← Chapters

အခန်း ၃၅၆

Vol. 18 Ch. 356

အခန်း ၃၅၆

Vol. 18 Ch. 356

အပိုင်း(၃၅၆) ချန်ရုံကုကို လက်စားချေရမည်

ချန်းရီက ထစ်အထစ်အနှင့် ထွက်ပေါ်လာသော ထိုအသံကို ကြားလိုက်ရသည့် အချိန်တွင်ပင်။

ချန်းရီက မျက်လုံးကို အနည်းငယ် စောင်းငဲ့ကြည့်လိုက်ရာ ချန်ဟောင်၏ ပျော်ရွှင်သော မင်းသားလေး ကားမှာ သူ၏ မိစ္ဆာပစ်ကပ်ကား ဘေးတွင် ကပ်လျက် ရောက်ရှိနေပြီး သူတို့နှစ်ဦး၏ ကားများသည် အလွန် နီးကပ်နေကြောင်း တွေ့လိုက်ရသည်။

ရှုလီနာနှင့် အစ်ကိုကောက်တို့ နှစ်ဦးသား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်မျက်လုံးထဲတွင် တစ်ယောက်က ပြင်းထန်သော တိုက်ခိုက်လိုစိတ်များကို မြင်တွေ့လိုက်ကြသည်။

ပုံမှန်ဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးတွင် သာမန်လူတစ်ယောက်အနေဖြင့် အခြားကားတစ်စီးထဲမှ စကားပြောသံကို မည်သို့မျှ ကြားနိုင်မည် မဟုတ်ပေ။

သို့သော် အစွမ်းပိုင်ရှင်တစ်ဦး၏ ထက်မြက်လှသော အာရုံခံနိုင်စွမ်းကြောင့် ချန်ဟောင်၏ ဂါထာရွတ်သံကို ရှင်းလင်းပြတ်သားစွာ ကြားနေရခြင်း ဖြစ်သည်။

"မင်းအမေ လင်ကို သွားတိုင်တည်နေလိုက်"

ချန်းရီက ကားတံခါးဘောင်ပေါ်ရှိ လက်ကိုင်ကို လှမ်းဆွဲလိုက်ပြီး မျောက်တစ်ကောင်ပမာ ပေါ့ပါးဖျတ်လတ်စွာဖြင့် သူ၏ ခြေထောက်ကြီးကို ရှုလီနာ၏ မျက်စိရှေ့မှ ဖြတ်ကျော်ကာ ကားမှန်ကို ကန်ခွဲလိုက်ပြီး ချန်ဟောင်၏ မျက်နှာပေါ်သို့ တည့်တည့်မတ်မတ် အရှိန်ဖြင့် ကန်ချလိုက်လေသည်။

ချန်ဟောင်က မျက်လုံးများကို အတင်း ပြူးကျယ်ထားသော်လည်း ချန်းရီ၏ ခြေထောက်ဖြင့် အကန်ခံလိုက်ရမှုကြောင့် သူ၏ မျက်နှာမှာ အနည်းငယ် ပုံပျက်သွားခဲ့သည်။

ချန်းရီက သူ့ကို တိုက်ခိုက်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပုံရသည်။

မည်သို့ပင်ဖြစ်စေ သူတို့ကြားတွင် အတိုင်းအတာ တစ်ခုအထိတော့ ရင်းနှီးမှု ရှိခဲ့ဖူးသည် မဟုတ်ပါလော။

ထို့အပြင် သူတို့နှစ်ဦးစလုံးက "ချန်" ဆိုသည့် မျိုးရိုးတူတွေ ဖြစ်နေကြသည်လေ။

သို့သော် ချန်းရီကမူ ထိုကိစ္စအတွက် မည်သည့် ဝန်လေးမှုမျှ ရှိမနေခဲ့ပေ။

ဤပြိုင်ပွဲတွင် သူ၏ ယာဉ်တန်းမှလွဲ၍ ကျန်သူများအားလုံးသည် ရန်သူများသာ ဖြစ်သည်။

ရန်သူဖြစ်နေမှတော့ ချန်းရီအနေဖြင့် ညှာတာပေးရန် လုံးဝ စိတ်ကူးမရှိခဲ့ချေ။

ထို့အပြင် ချန်ဟောင်ဆိုသည်မှာ အလွန် အင်အားကြီးမားသော ပြိုင်ဘက်တစ်ဦး ဖြစ်နေသည်။

သိထားရမည့်အချက်မှာ ချန်ဟောင်၏ နောက်ကွယ်တွင် ထိတ်လန့်ဖွယ်ရာ "ခံတပ်ကားကြီး" ရှိနေခြင်းပင် ဖြစ်သည်။

ထိုခံတပ်ကားကြီး၏ နံပါတ်စဉ် အဆင့်သတ်မှတ်ချက်သည် "မိစ္ဆာပစ်ကပ်ကား" ထက်ပင် ပို၍ မြင့်မားနေသေးသည်။

ထို့ကြောင့် ချန်းရီအနေဖြင့် သံယောဇဉ်ကို ငဲ့ညှာကာ လက်တွန့်နေစရာ အကြောင်း လုံးဝ မရှိတော့ပေ။

ယခုက အခွင့်ကောင်းပင် ဖြစ်သည်။

ဒီအတိုင်း လွှတ်ပေးလိုက်ရန် အကြောင်းမရှိချေ။

အကယ်၍ ဤအချိန်တွင် သူ့ကို လာရောက်လုယက်သူမှာ ချူချယ် ဖြစ်နေလျှင်ပင် ချန်းရီက မည်သို့မျှ တုံဆိုင်းနေမည် မဟုတ်ဘဲ တိုက်ခိုက်မည်သာ ဖြစ်သည်။

အခြား အစွမ်းများကို အသုံးမပြုဘဲ ဘာကြောင့် ခြေထောက်ဖြင့် ကန်ရသနည်းဟု ဆိုလျှင်...

ခြေထောက်ဖြင့် ကန်ရသည်က အဆင်အပြေဆုံး ဖြစ်နေ၍ပင်။

"မင်း"

အစ်ကိုကောက်မှာလည်း ကြောင်အမ်းသွားခဲ့သည်။

မဟုတ်သေးဘူးလေ... ခုနလေးတင် မင်းက ငါ့ကို အားတင်းထားဖို့ ပြောခဲ့သေးတယ် မဟုတ်လား။

ဒါမှမဟုတ် ခုနက ငါပဲ နားလည်မှု လွဲသွားခဲ့တာများလား။

ချန်ဟောင်၏ ပျော်ရွှင်သော မင်းသားလေးမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပြိုင်ကွင်းလမ်းကြောင်းပေါ်၌ "S" ပုံသဏ္ဌာန် ကားအမြီး ယမ်းထွက်သွားလေတော့သည်။

ထို့နောက် ကားတစ်စီးလုံး လမ်းလယ်ခေါင်တွင် ရပ်တန့်သွားတော့သည်။

အနောက်ဘက်မှ ကားများက လေပြင်းများ တိုက်ခတ်သွားသကဲ့သို့ သူ၏ ဘေးတစ်ဖက်တစ်ချက်စီမှ အရှိန်အဟုန်ဖြင့် ဖြတ်မောင်းသွားကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်ဟောင်၏ ပျော်ရွှင်သော မင်းသားလေးကားမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့လေသည်။

ချန်းရီ၏ နားထဲတွင် မြို့ရိုးပေါ်မှ အလွန်အမင်း စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည့် အသံများကို ကြားလိုက်ရသည်။

ပြိုင်ပွဲက ပို၍ တင်းမာလာပြီး ပို၍ သွေးထွက်သံယို ဖြစ်လာလေလေ၊ ထိုသူများအတွက် သွေးဆူစေပြီး ပို၍ စိတ်လှုပ်ရှားစေလေလေ ဖြစ်သည်။

စိတ်ပျက်ဖွယ်ကောင်းသော အစီအစဉ်မှူး၏ အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။

"လမ်းလယ်ခေါင်မှာ ရပ်နေတဲ့သူကတော့ စကားစု လမ်းစဉ် အဆင့် (၃) ရဲ့ အစွမ်းပိုင်ရှင် ဖြစ်ပါတယ်... တစ်မြို့လုံးမှာတောင် လမ်းစဉ် အဆင့် (၃) အစွမ်းပိုင်ရှင်ဆိုတာ လက်ချိုးရေတွက်လို့ ရပါတယ်"

"ဒါ့အပြင် သူက အင်မတန် ထူးခြားတဲ့ စကားစု လမ်းစဉ်ရဲ့ ထိပ်တန်း အစွမ်းပိုင်ရှင် တစ်ယောက်လည်း ဖြစ်ပါတယ်"

"နှမြောစရာပါပဲ... ကိုချန်ဟောင် တစ်ယောက် ဒီနေရာမှာပဲ ရပ်တန့်သွားရတော့မှာလား"

"ဒါပေမဲ့ လူကြီးမင်းတို့အနေနဲ့ မေ့မထားသင့်တဲ့ အချက်တစ်ခုက... ဒီပွဲက သာမန် ပြိုင်ပွဲလေးတစ်ခု မဟုတ်ဘူး ဆိုတာပါပဲ"

"ဒါက အစွမ်းပိုင်ရှင်တွေရဲ့ ပြိုင်ပွဲပါ"

အစ်ကိုကောက်က သူ့ရှေ့မှ ကားများ တစ်စတစ်စ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း သူ၏ မျက်လုံးများထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေခဲ့သည်။

"ဆရာ... ဆရာ့ဆီမှာ ဆေးကျန်သေးလား"

ချန်ဟောင်၏ မျက်လုံးများထဲတွင်လည်း ဒေါသများ ပြည့်နှက်နေခဲ့သည်။ ခုနက သူသည် ချန်းရီကို တိုက်ခိုက်ရန် စိတ်ကူးမရှိခဲ့ပေ။

အကြောင်းမှာ သူတို့ အသိအကျွမ်းတွေ ဖြစ်ခဲ့ကြသည့်အတွက် အနည်းဆုံးတော့ တစ်ယောက်ကိုတစ်ယောက် ဒုက္ခမပေးဘဲ နေလိမ့်မည်ဟု တွေးထင်ထားခဲ့သောကြောင့် ဖြစ်သည်။

သို့သော် ချန်းရီက မျက်နှာသာ လုံးဝ မပေးလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

ဘယ်လိုပဲပြောပြော၊ တစ်ချိန်တုန်းက သူတို့ကြားမှာ သံယောဇဉ် ရှိခဲ့ကြသည် မဟုတ်ပါလော။

ချန်ဟောင်ဆိုသည့် လူမှာ စကားကောင်းကောင်းဖြင့် ပြောရလျှင် ရိုးအလွန်းသူဟု ဆိုရမည်။

သို့မဟုတ်လျှင်လည်း ဟွမ်တီ၏ ရိုးရှင်းသော အလောင်းအစား တစ်ခုကြောင့် သူ့အနားတွင် ချည်နှောင်ခံထားရမည် မဟုတ်ပေ။

သူ တွေးမိသည်မှာ ချန်းရီနှင့် ရှိခဲ့ဖူးသော ရင်းနှီးမှုအကြောင်းသာ ဖြစ်သည်။

သို့သော် ပထမဆု ဆိုသည်မှာ လူတစ်ယောက်တည်းသာ ရရှိနိုင်ကြောင်းကိုမူ သူ တွေးမထားခဲ့ပေ။

တွေးမမိသည်တော့ မဟုတ်ပေ၊ သူကိုယ်တိုင် ပထမဆု ရလိမ့်မည်ဟု တွေးမထားခဲ့ခြင်းသာ ဖြစ်သည်။

သို့သော် ချန်းရီကမူ အသင်းဖော်များမှလွဲ၍ ကျန်ရှိနေသူ အားလုံးကို ပြိုင်ဘက်များအဖြစ်သာ သဘောထားခဲ့လေသည်။

အစ်ကိုကောက်၏ စကားကို ကြားလိုက်ရပြီးနောက်။

ချန်ဟောင်က အသက်ကို ပြင်းပြင်း နှစ်ချက်သုံးချက်ခန့် ရှူသွင်းလိုက်ပြီးမှ ရင်ဘတ်ထဲမှ ဆေးပုလင်းငယ် တစ်လုံးကို ထုတ်ယူလိုက်သည်။

အဖြူရောင် ပလတ်စတစ် ဆေးပုလင်းလေးမှာ သာမန် ပုလင်းလေး တစ်လုံးသာ ဖြစ်သည်။

ချန်ဟောင်က ဆေးပုလင်းထဲမှ အဖြူရောင် ဆေးလုံးငယ်လေး တစ်လုံးကို သတိတကြီး လောင်းချလိုက်သည်။

ထို့နောက် ခေါင်းကိုမော့ကာ အဖြူရောင် ဆေးလုံးလေးကို တိုက်ရိုက် မျိုချလိုက်လေသည်။

ဆေးလုံးလေးကို မျိုချလိုက်သည့် မျက်တောင်တစ်ခတ်အတွင်းမှာပင်။

ချန်ဟောင် တစ်ကိုယ်လုံး၏ အငွေ့အသက်များသည် တမုဟုတ်ချင်း ပြောင်းလဲသွားတော့သည်။

"ကားမောင်း"

တိုတောင်းလှသော စကားစုလေး ဖြစ်သော်လည်း ယခင်ကဲ့သို့ ထစ်အထစ်အဖြစ်နေသော ပြဿနာ လုံးဝ မရှိတော့ပေ။

အစ်ကိုကောက်၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရောင်အဝါများ တောက်ပသွားခဲ့သည်။

သူ အကူအညီမဲ့ဆုံး အချိန်တွင်။

ချန်ဟောင် ပေါ်လာခဲ့ခြင်း ဖြစ်သည်။

တစ်နေ့က၊ ချန်ဟောင်တို့ ယာဉ်တန်းထဲတွင် ရှိနေစဉ် အချိန်တုန်းက။

အမှန်တကယ်တော့ အစ်ကိုကောက်က ချန်ဟောင်ကို စောစောစီးစီးကပင် မှတ်မိနေခဲ့ခြင်း ဖြစ်သည်။

သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးသည် လူတိုင်း ထင်မှတ်ထားသည်ထက် များစွာ ပို၍ နက်ရှိုင်းလှသည်။

ကမ္ဘာပျက်ကပ် မတိုင်မီက ချန်ဟောင်သည် မူလတန်းကျောင်းမှ ဆရာ တစ်ယောက်မျှသာ ဖြစ်ခဲ့သည်။

သို့သော် သူ၏ စကားထစ်သော ပြဿနာကြောင့် အလုပ်သိပ်မလုပ်ရသေးမီမှာပင် ကျောင်းသားမိဘများ၏ တိုင်တန်းခြင်းကို ခံခဲ့ရသည်။

ချန်ဟောင်သည် မူလတန်းဆရာ အလုပ်ကိုပါ လက်လွှတ်လိုက်ရလေသည်။

ထို့အပြင် စိတ်သဘောထား အနည်းငယ် ပျော့ညံ့သူ ဖြစ်သဖြင့် ကျောင်းမှ ထွက်လာပြီးနောက်တွင် ကတောက်ကဆ ဖြစ်ကာ ကိုယ့်ကိုယ်ကိုယ်တောင် မကျွေးမွေးနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

နောက်ပိုင်းတွင် အစ်ကိုကောက်၌ ဤနယ်ပယ်နှင့် ပတ်သက်သည့် အရည်အချင်းရှိသူ လိုအပ်သော ပရောဂျက်တစ်ခု ရှိလာခဲ့သည်။

လူတစ်ယောက်က ချန်ဟောင်ကို အကြံပြု ထောက်ခံပေးခဲ့သည်။

အစ်ကိုကောက်က ချန်ဟောင်ကို သနားသဖြင့် ထိုအချိန်က သူ့ကို လက်ခံခေါ်ယူခဲ့သည်။

နောက်ပိုင်း အနည်းငယ် လေ့လာကြည့်ပြီးမှသာ ချန်ဟောင်သည် နိုင်ငံအတွင်း နာမည်ကြီး တက္ကသိုလ်တစ်ခုမှ ထူးချွန်ကျောင်းသား တစ်ဦးဖြစ်ကြောင်း အစ်ကိုကောက် သိရှိသွားခဲ့သည်။

စကားထစ်သော ပြဿနာက သူ့ကို ဒုက္ခများစွာ ပေးခဲ့ခြင်း ဖြစ်သည်။

သို့မဟုတ်လျှင် သူတို့ဒေသ၌ မူလတန်းဆရာ တစ်ယောက် အဆင့်လောက်နှင့် နေရမည် မဟုတ်ပေ။

အစ်ကိုကောက်က ချန်ဟောင်ကို ပရောဂျက်၏ အဓိက အမာခံအဖွဲ့ထဲသို့ တိုက်ရိုက် ထည့်သွင်းပေးခဲ့သည်။

ထို့နောက်တွင်တော့ ကမ္ဘာပျက်ကပ်ကြီး ရောက်ရှိလာခဲ့လေသည်။

ထိုအချိန်က လောင်ညိုတောင် လမ်းဟောင်းမှ ထွက်လာစဉ်ကတည်းက အစ်ကိုကောက်သည် ချန်ဟောင်ကို မှတ်မိနေခဲ့သည်။

သို့သော် သံသယများသော အစ်ကိုကောက်က အရှေ့ထွက်ကာ မိတ်မဆက်ခဲ့ပေ။

ကမ္ဘာပျက်ကပ် ရောက်ပြီးနောက် ချန်ဟောင်သည် မည်သို့သော လူမျိုး ဖြစ်နေမည်ကို မည်သူ သိနိုင်မည်နည်း၊ သူက ယခင်က သံယောဇဉ်ကို အသိအမှတ် ပြုမည်၊ မပြုမည်ကိုလည်း မည်သူမျှ မသိနိုင်ပေ။

ဤကဲ့သို့သော ကိစ္စမျိုးကို အစ်ကိုကောက်က အများကြီး မြင်တွေ့ခဲ့ပြီး ဖြစ်သည်။

ဤသို့ဖြင့် အစ်ကိုကောက်က အိုအေစစ်သို့ ရောက်ရှိလာသည့် အချိန်အထိပင်။

ချန်ဟောင် ထပ်မံ ပေါ်လာခဲ့သည်။

အစ်ကိုကောက် နေမကောင်းဖြစ်နေကြောင်း ကြားသိရသောအခါ။

ချန်ဟောင်က ကုတင်ပေါ်တွင် လှဲလျောင်းနေသော အစ်ကိုကောက်ကို လာရောက် ရှာဖွေခဲ့သည်။

ချန်ဟောင်က ချန်းရီနှင့် ချူချယ်တို့၏ ရက်စက်မှုကို အပြစ်မတင်ခဲ့ချေ။

ကမ္ဘာပျက်ကပ်တွင် ဤကဲ့သို့သော ကိစ္စများမှာ အလွန် အဖြစ်များပြီး တရားမျှတရေး ယာဉ်တန်းသည် သူ သိကျွမ်းဖူးသမျှထဲတွင် အကောင်းဆုံးဟု ဆိုနိုင်သေးသည်။

အနည်းဆုံးတော့ ချူချယ်က အစ်ကိုကောက်ကို စွန့်ပစ်ရန် စိတ်ကူးမရှိခဲ့ဘဲ အစ်ကိုကောက်၏ တပည့်များကို သူ့အား ဂရုစိုက်ရန်ပင် မှာကြားပေးခဲ့သေးသည်။

ချန်ဟောင်က သူ၏ အစွမ်းကို အသုံးပြုကာ အစ်ကိုကောက်ကို ရိုးရှင်းစွာ ကုသပေးခဲ့သည်။

ထို့အပြင် အစ်ကိုကောက်ကို ကားပေါ်သို့ ခေါ်ဆောင်လာပြီး သူ၏ လက်ထောက်အဖြစ် ခန့်အပ်ခဲ့သည်။

"ငါ၏အမည်နာမဖြင့်... အမြင့်ဆုံးအမြန်နှုန်း"

ချန်ဟောင်၏ ပါးစပ်မှ ဤစကားတစ်ခွန်းလုံး အပြည့်အစုံ ထွက်ပေါ်လာခဲ့သည်။

အံ့သြဖွယ်ကောင်းလောက်အောင် တစ်ချက်လေးမျှ ထစ်အခြင်း မရှိဘဲ အလွန် ချောမွေ့နေခဲ့သည်။

ယမန်နေ့က ချန်ဟောင်သည် အစ်ကိုကောက်ကို သွားရောက်ရှာဖွေစဉ်ကကဲ့သို့ပင် စကားထစ်ခြင်း လုံးဝ မရှိခဲ့ပေ။

ချန်ဟောင်က ဤဂါထာကို ရွတ်ဆိုပြီးနောက်တွင်။

ထိုစုတ်ပြတ်သတ်နေသော ပျော်ရွှင်သော မင်းသားလေးကားမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် စိတ်ကြွဆေး ထိုးခံလိုက်ရသကဲ့သို့ လျှပ်စီးတစ်တန်းပမာ အရှေ့သို့ လျင်မြန်စွာ လိုက်ပါသွားလေတော့သည်။

ချန်ဟောင်သည် ချန်းရီကို လက်စားချေရမည်။

တစ်ချိန်တည်းမှာပင်...

ကြက်မောက်သီးဆံပင်နှင့် လူငယ်လေးမှာ မြေပြင်ပေါ်မှ ယိုင်တိုင်တိုင်ဖြင့် ထရပ်လိုက်သည်။

ဤအချိန်တွင် စိတ်ပျက်ဖွယ်ကောင်းသော အစီအစဉ်မှူး၏ အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။

"လူကြီးမင်းတို့ခင်ဗျာ... ဒီ ကြက်မောက်သီးဆံပင်နဲ့ လူငယ်လေးကတော့ ကျွန်တော်တို့ အိုအေစစ်ရဲ့ မျက်နှာသစ်လေးဖြစ်တဲ့ မီးထိန်းချုပ်သူ လမ်းစဉ် အဆင့် (၁) ပါပဲ"

"ဒီချောမောလှပတဲ့ လူငယ်လေးမှာ အရမ်းကို ထူးခြားတဲ့ နာမည်တစ်ခု ရှိပါတယ်... ကျီးကန်း တဲ့ခင်ဗျာ"

"နှမြောစရာကောင်းတာက... ကျီးကန်း ဆိုတဲ့ နာမည်က အနည်းနဲ့အများတော့ နိမိတ်မကောင်းပါဘူး"

"မစရသေးခင်မှာပဲ... ကိုကျီးကန်း တစ်ယောက် ဒီပြိုင်ပွဲကို အဆုံးသတ်ရတော့မှာလား"

"ဒီလူငယ်လေးက ဘာဖြစ်လို့ ဒီလိုနာမည်မျိုးကို မှည့်ထားရတာလဲ ဆိုတာ တကယ်ကို နားမလည်နိုင်တော့ပါဘူး"

"ကြည့်စမ်းပါ... အခုတော့ ပြန်လည်သက်ရောက်မှုကို ခံစားလိုက်ရပြီ မဟုတ်လား"

အမြင့်စင်မြင့်ပေါ်ရှိ အစီအစဉ်မှူးမှာ စကားတွေ ဖောင်ဖွဲ့နေတော့သည်။

ဒေါသထွက်နေသော ကြက်မောက်သီးဆံပင်နှင့် လူငယ်လေးက ထိုအမြင့်စင်မြင့်ဘက်သို့ လှည့်ကာ မရပ်မနား ဆဲဆိုနေတော့သည်။

မြို့ရိုးပေါ်မှ အုန်းအုန်းညံသော ရယ်မောသံများ ထွက်ပေါ်လာသည်။

အစွမ်းပိုင်ရှင်တစ်ဦး၏ ထက်မြက်လှသော အကြားအာရုံကြောင့် လူငယ်လေးမှာ ပို၍ပင် ဒေါသထွက်သွားခဲ့သည်။

မြို့ရိုးပေါ်ရှိ လူများ၏ ရယ်မောသံမှာ ပို၍ ကျယ်လောင်လာသည်။

ပုံမှန်အချိန်များတွင် ဤလူများသည် အစွမ်းပိုင်ရှင် တစ်ဦးကို ဤကဲ့သို့ ရယ်မောရဲမည် မဟုတ်ပေ။

သို့သော် ဒီနေ့ကတော့ မတူညီပါချေ။

"ကျွန်တော် ပြောပါရစေ ကိုကျီးကန်း... ခင်ဗျား အလကား ဒေါသထွက်နေလို့လည်း ဘာမှ အသုံးဝင်မှာ မဟုတ်ဘူးဗျ"

"တကယ်လို့ ခင်ဗျားရဲ့ ဆိုင်ကယ်သာ ဆက်မောင်းနိုင်စွမ်း မရှိတော့ဘူး ဆိုရင်... ဒီပြိုင်ပွဲကနေ နုတ်ထွက်လိုက်လို့ ရပါပြီ"

အမြင့်စင်မြင့်ပေါ်မှ အစီအစဉ်မှူးက နောက်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။

လူငယ်လေးက အံကြိတ်လိုက်ပြီး လှည့်ကာ ပျက်စီးချို့ယွင်းနေသော ဆိုင်ကယ်ကို ကမန်းကတန်း သွားရောက် ထူမလိုက်သည်။

ဤအချိန်တွင် ဆိုင်ကယ်ပေါ်ရှိ နေရာအများအပြားမှာ ပွန်းပဲ့ပျက်စီးနေပြီး နောက်ကြည့်မှန်လည်း ပြုတ်ကျနေခဲ့ပြီ ဖြစ်သည်။

ကားခေါင်းပိုင်းရှိ လေကာမှန်မှာလည်း ကြမ်းပြင်ပေါ်တွင် တစ်စစီ ကွဲကြေနေသည်။

လူငယ်လေးက စက်နှိုးရန် ကြိုးစားကြည့်လိုက်သည်။

အံ့သြဖွယ်ကောင်းလောက်အောင် စက်နှိုး၍ ရနေသေးကြောင်း တွေ့လိုက်ရသည်။

လူငယ်လေးက သူ၏ ခေါင်းပေါ်ရှိ ကြက်မောက်သီးဆံပင်ကို လက်ဖြင့် အသာအယာ သပ်ချလိုက်ပြီး ဆိုင်ကယ်ပေါ်သို့ ပြန်လည် ခွတက်လိုက်သည်။

"ချန်ရုံကု... မင်း စောင့်နေလိုက်..."

"ဒီတစ်ခါတော့... ငါက မီးထိန်းချုပ်သူရဲ့ အစွမ်းက ဘယ်လောက် ထက်မြက်လဲဆိုတာ မင်းကို သေချာပေါက် သိစေရမယ်"

ကျီးကန်းသည် အစွမ်းပိုင်ရှင် ဖြစ်လာသည်မှာ သိပ်မကြာသေးဘဲ အိုအေစစ်သို့ မရောက်မီလေးတွင်မှ အစွမ်းနိုးထလာခဲ့ခြင်း ဖြစ်သည်။

ခုနက ချန်းရီကို ရင်ဆိုင်ရာတွင် အစွမ်းကို အသုံးမပြုဘဲ သဘာဝလွန်ပစ္စည်းဟုပင် မခေါ်ဆိုနိုင်သော ဖရဲသီးလှီးဓား တစ်ချောင်းကို ကိုင်ကာ ဘာကြောင့် ခြိမ်းခြောက်ခဲ့သနည်းဟု ဆိုလျှင်...

ဘယ်သူမဆို စစချင်းမှာ သာမန်တိုက်ခိုက်မှုနဲ့ အရင် စမ်းသပ်ကြည့်ကြတာပဲ မဟုတ်လား။

ပြီးမှ ပထမ အစွမ်း၊ ဒုတိယ အစွမ်းတွေကို ထုတ်သုံးပြီး နောက်ဆုံးမှ အထူးအစွမ်းကို သုံးကြတာလေ။

သို့သော် ထိုမျက်နှာပြောင်တိုက်လွန်းသော ချန်ရုံကုကိုမူ သူ မထင်မှတ်ထားခဲ့ပေ။

တွေ့တွေ့ချင်းမှာပင် အထူးအစွမ်းကို တိုက်ရိုက် ထုတ်သုံးခဲ့ခြင်း ဖြစ်သည်။

ခဏတာ ပေါ့ဆသွားမှုကြောင့် အကွက်ဆင်ခံလိုက်ရခြင်း ဖြစ်သည်။

ကျီးကန်းက အံကြိတ်လိုက်ပြီး ဆိုင်ကယ်ပေါ်သို့ ခွကာ လေပြင်းတစ်ပွေအလား အနောက်မှ လိုက်ပါသွားတော့သည်။

ပထမဆု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ။

ဘာပဲဖြစ်ဖြစ် ဒီရန်ငြိုးကိုတော့ သေချာပေါက် လက်စားချေရမည်သာ ဖြစ်သည်။

သူ ချန်ရုံကုကို လက်စားချေရမည်။

ဆက်ရန်...

All Chapters