← Chapters

အခန်း ၃၅၈

Vol. 18 Ch. 358

အခန်း ၃၅၈

Vol. 18 Ch. 358

အပိုင်း(၃၅၈) သွေးလမင်း ကောင်းချီး

တကယ်တော့ ခေါင်းဆောင်ချူသည်လည်း ယခုအချိန်တွင် အတော်လေး အခက်တွေ့နေသည်။

ဤပြိုင်ပွဲသည် အဓိကအားဖြင့် စည်းဝါးလွတ် ပြိုင်ပွဲဖြစ်ပြီး အခြေခံအားဖြင့် မည်သည့် စည်းမျဉ်းမှ မရှိပေ။

ထို့ကြောင့် ပြိုင်ပွဲစည်းမျဉ်းများကို အသုံးပြုကာ တစ်ဖက်လူကို ကွင်းထဲမှ ထုတ်ပယ်ရန်ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။

၎င်းအပြင် ဤသည်က ကားပြိုင်ပွဲတစ်ခုလည်း ဖြစ်နေသေးသည်။

ပြိုင်ပွဲ၏ အမျိုးအစားကပင် ဤပွဲ၌ ဘက်လိုက်ဆုံးဖြတ်ရန် အခက်အခဲရှိနေကြောင်း သတ်မှတ်ထားသကဲ့သို့ ဖြစ်နေသည်။

ထို့အပြင် ဒိုင်လူကြီးဆို၍လည်း သူတစ်ယောက်တည်း ရှိနေခြင်း မဟုတ်ချေ။

သေချာပေါက်ပင် ချူချယ်တစ်ယောက် မည်သို့ စတင်ကိုင်တွယ်ရမည်ကို မသိဖြစ်နေချိန်တွင်။

အခွင့်အရေးက အလျင်အမြန်ပင် ရောက်ရှိလာခဲ့လေသည်။

"အိုး... အိုး... အိုး... "

"ပရိသတ်ကြီးခင်ဗျာ... ပြိုင်ပွဲဝင် ရွှီလင်းဟောင်က ဓားသွေးသမား ယဲ့ရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းသွားနိုင်တဲ့အပြင် ပြိုင်ပွဲဝင် ထယ်ရှီးရဲ့ ကျည်ဆန်မိုးကိုပါ အံတုခံနိုင်ခဲ့ပါပြီ"

"ပြိုင်ပွဲဝင် ရွှီလင်းဟောင်အပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေက မပြီးဆုံးသေးပါဘူး"

"ဒါပေမဲ့ သူက ဒူးမထောက်ခဲ့ပါဘူး... လုံးဝပါပဲ"

"ဘယ်သူကမှ သူ့ကို ဘာမှလုပ်လို့ မရပါဘူး"

"သူဟာ ပြိုင်ကွင်းရဲ့ ဘုရင်တစ်ပါးပါပဲ"

"ဘုရားရေ... သူက အရမ်းကို စွမ်းလွန်းနေပါပြီ"

"ဘယ်သူကမှ သူ့ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး"

ရွှီလင်းဟောင်က တိုက်ခိုက်မှုများကို ဆက်တိုက် ရှောင်တိမ်းသွားနိုင်သည်ကို မြင်လိုက်ရပြီးနောက် အစီအစဉ်ကြေညာသူသည် အလွန်အမင်း စိတ်လှုပ်ရှားသွားကာ စားပွဲပေါ်သို့ တက်ရပ်၍ လက်ဝှေ့ယမ်း ကခုန်နေတော့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ရွှီလင်းဟောင်အတွက်မူ သိပ်ပြီး အဆင်ပြေမနေခဲ့ပေ။

မူလက သူသည် တိတ်တဆိတ်ဖြင့် အကျိုးအမြတ်ကြီးကြီး ရယူရန် တွေးထားခဲ့ခြင်း ဖြစ်သည်။

မင်းတို့ဘာသာမင်းတို့ တိုက်ချင်တိုက်၊ ငါကတော့ ငါ့ဘာသာ ပြေးမယ်ဆိုသည့် သဘောမျိုးပင်။

သို့သော် ရလဒ်အနေဖြင့် ပါးစပ်ဖွာသော ကြေညာသူကြောင့် သူ၏ အကြံအစည်များ ပေါက်ကြားသွားခဲ့ရသည်။

ချက်ချင်းဆိုသလိုပင် ရွှီလင်းဟောင်သည် လူတိုင်း၏ ပစ်မှတ် ဖြစ်သွားတော့သည်။

မည်သူကမျှ အခြားတစ်ယောက်ကို ဤအကြိမ်တွင် ပထမ မရစေချင်ကြပေ။

လျှိုလီသည် ကားထဲတွင် ထိုင်နေရင်း သူမ၏ မျက်ဝန်းများက အရောင်လက်သွားသည်။

ရွှီလင်းဟောင်၏ စွမ်းဆောင်ရည်ကို မြင်တွေ့လိုက်ရသောအခါ သူမလည်း နောက်ဆုံးတွင် ငြိမ်ထိုင်မနေနိုင်တော့ချေ။

ဤအမျိုးသမီးသည် ယနေ့ပြိုင်ပွဲအတွက် အနက်ရောင် ဂါဝန်ရှည်တစ်ထည်ကိုပင် အထူးတလည် ရွေးချယ်ဝတ်ဆင်လာခဲ့သည်။

သူမသည် ယနေ့ ပြိုင်ပွဲလာပြိုင်သည်နှင့် မတူဘဲ ဖက်ရှင်ရှိုး လျှောက်ရန် သီးသန့် လာခဲ့သည့်အလား ထင်မှတ်ရသည်။

သူမ၏ ကိုယ်ရိပ်လေး တစ်ချက် လှုပ်ရှားသွားသည်။

လျှိုလီက ကားခေါင်မိုးပေါ်တွင် ပေါ်လာသည်။

ပြင်းထန်သော လေတိုက်ခတ်မှုကြောင့် အမျိုးသမီး၏ ဆံပင်များ နောက်သို့ လွင့်စဉ်သွားပြီး အနက်ရောင် ဂါဝန်မှာလည်း တဖျပ်ဖျပ် မြည်သံများ ထွက်ပေါ်နေသည်။

၎င်းက အမျိုးသမီး၏ ပြီးပြည့်စုံသော ကောက်ကြောင်းအလှကို ပေါ်လွင်စေသည်။

သူမ၏ အနောက်ဘက်တွင် သွေးရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရုတ်တရက် ထွက်ပေါ်လာလေသည်။

အမျိုးသမီး၏ ဆံပင်ရှည်များက ခါးအထိ ကျဆင်းနေပြီး အရပ်အမောင်းမှာ ဆယ်ပေခန့် ရှိလေသည်။

သူမ၏ လက်ထဲတွင် သွေးရောင် တံစဉ်ကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။

သူတို့ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တစ်ယောက်က ကြီးမားပြီး တစ်ယောက်က သေးငယ်ကာ တစ်ယောက်က အနီရောင်၊ တစ်ယောက်က အနက်ရောင်တို့ဖြင့် ဆန့်ကျင်ဘက် ဖြစ်နေကြသည်။

ထိုမြင်ကွင်းက လူတိုင်း၏ အာရုံကို ဖမ်းစားသွားလေတော့သည်။

ချန်းရီကမူ မျက်မှောင်များ အဆက်မပြတ် တုန်လှုပ်သွားသည်အထိ ကြည့်နေမိသည်။

ဤသည်က မရဏနတ်သမီးပင် ဖြစ်သည်။

ရုံမြို့၏ မရဏနတ်သမီး။

တစ်ချိန်က လူအများ၏ ရင်ထဲတွင် မေ့ဖျောက်၍မရသော ပုံရိပ်ကို ချန်ထားရစ်ခဲ့သည့် မရဏနတ်သမီးပင် ဖြစ်သည်။

ထိုနေ့ကသာ ချန်းရီက ဝူကျန့်ရှန်းကို မသတ်ဖြတ်ခဲ့ပါက ယခုအချိန်တွင် မည်သူမျှ ဤနေရာ၌ ရှိနေနိုင်မည် မဟုတ်ပေ။

ထို့အပြင် ထိုနေ့က မရဏနတ်သမီးသည် သူမ၏ အစွမ်းအကုန် ထုတ်သုံးခဲ့ခြင်း မရှိချေ။

"ဘုရားရေ... "

"လျှိုလီ စတင် လှုပ်ရှားလာပါပြီ"

"ပူးတွဲရှင်သန်ခြင်း လမ်းစဉ်ပါပဲ"

"ဒီလမ်းစဉ်က လမ်းစဉ်အားလုံးထဲမှာ အထူးဆန်းဆုံးဖြစ်ပြီး ကံတရားကို အားအကိုးရဆုံးလို့ ကောလာဟလတွေ ရှိပါတယ်"

"ဘာလို့လဲဆိုတော့ သင့်တော်တဲ့ ထူးဆန်းတဲ့အရာတစ်ခုနဲ့ တွေ့ဆုံဖို့ဆိုတာ ကံကောင်းခြင်းတွေ အများကြီး မရှိရင် တွေးတောင် မတွေးရဲစရာပါပဲ"

"လျှိုလီက အရမ်းကို စွမ်းပါတယ်... အရင်ကနဲ့မတူအောင် စွမ်းလွန်းနေပါပြီ"

"ကြားရသလောက်ဆိုရင်တော့... အဟွတ်... အဟွတ်... "

အစီအစဉ်ကြေညာသူသည် တစ်ဖန် ပြန်လည် စိတ်လှုပ်ရှားလာပြန်သည်။ စားပွဲပေါ်မှ ဆွဲချခံလိုက်ရသည်မှာ မကြာသေးသော်လည်း ယခုအခါ စားပွဲပေါ်သို့ တစ်ကိုယ်လုံး မှောက်ချကာ လည်ပင်းကို ဆန့်ထုတ်၍ အော်ဟစ်နေပြန်သည်။

လူအုပ်ကြီး တုံ့ပြန်ချိန် မရလိုက်မီမှာပင်။

မရဏနတ်သမီးက သူမလက်ထဲရှိ သွေးရောင် တံစဉ်ကြီးကို ရွှီလင်းဟောင် ရှိရာဘက်သို့ ညင်သာစွာ ဝှေ့ယမ်းလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

ရွှီလင်းဟောင်သည် ကြီးမားသော ရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ တစ်ကိုယ်လုံး တင်းမာနေသည်။

ဘာမှ ဖြစ်မလာဘူးဟု လူတိုင်းက ထင်မှတ်နေကြချိန်မှာပင်။

ရွှီလင်းဟောင်၏ အရှေ့ အလွန်နီးကပ်သော နေရာတွင် အက်ကွဲကြောင်း တစ်ခု ပွင့်ဟလာသည်ကို မြင်လိုက်ရလေသည်။

ထိုအက်ကွဲကြောင်းကို မြင်လိုက်ရသောအခါ။

ရွှီလင်းဟောင်၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။ ဟင်းလင်းပြင် အက်ကွဲကြောင်း။

သေစမ်း၊ ဒါက ဟင်းလင်းပြင် အက်ကွဲကြောင်းကိုတောင် ဖန်တီးနိုင်တာလား။

ဘယ်လိုလုပ် ဆက်ပြိုင်ရတော့မလဲ။

ရွှီလင်းဟောင်သည် ရှောင်တိမ်းရန် ဆန္ဒရှိသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ဤဟင်းလင်းပြင် အက်ကွဲကြောင်းက သူနှင့် အလွန် နီးကပ်လွန်းနေခဲ့သည်။

သူသည် လမ်းစဉ် အဆင့် (၃) သာ ရှိသေးပြီး လမ်းစဉ် အဆင့် (၉) မဟုတ်ပေ။

ရွှီလင်းဟောင်က ပွင့်ဟလာသော အက်ကွဲကြောင်းထဲသို့ ခေါင်းစိုက်ဝင်သွားတော့သည်။

သူ တစ်ဖန် ပြန်လည် ထွက်ပေါ်လာချိန်တွင် လူတိုင်း၏ အနောက်ဘက်သို့ အံ့ဩဖွယ်ရာ ရောက်ရှိသွားခဲ့သည်။

အရှေ့ဘက်တွင် ကြက်ဖမောက်ဆံပင်နှင့် လူငယ်၏ ဆိုင်ကယ်နောက်မီးကို ခပ်လှမ်းလှမ်းမှ တွေ့နေရသည်။

"ဘုရားရေ... ဒါ... ဒါက ဟင်းလင်းပြင် အက်ကွဲကြောင်းပါလား"

"ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးပဲ"

"ရွှီလင်းဟောင်က ပထမနေရာကနေ အခုတော့ နောက်ဆုံးနေရာကို ရောက်သွားပါပြီ"

"လျှိုလီ... ငါ မင်းကို ချစ်တယ်... မင်းက ငါ့ရဲ့ ထာဝရ နတ်ဘုရားမလေးပါပဲ"

"ကျေးဇူးပြုပြီး ငါ့ကို မင်းရဲ့ ခွေးလေး အဖြစ် သတ်မှတ်ပေးပါ"

အစီအစဉ်ကြေညာသူမှာ ရူးသွပ်သွားလေပြီ။

ချန်းရီကမူ မျက်ခွံများ ဆက်တိုက် တုန်လှုပ်နေပြီး သွေးရောင် မျက်ဝန်းများထဲတွင် မှော်စာလုံးများက အဆက်မပြတ် လင်းလက် လည်ပတ်နေသည်။

ဤအစွမ်းကို မရဏနတ်သမီး အသုံးပြုသည်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

အမှန်တကယ်တော့ ထိုစဉ်က ရုံမြို့တိုက်ပွဲတွင် သူတို့လူစုသည် မရဏနတ်သမီး ဤအကွက်ကို ထုတ်သုံးရလောက်အောင် တန်ကြေးမရှိခဲ့ခြင်းပင် ဖြစ်သည်။

ဟင်းလင်းပြင် အက်ကွဲကြောင်း။

ဤစကားလုံးများကို ကြားလိုက်ရုံဖြင့်ပင် လူများကို အားငယ်သွားစေနိုင်သည်။

ဤသည်က မရဏနတ်သမီး၏ အစွမ်းလား၊ သို့မဟုတ် ထိုသွေးရောင် တံစဉ်ကြီး၏ အစွမ်းလား ဆိုသည်ကိုတော့ သူ မသိပေ။

သို့သော် သူ၏ မိစ္ဆာပစ်ကပ်ကားက အစွမ်းကုန် မထုတ်ရသေးချေ။

သူ့တွင် ဝှက်ဖဲ များစွာ ကျန်ရှိနေသေးသည်။

နောက်ဆုံးတွင် မည်သူနိုင်မည်၊ မည်သူရှုံးမည် ဆိုသည်မှာ မသေချာသေးပေ။

ချန်းရီက ရွှီနန်၏ တုံ့ပြန်မှုကို ကြည့်ချင်နေသည်။

ခေါင်းဆောင်ချူက ပြိုင်ပွဲ မဝင်သောကြောင့် ရွှီနန်လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့ပေ။

သေချာပေါက် ရွှီနန်အတွက်မူ ဘဝသည် လုံလောက်အောင် ခါးသီးနေခဲ့ပြီ ဖြစ်ရာ အစွမ်းပိုင်ရှင် ဖြစ်လာလျှင်လည်း ထိုအတိုင်းပင် ဖြစ်မည်။

ထို့ကြောင့် သူသည် လမ်းစဉ်ဆေးထိုးအပ် အပေါ်တွင် ကြီးမားသော လိုအင်ဆန္ဒ မရှိလှပေ။

နှမြောစရာကောင်းသည်မှာ မြို့ရိုးပေါ်တွင် လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေသဖြင့် ရွှီနန် ဘယ်နေရာတွင် ရှိနေသည်ကို လုံးဝ မမြင်ရခြင်းပင်။

ရွှီလင်းဟောင်က ပထမနေရာမှ နောက်ဆုံးနေရာသို့ ရောက်ရှိသွားသည်။

သူ အနည်းငယ် ကြောင်အမ်းသွားပြီးနောက် ချက်ချင်းပင် သူ၏ တစ်ကိုယ်လုံးမှ ပိုမို ပြင်းထန်သော မြူခိုးဖြူများ ထွက်ပေါ်လာတော့သည်။

ယခုအချိန်တွင် သူသည် ဂိမ်းထဲ၌ အစွမ်းကုန် ပေါက်ကွဲထွက်တော့မည့် သူရဲကောင်းတစ်ဦးနှင့် တူနေသည်။

ရွှီလင်းဟောင်က လုံးဝ လက်လျှော့မသွားခဲ့ပေ။

ဤမျှသာရှိသော အခက်အခဲက သူ၏ အဆုံးမဲ့ တိုက်ခိုက်လိုစိတ်ကို ပိုမို နိုးကြွလာစေသည်။

"ဒီလိုမှ စိတ်ဝင်စားစရာ ကောင်းတာ... ပျော်စရာကြီး... တကယ် ပျော်စရာကြီးပဲ"

ရွှီလင်းဟောင်၏ ခြေထောက်နှစ်ချောင်းက ထပ်မံ၍ တစ်ဆ ပိုမို ကြီးမားလာသည်။

ယခု သူ၏ ပုံစံသည် ခြေထောက်ကြွက်သားများ ပုံမှန်ထက် အဆမတန် ကြီးမားနေသော ဖားတစ်ကောင်နှင့် တူနေလေသည်။

သူ၏ တစ်ကိုယ်လုံးက ပြိုင်ဆိုင်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

"လာကြလေ... အမှိုက်ကောင်တွေ... ငါ့ရဲ့ ပထမနေရာကို လုချင်နေကြတာ မဟုတ်လား"

"အိမ်မက်မက်မနေနဲ့"

ပြောပြီးသည်နှင့် ရွှီလင်းဟောင် တစ်ကိုယ်လုံးက စက်ဘီးခေါင်းပိုင်းပေါ်တွင် မှောက်ချလိုက်ရာ သူ၏ ခန္ဓာကိုယ် အထက်ပိုင်းသည်လည်း စတင် ပြောင်းလဲလာတော့သည်။

မျက်လုံးများက မူလနေရာမှနေ၍ အထက်သို့ ဖြည်းညင်းစွာ ရွေ့လျားသွားသည်။

ပါးစပ် ပျောက်ကွယ်သွားသည်။

နားရွက်များ ပျောက်ကွယ်သွားသည်။

လက်နှစ်ဖက်ကပင် စက်ဘီးခေါင်းပိုင်းနှင့် စတင် ပေါင်းစပ်သွားလေသည်။

ကျောဘက်ရှိ အရိုးများနှင့် ကြွက်သားများက တွန့်လိမ်ကောက်ကွေးသွားပြီး ဂျက်အင်ဂျင်ပေါက်ကဲ့သို့ မှုတ်ထုတ်သည့် အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။

ယခုအခါ သူ့တွင် လူပုံစံ မရှိတော့ပေ။

ပြိုင်ကားမောင်းရန်အတွက် သီးသန့် ဖန်တီးထားသော စက်ရုပ်တစ်ရုပ်နှင့် တူနေပြီး လူသားများ၏ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ အသိတရားကို လုံးဝ ဆန့်ကျင်နေလေသည်။

ယခင်က ရွှီလင်းဟောင်အတွက် မျက်ရည်ကျနေခဲ့သော ပရိသတ်များသည်လည်း ယခုအချိန်တွင် မျက်လုံးပြူး မျက်ဆံကြွဖြင့် မှင်သက်နေကြသည်။

ထို့နောက် မျက်တောင်တစ်ခတ် အချိန်လေးအတွင်းမှာပင်။

အိုအေစစ် မြို့တော် တစ်ခုလုံး၏ ကောင်းကင်ယံတွင် ဧရာမ အသံကြီး လွင့်ပျံလာသည်။

ထိုအသံများတွင် နာမည်တစ်ခုတည်းသာ ပါဝင်သည်။

"ရွှီလင်းဟောင်"

"ရွှီလင်းဟောင်"

"ရွှီလင်းဟောင်"

ယခုအချိန်တွင် ရွှီလင်းဟောင်သည် ဂျက်လေယာဉ် ဒုံးပျံတစ်ခုနှင့် တူနေသည်။

ကြက်ဖမောက်ဆံပင်နှင့် လူငယ်၏ အမြင်အရဆိုလျှင် ခုနက သူ၏ ဘေးမှ လေတစ်ချက် ဖြတ်တိုက်သွားသည်ကိုသာ မြင်လိုက်ရခြင်း ဖြစ်သည်။

ချန်းရီ၏ နှုတ်ခမ်းထောင့်များက အဆက်မပြတ် တွန့်လိမ်သွားသည်။

ရွှီလင်းဟောင်မှာ ဤမျှ ရိုးရှင်းမနေကြောင်းကို သူ သိထားသည်။

ဤကောင်က တကယ်ကြီး လုပ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

သို့သော် သူ့လို ချန်းရီကို အလှပြရုပ်တုဟု ထင်နေသလား။

ယခင်က ရေးဆွဲထားသော အစီအစဉ်အရ ချန်းရီက နောက်မှ နှောင့်နှေးအောင် ဆွဲထားရမည် ဖြစ်သည်။

စွန်းချန်းချန်းနှင့် ထယ်ရှီးတို့က ရှေ့ဆောင်ပြီး ထိုးဖောက်ရမည်။

ဤနောက်မှ ဆွဲထားမည် ဆိုသည်မှာ စွန်းချန်းချန်းနှင့် ထယ်ရှီးတို့ကို နောက်ဆွဲမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

လူတိုင်းကို အနောက်မှ နှောင့်နှေးအောင် ဆွဲထားရန် ဆိုလိုခြင်း ဖြစ်သည်။

ချန်းရီက မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်ပြီး သူ၏ နှုတ်ခမ်းတွင် ဆေးလိပ်တစ်လိပ်ကို ကြိုတင် မီးညှိ ကိုက်ထားလိုက်သည်။

ချန်းရီ၏ ပါးစပ်ထဲမှ ပြင်းထန်သော မီးခိုးငွေ့တစ်ဝိုက်ကို မှုတ်ထုတ်လိုက်သည်။

ဤမီးခိုးငွေ့များသည် လမ်းစဉ် အဆင့် (၂) အချိန်ကထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်နေသည်။

ဖုံးလွှမ်းနိုင်သော ဧရိယာသည်လည်း အဆပေါင်းများစွာ ကျယ်ပြန့်လာသည်။

မူလက ချန်းရီသည် ပတ်လည် ပေ (၃၃၀) ခန့် ဧရိယာကိုသာ ဖုံးလွှမ်းနိုင်ခဲ့သည်။

ယခုအခါတွင်မူ ချန်းရီသည် ပေ (၁၆၅၀) ကျော် ဧရိယာအထိ တိုက်ရိုက် ဖုံးလွှမ်းနိုင်နေပြီ ဖြစ်သည်။

ပြင်းထန်သော မီးခိုးငွေ့များက ပြိုင်ကွင်းလမ်းကြောင်း၏ ပေ (၁၆၅၀) ကျော် အပိုင်းကို အပြည့်အဝ ဖုံးလွှမ်းသွားသည်။

ဤသည်က သွေးလမင်း သခင်၏ အစွမ်းများထဲမှ တစ်ခုဖြစ်သည်။

သွေးလမင်း သခင် လမ်းစဉ် အဆင့် (၃) ၏ ကျိန်စာအစွမ်းများထဲမှ တစ်ခုဖြစ်သော သွေးလမင်း ကောင်းချီးပင် ဖြစ်သည်။

သွေးလမင်း ကောင်းချီး - မိမိ၏ အစွမ်းများထဲမှ တစ်ခုကို ရွေးချယ်ကာ သွေးလမင်း၏ ကောင်းချီးပေးမှုကို ခံယူစေခြင်း။

နေ့အချိန်တွင် သွေးလမင်း ကောင်းချီးက ပစ်မှတ်ထားသော အစွမ်းကို ကျပန်းအားဖြင့် (၁) ဆမှ (၅) ဆအထိ တိုးမြှင့်ပေးသည်။

ညအချိန်တွင်မူ သွေးလမင်း ကောင်းချီးက အစွမ်းအားလုံးကို ကျပန်းအားဖြင့် (၅) ဆမှ (၁၀) ဆအထိ တိုးမြှင့်ပေးနိုင်သည်။

လမ်းစဉ် အဆင့် တိုးတက်လာသည်နှင့်အမျှ သွေးလမင်း ကောင်းချီး၏ အာနိသင်သည်လည်း လိုက်ပါ၍ ပိုမို အစွမ်းထက်လာမည် ဖြစ်သည်။

သေချာပေါက် ဤတိုးမြှင့်မှုသည် အစွမ်းတစ်ခုတည်းကိုသာ ပစ်မှတ်ထားခြင်း ဖြစ်သည်။

ထိုအချိန်က ချန်းရီသည် အတော်ကြာအောင် ဝေခွဲမရ ဖြစ်နေခဲ့ပြီး နောက်ဆုံးတွင် မီးခိုးငွေ့ အစွမ်းကိုသာ ရွေးချယ်ခဲ့သည်။

မူလက ချန်းရီသည် ဝိညာဉ်သွင်းခြင်း အစွမ်းကို ရွေးချယ်ချင်ခဲ့သည်။

သို့သော် ဝိညာဉ်သွင်းခြင်း၏ အားနည်းချက်က အလွန်တရာ သိသာထင်ရှားလွန်းနေသည်။

အကယ်၍ ချန်းရီသာ အငြိုးနဂါး၏ အကြေးခွံကို ရရှိပြီး ဝိညာဉ်သွင်းခြင်း ပြုလုပ်ခဲ့မည် ဆိုပါက။

၎င်းအပြင် သွေးလမင်း ကောင်းချီး၏ အထောက်အပံ့ပါ ပေါင်းထည့်လိုက်ပါက ချန်းရီသည် သတ္တဝါဆိုးကြီး တစ်ကောင်ကို ဖန်တီးလိုက်သလို ဖြစ်သွားနိုင်ချေ အလွန် များသည်။

ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲလို အကောင်မျိုး ရှိနှင့်ပြီးသား ဖြစ်ရာ ဤသို့ ဝိညာဉ်သွင်းခြင်းဖြင့် ဖန်တီးလိုက်သော ထူးဆန်းသည့် အရာများသည် ကလေးလိမ္မာလေးများ ဖြစ်လာလိမ့်မည်ဟု ချန်းရီ လုံးဝ မထင်ထားပေ။

ရွှီလင်းဟောင်မှာမူ အလွန် ကံဆိုးသွားခဲ့သည်။

ဤအကြိမ်တွင် ချန်းရီက ကျပန်းအားဖြင့် (၅) ဆ တိုးမြှင့်ထားသော သွေးလမင်း ကောင်းချီးကို ရရှိထားသည်။

ပေ (၁၆၅၀) ခန့် ဖုံးလွှမ်းထားသော ပြိုင်ကွင်း ဧရိယာအတွင်း၌။

ချန်းရီက ခွင့်မပြုထားသူများ ဝင်ရောက်လာပါက အမြင်အာရုံ၊ အနံ့အာရုံ၊ အကြားအာရုံနှင့် အာရုံခံစားမှု အားလုံးကို ဆုံးရှုံးသွားစေမည် ဖြစ်သည်။

တိုးမြှင့်ထားသော မီးခိုးငွေ့များသည် အာရုံခံစားမှု အားလုံးကို အပြည့်အဝ ပိတ်ဆို့တားဆီးထားနိုင်သည်။

လမ်းစဉ် အဆင့်က ချန်းရီထက် ပိုမြင့်နေမှသာ အဆိုပါ အကျိုးသက်ရောက်မှုမှ ကင်းလွတ်နိုင်မည် ဖြစ်သည်။

နှမြောစရာကောင်းသည်မှာ ချန်းရီက လမ်းစဉ် အဆင့် (၃) ဖြစ်ပြီး ရွှီလင်းဟောင်သည်လည်း ထိုအဆင့်တွင်သာ ရှိနေသေးသည်။

သေချာပေါက် ဤမျှနှင့်တင် သွေးလမင်း သခင်၏ စွမ်းအား ကြီးမားမှုကို ဖော်ပြရန် မလုံလောက်သေးချေ။

သွေးလမင်း၏ ကောင်းချီးက မီးခိုးငွေ့များ၏ ဖုံးလွှမ်းနိုင်သော ဧရိယာကိုသာ တိုးမြှင့်ပေးခြင်း မဟုတ်ပေ။

မီးခိုးငွေ့များ၏ မူလ အာနိသင်အပေါ်တွင်လည်း ပြင်းထန်သော တိုးမြှင့်မှု အကျိုးသက်ရောက်စေသည်။

ဆေးလိပ်ဘူးပေါ်တွင် ရေးထားသော စာသားက ဘာလဲဆိုတာကို သိထားရမည်။

မူလက အလွန် အားနည်းသော အဆိပ်အာနိသင်သည် ယခင် တိုက်ပွဲများတွင် မည်သည့် အကျိုးသက်ရောက်မှုမျှ မပေးနိုင်ခဲ့ပေ။

ယခုအခါတွင်မူ သွေးလမင်း ကောင်းချီး၏ အထောက်အပံ့ကြောင့် မီးခိုးငွေ့များ၏ အဆိပ်အာနိသင်ကိုလည်း လျှော့တွက်ထား၍ မရနိုင်တော့ချေ။

ဆက်ရန်...

All Chapters