မှာ မိစ္ဆာပစ်ကပ်ကားထက်ပင် ပို၍ မြင့်မားနေသေးသည်။

ထိုကောင်တွင် ဤမျှလောက်သာ စွမ်းရည်ရှိသည်ဟု ဆိုလျှင် ချန်းရီက လုံးဝ ယုံကြည်မည် မဟုတ်ပေ။

ထို့နောက် လျှိုလီဟု ခေါ်သော အမျိုးသမီးလည်း ရှိသေးသည်။

ထိုအမျိုးသမီးစီးသော ကားမှာ အဖြူရောင် တန်ဖိုးကြီး SUV ကားတစ်စီး ဖြစ်ပြီး ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် ဤကားမှာ အနည်းဆုံး ယွမ်ငါးသန်းအထက် တန်ကြေးရှိပေသည်။

ထိုကားက ကားအုပ်စုထဲတွင် အေးအေးဆေးဆေး ပုန်းကွယ်နေပြီး အရှိန်မှာလည်း မမြန်လွန်း မနှေးလွန်းချေ။

တိတ်ဆိတ်ငြိမ်သက်နေသော မုဆိုးတစ်ယောက်နှင့် တူလှသည်။

"လျှိုလီ... လျှိုလီ... လျှိုလီ"

ကားအုပ်စုကြီး အကွေ့တစ်ခုကို ဖြတ်သန်းသွားချိန်တွင် မြို့ရိုးပေါ်မှ ညီညာသော အားပေးသံများ ထွက်ပေါ်လာသည်။

ထိုအမျိုးသမီး၏ ပရိသတ်များ ဖြစ်ကြောင်း သိသာလှသည်။

ချန်းရီ၏ ဘယ်ဘက်မျက်လုံးမှ အနီရောင်အလင်းတန်းများ လင်းလက်သွားပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ဒါပေမဲ့ အားလုံးက စည်းကမ်း အရမ်းလိုက်နာလွန်းနေတာ မဟုတ်ဘူးလား။

ဒါက သိပ်မကောင်းလှပေ။ ဘယ်သူ့ကား ပိုမြန်သလဲဆိုတာကို ပြိုင်ရမည်ဟု တကယ်ပဲ ထင်နေကြသလော။

ချန်းရီက ပေါက်ကွဲကြယ်ပွင့်ကို မြှောက်လိုက်ပြီး ပန်းရောင်ဆံပင်နှင့် ကောင်မလေးနှင့် ထယ်ရှီးတို့၏ ကားနှစ်စီးဆီသို့ ချိန်ရွယ်လိုက်သည်။

"ဒိုင်း... ဒိုင်း"

ကျည်ဆန်များက သေနတ်ပြောင်းဝမှ ပစ်ထွက်သွားပြီး ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ကားမှန်ပေါ်သို့ ကျရောက်သွားကာ ကျည်ဆန်မှာ တိုက်ရိုက် ပေါက်ကွဲသွားပြီး ကားမှန်ကို ပင့်ကူအိမ်ကဲ့သို့ အက်ကွဲသွားစေသည်။

နောက်ထပ် သေနတ်တစ်ချက်က ထယ်ရှီး၏ ကားကိုယ်ထည်ကို တိုက်ရိုက် မှန်ကန်သွားပြီး ချိုင့်ခွက်တစ်ခု ဖြစ်သွားစေသည်။

တစ်ချိန်တည်းမှာပင် ချန်းရီ၏ နားထဲသို့ ပုံပျက်နေသော ယောင်ယမ်းသံများ ဝင်ရောက်လာသည်။

၎င်းမှာ ပေါက်ကွဲကြယ်ပွင့်၏ ဘေးထွက်ဆိုးကျိုးပင် ဖြစ်သည်။

သို့သော် ချန်းရီက ပေါက်ကွဲကြယ်ပွင့်၏ ဘေးထွက်ဆိုးကျိုးနှင့် ပတ်သက်၍ သိပ်ပြီး ဂရုမစိုက်လှပေ။

ဤပုံပျက်နေသော ညစ်ညမ်းသည့် အသံများသည် အချိန်တိုအတွင်း လူကို ကြီးမားသော ထိခိုက်မှု မဖြစ်စေနိုင်ချေ။

မည်သို့ပင်ဖြစ်စေ နံပါတ်စဉ် ခြောက်ထောင်အထက်ရှိသော သဘာဝလွန်ပစ္စည်း တစ်ခု ဖြစ်နေသည် မဟုတ်ပါလော။

"အား... မင်းက ငါ့ကားကိုတောင် ပစ်ရဲတယ်ပေါ့... မင်းကို ငါသတ်မယ်"

ဒေါသထွက်နေသော ထယ်ရှီးက အလွန်အကျွံ အော်ဟစ်လိုက်ရာ ပြိုင်ကွင်းတစ်ဝက်ခန့်က သူ၏ အသံကြီးကို ကြားလိုက်ကြရသည်။

ဘေးနားရှိ ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည်လည်း ဒေါသထွက်နေသည့် မျက်နှာပေးမျိုးကို ဟန်ဆောင်လုပ်ပြလိုက်သည်။

လက်ထဲရှိ ဓားပျံက ချန်းရီဆီသို့ တိုက်ရိုက် ထိုးစိုက်လာသည်။

"အရှိန်လျှော့လိုက်"

ချန်းရီက တိုက်ရိုက် အမိန့်ပေးလိုက်သည်။

ရှုလီနာ ကြောင်သွားသည်။ ဘရိတ်မနင်းရန် ပြောထားသည် မဟုတ်ပါလော။ အဘယ်ကြောင့် ယခုမှ အရှိန်လျှော့ခိုင်းရသနည်း။

သို့သော် ရှုလီနာသည် အလိုအလျောက်ပင် ချန်းရီ၏ အမိန့်ကို နာခံလိုက်ပြီး ကားအရှိန်ကို လျှော့ချလိုက်သည်။

ထယ်ရှီးနှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့၏ ကားများက ကားဘေးမှ ကျော်တက်သွားကြသည်။

ထယ်ရှီး၏ ဒေါသတကြီး ဖြစ်နေသော အသံက ရှေ့မှနေ၍ ဟိန်းဟောက်နေဆဲ ဖြစ်သည်။

သူတို့သုံးယောက်၏ ပဋိပက္ခကို မြင်လိုက်ရသူ အများအပြားက စိတ်ထဲမှ လှောင်ပြောင်ရယ်မောလိုက်ကြသည်။

ဒီအရူးက တစ်ခါတည်းနဲ့ နှစ်ယောက်လုံးကို ရန်စလိုက်တာပဲ၊ လူငယ်ဆိုတာ ငယ်ရွယ်လွန်းပါသေးတယ်။

ချန်းရီက ဘေးနားရှိ အနက်ရောင် ဆိုင်ကယ်ပေါ်သို့ လှမ်းကြည့်လိုက်သည်။

ထိုကြက်မောက်ခေါင်းနှင့် ပန့်ခ်လူငယ်လေးက ချန်းရီအား လက်ခလယ် ထောင်ပြလိုက်သည်။

ထိုကောင်က နားရွက်တွင် နားကွင်းများ အပြည့်တပ်ထားရုံသာမက နှာခေါင်းတွင် နှာခေါင်းကွင်း၊ နှုတ်ခမ်းတွင် နှုတ်ခမ်းကွင်းများကိုပါ တစ်ခုမကျန် တပ်ဆင်ထားသေးသည်။

နှုတ်ခမ်းကိုပင် အနက်ရောင် ဆိုးထားသေးသည်။

ပုန်ကန်တတ်သော လူငယ်တစ်ယောက်၏ ပုံစံအပြည့်ပင်။

အားလုံးက ချန်းရီကို လှောင်ပြောင်နေကြချိန်မှာပင်...

ရှေ့မှ လက်လေးဖက် ပါသော ကောင်က ကားခေါင်မိုးပေါ်မှ ဒေါသတကြီး ထွက်လာသည်ကို ရုတ်တရက် မြင်လိုက်ကြရသည်။

ထိုကောင်က ကားခေါင်မိုးပေါ်တွင် တပ်ဆင်ထားသော ပြောင်းခြောက်ခုပါ အကြီးစား လက်နက်ကြီးကို ကိုင်ဆောင်ကာ ချန်းရီတို့ဘက်သို့ ချိန်ရွယ်လိုက်သည်။

သို့သော် ချန်းရီတို့ဘက်သို့ အတိအကျ ချိန်ရွယ်ထားခြင်းတော့ မဟုတ်ပုံရသည်။

အရေးပေါ် အခြေအနေအောက်တွင် အတိအကျ ချိန်ရွယ်ရန် အချိန်မမီလိုက်သကဲ့သို့ပင်။

ထိုအချိန်တွင် အသံချဲ့စက်ထဲမှ အစီအစဉ်မှူးကလည်း ဤဘက်သို့ သတိထားမိသွားသည်။

"စောစောက တစ်ယောက်က ချန်ရုံကု ဖြစ်ပုံရတယ်... သူ့ရဲ့ ပစ်ကပ်ကားက နည်းနည်းတော့ စိတ်ဝင်စားစရာပဲ... ဒါပေမဲ့ ဒီလူက တကယ်ကို ဉာဏ်မရှိတာပဲ... သူက စွန်းချန်းချန်းနဲ့ ထယ်ရှီးကိုတောင် ကိုယ်တိုင် သွားပြီး ရန်စရဲတယ်"

"ဒီနှစ်ယောက်ထဲက တစ်ယောက်က ဓားနတ်ဘုရား လမ်းစဉ် အဆင့် (၃) အစွမ်းပိုင်ရှင် ဖြစ်ပြီး နောက်တစ်ယောက်ကတော့ သွေးသား တိုက်တန်ပဲ"

"ကြည့်ရတာ ဒီ ကိုချန်ရုံကုက သူ့ကိုယ်သူ အရမ်း ယုံကြည်မှု ရှိနေပုံပဲ"

"ဟားဟား... ကြည့်ရတာ ကျွန်တော် ခန့်မှန်းတာ မမှားဘူးပဲ... ကိုချန်ရုံကုက မယှဉ်နိုင်မှန်း သိလို့ ကားအရှိန်ကို လျှော့ချလိုက်ပြီ"

"နေပါဦး... ကိုထယ်ရှီးက ဘာလုပ်နေတာလဲ"

"အဲဒီ ပြောင်းခြောက်ခုပါတဲ့ စက်သေနတ်ကြီးက တွေ့ရခဲတယ်နော်"

"ဒါပေမဲ့ အားလုံးက အစွမ်းပိုင်ရှင်တွေပဲလေ... သေနတ်သုံးရုံနဲ့တော့ လုံလောက်မှာ မဟုတ်ဘူး ထင်တယ်"

"အဲဒီ ပြောင်းခြောက်ခုပါတဲ့ စက်သေနတ်ကြီးက သဘာဝလွန်ပစ္စည်း တစ်ခု မဟုတ်ခဲ့ရင်ပေါ့လေ"

ထိုစကား ပြောပြီးသွားချိန်မှာပင်။

ထယ်ရှီးက စက်သေနတ်ကြီးကို ချိန်ရွယ်ကာ ချန်းရီတို့ဘက်သို့ စတင် ပစ်ခတ်တော့သည်။

သေနတ်ပြောင်း ခြောက်ခုက ရူးသွပ်စွာ စတင် လည်ပတ်လာပြီး မီးတောက်များ ထွေးထုတ်လိုက်သည်။

ထယ်ရှီး၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးသားစွမ်းအင်များမှာ ရူးသွပ်စွာ ကုန်ဆုံးသွားနေသည်။

သို့သော် သူ့အတွက်တော့ ဤကုန်ဆုံးမှုများမှာ မြစ်ကြီးမြစ်ကျယ်ထဲမှ ခွဲထွက်လာသော ချောင်းငယ်လေး တစ်ခုမျှသာ ဖြစ်သည်။

"ဒက်... ဒက်... ဒက်..."

ဆက်ရန်...

All Chapters