← Chapters

အခန်း ၁၅၇၅

Vol. 105 Ch. 1575

အခန်း ၁၅၇၅

Vol. 105 Ch. 1575

အခန်း (၁၅၇၅) ကြီးစိုးလွန်းသော စီနီယာ ညီအစ်ကိုများ။

ဓားအလင်းသည် ကောင်းကင်ယံကို ဖြတ်ကျော်ကာ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ဖြတ်သန်း သွားခဲ့သည်။ ဓားအလင်းတွင်ပါရှိသော ဓားဆန္ဒသည်လည်း ကြောက်စရာကောင်းလွန်းပြီး ချင်ယွင်၏ ဦးရေပြားကို ထုံကျင်စေသည်။

"ဘယ်လောက် သန်မာတဲ့ ဓားဆန္ဒလဲ။ ငါမသေရင်တောင် ဒီဓားတိုက်ခိုက်မှုကို တားဆီးနိုင်စွမ်းမရှိမှာ ကြောက်မိတယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသော်လည်း, တားဆီးဖို့ကလွဲပြီး သူ့မှာ ရွေးချယ်စရာ မရှိတော့ပါဘူး။

"မြေနိုး၊ အကုန်ထွက်လာခဲ့စမ်း" ချင်ယွင်သည် သူ့စိတ်ထဲတွင် ဒေါသတကြီး ကျိန်ဆဲလိုက် ပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းကို တားဆီးရန် သူ၏ နတ်ဘုရားတန်ခိုး စွမ်းအား အားလုံးကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။

ဘန်း…။

သို့သော် ဤအခိုက်အတန့်တွင် သိပ်သည်းသော လေထုထဲမှ ကြီးမားသော လေဟာနယ် လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။ အမှန်တကယ်မှာလည်း ထိုကြောက်စရာကောင်း သည့် လေဟာနယ်လှိုင်းလုံးကြီးသည် ဓားအလင်းကို ပြင်းပြင်းထန်ထန် ဖြိုခွဲလိုက်ပြီး ကောင်းကင်ယံအနှံ့ ဓားစွမ်းအင်လှိုင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။

သခင်လေးလျှန်၏ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းသည် အမှန်တကယ်ပင် အလွယ်တကူ ကျိုးပျက်သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

သို့သော် သခင်လေးလျှန်သည် ဤမြင်ကွင်းကို မြင်သောအခါ သူ့မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ချင်ယွင်၏ ဦးတည်ရာဆီသို့ စိုက်ကြည့်နေသည်။ သူက အော်ပြော လိုက်သည် "ဘယ်သူလဲ၊ ထွက်လာခဲ့စမ်း.."။

သူ့အသံသည် အစွမ်းထက်သော နတ်ဘုရားတန်ခိုးနှင့် ရောနှောနေကာ လွင့်မျော နှင်းမြို့တော်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ချင်ယွင်၏ ဦးတည်ရာဆီသို့ အသက်မပါသည့် အမူအရာဖြင့် စိုက်ကြည့်နေရင်း သူနှလုံးတွေက တုန်လှုပ်သွားကြသည်။

ချင်ယွင်လည်း အနည်းငယ် မျက်မှောင်ကြုတ်ကာ ဖြစ်ပျက်ခဲ့သည်ကို လျင်မြန်စွာ သဘော ပေါက်သွားပြီး ခပ်ဖျော့ဖျော့ အပြုံးတစ်ခုကို ထုတ်ဖော်လိုက်မိပါသည်။

"ငါတို့ရဲ့ဂျူနီယာညီလေးကို ထိရဲလောက်အောင် ဒီလောက် မောက်မာတဲ့လူကို ငါ တွေ့ချင်မိတယ်"။

အမှန်မှာလည်း၊ သခင်လေးလျှန်၏အသံ ပြီးဆုံးသွားပြီး မကြာမီပင် သွယ်လျသော ရုပ်အသွင်နှစ်ခုသည် လေဟာနယ်ထဲမှ ဖြည်းညှင်းစွာ ထွက်လာပြီး ပြင်းထန်သော အငွေ့အသက်များလည်း ထွက်ပေါ်လာသည်။

လေဟာနယ်ထဲကနေ လျှောက်ထွက်လာသည့် ထိုလူနှစ်ယောက်ကို တွေ့လိုက်ရတော့ လူတိုင်း အံ့သြသွားကြသည်။ ထင်ရှားသည်မှာ ဤလူနှစ်ယောက်၏ ရုတ်တရက် ထွက်ပေါ်လာခြင်းက သူတို့နှင့် သိပ်မရင်းနှီးသလို ခံစားလိုက်ရသည်။

သို့သော်လည်း လျှန်ဖန်သည် မျက်ခုံးတွန့်သွားကာ၊ သူတို့နှစ်ဦးကို စိုက်ကြည့်နေသည်။ အထူးသဖြင့် အရပ်မြင့်မြင့် လူလတ်ပိုင်းအရွယ် အမျိုးသားကို ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ချင်ယွင်၏ စတုတ္ထ စီနီယာအစ်ကိုဖြစ်သူ လျှိုဖန်းဟွာနှင့် ဒုတိယ စီနီယာ အစ်ကို ယုထန်းနူမှလွဲ၍ အခြားလူများ မဟုတ်ပေ။ စောစောက စကားပြောခဲ့သည့်လူက သူ၏ဒုတိယစီနီယာအစ်ကို ယုထန်းနူ ဖြစ်သည်။

ဤတိုက်ပွဲက သူတို့နှစ်ဦးအား သတိထားမိစေလိမ့်မည်ဟု ချင်ယွင်သည် အချိန်အကြာကြီး ကတည်းက မျှော်လင့်ထားသော်လည်း သူ့စီနီယာအစ်ကို နှစ်ယောက်သည် ဤအရေးကြီး သော အခိုက်အတန့်၌ မားမားမတ်မတ် ရပ်တည်ရန် ထွက်ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သို့သော် သူ့ရင်ထဲတွင် နွေးထွေးမှုကို ခံစားရဆဲဖြစ်သည်။

တကယ်တော့, သူနှင့် ယုထန်းနူ, လျှိုဖန်းဟွာတို့သည် ခင်မင်ရင်းနှီးသည့် သူငယ်ချင်းများ မဟုတ်ကြသေးသလို တစ်ယောက်ကိုတစ်ယောက် သိသည်မှာလည်း မကြာသေးပေ။ ယုထန်းနူနှင့် လျှိုဖန်းဟွာတို့သည် သူ့ကို အမြဲပြုံးပြပြီး သူတို့၏ ပါးစပ်ကို ပိတ်ထားကြ သောကြောင့်, ယုထန်းနူနှင့် လျှိုဖန်းဟွာတို့သည် သူ့ပါရမီအရည်အချင်းများကိုသာ နှစ်သက်ကြပြီး၊ သူနှင့် နက်ရှိုင်းသော ခင်မင်မှုမျိုးမရှိဟု ချင်ယွင် ခံစားရသေးသည်။

မူလကတည်းက သူတို့သည် ဤမုန်တိုင်းကြီးမှ ဘေးထွက်နေနိုင်သော်လည်း အဆုံးတွင်, သူတို့သည် ရှေ့ထွက်လာရန် ရွေးချယ်ခဲ့ကြသေးသည်။ ဆိုလိုသည်မှာ သူတို့သည် သူ့ကို သူတို့၏ဂျူနီယာညီငယ်အဖြစ် အသိအမှတ် ပြုထားသောကြောင့်သာ ဖြစ်ပါသည်။ ထို့ကြောင့် ချင်ယွင်၏နှလုံးသားသည် အရမ်းကို ထိမိသွားခဲ့ရသည်။

"ကျွန်​​တော်​တို့ကို ကယ်​တင်​​ပေးတဲ့အတွက် စီနီယာအစ်ကို နှစ်​​ယောက်​ကို ​ကျေးဇူးတင်​ပါတယ်​။" ချင်ယွင်က ကျေးဇူးတင်စကားဆိုသည်။

ယုထန်းနူ သူ့လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းပြလိုက်သည်။

လျှိုဖန်းဟွာက တဟားဟား ရယ်မောပြီး ပြောသည် "ဂျူနီယာညီငယ်လေး၊ မင်းက ငါတို့ကို အပြင်လူလို ဆက်ဆံနေတာပဲ။ ငါတို့က ဂိုဏ်းတူညီအစ်ကိုတွေလေ။ မင်းကို အကြောင်းပြချက်မရှိဘဲ အနိုင်ကျင့်တာကို ငါတို့က ဘယ်လိုလုပ် ကြည့်နေနိုင်မလဲ။ တကယ်လို့, ဆရာကြီးသာ ဒီအကြောင်းကို သိသွားရင် သူ ငါတို့ကို သေတဲ့အထိ ကြိမ်းမောင်းလို့ ဆုံးမှာမဟုတ်တော့ဘူး”။

ထိုစကားကို ကြားတော့ ချင်ယွင်သည် ပြုံးပြလိုက်သော်လည်း သူ့ရင်ထဲမှာတော့ ပိုနွေးထွေးသွားသလို ခံစားလိုက်ရသည်။

လျှိုဖန်းဟွာသည် သူ့ဆရာသခင်၏ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြောက်ရွံ့သည်ဟု ပြောဆို ခဲ့သော်လည်း ချင်ယွင်က သူ၏လိမ္မာပါးနပ်သော စကားတွေပဲဆိုတာ သိပါသည်။ အမှန်မှာ၊ လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် ထိုအသေးအဖွဲကိစ္စများကို ဂရုမစိုက်ပါ။

"ကျေးဇူးတင်ပါတယ်!" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ယုထန်းနူနှင့် လျှိုဖန်းဟွာတို့သည် သူ့ကို ဂျူနီယာညီငယ်အဖြစ် ဆက်ဆံခဲ့ကြသော ကြောင့်၊ ချင်ယွင်သည် သူတို့အား သူ့စိတ်နှလုံးထဲမှ သဘာဝအတိုင်း လေးစားလာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတို့၏ကြင်နာမှုကိုလည်း တိတ်တဆိတ် သတိရနေခဲ့သည်။ သူသည် အမြဲတမ်း ယခုလိုစိတ်မျိုး ရှိသူဖြစ်သည်။ အကယ်၍, အခြားလူတွေက သူ့ကို ခြေတစ်လှမ်း လေးစားမည်ဆိုလျှင်, သူသည် ဆယ်ပေလောက် ပြန်လေးစားသူ ဖြစ်သည်။

ယုထန်းနူနှင့် လျှိုဖန်းဟွာတို့သည် ချင်ယွင်ကို မကြည့်တော့ပါ။ ယင်းအစား သူတို့သည် အဝေးက လျှန်ဖန်ကို ကြည့်ပြီး သူတို့မျက်လုံးတွေက ဒေါသတွေနှင့် ပြည့်နေခဲ့သည်။

"ကောင်စုတ်, မင်းက ငါ့ညီငယ်ကို သတ်ချင်နေတာလား။ မင်းက သေချင်နေတာလား။" ယုထန်းနူက ဒေါသတကြီး ပြောလိုက်ပြီး သူ့မျက်လုံးတွေက သတ်ဖြတ်လိုသည့် အရိပ်မြွက်ကို သယ်ဆောင်လာသည်။

ပတ်ဝန်းကျင်မှလူများသည် ထိုစကားကိုကြားပြီး အားလုံး အံ့သြသွားကြသည်။ ရုတ်တရက် ထွက်ပေါ်လာသော လူနှစ်ယောက်သည် လျှန်ဖန်ကို ဤကဲ့သို့ ပြောဆိုဝံ့လိမ့် မည်ဟု သူတို့ မထင်ထားခဲ့ပေ။ လျှန်ဖန်၏ ကိုယ်ရေးအချက်လတ်သည် နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကဲ့သို့ မရိုးရှင်းကြောင်း သိထားရမည် ဖြစ်သည်။ သူသည် ဘိုးဘေးနတ်ဘုရားတစ်ပါး၏ သားတော်ဖြစ်ပြီး၊ သူ၏ ကိုယ်ရေး အချက်က မြင့်မြတ်လွန်းသည်။ အထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူ အချို့ပင်လျှင် သူ့ကိုမြင်သောအခါ ပို၍ လေးစားမူ ပြရပေလိမ့်မည်။ သို့သော် ရုတ်တရက် ပေါ်လာသော ဤလူနှစ်ယောက်သည် လျှန်ဖန်ကို လုံးဝ လျစ်လျူရှုထားပုံရ သည်။

"ဟုတ်တယ်၊ ငါ သူ့ကို သတ်ချင်တယ်၊ မင်းတို့က ဘယ်သူလဲ" လျှန်ဖန်က အေးစက်စက် ပြောပြီး သူ့လေသံက သဘာဝအတိုင်း မောက်မာသည့်သဘောကို သယ်ဆောင်လာသည်။

ဘိုးဘေးနတ်ဘုရားတစ်ပါး၏ သားတော်တစ်ဦးအနေဖြင့်၊ သူ့တွင် သဘာဝအားဖြင့် သူ့မာန်မာန ရှိသည်။ အခု ထိုလူသည် သူ့ကို သေချင်နေလားဟု ပြောဆိုရဲသည်။ သူ မည်သို့ ဒေါသမထွက်ဘဲ နေမည်နည်း။

"ကောင်းပြီ, ဒါဆို, မင်း ဒီနေ့ အသက်ရှင်နေစရာ မလိုတော့ဘူး။ မင်းက ငါတို့ရဲ့ ဂျူနီယာ ညီငယ်ကိုတောင် သတ်ဝံ့တယ်။ ငါယုထန်းနူကို သက်သတ်လွတ်သမားလို့ မင်း တကယ် ထင်နေတာလား။" ယုထန်းနူက အေးစက်စွာ ဟစ်အော်လိုက်ပြီး တိုက်ခိုက်ရန် ပြင်ဆင် လိုက်သည်။

"စီနီယာ အစ်ကို၊ ငါ လုပ်ပါရစေ။ ဒီကောင်က စီနီယာအစ်ကိုရဲ့ ကြိုးစားအားထုတ်မှုနဲ့ မထိုက်တန်ပါဘူး။ ငါ သူ့ကို ရင်ဆိုင်နိုင်ပါတယ်" လျှိုဖန်းဟွာက ပြောသည်။

ယုထန်းနူသည် လျှိုဖန်းဟွာကို စိုက်ကြည့်ကာ ရယ်မောကာ ပြောသည် "ကောင်းပြီ၊ ငါ မင်းကို အချိန်ကောင်းလေး ပေးလိုက်မယ်။ သူက ငါတို့လူတွေကို ထိရဲမှတော့ မင်း ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သိအောင် ပြောပြလိုက်ပါ"။

"စိတ်မပူပါနဲ့၊ မင်း အဲလိုပြောနေစရာတောင် မလိုပါဘူး။ နောင်တဆိုတာ ဘာလဲ သိသွားရ အောင် သူ့ကို အသိပေးဖို့ ငါ အာမခံနိုင်ပါတယ်" လျှိုဖန်းဟွာက ပြုံးပြီး ပြောလိုက်သည်။ ထို့နောက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လျှန်ဖန်ကို ကြည့်လိုက်သည်။

လျှန်ဖန်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်လုံးထဲတွင် ဒေါသများက ပိုမိုပြင်းထန်လာသည်။

ယုထန်းနူတစ်ယောက်သာ သူ့အား အန္တရာယ်ပေးနိုင်သည်ဟူသော ခံစားချက်ကို ဖြစ်ပေါ် စေသည်။ နောက်ဆုံးတွင် ယုထန်းနူ၏ ကျင့်ကြံမှုသည် နှောင်းပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ်တွင် ရှိနေခဲ့ပြီး၊ ဤလူငယ်၏ကျင့်ကြံမှုသည် ကောင်းကင်နတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့်တွင်သာ ရှိသေးသည်။ ကောင်းကင်နတ်ဘုရား အလယ်အလတ် အဆင့် ကျင့်ကြံသူတစ်ဦးက အမှန်တကယ်ပင် သူ့ကို နောင်တရရမည်ဟု သတ္တိရှိရှိ ပြောဆိုနေသည်။

"ချာတိတ်၊ မင်း ဘယ်သူနဲ့ စကားပြောနေလဲဆိုတာ သိရဲ့လား" လျှန်ဖန်က အေးစက်စွာ မေးလိုက်သည်။

သို့သော် သူပြောပြီးသည်နှင့် သူ့အမူအရာ ချက်ချင်း ပြောင်းသွားသည်၊ အကြောင်းမှာ သူ့ရှေ့မှ လူငယ်လေးသည် လေထုထဲတွင် အမှန်တကယ် ပျောက်ကွယ်သွားသောကြောင့် ဖြစ်သည်။

"လေဟာနယ်ကူးပြောင်းခြင်းလား?" လျှန်ဖန်၏ သူငယ်အိမ်များသည် ချက်ခြင်းပင် ကျုံ့သွားခဲ့ပြီး သူ့စိတ်ထဲမှာ စကားလုံးနှစ်လုံး ထွက်ပေါ်လာသည်။ သူသည် အလွန်မင်း တုန်လှုပ်သွားခဲ့သည်။

အင်မော်တယ်ကမ္ဘာတွင် တည်နေရာကူးပြောင်းရန် အလွန်ရိုးရှင်းသော်လည်း နတ်ဘုရား ကမ္ဘာတွင်မူ တည်နေရာကူးပြောင်းရန် သာမန်အထွတ်အထိပ် ကောင်းကင်နတ်ဘုရား နယ်ပယ်ကျွမ်းကျင်သူများပင် ထိုသို့လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ လေဟာနယ် ထိန်းချုပ်သူများသာ ထိုကဲ့သို့ လုပ်ဆောင်နိုင်ပြီး ၎င်းတို့သည် အလွန်အစွမ်းထက်သော လေဟာနယ်ထိန်းချုပ်သူများ ဖြစ်သည်။

ချင်ယွင်နှင့် အခြားလူများသည် ၎င်းကို လေဟာနယ်ဖြတ်သန်းသွားလာခြင်းဟုသာ ယူဆကြသော်လည်း တည်နေရာကူးပြောင်းခြင်းသည် လေဟာနယ်ဖြတ်သန်းသွားလာ ခြင်းထက် များစွာပို၍ အားကောင်းပါသည်။ ထို့ကြောင့် လျှန်ဖန်သည် လျှိုဖန်းဟွာ၏ သိပ်သည်းသောလေထုထဲသို့ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

သို့သော်, သူ မတုံ့ပြန်နိုင်ခင်မှာ လက်ဖဝါးတစ်ဖက်က လေဟာနယ်ထဲကနေ ဆန့်ထွက်လာပြီး သူ့ရင်ဘတ်ကို ချက်ချင်း ရိုက်ချလိုက်သည်။

ဤလက်ဖဝါး ရိုက်ချက်သည် ရုတ်တရက်ဆန်လွန်းပြီး အလွန်မင်း မြန်ဆန်လွန်းသည်။ အထွက်အထိပ် ကောင်းကင်နတ်ဘုရားများပင်လျှင် တုံ့ပြန်ရန် အချိန်မရနိုင်ပေ။ ထို့ကြောင့် သူ့တစ်ကိုယ်လုံး ချက်ခြင်း လွင့်ပျံသွားခဲ့သည်။

"ဘုန်း…."

ကောင်းကင်တုန်ခါသည့် ပေါက်ကွဲသံနှင့်အတူ လျှန်ဖန်၏ ခန္ဓာကိုယ်သည် မိုင်တစ်ရာနီးပါး နောက်သို့ လွင့်ပျံသွားခဲ့သည်။ လမ်းတစ်လျှောက်ရှိ အဆောက်အဦများ အားလုံး ပျက်စီးခဲ့ပြီး ရှည်လျားပြီး ကြီးမားသော လျှိုမြောင်ကြီးတစ်ခု ကျန်ရစ်ခဲ့သည်။

ပတ်ဝန်းကျင်မှလူတိုင်း ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့ပါးစပ်တွေက ကျယ်လောင်စွာ ပွင့်နေကြပြီး၊ သူတို့သည် တုန်လှုပ်ခြောက်ခြားလွန်းသဖြင့် စကားပင် မပြောနိုင်ကြပေ။

စာစဉ် (၁၀၅) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters