← Chapters

အခန်း ၃၅၉

Vol. 18 Ch. 359

အခန်း ၃၅၉

Vol. 18 Ch. 359

အပိုင်း(၃၅၉) ရွှီလင်းဟောင် ပြိုင်ပွဲမှ ထွက်ရပြီ

ရွှီလင်းဟောင်က အရှေ့၌ ရုတ်တရက် ထွက်ပေါ်လာသော မြူခိုးများကို မြင်လိုက်ရသောအခါ သူ၏ မျက်ဝန်းများထဲတွင် အထင်သေးလှောင်ပြောင်သည့် အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။

အကယ်၍သာ ယခုအချိန်တွင် သူ့၌ ပါးစပ်ရှိနေသေးမည်ဆိုလျှင် သေချာပေါက် လှောင်ပြောင်ပြောဆိုမိမည် ဖြစ်သည်။

အားကစားသမား လမ်းစဉ်ဆိုသည်မှာ ထိုမျှလောက် ရိုးရှင်းလွယ်ကူလှသည် မဟုတ်ပေ။

အလွန် သန်မာကြံ့ခိုင်သော ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ရှိရုံသာမက အလွန်တရာ ထက်မြက်လှသော အာရုံခံနိုင်စွမ်းလည်း ရှိပေသည်။

မျက်စိမှိတ်ထားလျှင်ပင် ပြင်ပကမ္ဘာ၏ ပြောင်းလဲမှုများကို သူ အာရုံခံသိရှိနိုင်သည်။

ဤမီးခိုးမြူများကို မည်သူက ဖန်တီးလိုက်မှန်း သေချာမသိသော်လည်း ရွှီလင်းဟောင်၏ စိတ်ထဲတွင်မူ မည်သည့် ကွာခြားချက်မျှ မရှိလှပေ။

မည်သူလာလာ အတူတူပင် ဖြစ်သည်။

ဤအကြိမ် ပြိုင်ပွဲ၏ ပထမဆုသည် သေချာပေါက် သူ၏အရာသာ ဖြစ်ရမည်။

တိုက်ခိုက်ရေးတွင် မကျွမ်းကျင်လျှင် မကျွမ်းကျင်နိုင်သော်လည်း ဤကဲ့သို့သော အားကစား ပြိုင်ပွဲမျိုးတွင်မူ...

ကားပြိုင်ခြင်းသည်လည်း အားကစား အမျိုးအစားတစ်ခုပင် ဖြစ်သည် မဟုတ်ပါလော။

ရွှီလင်းဟောင်က ဘာမျှ ထပ်မစဉ်းစားတော့ဘဲ အရှိန်ကို ပိုတင်လိုက်ကာ ပြင်းထန်သော လေပြင်းများနှင့်အတူ မီးခိုးမြူများထဲသို့ တဟုန်ထိုး ဝင်ရောက်သွားလေသည်။

ပြင်းထန်သော လေပြင်းများကပင်လျှင် ဤမီးခိုးမြူများကို လွင့်စင်သွားစေနိုင်မည် ဖြစ်သည်။

ထိုအချိန်က ရွှီလင်းဟောင်သည် ဤသို့ တွေးတောနေခဲ့ခြင်း ဖြစ်သည်။

ချန်းရီသည်လည်း ရွှီလင်းဟောင်၏ မာနထောင်လွှားနေမှုကို မြင်လိုက်ရပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ကွေးတက်သွားလေသည်။

အကယ်၍ သူသာ လမ်းစဉ် အဆင့် (၂) တွင် ရှိနေဆဲဆိုလျှင် ရွှီလင်းဟောင် ဖန်တီးလိုက်သော လေပြင်းများကြောင့် မီးခိုးမြူများသည် အနားသို့ပင် မရောက်နိုင်ဘဲ လွင့်စင်ပျောက်ကွယ်သွားမည်မှာ သေချာလှသည်။

သို့သော် ယခုအချိန်တွင်မူကား...

"ပြိုင်ကွင်းထဲမှာ အမည်မသိ မြူခိုးတွေ ထွက်ပေါ်လာပါပြီ"

"ဘုရားရေ... ဒါ ဘယ်ယုတ်မာတဲ့ကောင် စဉ်းစားလိုက်တဲ့ အကြံလဲ"

"ဒါပေမဲ့ ဒီမြူခိုးတွေနဲ့ ရွှီလင်းဟောင်ရဲ့ ခြေလှမ်းတွေကို တားဆီးချင်နေတာဆိုရင်တော့ စိတ်ကူးယဉ် မနေပါနဲ့"

"မြူခိုးတွေကို ဖန်တီးတဲ့သူကို အရှုံးပေးဖို့ အကြံပြုချင်ပါတယ်... အရှုံးရဲ့ အရသာကို သေချာ ခံစားကြည့်လိုက်ပါ"

"တကယ်တော့... ဘဝမှာ အခက်အခဲလေးတွေ ရှိတာလည်း မကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး"

ဆူညံနေသော အသံများက နားထဲတွင် ဆက်တိုက် ထွက်ပေါ်နေသည်။

ချန်းရီ၏ မျက်ခုံးများက တဆတ်ဆတ် ခုန်နေပြီး အံကြိတ်လိုက်ကာ ပြိုင်ပွဲပြီးသည်နှင့် ထိုကောင်ကို ရှာဖွေပြီး ကောင်းကောင်း ပညာပေးရန် စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်သည်။

ထိုလူက သူ့ထက်ပင် ပို၍ အောက်တန်းကျနေသေးသည်။

တကယ်ပင် ရွှီလင်းဟောင် တွေးထားသည့်အတိုင်း သူ မီးခိုးမြူများထဲသို့ တိုးဝင်သွားသည့် အချိန်တွင်...

မီးခိုးမြူများသည် ရွှီလင်းဟောင် ဖန်တီးလိုက်သော လေပြင်းများကြောင့် ဧရာမ အက်ကွဲကြောင်းကြီး တစ်ခုအဖြစ် ပွင့်ဟသွားခဲ့သည်။

ထိုမီးခိုးမြူများသည် ပါးလွှာသော ပုဝါစလေး တစ်ခုကဲ့သို့ ရွှီလင်းဟောင်၏ ထက်မြက်လှသော အရှိန်အဝါကို အနည်းငယ်မျှပင် မတားဆီးနိုင်ခဲ့ပေ။

သို့သော် နောက်တစ်စက္ကန့်တွင် ရွှီလင်းဟောင် အနည်းငယ် ကြောင်အမ်းသွားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ထိုမီးခိုးမြူများသည် လုံးဝ လွင့်စင်သွားခြင်း မရှိဘဲ ပတ်ဝန်းကျင်၌ များစွာ ဖုံးလွှမ်းနေဆဲ ဖြစ်သောကြောင့်ပင်။

လွင့်စင်သွားသော မီးခိုးမြူများသည် သူ ထင်မှတ်ထားသကဲ့သို့ ပျောက်ကွယ်မသွားဘဲ ရေစီးကြောင်းကဲ့သို့ သူ့ထံသို့ ထပ်မံ စီးဝင်လာကြသည်။

အရင်ဆုံး မသက်မသာ ဖြစ်သွားရသည်မှာ ရွှီလင်းဟောင်၏ မျက်လုံးများပင် ဖြစ်သည်။

မြင်ကွင်းသည် လျင်မြန်စွာ ကျဉ်းမြောင်းလာသည်။

မကြာမီမှာပင် ရွှီလင်းဟောင်သည် အရှေ့ရှိ လမ်းအခြေအနေကို မမြင်ရတော့ပေ။

၎င်းသည် အားကစားသမား တစ်ယောက်အတွက် သေးငယ်သော ကိစ္စမဟုတ်ချေ။

လမ်းအခြေအနေကို ရှင်းလင်းစွာ မမြင်ရပါက အချိန်မီ တုံ့ပြန်ရန် အလွန် ခက်ခဲလှသည်။

အကယ်၍ သာမန် အားကစားသမား တစ်ယောက်သာဆိုလျှင် ဤအချိန်တွင် ပြာယာခတ်နေလောက်ပြီ ဖြစ်သည်။

ရွှီလင်းဟောင်က ခေတ္တမျှ မှင်သက်သွားရုံမှလွဲ၍ မျက်နှာပေါ်တွင် အခြားသော ခံစားချက်များ မပေါ်လွင်ခဲ့ပေ။

သူ၏ စိတ်ထဲတွင်မူ တိတ်တဆိတ် လှောင်ပြောင်နေမိသည်။

ဤသည်မှာ အသေးအဖွဲ လှည့်ကွက်လေး တစ်ခုမျှသာ ဖြစ်သည်။

မမြင်ရတော့သည့်တိုင် ရွှီလင်းဟောင်က မျက်လုံးများကို တိုက်ရိုက် မှိတ်ထားလိုက်သည်။

မျက်လုံးများ မှိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ရွှီလင်းဟောင်၏ မျက်လုံးများသည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး မူလမျက်လုံး နေရာတွင် ချောမွေ့သော အရေပြားအဖြစ်သို့ ပြောင်းလဲသွားလေသည်။

လေတိုးနှုန်းကို လျှော့ချကာ ဤမြူခိုးများထဲမှ ထွက်လာနိုင်သည်နှင့် သူ၏ အရှိန်သည် အမြင့်ဆုံးအထိ ရောက်ရှိသွားမည် ဖြစ်သည်။

မျက်လုံးမရှိတော့လည်း ဘာဖြစ်သနည်း။

ရွှီလင်းဟောင်၏ မူလ နားရွက်နေရာများသည်လည်း စောစောကတည်းက ပျောက်ကွယ်နေပြီး ချောမွေ့သော အရေပြားအဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော် ဤချောမွေ့သော အရေပြား နေရာတွင် သေးငယ်သော အရေပြား အစိတ်အပိုင်းလေး တစ်ခုက အသံများကို ဖမ်းယူရန် လျင်မြန်စွာ တုန်ခါနေသည်။

တစ်စက္ကန့်မျှသာ ကြာသွားသည်။

ရွှီလင်းဟောင်၏ မျက်ခုံးကြားရှိ အရေပြားက နက်ရှိုင်းစွာ တွန့်ချိုးသွားလေသည်။

အဘယ်ကြောင့်ဆိုသော် သူ မည်သည့် အသံကိုမျှ မကြားရသောကြောင့်ပင်။

လေတိုက်သံ၊ အော်ဟစ်သံများနှင့် ဘီးတာယာနှင့် မြေပြင် ပွတ်တိုက်သံများကိုပင် မကြားရချေ။

ယခုအချိန်တွင် သူသည် အဆုံးမဲ့ တိတ်ဆိတ်ငြိမ်သက်နေသော နေရာတစ်ခုသို့ ရောက်ရှိနေသကဲ့သို့ ခံစားနေရသည်။

ဤနေရာတွင် ဘာမျှ မရှိပေ။

အရောင်အသွေး မရှိ၊ အသံ မရှိ၊ အနံ့အသက် မရှိဘဲ အရာအားလုံး ကင်းမဲ့နေသည်။

နောက်ဆုံးတွင် ရွှီလင်းဟောင်၏ အရှိန်မှာ နှေးကွေးသွားတော့သည်။

ဤသည်က အတိအကျ ဆိုရလျှင် မည်သည့်နေရာ ဖြစ်သနည်း။

ပြိုင်ကွင်း ဟုတ်သေးရဲ့လား။

သို့မဟုတ် တခြား နေရာတစ်ခုဆီသို့ ရောက်သွားခြင်းလော။

ဒီနေရာက...

မမြင်ရ၊ မကြားရသည့်အပြင် အနံ့အသက်ပင် မရှိတော့သဖြင့်...

ရွှီလင်းဟောင်သည် စိတ်ထဲမှ အနည်းငယ် စိုးရိမ်ပူပန်မှုကို ဖိနှိပ်လိုက်ပြီး အားကစားသမား လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက်၏ သေကွင်းသေကွက်ကို စတင် အသုံးပြုလိုက်သည်။

ဆဋ္ဌမအာရုံ။

၎င်းသည် အားကစားသမား လမ်းစဉ် အဆင့် (၃) တွင် အသစ်ရရှိထားသော အစွမ်း ဖြစ်သည်။

ဆဋ္ဌမအာရုံကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သူသည် ဒဏ္ဍာရီထဲမှ ဝိညာဉ်အာရုံကဲ့သို့သော ထူးကဲသည့် အခြေအနေတစ်ခုသို့ ရောက်ရှိသွားမည် ဖြစ်သည်။

မျက်လုံး၊ နားရွက်နှင့် နှာခေါင်းတို့ မရှိလျှင်ပင် ပတ်ဝန်းကျင် အခြေအနေကို သူ ကောင်းစွာ မြင်တွေ့နိုင်သေးသည်။

မျက်လုံးဖြင့် ကြည့်သည်ထက်ပင် ပို၍ ရှင်းလင်းစွာ မြင်နိုင်ပေသည်။

အရင်တုန်းက ရိက္ခာများ ရှာဖွေစုဆောင်းရင်း အန္တရာယ်နှင့် ကြုံတွေ့ရတိုင်း...

ရွှီလင်းဟောင်သည် ဤ "ဆဋ္ဌမအာရုံ" ကို အသုံးပြုကာ ပတ်ဝန်းကျင်နှင့် သူ၏ အခြေအနေကို တိကျစွာ ထိန်းချုပ်နိုင်ခဲ့ပြီး မည်သည့် ထိခိုက်ဒဏ်ရာမျှ မရဘဲ တိုက်ပွဲမှ လွတ်မြောက်နိုင်ခဲ့သည်။

အဆင့်မြင့် ထူးဆန်းသည့် အရာများပင်လျှင် ဆဋ္ဌမအာရုံကို ဖွင့်ထားသော သူ့ကို မည်သို့မျှ ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

ဤသည်ကပင် သူ၏ အပြင်းထန်ဆုံး သေကွင်းသေကွက် ဖြစ်သည်။

မျက်စိဖြင့် မမြင်နိုင်သော လှိုင်းဂယက်တစ်ခုက ရွှီလင်းဟောင်ကို ဗဟိုပြု၍ အရပ်လေးမျက်နှာသို့ စတင် ပျံ့နှံ့သွားလေသည်။

သို့သော် မကြာမီမှာပင် ရွှီလင်းဟောင် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။

သူ၏ "ဆဋ္ဌမအာရုံ" တွင် ပတ်ဝန်းကျင် တစ်ခုလုံး ဖြူဖွေးနေသည်ကိုသာ တွေ့ရသည်။

ဘာမျှ မရှိပေ။

တခြား နေရာတစ်ခုသို့ ရောက်နေသကဲ့သို့ ဖြစ်နေသည်။

ပထမဆုံး အကြိမ်အဖြစ်...

ရွှီလင်းဟောင် တကယ်ကို ပြာယာခတ်သွားခဲ့ရပြီ ဖြစ်သည်။

"အဟွတ်... အဟွတ်"

တိုးညင်းသော ချောင်းဆိုးသံ အနည်းငယ်ကြောင့် ရွှီလင်းဟောင်၏ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ခါသွားသည်။

ပါးစပ်နှင့် နှာခေါင်း မရှိတော့သဖြင့် အသက်ရှူခြင်းကို စွန့်လွှတ်ထားသော်လည်း...

မီးခိုးမြူများထဲရှိ အဆိပ်ပြင်းများသည် ရွှီလင်းဟောင်၏ အရေပြားမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း စတင် ဝင်ရောက်လာခဲ့သည်။

ရွှီလင်းဟောင်သည် သူ၏ လည်ချောင်းထဲတွင် အနည်းငယ် မသက်မသာ ဖြစ်လာသလို ခံစားလိုက်ရသည်။

လည်ချောင်းထဲ၌ သလိပ်များ တစ်ဆို့နေသကဲ့သို့ ဖြစ်နေပြီး မထွေးထုတ်လိုက်ရလျှင် နေ၍ မရနိုင်တော့ပေ။

အလွန် ချောင်းဆိုးချင်နေသည်။

မတတ်သာတော့သဖြင့် ရွှီလင်းဟောင်က ယခင် ကိုယ်ယောင်ဖျောက်ထားသော အခြေအနေမှ ထွက်လာခဲ့ရသည်။

နောက်ဆုံးတွင် အဝါရောင် သလိပ်ပြစ်ပြစ်များကို သူ ထွေးထုတ်လိုက်ရလေသည်။

အနည်းငယ် သက်သာသွားသလို ခံစားလိုက်ရသည်။

သို့သော် လည်ချောင်းထဲတွင် သလိပ်များ ထပ်ရှိနေပြန်သည်။

ဤခံစားချက်က...

လည်ချောင်းရောင် ရောဂါလား။

သူက တစ်ခါမှ ဆေးလိပ်မသောက်ခဲ့ပါဘဲ ဘယ်တုန်းက လည်ချောင်းရောင် ရောဂါ ရသွားရတာလဲ။

"အဟွတ်... အဟွတ်... အဟွတ်"

ရွှီလင်းဟောင်သည် စက်ဘီးပေါ်တွင် ထိုင်လျက် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ခါကာ ဆက်တိုက် ချောင်းဆိုးနေလေသည်။

ဤအချိန်တွင် သူ၏ အဆုတ်များပင် အပြင်သို့ ထွက်ကျလာတော့မည်ဟု ခံစားနေရသည်။

မြေပြင်ပေါ်တွင် အဝါနှင့် အစိမ်းရောင် ရောနှောနေသော သလိပ်များ များစွာ ကျရောက်နေသည်။

သောက်ကျိုးနည်း...။

အရမ်းကို ယုတ်မာလွန်းတယ်...။

ဤမြူခိုးများသည် အမြင်အာရုံနှင့် အကြားအာရုံများကို ပိတ်ဆို့နိုင်ရုံသာမက အဆိပ်လည်း အလွန်ပြင်းထန်လှပေသည်။

ထို့အပြင် မီးခိုးမြူများထဲတွင် အခြားသော အရာများလည်း ရှိနေသေးပုံရသည်။

...

ထိုအချိန် ပြိုင်ပွဲ အစီအစဉ် တင်ဆက်သည့် စင်မြင့်ထက်တွင်မူကား...

"ရွှီလင်းဟောင်ဆိုတဲ့ ပြိုင်ပွဲဝင်ကတော့ ဒီပြိုင်ပွဲရဲ့ အငြင်းပွားဖွယ် မရှိတဲ့ ဘုရင်တစ်ပါးပါပဲ... လူယုတ်မာတချို့က မီးခိုးမြူတွေနဲ့ ပြိုင်ကွင်းကို ဖုံးကွယ်ထားရင်တောင် အလကားပါပဲ"

"ရွှီလင်းဟောင် ဘုရင်တစ်ပါးလို ပြန်လာမယ့်အချိန်ကို စောင့်ကြည့်လိုက်ကြရအောင်"

"လာပြီ"

ချန်းရီ ဖုံးလွှမ်းထားသော ပြိုင်ကွင်း လမ်းကြောင်းမှာ ပေရာချီခန့်သာ ရှိပြီး ရွှီလင်းဟောင်၏ အရှိန်ဖြင့်ဆိုလျှင် အချိန်မကြာမီမှာပင် ထွက်လာနိုင်မည် ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ...

အချိန်အတော်ကြာ သွားခဲ့ပြီဟု ထင်ရသည်။

လူတိုင်းက ထိုမီးခိုးမြူအုပ်ကြီးကိုသာ ကြည့်နေကြသည်။

အစပိုင်းတွင် ရွှီလင်းဟောင်က ဝါးခြမ်းခွဲသကဲ့သို့ အရှိန်ပြင်းပြင်းဖြင့် ထိုအထဲသို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော် မကြာမီမှာပင် အသံတိတ်သွားခဲ့လေသည်။

အခြားသူများကလည်း သူတို့၏ အာရုံစူးစိုက်မှုကို ရွှီလင်းဟောင်ထံသို့ ပို့လွှတ်ထားကြသည်။

မတတ်နိုင်ပေ၊ ဤသူက ဤပြိုင်ပွဲ၏ အကြီးမားဆုံးသော ခြိမ်းခြောက်မှုကြီး ဖြစ်နေသည် မဟုတ်ပါလော။

သူ့ကို မဖယ်ရှားနိုင်ပါက အခြားသူများ၏ ကြိုးစားအားထုတ်မှု အားလုံးသည် အချည်းနှီးသာ ဖြစ်သွားပေလိမ့်မည်။

ရှုလီနာသည် စတီယာရင်ကို စိုးရိမ်တကြီး ဆုပ်ကိုင်ထားပြီး လီဗာကိုလည်း လုံးဝ မလွှတ်ထားခဲ့ပေ။

ချန်းရီကမူ မီးခိုးမြူများထဲရှိ ရွှီလင်းဟောင်၏ အခြေအနေကို အာရုံခံနေလေသည်။

သူ၏ နှုတ်ခမ်းထောင့်မှ ကောက်ကျစ်သော အပြုံးများက ပို၍ ပီပြင်လာသည်။

ယခုအချိန်တွင်မူ ပုံတူကူးထားသော လူမျက်နှာ ကင်းမြီးကောက်၏ အမြီးဆူးက ရွှီလင်းဟောင်၏ စက်ဘီး ရှေ့တာယာကို ဖောက်ထွင်းသွားခဲ့ပြီ ဖြစ်သည်။

အရှိန်ကျသွားသောကြောင့် ရွှီလင်းဟောင်၏ ကိုယ်ပတ်လည်ရှိ ဖောက်ထွင်းမြင်ရသော အကာအကွယ်လွှာသည်လည်း အလွန် ပါးလွှာအားနည်းသွားခဲ့သည်။

ဤအကာအကွယ်လွှာ၏ သဘောတရားမှာ အရှိန်မြန်လေလေ ကာကွယ်နိုင်စွမ်း ပိုကောင်းလေလေ ဖြစ်ပုံရသည်။

ရှေ့တာယာမှ လေထွက်သံ ထွက်ပေါ်လာပြီး တာယာသည် လျင်မြန်စွာ ပိန်လိန်သွားလေသည်။

ဤလောက် စွမ်းအားကြီးမားပါလျက်နှင့် သာမန်အဖြစ်ဆုံး စက်ဘီးတစ်စီးကို အသုံးပြုနေရသည်မှာ ဤကောင် မည်သို့ စဉ်းစားနေသည်ကို တကယ်ပင် နားမလည်နိုင်တော့ပေ။

မာနကြီး၍လည်း ဖြစ်နိုင်သည်။

သို့မဟုတ် သင့်တော်သော သဘာဝလွန်ပစ္စည်း စက်ဘီးကို မရှာတွေ့သေး၍လည်း ဖြစ်နိုင်သည်။

သို့သော် ဤကောင်က လုံးဝ လက်မလျှော့ဘဲ စက်ဘီး ရှေ့ဘီးကို တိုက်ရိုက် မတင်လိုက်ကာ ဆက်လက်၍ တည်ငြိမ်စွာ စီးနင်းနေဆဲပင်။

ချန်းရီက လူမျက်နှာ ကင်းမြီးကောက်ကို ဆက်လက် လှုပ်ရှားခိုင်းရန် ပြင်လိုက်ချိန်တွင်...

ရုတ်တရက် ချန်းရီ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။

မဟုတ်သေးဘူး... ဒီကောင်...

သူ ကိုင်ထားတာက ဘာလဲ။

ချန်းရီ၏ အာရုံထဲတွင်မူ...

ဤကောင်သည် ကျပ်ထုပ်နေသော စက်ဘီးစီးဝတ်စုံ၏ ခါးနောက်ဘက် အိတ်ကပ်ထဲမှ ဆေးထိုးအပ် တစ်ချောင်းကို ထုတ်ယူလိုက်လေသည်။

ဆေးထိုးအပ်မှာ မျက်စိတစ်မှိတ်အတွင်း ကြီးမားသွားပြီး ဆေးထိုးပြွန် တစ်ခုလုံး၏ အရှည်မှာ သုံးပေနီးပါးခန့် ရှိကာ အချင်းမှာလည်း ရှစ်လက်မကျော်ခန့် ရှိနေသည်။

ဆင်များကို ထိုးသည့် ဆေးထိုးအပ်ပင်လျှင် ဤမျှလောက် မကြီးမားနိုင်ချေ။

ဤကောင်သည် ထိုဧရာမ ဆေးထိုးအပ်ကြီးကို ကိုင်ကာ သူ၏ တင်ပါးကို တိုက်ရိုက် ထိုးစိုက်လိုက်လေသည်...

ဒါက...

စွန်းချန်းချန်းသည် အစွမ်းပိုင်ရှင် တစ်ယောက်ကို ဓားဖြင့် ထိုးချလိုက်ပြီးနောက် လှည့်ကာ မီးခိုးမြူများ ရှိရာသို့ ကြည့်လိုက်သည်။

ထိုမီးခိုးမြူများသည် ချန်းရီ၏ အစွမ်းဖြစ်ကြောင်းမှာ သဘာဝပင် ဖြစ်သည်။

လက်ရှိ အရှေ့ဆုံးတွင် ရောက်နေသော ဒုတိယမြို့တော်ဝန်တင်းပင်လျှင် မီးခိုးမြူများထဲရှိ အခြေအနေကို စောင့်ကြည့်နေလေသည်။

အထဲရှိ အခြေအနေကို သူ အာရုံခံ၍ မရသောကြောင့် အနည်းငယ် အံ့သြနေမိသည်။

လျှိုလီသည်လည်း ထိုနည်းတူပင် ဖြစ်သည်။

မရဏနတ်သမီးသည်လည်း အချိန်မရွေး အသင့်အနေအထားတွင် ရှိနေသည်။

အကယ်၍ ရွှီလင်းဟောင်သာ ထွက်လာနိုင်ခဲ့ပါက မရဏနတ်သမီး၏ အစွမ်းကို နောက်တစ်ကြိမ် အသုံးပြုရန် သူမ ဝန်လေးနေမည် မဟုတ်ပေ။

ထိုအချိန်မှာပင်...

လူရိပ်တစ်ခုက လျှပ်စီးလက်သကဲ့သို့ မီးခိုးမြူများထဲမှ တဟုန်ထိုး ထွက်ပေါ်လာလေသည်။

ထိုသူမှာ ရွှီလင်းဟောင်ပင် ဖြစ်သည်။

ယခုအခါ ရွှီလင်းဟောင်သည် ထူးဆန်းသော သတ္တဝါတစ်ကောင်အဖြစ်သို့ ပြောင်းလဲနေပြီ ဖြစ်ကာ တင်ပါးတွင် ကြောက်မက်ဖွယ်ကောင်းသော ဧရာမ ဆေးထိုးအပ်ကြီး တစ်ချောင်း စိုက်ဝင်နေသည်။

သူစီးနေသော စက်ဘီး၏ ရှေ့ဘီးမှာ ပြဿနာ တစ်ခုခု ဖြစ်နေပုံရသည်။

နောက်ဘီး တစ်ဘီးတည်းသာ မြေပြင်နှင့် ထိနေသည်။

ထိုသို့ဖြစ်နေသည့်တိုင် ဤကောင်၏ အရှိန်မှာ လျှပ်စီးတစ်တန်းကဲ့သို့ မြန်ဆန်နေဆဲပင်။

"ဝိုး"

မျက်စိတစ်မှိတ်အတွင်းမှာပင် ပြိုင်ကွင်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။

ရွှီလင်းဟောင်က လူတိုင်း၏ အရှေ့တွင် ထွက်ပေါ်လာသည့် အချိန်မှာပင်...

ပြိုင်ကွင်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။

ရွှီလင်းဟောင်၏ ယခုအခြေအနေမှာ အလွန်တရာ သနားစရာ ကောင်းနေသည်ဟု ဆိုရပေမည်။

စက်ဘီး၏ ရှေ့တာယာမှာ ပျက်စီးသွားပြီ ဖြစ်သဖြင့် ရှေ့ဘီးတစ်ခုလုံးကို မြှောက်ထားကာ နောက်ဘီး တစ်ဘီးတည်းသာ မြေပြင်နှင့် ထိနေသည်။

ထိုသို့ဖြစ်နေသည့်တိုင် သူ၏ အရှိန်မှာ လျှပ်စီးတစ်တန်းကဲ့သို့ မြန်ဆန်နေဆဲပင် ဖြစ်သည်။

ပို၍ အံ့သြဖွယ်ကောင်းသည်မှာ ဤကောင်၏ တင်ပါးပေါ်ရှိ ဧရာမ ဆေးထိုးအပ်ကြီးပင် ဖြစ်သည်။

ထိုဆေးထိုးအပ်ကြီးမှာ ရွှီလင်းဟောင်၏ တင်ပါးတွင် ပေါက်နေသကဲ့သို့ပင်။

ထို့အပြင် ဖောက်ထွင်းမြင်ရသော ဆေးထိုးပြွန်ထဲတွင် အနီနှင့် အစိမ်းရောင် အရည်များ စီးဆင်းနေသည်။

ကြည့်ရသည်မှာပင် လူကို အလွန် ကြက်သီးထဖွယ် ကောင်းလှသည်။

သို့သော် ရွှီလင်းဟောင် ကိုယ်တိုင်ကမူ အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွနေသည်။

အဆုတ်များ အလွန်အမင်း နာကျင်နေသော်လည်း သူက လုံးဝ အရှုံးမပေးသေးချေ။

အားကစားသမား လမ်းစဉ်မှ အစွမ်းပိုင်ရှင်များသည် ပြိုင်ပွဲတိုင်းအပေါ် ပုံမှန်ထက်လွန်ကဲသော စွဲလမ်းမှုမျိုး ရှိကြသည်။

မည်သည့် အားကစား ပြိုင်ပွဲမဆို သူတို့အတွက်တော့ ဤကမ္ဘာပေါ်တွင် အရသာအရှိဆုံး အားဖြည့်ဆေးပင် ဖြစ်သည်။

"အနိုင်ပွဲ"

၎င်းသည် အားကစားသမား လမ်းစဉ် အားလုံး၏ ဘေးထွက်ဆိုးကျိုးပင် ဖြစ်သည်။

ဘီးတစ်ဘီးတည်း ကျန်နေလျှင်တောင်မှ...

ရွှီလင်းဟောင်၏ အရှိန်မှာ အံ့မခန်း မြန်ဆန်နေဆဲပင် ဖြစ်သည်။

သူ၏ ကိုယ်ပတ်လည်တွင် ထူထဲပြီး ဖောက်ထွင်းမြင်ရသော လေကာအကာအကွယ်လွှာ တစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။

သူ၏ ယခု ပုံပန်းသဏ္ဍာန်မှာ အနည်းငယ် ထူးဆန်းနေသည်။

နားရွက်၊ မျက်လုံးနှင့် နှာခေါင်းတို့မှာ ပြန်ပေါက်မလာသေးပေ။

ပါးစပ်ကြီး တစ်ခုတည်းသာ ဟပြဲကြီး ဖြစ်နေပြီး ချွဲကျိကျိ လျှာကြီးတစ်ချောင်းက ပါးစပ်ထဲတွင် ယမ်းခါနေကာ တံတွေးများ ပေပွနေသည်။

ကြည့်ရသည်မှာ သူသည် ထူးဆန်းသော ရူးသွပ်မှု အခြေအနေ တစ်ခုသို့ ကျရောက်နေသကဲ့သို့ပင်။

ဤအချိန်တွင် ဝိညာဉ်သွင်းထားခြင်း မရှိသော လူမျက်နှာ ကင်းမြီးကောက်၏ အမြီးဆူးဖြင့် ထိုးဖောက်ရန် ကြိုးစားပါက လုံးဝ မဖြစ်နိုင်သလောက်ပင်။

ရွှီလင်းဟောင်၏ အရှေ့တွင် သုံးဘီးဆိုင်ကယ် တစ်စီးက ကန့်လန့်ဖြတ် ပိတ်ဆို့နေသည်။

ထိုသုံးဘီးဆိုင်ကယ်ကို စီးနင်းနေသူမှာ အသက် လေးငါးဆယ်ခန့် အရွယ်ရှိ လူလတ်ပိုင်း အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်သည်။

ရွှီလင်းဟောင်က သူ့ဆီသို့ တိုက်ရိုက် ဦးတည်လာသည်ကို မြင်သောအခါ...

ထိုလူလတ်ပိုင်းက အေးစက်စက် ပြုံးလိုက်ပြီး လုံးဝ ရှောင်ဖယ်ပေးမည့် အစီအစဉ် မရှိပေ။

ထို့အစား ဆိုင်ကယ်ခေါင်းကို အနည်းငယ် ချိန်ညှိကာ သူ၏ သုံးဘီးဆိုင်ကယ်ကို ရွှီလင်းဟောင်၏ အရှေ့တွင် အသေပိတ်ဆို့ထားလိုက်သည်။

ရွှီလင်းဟောင်က ထိုလူလတ်ပိုင်းကို လုံးဝ မမြင်သကဲ့သို့ပင်။

စက္ကန့်ဝက်မျှပင် မကြာလိုက်ချေ။

ရွှီလင်းဟောင်၏ ကိုယ်ပတ်လည်ရှိ လေကာအကာအကွယ်က သုံးဘီးဆိုင်ကယ်ကို ပြင်းထန်စွာ ဝင်တိုက်လိုက်လေသည်။

လူလတ်ပိုင်းမှာ အသည်းအသန် အော်ဟစ်သံ တစ်ချက်သာ ပြုလုပ်နိုင်ခဲ့သည်။

သူ၏ ခန္ဓာကိုယ် တစ်ခြမ်းနှင့် သုံးဘီးဆိုင်ကယ်ပါမကျန် မြေပြင်အနှံ့ သွေးသားများနှင့် အစိတ်အပိုင်း အစအနများအဖြစ် ပြန့်ကျဲသွားတော့သည်။

ဤသွေးထွက်သံယို မြင်ကွင်းက မြို့ရိုးပေါ်ရှိ ပရိသတ်များကို ရူးသွပ်စွာ အော်ဟစ်သွားစေရန် လှုံ့ဆော်ပေးလိုက်သည်။

"ရွှီလင်းဟောင်"

"ရွှီလင်းဟောင်"

"ရွှီလင်းဟောင်"

"..."

ထိုအချိန်မှာပင် အေးစက်သော အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာလေသည်။

"ရွှီလင်းဟောင်... ပြိုင်ပွဲမှ ထွက်ရပြီ"

ဆက်ရန်...

All Chapters