အခန်း ၁၅၆၁
Vol. 105 Ch. 1561
အဓိပတိအင်မော်တယ်သခင် စာစဉ် (၁၀၅)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၅၆၁) လက်သီးတစ်ချက်၏တန်ခိုး။
ချင်ယွင်သည် နတ်ဘုရားတန်ခိုး စွမ်းအင်ပင်လယ်ထဲတွင် နှစ်ခြင်းခံနေပြီး၊ စစ်မှန်သော အဓိပ္ပာယ် ဉပဒေသကွင်းဆက်များသည် ချင်ယွင်၏ခန္ဓာကိုယ်အနှံ့ ငါးများအလား ကူးခတ်နေကြပါသည်။
ထိုနတ်ဘုရားတန်ခိုး စွမ်းအင်၏ အပြင်းအထန် ထိုးသွင်းဝင်ရောက်မှုနှင့်အတူ ချင်ယွင်၏ ကျင့်ကြံမှုအခြေခံသည်လည်း လျင်မြန်စွာ ကြီးထွားလာခဲ့သည်။
ဤနတ်ဘုရားတန်ခိုး စွမ်းအင်ပင်လယ်အတွင်းရှိ နတ်ဘုရားတန်ခိုးစွမ်းအားတွင် မည်သည့် စွမ်းရည်အမျိုးစားမှ မပါရှိပါ။ သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံရပြီးနောက်၊ ၎င်းကို မည်သည့် စွမ်းရည်အမျိုးစားမဆို ပြောင်းလဲနိုင်ပါသည်။ ထို့ကြောင့်၊ သူသည် ဤကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုး စွမ်းအင်လှိုင်းလုံးကြီးကို အငမ်းမရ လုံး၀ ဝါးမြိုသွားနိုင်ခဲ့သည်။
ချင်ယွင်၏ ကျင့်ကြံမှုသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သူသည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့်သို့ တစ်ဆင့်ပြီးတစ်ဆင့် ချဉ်းကပ်လာခဲ့သည်။
ဘန်း…။
သို့သော် ချင်ယွင်၏ ကျင့်ကြံမှုအခြေခံသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အစောပိုင်း အဆင့်ကို ဖြတ်ကျော်ဝင်ရောက်ခါနီးတွင် လျှိုဘို၏ အသံက သူ့စိတ်ထဲမှာ ထပ်ပြီး ဝင်ရောက်လာသည် "ကောင်စုတ်လေး, အဆင့်ဖြတ်ကျော်ဖို့ အလျင်စလို မလုပ်နဲ့။ မင်း အဆင့်ဖြတ်ကျော်ပြီးတာနဲ့ မင်းက ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကို သေချာပေါက် ဆွဲဆောင်မိလိမ့်မယ်။ ဒီကမ္ဘာမှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်။ ဒါကြောင့် မင်းက သေချာပေါက် မင်းအပေါ် အာရုံစိုက်မူတွေ အများပြား ဆွဲဆောင်မိလိမ့်မယ်။ ဒါက မင်းအတွက် ဘာကောင်းကျိုးမရှိဘူး။ ဆန့်ဘက်အနေနဲ့, မင်းရဲ့လျှို့ဝှက်ချက် အများပြားကို အလွယ်တကူ ထုတ်ဖော်ပြပြီးသား ဖြစ်သွားလိမ့်မယ်”။
ထိုစကားကိုကြားတော့ ချင်ယွင်သည် ချက်ချင်းဆိုသလို နားလည်သွားသလို ခံစားလိုက်ရ သည်။ သူသည် သူ့နယ်ပယ်ကို အလျင်အမြန် ဖိနှိပ်လိုက်ရပြီး ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ဖြတ်ကျော်ကာ အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်ရန် တားဆီးလိုက်သည်။
ယခုအချိန်တွင် သူ၏ကျင့်ကြံမူသည် အဆင့်မချိုးဖျက်နိုင်လျှင်ပင်, ချင်ယွင်၏ တိုက်ခိုက် ရေးစွမ်းအားအပေါ် များစွာ သက်ရောက်မှုရှိမည် မဟုတ်ပေ။ နောက်ဆုံးတွင်၊ သူ၏ လက်ရှိ ခွန်အားဖြင့်၊ သူသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ဖြတ်ကျော် သွားသော်လည်း၊ ၎င်းသည် သူ၏ တိုက်ခိုက်ရေး စွမ်းအားကို အလွန်အမင်း တိုးမြင့်လာစေ မည် မဟုတ်ပေ။
ထို့ထက် အဆင့်မဖြတ်ကျော်ခင် တခဏသာ စောင့်ဆိုင်းနေခြင်းက ပိုကောင်းပါသည်။ သူသည် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ် အစွန်းတဖက်သို့ ရောက်နေပြီ ဖြစ်သည်။ သူ အဆင့်ဖြတ်ကျော်ချင်သရွေ့ အချိန်မရွေး ဖြတ်ကျော်သွားနိုင်သည်။
သို့သော်၊ ဤမျှများပြားသော နတ်ဘုရားတန်ခိုး စွမ်းအားများကို အလဟဿ ဆုံးရှုံးခံလိုက် မည်ဆိုလျှင်, နှမြောစရာပင်။ ထို့ကြောင့်၊ ချင်ယွင်သည် သူ၏ ဒန်တန်အတွင်းမှာ တွင်းနက်ကြီးတစ်ခုကို ရိုးရှင်းစွာ တည်ဆောက်ပြီး ထိုနတ်ဘုရားတန်ခိုးစွမ်းအင် အားလုံး ကို သူ့ကနဦးစကြဝဠာထဲသို့ ဝါးမျိုချလိုက်သည်။
ကနဦးစကြဝဠာ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း စွမ်းအင်ကို စုပ်ယူရန် လိုအပ်ပါသည်။ ဒါမှသာ, ကနဦးစကြဝဠာသည် ပိုမိုမြန်ဆန်စွာ ဖွံ့ဖြိုးလာနိုင်မည်။
သို့သော်လည်း စကြဝဠာ၏ဉပဒေသများသည် ရေပုံးထဲမှ ရေတစ်စက်သာသာမျှသာ ရှိပါသေးသည်။ ထို့ကြောင့် ချင်ယွင်သည် စကြဝဠာကြီး၏ တော်ဝင်တာအိုကို နားလည်ပြီး စကြဝဠာ၏ ဉပဒေသများ ကို ထပ်မံ ဖန်တီးနိုင်ခြင်း မရှိပါက, သူ့ကနဦးစကြဝဠာကို စကြာဝဠာပင်လယ်ထဲမှ စွမ်းအင်များကို သူ့အလိုလို စုပ်ယူစေနိုင်ခြင်းမရှိပါက, ၎င်းသည် များစွာ အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ပေ။ သူ့ကနဦးစကြဝဠာ ဖွံ့ဖြိုးတိုးတက်ရန် အတွက် လိုအပ်သောစွမ်းအင်ပမာဏသည် အမှန်တကယ် ကြီးမားလွန်းလှသည်။
စကြဝဠာပင်လယ်ဟူသည် လျှိုဘိုက ချင်ယွင်ကို ပြောပြထားသော အယူအဆတစ်ခု ဖြစ်သည်။ ၎င်းသည် ဤစကြဝဠာထက် အဆင့်တစ်ဆင့်ကြီးသည့် ကမ္ဘာတစ်ခု ဖြစ်ပါသည်။
ချင်ယွင်သည် တွေးတောနိုင်စွမ်းမရှိသလို စိတ်ကူးလည်းမယဉ်နိုင်ပေ။ နောက်ဆုံးတွင်၊ သူ့လက်ရှိခွန်အားသည် ဘိုးဘေးနတ်ဘုရားများထက်ပင် နိမ့်ကျနေသေးသည်။ ဘိုးဘေး နတ်ဘုရားများပင် စကြာဝဠာ၏ အတားအဆီးများကို ဖြတ်ကျော်ပြီး စကြဝဠာပင်လယ် ထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိပေ။
ချင်ယွင်အတွက်မူ စကြဝဠာပင်လယ်ကြီးဟူသည် ဝေးလွန်းလှသဖြင့် သူသည် ထိုကိစ္စကို မစဉ်းစားခဲ့ပေ။
ဤနတ်ဘုရားတန်ခိုး စွမ်းအင်ပင်လယ်ကို စုပ်ယူခြင်းသည် ကနဦးစကြဝဠာအတွက် အနည်းငယ်မျှသာ အထောက်အကူ ဖြစ်သော်လည်း၊ အဆုံးတွင်, စွမ်းအား၏ တစိတ် တပိုင်းကို စုပ်ယူခြင်းဖြင့် သူ့ကနဦးစကြဝဠာကို ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်စေမည် ဖြစ်သည်။ ဤနည်းအားဖြင့် ချင်ယွင်သည် အချိန်ပိုသက်သာမည်။
သို့သော် ချင်ယွင်သည် မည်သည့်အကျိုးမြတ်ကိုမျှ ရယူနိုင်ခြင်းမရှိသောကြောင့် ကျိုးလင်သည်လည်း မည်သည့်အကျိုးမြတ်မှ မရနိုင်ဟု မဆိုလိုပါ။
နောင်ပိုင်းတွင် ကျိုးလင်သည် နတ်ဘုရားတန်ခိုး စွမ်းအင်ပင်လယ်၌ ကျင့်ကြံပြီး၊ အဆင့် ဖြတ်ကျော်မူတစ်ခု ပြုလုပ်နိုင်သည်။ ထို့ကြောင့် သူမအတွက်၊ ဤနတ်ဘုရားတန်ခိုး စွမ်းအင်ပင်လယ်သည် အချိန်မှီ ခါတော်မိုး ဖြစ်ခဲ့ပါသည်။ ၎င်းသည် သူမအား အစောပိုင်း ကောင်းကင်နတ်ဘုရားအဆင့်သို့ ဖြတ်ကျော်ကာ သူမ၏ကျင့်ကြံမှုကို တည်ငြိမ်စေရန် တိုက်ရိုက် ကူညီပေးနိုင်ခဲ့သည်။ သူမသည် အလယ်အလတ် ကောင်းကင်နတ်ဘုရား အဆင့်သို့ တက်လှမ်းရန်ပင် အရှိန်အဟုန် ကျန်ရှိနေသေးသည်။
သို့သော်၊ ဤနတ်ဘုရားတန်ခိုး စွမ်းအင်ပင်လယ်သည် ကြာရှည်စွာ မတည်ရှိတော့ဘဲ, တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ဤနတ်ဘုရားတန်ခိုး စွမ်းအင်ပင်လယ်သည် သူ၏စစ်မှန်သော အဓိပ္ပါယ် ဉပဒေသ ကွင်းဆက်များ ဖန်တီးနိုင်ရန် မွေးဖွားလာခြင်း ဖြစ်သည်။ ယခု စစ်မှန်သော အဓိပ္ပါယ် ဥပဒေသ ကွင်းဆက်များ ဖြစ်ပေါ်လာသောအခါ၊ ဤနတ်ဘုရားတန်ခိုး စွမ်းအင်ပင်လယ် သည် သဘာဝအတိုင်း ကွယ်ပျောက်သွားပေလိမ့်မည်။
ဘန်း….။
အတွေးတစ်ချက်ဖြင့် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ပျံဝဲနေသော ဥပဒေသ ကွင်းဆက်များ သည် သူ့ခန္ဓာကိုယ်ထဲသို့ လွင့်စင်ပျောက်ကွယ်သွားသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ယခုအချိန်တွင် ချင်ယွင်၏ကိုယ်ခန္ဓာကို ကြည့်ရှုရန် သူတို့၏နတ်ဘုရားစိတ်အာရုံကို အသုံးပြုထားမည်ဆိုလျှင်၊ ဤဥပဒေသ ကွင်းဆက်များ သည် ချင်ယွင်၏ လက်မောင်းရိုးတွင် အနက်ရောင် တီကောင်များကဲ့သို့ တွယ်ကပ်နေ ကြောင်း သေချာပေါက် သိနိုင်မည် ဖြစ်သည်။ ချင်ယွင်က သူ့စိတ်နှင့် ထိန်းချုပ်ထားသရွှေ့,၊ ထိုဥပဒေသကွင်းဆက်များသည် ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းကို ပျံ့နှံ့သွားပြီး သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးကို ရောက်ရှိနိုင်ကာ ချင်ယွင်၏ တိုက်ခိုက်နိုင်စွမ်းကို တိုးမြင့်လာစေနိုင်သည်။
ချင်ယွင်သည် စစ်မှန်သော အဓိပ္ပါယ် ဥပဒေသ ကွင်းဆက်များကို စုစည်းကာ ဘေးတဖက်ခန်း၏ လေဟာနယ်ထဲသို့ လက်သီးတစ်ချက် ထိုးလိုက်ပါသည်။
သူ့ရှေ့က လေဟာနယ်သည် ချက်ချင်း ပြိုကျပြီး ရေပုံးအရွယ်အစားရှိသည့် တွင်းနက်ကြီး တစ်ခု ပေါ်လာပါသည်။
ဤနေရာကို လေဟာနယ်ဘိုးဘေးနတ်ဘုရားက ဖန်တီးထားခြင်းဖြစ်ပြီး၊ ဤနေရာသည် နတ်ဘုရားကမ္ဘာထက် အနည်းငယ် အားနည်းပါသည်။ အလယ်လတ်အဆင့် ကောင်းကင် နတ်ဘုရား ကျွမ်းကျင်သူတစ်ဦး၏ အင်အားအပြည့်နှင့် တိုက်ခိုက်မူတောင်မှ ချင်ယွင်၏ လက်သီးထိုးချက်နှင့် အတူတူလောက် ဖြစ်ပါလိမ့်မည်။
တစ်နည်းဆိုရသော်၊ ချင်ယွင်၏ လက်ရှိ တိုက်ခိုက်ရေး စွမ်းအားသည် အစစ်မှန် အဓိပ္ပာယ်ကို နားလည်ထားသော ကောင်းကင်နတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့် ကျွမ်းကျင်သူများကို မတွေ့ကြုံရသရွေ့၊ သူသည် ကောင်းကင်နတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့်၌ ပြိုင်ဘက်ကင်း တည်ရှိမှုတစ်ခု ဖြစ်လာမည်မှာ သေချာပါသည်။
"ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ အစစ်မှန် အဓိပ္ပါယ်ရဲ့ ဉပဒေသတွေလဲ။ အစစ်မှန် အဓိပ္ပါယ်ကို နားလည်သဘောပေါက်ခြင်းက အစစ်မှန် အဓိပ္ပါယ်ကို နားလည် သဘောပေါက်မူ မရှိခြင်းနဲ့ လုံးဝ ခြားနားတယ်လို့ တခြားသူတွေ ပြောနေကြတာ အံ့ဩစရာ မရှိတော့ပါဘူး။ ဒီလက်သီးချက်ရဲ့ စွမ်းအားက အရင်ကထက် ဆယ်ဆ ပိုကြီးမားတယ်။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ့မျက်လုံးများတွင် မကြုံစဖူး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေခဲ့သည်။
"ဟား..., ဟား...၊ မင်းရဲ့ အစစ်မှန် အနှစ်သာရက ဘယ်လောက်ထိ အစွမ်းထက်တယ်ဆို တာ မင်း မြင်ပြီမလား။ ချင်ယွင်၊ မင်း ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ။ မင်းက ဒီကြယ်တာရာ ကမ္ဘာမှာ သုံးလလောက်ပဲ နေရသေးတယ်။ သိုင်းပညာရဲ့ အနှစ်သာရအဆင့်ကို မင်း နားလည်သွားပြီ။ ဒါက ငါမျှော်လင့်ချက်ကို တကယ်ကို ကျော်လွန်သွားခဲ့ပြီ။" လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် တည်ငြိမ်သော အမူအရာဖြင့် လေဟာနယ်ထဲမှ ဖြည်းညှင်းစွာ လျှောက်ထွက်လာခဲ့သည်။
"တပည့်က ဆရာကြီးကို နှုတ်ဆက်ပါတယ်။" ချင်ယွင်က ဆောလျင်စွာ ဦးညွှတ်လိုက် သည်။
သူသည် လေဟာနယ် ဘိုးဘေးနတ်ဘုရား၏ အမည်ခံတပည့် ဖြစ်ခဲ့သော်လည်း၊ သူသည် တပည့်တစ်ဦး ဖြစ်နေပါသေးသည်။ လေဟာနယ် ဘိုးဘေးနတ်ဘုရားသည်လည်း သူ၏ အမည်ခံ ဆရာတစ်ဦး ဖြစ်သည်။
"ချင်ယွင်၊ ချင်ယွင်၊ မင်း ပြန်စဉ်းစားချင်သေးလား။ မင်းက ငါ့ရဲ့တရားဝင် တပည့် တစ်ယောက် ဖြစ်လာတာနဲ့ ငါ့ဘဝတစ်လျှောက်လုံး ကျွမ်းကျင်ထားတဲ့ ငါ့ရဲ့ စွမ်းရည် အားလုံးကို မင်းကို သင်ပေးနိုင်တယ်" လေဟာနယ် ဘိုးဘေးနတ်ဘုရားက ချင်ယွင်ကို ကြည့်ကာ ညှို့ယူပြောဆိုသည်။
ထိုစကားကို ကြားတော့ ချင်ယွင်က ညင်သာစွာ ပြုံးပြီး ခေါင်းယမ်းလိုက်သည်။
ဤမြင်ကွင်းကို မြင်သောအခါ လေဟာနယ်ဘိုးဘေးနတ်ဘုရား၏ မျက်လုံးများတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သို့သော်လည်း သူသည် သိပ် သိသိသာသာကြီး ဖော်မပြခဲ့ပါဘူး။ နောက်ဆုံးတွင်, ဤအရာက သူမျှော်လင့်ထားသလို ဖြစ်နေပါသည်။ ဒါကြောင့် သူသည် ချင်ယွင် စိတ်ပြန်လည်လာရန် မျှော်လင့်ချက် အများကြီး မထားပေ။
သို့သော် ချင်ယွင်က သူ့ကို အဘယ်ကြောင့် ထပ်ခါထပ်ခါ ငြင်းဆိုရသည်ကို သူနားမလည် နိုင်ခဲ့ပေ။ သူသည် သူ၏စွမ်းရည်အားလုံးကို အခြားသူများအား မျှဝပေးလိုသည်ဟု ဆိုပါက၊ အခြားသူများမှာ အလွန်စိတ်လှုပ်ရှားပြီး မရပ်မနား ဟစ်ကြွေးနေလောက်သည်။ သို့သော် လည်း ချင်ယွင်သည် လုံးဝ မတုန်မလှုပ် တဦးတည်းသောသူ ဖြစ်သည်။
တကယ်တော့ ချင်ယွင်သည် ပညာရပ်များကို လုံလောက်အောင် ကျွမ်းကျင်ပြီးသား ဖြစ်နေပါပြီ။ ယခုအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက သူ့အား သင်ကြားပေးထားသည့် လေဟာနယ်ကြေးမှုန်ကိုပင် မချေဖျက်ရသေးပေ။ လျှို့ဝှက် ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား ပေးထားသည့် လေဟာနယ်ကြေးမှုန်ကို လေ့လာရန် သူ မည်မျှ အချိန်ရနိုင်မည်နည်း။ ထို့အပြင်၊ ဤနေရာကို လာရခြင်း၏ အဓိကရည်ရွယ်ချက် မှာ ကျင့်ကြံရန်မဟုတ်ဘဲ သူ့မိဘများ၏ တည်နေရာကို ရှာဖွေရန် ဖြစ်သည်။
"ဆရာ၊ အချိန်ဘိုးဘေးနတ်ဘုရားဆီက သတင်းကြားပြီးလား" ထိုအကြောင်းကို စဉ်းစား ရင်း ချင်ယွင်က ကမန်းကတန်း မေးလိုက်ပါသည်။
"ဟား...၊ ဟား...၊ မင်း ဒါကိုမေးမယ်ဆိုတာ ငါသိပါတယ်။ မှန်တယ်၊ အဲဒါကြောင့် ငါဒီကို ရောက်နေတာ။ အချိန်ဘိုးဘေးနတ်ဘုရားက တကယ်ပဲ သတင်းပို့တယ်။" လေဟာနယ် ဘိုးဘေးနတ်ဘုရားက ချင်ယွင်ကို ပြုံးပြသည်။
"တကယ်လား။ ဒါဆို အရမ်းကောင်းတယ်။ အချိန်ဘိုးဘေးနတ်ဘုရားက ဘယ်တော့ ပြန်လာမှာလဲ။" ချင်ယွင်သည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်မေးလိုက်သည်။ သူသည် အချိန်ဘိုးဘေးနတ်ဘုရားကို တွေ့ဆုံနိုင်ရန် အချိန် အတော်ကြာအောင် စောင့်နေခဲ့ရ သည်။ အခုတော့ နောက်ဆုံးတွင် အချိန်ဘိုးဘေးနတ်ဘုရားထံမှ သတင်းရလာခဲ့ပြီ။
လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် ချင်ယွင်၏ စိတ်လှုပ်ရှားမှုကို မြင်လိုက်ရပြီး သူ့မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် ပီပြင်လာသည်။ သူက ပြုံးပြီး ပြောသည် "စိတ်မလှုပ်ရှားပါနဲ့။ ဖြည်းဖြည်းချင်း နားထောင်ပါ။ အချိန်ဘိုးဘေးနတ်ဘုရားဆီက တကယ်ပဲ သတင်းတစ်ခု ရခဲ့တယ်။ ဒါပေမယ့် သူက ဘယ်အချိန် ပြန်မလာမလဲဆိုတာ မပြောနိုင်သေးလို့ ပြောခဲ့တယ်။ တကယ်လို့, မင်း သူ့ကိုတွေ့ချင်ရင် သူ့ကိုရှာဖို့အတွက် ရှေးခေတ်နတ်ဘုရား စစ်မြေပြင်ကို သွားလို့ရတယ်လို့ ပြောခဲ့တယ်။"
"ရှေးခေတ် နတ်ဘုရားစစ်မြေပြင်လား။ အဲဒါက ဘယ်မှာလဲ" ချင်ယွင်က အံ့ဩသော အမူအရာဖြင့် မေးလိုက်သည်။