အခန်း (၁၉၃-၁၉၄)
Vol. 20 Ch. 193-194
အခန်း (၁၉၃) ကမ္ဘာမြေသို့ ပြန်သွားချင်သည်
ကောင်းယွမ်သည် သူ၏ တုံ့ပြန်မှုများမှာ ယခုအခါ များစွာ နှေးကွေးသွားပြီး စိတ်ထဲတွင်လည်း လုံးဝ ရှုပ်ထွေးနေကြောင်းကို ခံစားလိုက်ရလေသည်။ ရုတ်တရက် ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ပုံသဏ္ဍာန်ပြောင်းလဲစက်မှာ ပျက်စီးသွားခဲ့ပြီ ဖြစ်ပေသည်။
ကောင်းယွမ်သည် လူသားပုံစံသို့ ပြန်လည်ပြောင်းလဲသွားပြီး ချက်ချင်းပင် သူ၏ လည်ပင်းကို ဆုပ်ကိုင် ထားလိုက်ရလေတော့သည်။ လေမရှိတော့ဘဲ အလွန်ပြင်းထန်သော အပူဒဏ်ကြောင့် ကောင်းယွမ်သည် သေတော့မည်ဟု ခံစားလိုက်ရပေသည်။
ကျန်ရှိနေသေးသော အသိစိတ်ဖြင့် ဦးနှောက်လှိုင်းမှတစ်ဆင့် ထိန်းချုပ်နိုင်သည့် သူ၏ စစ်သင်္ဘောကို ခေါ်ယူလိုက်လေတော့သည်။ ဤအချိန်တွင် သူ၏ အခြေအနေကို ဖော်ထုတ်ခံရမည်ကို ဂရုမစိုက်နိုင် တော့ဘဲ အသက်ရှင်သန်ရေးမှာ အရေးကြီးဆုံး ဖြစ်နေခဲ့ပေသည်။
စစ်သင်္ဘော ပျံသန်းလာသည်နှင့်အမျှ တံခါးပွင့်သွားကာ စက်ရုပ်လက်တံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
ကောင်းယွမ် ကယ်တင်ခံရတော့မည် ဖြစ်သည်။
သို့သော် နောက်တစ်စက္ကန့်မှာပင် သူ့ဘေးရှိ မြွေလူသားက သူ့အား သယ်ဆောင်သွားခဲ့လေတော့သည်။
*သေစမ်း...*
အရာအားလုံး အဆုံးသတ်သွားခဲ့ပြီ ဖြစ်လေသည်။
စစ်သင်္ဘောက သူ၏နောက်သို့ လိုက်ပါလာသည်ကို ကောင်းယွမ် ကြည့်နေရင်း သူ၏ အသိစိတ်မှာ အမှောင်ထုထဲသို့ ကျဆင်းသွားခဲ့လေတော့သည်။
သူ နိုးလာသောအခါ စစ်သင်္ဘော၏ အမိန့်ပေးထိန်းချုပ်ခန်းထဲတွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရ သဖြင့် ချက်ချင်းပင် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားခဲ့လေသည်။
စစ်သင်္ဘောမှာ ယုံကြည်စိတ်ချရပြီး သူ့ကို ကယ်တင်နိုင်ခဲ့ပေသည်။
သူ မည်သည့်နေရာသို့ ရောက်နေသည်ကို သိရှိနိုင်ရန် သင်္ဘော၏ စောင့်ကြည့်ရေးစနစ်ကို ချက်ချင်း စစ်ဆေးလိုက်လေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ လုံးဝ ဆွံ့အသွားခဲ့ရလေသည်။
မြွေနှင့်တူသော လူတစ်စုက သူ့အား လက်ညှိုးထိုးကာ အမူအရာအမျိုးမျိုး လုပ်ပြနေကြပေသည်။
သူ လှုပ်ရှားသွားသည်ကို မြင်သောအခါ ထိုအုပ်စုသည် စိတ်လှုပ်ရှားစွာဖြင့် ရှူးရှူးရှားရှား အသံများ ပြုလုပ်လိုက်ကြလေသည်။
ဤနေရာက မည်သည့်နေရာဖြစ်မည်ကို သူ တွေးနေမိလေသည်။
ကောင်းယွမ်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အဆောက်အအုံများ ဝန်းရံနေပြီး အချို့မှာ လေထဲ တွင် ပေါ်လောပေါက်နေကာ ရေပေါ်ကျွန်းများပင် ရှိနေကြောင်း တွေ့လိုက်ရပေသည်။
ကောင်းကင်ကြီးမှာ ခရမ်းရောင်ဖြစ်နေပြီး တစ်ခါတစ်ရံ အပြာရောင်အလင်းတန်းများ လင်းလက်သွား တတ်လေသည်။
ကောင်းယွမ်သည် စစ်သင်္ဘောကို ပျံသန်းထွက်ခွာရန် အမိန့်ပေးရန် ကြိုးစားခဲ့သော်လည်း စစ်သင်္ဘော စတင်သည်နှင့် တစ်ပြိုင်နက် ကန့်သတ်ခံလိုက်ရပြီး လုံးဝ ပျံတက်၍ မရတော့ပေ။
အပြင်ဘက်တွင် မြွေလူသားတစ်ဦးက ရှင်းလင်းတင်ပြမှုတစ်ခု လုပ်ဆောင်နေလျက်ရှိလေ၏။
ကောင်းယွမ်၏ ပုံသဏ္ဍာန်ပြောင်းလဲစက်မှာ ယခုအခါ ပျက်စီးသွားပြီဖြစ်ရာ ဤမြွေဘာသာစကားများ ကို သူ လုံးဝ နားမလည်နိုင်တော့ဘဲ သူတို့ မည်သည်တို့ကို ပြောဆိုနေကြကြောင်း မသိနိုင်တော့ပေ။
ထိုစဉ် သူ၏ လက်ကောက်ဝတ်ရှိ စက်ပစ္စည်းမှ အသိပေးသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
"စကြာဝဠာသုံး ဘာသာပြန်စက်ကို ဖွင့်ရမလား..."
"စကြာဝဠာသုံး ဘာသာပြန်စက်ကော ရှိတာလား..."
"ဆက်သွယ်မှုအားလုံးကို ဦးနှောက်လှိုင်းကနေတစ်ဆင့် လုပ်ဆောင်တာပါ... ဦးနှောက်လှိုင်းတွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာမှုတွေအပေါ် အခြေခံပြီး စကြာဝဠာသုံး ဘာသာပြန်စက်ကို ဖန်တီးထားတာပါ..."
"ဖွင့်လိုက်ပါ..."
ဤဘာသာပြန်စက်သည် ကမ္ဘာမြေပေါ်ရှိ ဘာသာစကားအားလုံးကို ဘာသာပြန်ပေးနိုင်ကြောင်းကိုသာ ကောင်းယွမ် သိထားခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း သူသည် ၎င်းကို မကြာခဏ အသုံးပြုလေ့မရှိဘဲ အာကာသ ရူပဗေဒ ဓာတ်ခွဲခန်းရှိ နိုင်ငံ ခြား သိပ္ပံပညာရှင်များနှင့် ဆက်သွယ်ရာတွင် တစ်ခါတစ်ရံမှသာ အသုံးပြုလေ့ရှိပေသည်။
စက်ကို ဖွင့်လိုက်ပြီး မကြာမီမှာပင် အပြင်ဘက်မှ အသံများကို ကြားလာရလေသည်။
ထိုအသံများအားလုံးကို ဘာသာပြန်ပေးထားခြင်း ဖြစ်၏။
ကောင်းယွမ် ကြားလိုက်ရသော မြွေအမျိုးသမီး ပြောသည့် စကားများမှာ...၊
"အံ့ဖွယ်တိရစ္ဆာန်ကမ္ဘာ ဖြစ်တဲ့ ဖူမြို့ကနေ ကြိုဆိုပါတယ်..."
"အခု မြင်တွေ့နေရတာကတော့ အလင်းနှစ် (၄၇၄) နှစ် ကွာဝေးတဲ့ နေအဖွဲ့အစည်းက သက်ရှိတစ်မျိုးပဲ ဖြစ်ပါတယ်... သူတို့ဟာ အောက်ဆီဂျင်လိုအပ်တဲ့ သက်ရှိတွေဖြစ်ပြီး အောက်ဆီဂျင်မရှိရင် သေဆုံး သွားလိမ့်မယ်လို့ ဆိုကြပါတယ်..."
ပတ်ဝန်းကျင်ရှိ မြွေလူသားများထံမှ အံ့ဩတကြီး ရေရွတ်သံများ ထွက်ပေါ်လာခဲ့လေသည်။
"ဘုရားရေ... အောက်ဆီဂျင်ကို ရှူရှိုက်တာတဲ့လား..."
"အောက်ဆီဂျင် ရှူတာတောင် မသေဘူးဆိုတာ အံ့ဩစရာပဲ..."
"သူတို့ကို ကြည့်ပါဦး... ကျွန်တော်တို့နဲ့ မျက်နှာချင်းတူပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းက အရမ်းထူးဆန်းတယ်... သူတို့က လက်မောင်းတွေနဲ့ လမ်းလျှောက်နေကြတာပဲ ဟားဟား..."
"အောက်ဆီဂျင်ကို မကြောက်တဲ့ သက်ရှိတွေ တကယ်ရှိတယ်ဆိုတာကို အမေ့ကို ပြချင်လိုက်တာ..."
ဤစကားများကို ကြားလိုက်ရသောအခါ ကောင်းယွမ်မှာ မှင်သက်သွားခဲ့ရလေသည်။
သူ သေချင်စိတ်ပင် ပေါက်သွားခဲ့လေ၏။
သူသည် ကမ္ဘာမြေပေါ်တွင် ဩဇာလွှမ်းမိုးမှုရှိသော အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ကမ္ဘာမြေ၏ သရဖူမဲ့ဘုရင်တစ်ပါးဟုပင် ဆိုနိုင်ပေသည်။
ဤနေရာတွင် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဆက်ဆံခံရခြင်းမှာ ရှက်ဖွယ်ကောင်းလှပေသည်။
ယင်းမှာ အလွန် ဂုဏ်သိက္ခာကျဆင်းဖွယ်ကောင်းလှပေ၏။
ဖမ်းဆီးခံရပြီးနောက် သတင်းပို့ခံရကာ မြွေလူသားများအတွက် ကစားစရာတစ်ခုအဖြစ် ဤနေရာသို့ ပို့ဆောင်ခံလိုက်ရခြင်း ဖြစ်ပေမည်။
"ဒီသက်ရှိကို လူသားလို့ ခေါ်ပြီး မြောက်ပိုင်းကြယ် အဖွဲ့အစည်းမှာ လူသားတွေ ပထမဆုံးအကြိမ် ပေါ် လာတာပါ... အချက်အလက်တွေအရ လူသားတွေရဲ့ သက်တမ်းဟာ အနှစ် (၁၀၀) ဝန်းကျင်ရှိပြီး သူတို့ရဲ့ ခန္ဓာကိုယ်အပူချိန်က ပုံမှန် (၃၆) ဒီဂရီစင်တီဂရိတ် ဝန်းကျင်မှာ ရှိနေပါတယ်... ပြီးတော့ သူတို့ဟာ တစ်နေ့ကို စွမ်းအင်ကယ်လိုရီ (၁၅၀၀) စားသုံးဖို့ လိုအပ်ပါတယ်..."
"ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်ထိန်းထားရတယ်... အဲဒါက စွမ်းအင်ကို အလဟဿ ဖြုန်းတီးတာပဲ... လူသားတစ်ယောက်ဟာ ငါတို့ထက် စွမ်းအင်ဆယ်ဆ ပိုပြီး စားသုံးရတာပဲ..."
"အသက်တစ်ရာပဲ နေရတာလား... သက်တမ်းက အရမ်းတိုလွန်းတယ်..."
"အခု လူသားတွေတောင် ရောက်လာပြီဆိုတော့ ကျွန်တော်တို့ကော နေအဖွဲ့အစည်းကို ခရီးသွားလို့ ရပြီလား..."
ကောင်းယွမ်သည် သူ၏ ခေါင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ထားကာ မျက်နှာကို ရင်ဘတ်ထဲသို့ အပ်ထား လိုက်လေသည်။
သူ ပေါ့ဆသွားခဲ့ပေသည်။ အခုတော့ သူ ပြန်သွားနိုင်မည်လားဆိုသည်ကိုပင် မသိတော့ပေ။
သူ၏ ဘဝတစ်လျှောက်လုံး ဤနေရာမှာ မျောက်တစ်ကောင်လို ဆက်ဆံခံရပြီး စောင့်ကြည့်ခံနေရဖို့ပဲ ကံကြမ္မာက ဖန်တီးထားတာလားဟု တွေးမိလေသည်။
သူ့တွင် လုပ်စရာများစွာ ကျန်ရှိနေသေးပေသည်။
ထို့အပြင် ထိုကြည့်ရှုသူများ၏ စကားများက သူ ဤနေရာသို့ ရောက်ရှိနေခြင်းနှင့် ဖမ်းဆီးခံရခြင်းသည် သူ၏ စိတ်လိုက်မာန်ပါ လုပ်ရပ်များ ဖော်ထုတ်ခံလိုက်ရပြီဖြစ်ကြောင်း ကောင်းယွမ်ကို သတိပေးလိုက် သကဲ့သို့ ဖြစ်နေလေသည်။
အဆင့်မြင့်ယဉ်ကျေးမှုသည် လူသားမျိုးနွယ်ကို ပိတ်ဆို့လိုက်မည်လားဆိုသည်ကို သူ စိုးရိမ်မိလေသည်။
ဤအရာကို တွေးမိသောအခါ ကောင်းယွမ်သည် ခါးသီးစွာ ပြုံးလိုက်လေ၏။
မိမိကိုယ်တိုင်ပင် ဤအခြေအနေသို့ ရောက်နေပြီဖြစ်ရာ အခြားသူများ ပိတ်ဆို့မည် မပိတ်ဆို့မည်ကို အဘယ်ကြောင့် စိုးရိမ်ပူပန်နေရမည်နည်းဟု သူ တွေးလိုက်မိလေသည်။
ယင်းက မည်သည့်အဓိပ္ပာယ် ရှိမည်နည်း။
သူသည် အတွေ့အကြုံ နုနယ်လွန်းခဲ့ပေသည်။
အချိန်မည်မျှ ကြာသွားသည်ကို မသိရသော်လည်း အပြင်ဘက်ရှိ ကောင်းကင်ကြီးမှာ ရုတ်တရက် မှောင် မိုက်သွားကြောင်း ကောင်းယွမ် သတိပြုမိလိုက်လေသည်။ မူလ ခရမ်းရောင် ကောင်းကင်ကြီးမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး တစ်ဖက်မှ မှိန်ပျပျ လိမ္မော်ရောင်အလင်းတန်းတစ်ခု ပျံ့နှံ့လာခဲ့လေသည်။
သူ့အား ကြည့်ရှုနေကြသော မြွေလူသားအုပ်ကြီးမှာ ရုတ်တရက် အော်ဟစ်ကာ ထွက်ခွာသွားကြလေ တော့သည်။
"အအေးလှိုင်း ဝင်လာပြီ... အိမ်ကို မြန်မြန်ပြန်ကြ... မြေအောက်မြို့တော်ထဲကို မြန်မြန်ဝင်ကြ... မဟုတ် ရင် အေးခဲသွားလိမ့်မယ်..."
နွေးထွေးသော လိမ္မော်ရောင်အလင်းတန်း ထိတွေ့သွားသော နေရာများတွင် အဖြူရောင် နှင်းခဲအနည်း ငယ် ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ကောင်းယွမ် အံ့ဩသွားခဲ့လေသည်။
ဒါပဲလားဟု သူ တွေးလိုက်မိလိုက်လေသည်။
*ဒါက သိပ်ပြီးလဲ ပါဘူး… နှင်နည်းနည်းပဲရှိတာ မဟုတ်ဘူးလား… ဒါကို အေးခဲတယ်လို့ခေါ်နေ တာလား…* ဟု သူ တွေးနေမိလေသည်။
ကောင်းယွမ် တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် စစ်သင်္ဘော၏ ပြတင်းပေါက်များတွင် နှင်းခဲ ပုံစံများ တစ်ခုပြီးတစ်ခု ဖုံးလွှမ်းလာသည်ကို ရုတ်တရက် သတိပြုမိလိုက်လေသည်။
စစ်သင်္ဘော၏ စနစ်များက ချက်ချင်းပင် သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်လေ၏။
"အပြင်ဘက် အပူချိန်ဟာ အနုတ် (၁၀၂) ဒီဂရီစင်တီဂရိတ် ဖြစ်ပါတယ်... စစ်သင်္ဘောက အခန်းတွေကို အပူပေးဖို့အတွက် အရန်အပူပေးစနစ်ကို စတင်တော့မှာပါ..."
ကောင်းယွမ်သည် ပါးစပ်အဟောင်းသားဖြင့် အံ့ဩမှင်သက်စွာ ကြည့်နေမိလေတော့သည်။ အနုတ် (၁၀၂) ဒီဂရီစင်တီဂရိတ်ဆိုသည်မှာ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတို့ထက်ပင် အဆမတန် ပို၍ အေးခဲနေခြင်း ဖြစ်လေတော့သည်။
သူ၏ ပတ်ဝန်းကျင်တွင် မြွေလူသားများ တစ်ဦးမျှ မကျန်တော့ကြောင်း ကောင်းယွမ် သတိပြုမိလိုက် လေသည်။
သူ ရုတ်တရက် သတိဝင်သွားခဲ့လေသည်။ ဤအရာက သူ့အတွက် ထွက်ပြေးရန် အကောင်းဆုံး အခွင့်အရေး မဟုတ်ပါလားဟု သူ တွေးလိုက်မိပေသည်။
ကောင်းယွမ်သည် စစ်သင်္ဘောကို နောက်တစ်ကြိမ် စတင်ရန် ကြိုးစားခဲ့သော်လည်း လုံးဝ ရွေ့လျား၍ မရခဲ့ပေ။ ပတ်ဝန်းကျင်ကို စစ်ဆေးရန် စစ်သင်္ဘော၏ စောင့်ကြည့်ရေးစနစ်ကို အသုံးပြုခဲ့သော်လည်း ထိုနေရာတွင် မည်သည့်အရာမျှ မရှိနေခဲ့ပေ။
သို့သော် ယင်းက ပျံသန်း၍ မရနိုင်သေးပေ။
နောက်ကွယ်ရှိ အခြေခံသဘောတရားမှာ အဘယ်အရာ ဖြစ်မည်နည်း။
အကယ်၍ ကန့်သတ်ချက် တစ်စုံတစ်ရာ ရှိနေပါက ကောင်းယွမ်သည် လေဆာအမြောက် သို့မဟုတ် ဆန့်ကျင်ဘက်ဒြပ်ထုကို အသုံးပြု၍ ဖောက်ထွက်နိုင်သော်လည်း ယခုအခါ သူ မည်သည့်အရာကိုမျှ မြင်ရခြင်းမရှိပေ။ စစ်သင်္ဘောသည် မြေပြင်ပေါ်တွင် ရပ်တန့်နေသည်မှာ ထင်ရှားသော်လည်း အဘယ် ကြောင့် ပျံသန်း၍ မရနိုင်ပါသနည်း။
သံလိုက်စက်ကွင်းများကြောင့် ဖြစ်မည်လားဟု သူ တွေးမိလိုက်လေသည်။
သို့မဟုတ် ဆွဲငင်အားစက်ကွင်းတစ်ခုကြောင့် ဖြစ်မည်လားဟုလည်း စဉ်းစားမိလေ၏။
ကောင်းယွမ်သည် သေချာစွာ မသိနိုင်ခဲ့ပေ။
သို့သော် ယခုမှ ထွက်မသွားနိုင်ပါက သူ့အတွက် နောက်ထပ် အခွင့်အရေး ရနိုင်တော့မည် မဟုတ်ပေ။
အပေါ်သို့ ပျံတက်၍ မရနိုင်ပါက အောက်ဘက်သို့ ပျံသန်းရမည် ဖြစ်လေသည်။
စစ်သင်္ဘော၏ အင်ဂျင်များကို အမြင့်ဆုံးအထိ မြှင့်တင်ကာ မြေပြင်ကို ဝင်တိုက်လိုက်ရာ ရုတ်တရက် နားကွဲမတတ် မြည်ဟီးသံကြီးတစ်ခု ထွက်ပေါ်လာခဲ့လေတော့သည်။
မြေပြင်ပေါ်တွင် ဧရာမ တွင်းကြီးတစ်ခု ပေါ်လာပြီး စစ်သင်္ဘော လွတ်မြောက်မသွားမီ သူ၏ ခန္ဓာကိုယ် မှာ ပြုတ်ကျသွားသကဲ့သို့ ကောင်းယွမ် ခံစားလိုက်ရပေသည်။
သူသည် ဆက်၍ မနေရဲတော့ဘဲ ကောင်းကင်ယံသို့ တိုက်ရိုက် ပျံတက်သွားခဲ့လေတော့သည်။
သူ၏ နေရာမှနေ၍ အောက်ဘက်ရှိ ကမ္ဘာကြီးကို ငုံ့ကြည့်လိုက်ရာ မိုးကုတ်စက်ဝိုင်းပေါ်တွင် ကောင်း ကင်၏ ငါးပုံတစ်ပုံခန့် နေရာယူထားသော ဧရာမ လိမ္မော်ရောင်စက်လုံးကြီးတစ်ခုကို ကောင်းယွမ် မြင်လိုက်ရလေသည်။ ဤဂြိုဟ်ကြီးမှာ မျိုချခံရတော့မည့်အလား ဖြစ်နေပြီး ၎င်း၏ တစ်ဖက်တွင် သေးငယ်သော အပြာရောင် နေမင်းတစ်စင်း ရှိနေခဲ့ပေသည်။
မြောက်ပိုင်းကြယ် အဖွဲ့အစည်းသည် ကြယ်သုံးပွင့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ကောင်းယွမ် မှတ်မိ နေရာ အခြားကြယ်တစ်ပွင့်မှာ မည်သည့်နေရာတွင် ရှိနေသနည်းဟု သူ တွေးလိုက်မိလေ၏။
ကောင်းယွမ် အောက်သို့ ငုံ့ကြည့်လိုက်သော်လည်း တတိယမြောက် နေမင်းကို မမြင်ရဘဲ ခေါင်းပေါ်တွင် ပျံသန်းနေသော အဝါရောင်မျက်နှာပြင်ရှိသည့် အခြားဂြိုဟ်တစ်ခုကိုသာ မြင်လိုက်ရလေသည်။
ကောင်းယွမ်သည် ထပ်မံ၍ အချိန်မဆွဲရဲတော့ဘဲ အိမ်ပြန်လမ်းကို ရှာဖွေချင်နေခဲ့ပေတော့သည်။
သူ သေချာပေါက် ရှာတွေ့နိုင်မည် မဟုတ်ရာ ယခုအခါ စစ်သင်္ဘောစနစ်၏ မှတ်တမ်းများကိုသာ မျှော် လင့်ချက်ထားနိုင်တော့မည် ဖြစ်လေသည်။
"ဟင်းလင်းပြင်လှိုဏ်ခေါင်းဆီကို ပြန်သွားမယ်..."
"ကောင်းပါပြီ... လမ်းကြောင်း ရှာဖွေနေပါတယ်..."
ကောင်းယွမ်သည် ထိန်းချုပ်ရေးစခရင်ကို စိုးရိမ်တကြီးဖြင့် စိုက်ကြည့်နေခဲ့လေသည်။
အထက်ပိုင်းရှိ နေရာများမှာ လုံးဝ ဖရိုဖရဲ ဖြစ်နေခဲ့ပေ၏။
ဘာတွေဖြစ်နေတာလဲဟု သူ တွေးလိုက်မိလေသည်။
"စောင့်ကြည့်ရေးစနစ်ဟာ စကြဝဠာရောင်ခြည် နှောင့်ယှက်မှု အများအပြားကို ခံထားရပါတယ်... စနစ် ကို ပြန်လည်ပြုပြင်နေပါတယ်..."
အခန်း (၁၉၄) နေအဖွဲ့အစည်း၏ ကြီးမားလှသော အပြောင်းအလဲများ
အမှန်တကယ်ပင် ပြန်သွားရန် မဖြစ်နိုင်တော့ပေလောဟု သူ တွေးမိလိုက်လေ၏။
ယခု ဟင်းလင်းပြင်လှိုဏ်ခေါင်း၏ အဝင်ဝကို ရှာတွေ့လျှင်ပင် တစ်စုံတစ်ယောက်က စောင့်ကြပ်နေမည် မဟုတ်ပါလားဟု သူ တွေးနေမိလေသည်။
ကောင်းယွမ် သေချာစွာ မသိခဲ့ပေ။
သို့သော် သူ့တွင် အခြားရွေးချယ်စရာ မရှိခဲ့ပေ။
ထိုဂြိုဟ်ကို ပတ်ပြီးနောက် ၎င်းသည် လကမ္ဘာနှင့် အရွယ်အစားတူညီကြောင်း ကောင်းယွမ် တွေ့ရှိခဲ့ပြီး ထိုကဲ့သို့သော ဂြိုဟ်ပေါင်း အနည်းဆုံး ရှစ်လုံးခန့်ကို သူ ရှာဖွေတွေ့ရှိခဲ့လေသည်။
ကောင်းယွမ်သည် ဟင်းလင်းပြင်လှိုဏ်ခေါင်း၏ အဝင်ဝကို ရှာဖွေနေစဉ်မှာပင် စစ်သင်္ဘောမှာ ရုတ် တရက် အထိန်းအကွပ်မဲ့သွားခဲ့လေသည်။
ဧရာမ စစ်သင်္ဘောကြီးတစ်ခုက သူ၏ စစ်သင်္ဘောကို မျိုချသွားသည်ကို သူ ကူကယ်ရာမဲ့စွာ ကြည့် နေခဲ့ရလေတော့သည်။
ကောင်းယွမ် ဆွံ့အမှင်သက်သွားခဲ့ရပေသည်။
သူ ထပ်မံ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်လေသည်။
ယခုတော့ ပြန်သွားရန် အမှန်တကယ်ပင် မဖြစ်နိုင်တော့ပေ။
အပြင်ဘက်ရှိ အပူချိန်နှင့် လေထုက သူ့ကို သေစေနိုင်သောကြောင့် ကောင်းယွမ်သည် အပြင်သို့ မထွက်ရဲဘဲ စစ်သင်္ဘောထဲတွင် ငေးမောကာ ထိုင်နေခဲ့ရလေတော့သည်။
ပုံသဏ္ဍာန်ပြောင်းလဲစက်ကိုလည်း ဆက်လက် အသုံးပြု၍ မရနိုင်တော့ပေ။
ကောင်းယွမ်သည် သူ၏ ကံကြမ္မာကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ပြီး မကြာမီမှာပင် မြွေလူသားများ ရောက်ရှိလာခဲ့ပြန်လေသည်။
"တွေ့ရတာဝမ်းသာပါတယ်လူသား..."
အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး အစွမ်းထက်လှသော ဘာသာပြန်စနစ်ဖြင့် ဘာသာပြန်ပြီးနောက်တွင် ကောင်းယွမ် နားလည်သွားခဲ့လေသည်။
ပြန်လည်ဖြေကြားရန် မလိုအပ်သောကြောင့် ကောင်းယွမ် ဘာမျှ မပြောခဲ့ပေ။
"ငါ့မှာ ဘာအန္တရာယ်ပေးလိုစိတ်မှ မရှိပါဘူး..."
ဟုတ်ပေသည်၊ လုံးဝ အန္တရာယ်ပေးလိုစိတ် ရှိမည်မဟုတ်ပေ။ အကယ်၍ ပုရွက်ဆိတ်အုံတစ်ခုကို မွေးမြူထားပြီး ၎င်းတို့ထဲမှ တစ်ကောင်က အိမ်ထဲသို့ ဝင်လာလျှင်ပင် မည်သည့် မကောင်းသော ရည် ရွယ်ချက်မျှ ရှိလာမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ရန် မလိုအပ်သောကြောင့် ဖြစ်လေသည်။
"မင်းကို ငါ ပြန်ပို့ပေးနိုင်တယ်..."
"ဟင်..."
ကောင်းယွမ် မှင်သက်သွားခဲ့လေသည်။
*အခွင့်အရေး ရှိနေသေးတာလား…*ဟု သူ တွေးလိုက်မိလေ၏။
"ငါ့ကို ဘာလို့ ပြန်ပို့ပေးမှာလဲ..."
သူ မေးလိုက်လေသည်။
"ငါတို့ မင်းကို သိနေလို့ပါ... မင်းက လူသားတွေကို အမှန်တကယ် ထိန်းချုပ်နေတဲ့သူပဲ..."
ကောင်းယွမ်သည် ခါးသီးစွာ ပြုံးလိုက်လေ၏။ အကယ်၍ အဆင့်မြင့်ယဉ်ကျေးမှုသည် ကမ္ဘာမြေကို စောင့်ကြည့်နေပါက သူ့ကို အမှန်တကယ် သိရှိနေသင့်ပေသည်။ ပုရွက်ဆိတ်အုပ်စုတစ်စုထဲတွင် ပုရွက်ဆိတ်ဘုရင်မကို သေချာပေါက် မှတ်မိနိုင်မည်သာ ဖြစ်လေသည်။
"ပြီးတော့ ဘာဖြစ်လဲ... ငါ့ကို လွှတ်ပေးဖို့ စီစဉ်နေတာလား..."
ကောင်းယွမ်သည် မြွေလူသားများ၏ ပုန်းခိုရာနေရာကို ရှာတွေ့ထားပြီးဖြစ်လေသည်။
"ပြန်သွားပြီး မင်းရဲ့ လူတွေကို ဂိမ်းတစ်ခုမှာ ဦးဆောင်လိုက်ပါ..."
*ဂိမ်းတစ်ခုတဲ့လား…* ဟု သူ တွေးလိုက်မိလေသည်။
ကောင်းယွမ်မှာ အနည်းငယ် ရှုပ်ထွေးသွားခဲ့ရလေသည်။ သူ၏ အတွေ့အကြုံများမှာ အနာဂတ်ကမ္ဘာနှင့် အဘယ်ကြောင့် ကွဲပြားနေရပါသနည်း။
အနာဂတ်ကမ္ဘာမှာ ချက်ချင်း ပိတ်ဆို့ခံခဲ့ရခြင်း ဖြစ်လေသည်။
ဤအရာက မမှန်ကန်ပေ။
"ဘာဂိမ်းလဲ..."
ကောင်းယွမ်က မေးလိုက်လေသည်။
"ရှင်သန်ရေးအတွက် ဂိမ်းတစ်ခုပါ... အနိုင်ရတဲ့သူက ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို အုပ်စိုးရလိမ့် မယ်..."
"ငါ ပြန်မသွားချင်ဘူးဆိုရင်ကော..."
ကောင်းယွမ်က မေးလိုက်၏။
သူ့ရှေ့ရှိ မြွေလူသားက ရယ်မောလိုက်လေသည်။
"မင်း ပြန်မသွားချင်ရင်လည်း နေခဲ့ပါ... ငါက မင်းကို အခွင့်အရေးတစ်ခု ပေးရုံပါပဲ... မင်း ပြန်မသွားဘူး ဆိုရင်တော့ လူသားမျိုးနွယ်ဟာ မျိုးတုံးပျောက်ကွယ်ဖို့ အကြောင်းဖန်လာပါလိမ့်မယ်..."
ကောင်းယွမ် သက်ပြင်းချလိုက်လေ၏။ ဟုတ်ပေသည်၊ သူ ပြန်မသွားလျှင်ပင် မြွေလူသားယဉ်ကျေး မှုအတွက် မည်သည့်ဆုံးရှုံးမှု ဖြစ်သွားမည်နည်း။ လုံးဝ အရေးမကြီးပေ။
"ကောင်းပါပြီ... ကျေးဇူးတင်ပါတယ်... ငါ့ကို အိမ်ပြန်ပို့ပေးပါ..."
ဟင်းလင်းပြင်လှိုဏ်ခေါင်း၏ အဝင်ဝသို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ပြီး ဤတစ်ကြိမ်တွင် မြွေလူ သားများက ၎င်းကို ဖွင့်ကာ ကောင်းယွမ်ကို အတွင်းသို့ ပို့ဆောင်ပေးခဲ့လေသည်။ သူတို့သည် မည်သည့် ဆန့်ကျင်ဘက်ဒြပ်ထုကိုမျှ အသုံးပြုရန် မလိုအပ်ကြောင်း ကောင်းယွမ် တွေ့လိုက်ရလေသည်။
မြွေလူသားတစ်ဦးက ကောင်းယွမ်၏ စစ်သင်္ဘောပေါ်တွင် ကိရိယာတစ်မျိုးကို တပ်ဆင်ပေးခဲ့လေ သည်။ ဟင်းလင်းပြင်လှိုဏ်ခေါင်းအတွင်းသို့ ဝင်ရောက်ပြီးနောက် အလင်းမျက်နှာပြင်တစ်ခု လင်း လက်လာခဲ့ပြီး ဤတစ်ကြိမ်တွင် ကောင်းယွမ်သည် ဟင်းလင်းပြင်လှိုဏ်ခေါင်းအတွင်းရှိ မြင်ကွင်းကို အမှန်တကယ် မြင်တွေ့နိုင်ခဲ့ပေသည်။
ယခင်က သူသည် ဟင်းလင်းပြင်လှိုဏ်ခေါင်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် မည်သည့်အရာကိုမျှ မသိရှိနိုင်တော့ဘဲ အချိန်များ ရပ်တန့်သွားသကဲ့သို့ ခံစားခဲ့ရလေသည်။ သို့သော် ယခုအခါတွင် အတွင်းရှိ ထူးဆန်းအံ့ဩဖွယ်ကောင်းသော မြင်ကွင်းများကို သူ မြင်တွေ့နိုင်နေခဲ့ပေသည်။
အပြာရောင် ဧရာမကြယ်ကြီးများ၊ အနီရောင် ကြယ်ပုလေးများ၊ နက်ဗျူလာများ၊ စူပါနိုဗာများ၊ အမျိုး မျိုးသော ဂြိုဟ်များနှင့် ဟင်းလင်းပြင်လှိုဏ်ခေါင်းအတွင်း၌ အဆက်မပြတ် ရွေ့လျားပြောင်းလဲနေသော ထူးဆန်းသည့် စကြဝဠာဖွဲ့စည်းပုံများစသည့် ပုံရိပ်ယောင်များအားလုံးကို မြင်တွေ့နေရခြင်း ဖြစ်လေ သည်။
ကောင်းယွမ်သည် အံ့ဩမှင်သက်နေခဲ့မိလေ၏။
သူ ကြည့်ရှုရင်း စိတ်ဝင်စားနေစဉ်မှာပင် အရာအားလုံး ရုတ်တရက် မှောင်မိုက်သွားခဲ့လေသည်။ ကောင်းယွမ် မော့ကြည့်လိုက်ရာ သူသည် လကမ္ဘာသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သတိပြု မိလိုက်ပေတော့သည်။
ကောင်းယွမ်သည် စစ်သင်္ဘောကို စစ်ဆေးကြည့်လိုက်ရာ မြွေလူသားများ တပ်ဆင်ပေးလိုက်သော ကိရိယာမှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
ထိုအချိန်တွင် စနစ်သည် လကမ္ဘာ၏ ကြယ်တာရာကွန်ရက် ဝိုင်ဖိုင်နှင့် ချိတ်ဆက်သွားပြီး အချိန်ကို အဆင့်မြှင့်တင်လိုက်လေသည်။
ကောင်းယွမ်သည် အချိန်ကို စစ်ဆေးကြည့်လိုက်ရာ အောက်တိုဘာလ (၉) ရက်နေ့ ဖြစ်နေလေသည်။ ဤတစ်ကြိမ်တွင် အမှန်တကယ်ပင် သုံးလကြာမြင့်သွားခဲ့ပြီ ဖြစ်လေ၏။
သူ အနည်းငယ် မှင်သက်သွားခဲ့ရလေသည်။ ဟင်းလင်းပြင်လှိုဏ်ခေါင်းကို နှစ်ကြိမ်တိုင်တိုင် ဖြတ်သန်း ခဲ့ရမှုမှတစ်ဆင့် ကမ္ဘာနှစ်ခုရှိ အချိန်စီးဆင်းမှုမှာ အမှန်တကယ် ကွာခြားကြောင်း ကောင်းယွမ် အလွယ် တကူ တွက်ချက်နိုင်ခဲ့ပြီး မြောက်ပိုင်းကြယ် အဖွဲ့အစည်း၏ အချိန်စီးဆင်းမှုမှာ ကမ္ဘာမြေထက် များစွာ နှေးကွေးနေကြောင်း သိလိုက်ရလေသည်။
ကောင်းယွမ် ခန့်မှန်းကြည့်ရသလောက် သူသည် ထိုနေရာတွင် တစ်ရက်ခန့်သာ နေခဲ့ရပြီး ဟင်းလင်း ပြင်လှိုဏ်ခေါင်းကို ဖြတ်သန်းရန် ကြာမြင့်ချိန်လည်း ပါဝင်ပေမည်။ ကမ္ဘာမြေပေါ်ရှိ အချိန်စီးဆင်းမှုမှာ မြောက်ပိုင်းကြယ် အဖွဲ့အစည်းထက် အဆ ခြောက်ဆယ်ခန့် ပိုမြန်နေပြီး ဟင်းလင်းပြင်လှိုဏ်ခေါင်းကို ဖြတ်သန်းခရီးသွားရန် အသွားအပြန် (၂၅) ရက်မှ (၂၈) ရက်ခန့် ကြာမြင့်မည်ဟု သူ တွက်ချက်လိုက်လေ သည်။
ယခင်အကြိမ်နှင့်ပါ ပေါင်းလိုက်လျှင် ကောင်းယွမ် အိမ်မပြန်ဖြစ်သည်မှာ လေးလခန့် ရှိနေပြီ ဖြစ်လေ သည်။
သူသည် စစ်သင်္ဘောကို ကမ္ဘာမြေဆီသို့ မောင်းနှင်သွားခဲ့လေ၏။
ကမ္ဘာ့လေထုအတွင်းသို့ ရောက်ရှိလာသောအခါ သူ့ဆီသို့ ပျံသန်းလာသော ယာဉ်ပျံများကို ကောင်းယွမ် မြင်လိုက်ရလေသည်။ ၎င်းတို့မှာ သူ၏ ကိုယ်ပိုင် စစ်သင်္ဘောအုပ်စုပင် ဖြစ်ပေတော့သည်။
သို့သော်လည်း ဤစစ်သင်္ဘောအုပ်စုများ၏ ယာယီ ကွပ်ကဲမှုအာဏာကို ကျိုးကျန်းလီထံသို့ ကောင်းယွမ် ယခင်က လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်လေသည်။
သို့သော် သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကွပ်ကဲမှုကို အချိန်မရွေး ပြန်လည်ရယူနိုင်ပေသည်။ အဘယ် ကြောင့်ဆိုသော် သူသည် ဤစစ်သင်္ဘောများ၏ ဉာဏ်ရည်တုစနစ်များတွင် အမြင့်ဆုံးအဆင့် စီမံခန့်ခွဲသူ ဖြစ်သောကြောင့်ပင်။
မကြာမီမှာပင် စစ်သင်္ဘောများသည် စစ်သင်္ဘောအုပ်စုနှင့် ချိတ်ဆက်မိသွားပြီး ကောင်းယွမ်က သူ၏ အထောက်အထားကို အတည်ပြုပြီးနောက် ထိန်းချုပ်မှုကို ပြန်လည်ရယူနိုင်ခဲ့လေသည်။
ဤအချိန်တွင် ကမ္ဘာမြေပေါ်ရှိ ရှနိုင်ငံ၏ အမြင့်ဆုံး အုပ်ချုပ်ရေးစင်တာမှ လူတိုင်းနှင့် ရှနိုင်ငံ အာကာ သနည်းပညာ စင်တာမှသူများအားလုံး ကောင်းယွမ် ပြန်ရောက်လာပြီဖြစ်ကြောင်း သိရှိသွားကြလေ သည်။
မူလက မုကျားသို့ ပြန်ရန် စီစဉ်ထားသော်လည်း ကောင်းယွမ်၏ ဆက်သွယ်ရေးစနစ်ထံသို့ ကျိုးကျန်းလီထံမှ ဆက်သွယ်ရန် တောင်းဆိုမှုတစ်ခု ရောက်ရှိလာခဲ့လေသည်။
ကောင်းယွမ်က ဆက်သွယ်မှုကို လက်ခံလိုက်လေသည်။
ကျိုးကျန်းလီ၏ ပုံရိပ်ယောင် ကိုယ်ပွားလေးမှာ သူ၏အရှေ့တွင် ပေါ်လာခဲ့လေ၏။
ကျိုးကျန်းလီသည် လွန်ခဲ့သော လအနည်းငယ်ကထက် ပို၍ အိုမင်းသွားပုံပေါ်လေသည်။
"ကောင်းယွမ်... မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ..."
"အရာရှိကျိုး... ဘာဖြစ်လို့လဲ..."
"ပြဿနာတက်ပြီ... ကျွန်တော်တို့ ဂြိုဟ်သားယဉ်ကျေးမှုတစ်ခုရဲ့ တိုက်ခိုက်တာကို ခံလိုက်ရတယ်..."
*ဘာဖြစ်တယ်….* ကောင်းယွမ် အံ့ဩစွာ တွေးလိုက်မိလေသည်။
ကောင်းယွမ်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့လေသည်။
*ဂြိုဟ်ပတ်လမ်းပြင်ပက ယဉ်ကျေးမှုတွေ ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ…..* ဟု သူ တွေးမိလေ၏။
*အာတိတ်မှာရှိတဲ့ မြွေလူသားယဉ်ကျေးမှုကတော့ အရေးယူဆောင်ရွက်မှာ မဟုတ်ပါဘူးလေ… သူတို့ သာ လုပ်ခဲ့မယ်ဆိုရင် လူသားတွေမှာ လက်တုံ့ပြန်နိုင်စွမ်း ရှိနေတာပဲ….*
"တကယ်တော့ ဘာတွေဖြစ်ခဲ့တာလဲ..."
"မင်း ပြန်ရောက်မှပဲ ပြောကြတာပေါ့..."
ကမ္ဘာမြေပေါ်မှ ဖြတ်ပျံသန်းလာစဉ် နေရာအနှံ့အပြားမှ မီးခိုးငွေ့များ ထွက်ပေါ်နေသည်ကို ကောင်းယွမ် မြင်တွေ့လိုက်ရလေသည်။ အမြင့်မှနေ၍ ကြည့်ရှုလိုက်ရာ ရှနိုင်ငံမှလွဲ၍ ကမ္ဘာ့နေရာအများစုမှာ အပျက်အစီးများအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း သူ မြင်တွေ့လိုက်ရပေသည်။
ရှနိုင်ငံ၏ ပိုင်နက်အတွင်း၌ပင် အပျက်အစီးများစွာ ရှိနေသေးလေသည်။
ကောင်းယွမ်သည် အာကာသစစ်သင်္ဘောအုပ်စု၏ အခြေအနေကို ချက်ချင်း စစ်ဆေးကြည့်လိုက်လေ သည်။
စစ်ဆေးမှုမှတစ်ဆင့် သူတည်ဆောက်ခဲ့သော လအဆင့် စစ်သင်္ဘော (၁၀၈) စင်းအနက် (၃၂) စင်းမှာ ပျက်စီးသွားခဲ့ပြီး ကျန်ရှိနေသော (၇၆) စင်း၏ ထက်ဝက်ခန့်မှာလည်း ပျက်စီးချို့ယွင်းနေကြောင်း ကောင်းယွမ် သိရှိလိုက်ရလေသည်။
ကောင်းယွမ်သည် ချင်ကျင်းမြို့သို့ ချက်ချင်း သွားရောက်ခဲ့လေ၏။
မကြာမီမှာပင် သူသည် ကျိုးကျန်းလီနှင့် တွေ့ဆုံခဲ့လေသည်။
ကျိုးကျန်းလီ၏ ဘေးပတ်လည်တွင် လူအများအပြား ဝန်းရံနေကြပြီး အားလုံးမှာ ရှနိုင်ငံမှ အဆင့်မြင့် အရာရှိကြီးများ ဖြစ်ကြကာ ဤအချိန်တွင် သူတို့အားလုံး၏ မျက်နှာများမှာ လေးနက်တည်ကြည် နေလျက်ရှိကြလေသည်။
"ကောင်းယွမ်..."
ကျိုးကျန်းလီသည် အလွန် ပင်ပန်းနွမ်းနယ်နေပုံရလေသည်။
"အရာရှိကျိုး... ဘာတွေဖြစ်နေတာလဲ..."
သူ မေး၍ဆုံးခါစရှိသေးချိန်မှာပင် ချင်ကျင်းမြို့ပေါ်၌ လေကြောင်းရန်ကာကွယ်ရေး ဥဩသံများ ရုတ်တ ရက် ထွက်ပေါ်လာခဲ့လေသည်။ ကောင်းယွမ် မော့ကြည့်လိုက်ရာ ဒုံးကျည် ဒါဇင်ပေါင်းများစွာ ကောင်း ကင်သို့ ပျံတက်သွားသည်ကို မြင်လိုက်ရပြီး တစ်ချိန်တည်းမှာပင် စစ်သင်္ဘောအုပ်စုမှ စစ်သင်္ဘောဒါဇင် ပေါင်းများစွာလည်း ပျံတက်သွားခဲ့ကြလေသည်။
ကမ္ဘာ့လေထုအတွင်း၌ အလင်းရောင်တစ်ချက် လင်းလက်သွားသည်ကို ကောင်းယွမ် မြင်လိုက်ရလေ သည်။ မကြာမီမှာပင် အပျက်အစီးအပိုင်းအစ အများအပြား ကျဆင်းလာပြီး လေထဲတွင် ဥက္ကာပျံလမ်း ကြောင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။ ကောင်းယွမ်သည် မျက်စိကို မှေးကာ အထက်သို့ မော့ကြည့်လိုက်ရင်း လူသားများသည် ဂိမ်းတစ်ခုတွင် ပါဝင်ရမည်ဟု မြွေလူသား ပြောခဲ့သည့် စကားကို သတိရသွားခဲ့လေသည်။
"အရာရှိကျိုး... အထဲဝင်ပြီးမှ ပြောကြရအောင်..."
"ကောင်းပါပြီ..."
အစည်းအဝေးခန်းမထဲတွင် ကောင်းယွမ်သည် ရှနိုင်ငံမှ ဤအဆင့်မြင့်အရာရှိကြီးများကို ကြည့်လိုက်ရာ သူတို့တစ်ဦးချင်းစီ၏ မျက်နှာများမှာ စိုးရိမ်ပူပန်နေသည့် အမူအရာများ ရှိနေကြလေသည်။
"တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ..."
ကျိုးကျန်းလီက တွမ်းဟိုင်ကျိုးကို လှမ်းကြည့်လိုက်လေသည်။
"ကာကွယ်ရေးဝန်ကြီးတွမ်း... ခင်ဗျားပဲ အခြေအနေကို ပြောပြလိုက်ပါ..."
တွမ်းဟိုင်ကျိုးက ခေါင်းညိတ်လိုက်လေ၏။
"လွန်ခဲ့တဲ့ ရက်နှစ်ဆယ်က အထွေထွေ လေကြောင်းပျံသန်းမှု အုပ်ချုပ်ရေးဌာနဟာ နေအဖွဲ့အစည်း အတွင်းမှာ ကြီးမားလှတဲ့ အပြောင်းအလဲတစ်ခုကို တွေ့ရှိခဲ့ပါတယ်... ညတွင်းချင်းမှာပဲ သောကြာဂြိုဟ်၊ ဗုဒ္ဓဟူးဂြိုဟ်၊ စနေဂြိုဟ်၊ ကြာသပတေးဂြိုဟ်၊ အင်္ဂါဂြိုဟ်၊ ယူရေးနပ်စ်ဂြိုဟ်နဲ့ နက်ပကျွန်းဂြိုဟ်တို့ အားလုံး ပြောင်းလဲသွားခဲ့ပါတယ်... အတိုချုပ်ပြောရရင် နေအဖွဲ့အစည်းအတွင်းမှာ ကမ္ဘာမြေ၊ လကမ္ဘာ နဲ့ နေ ကလွဲလို့ ကျန်တဲ့ ဂြိုဟ်ခုနစ်လုံးစလုံး ပြောင်းလဲသွားခဲ့တာပါပဲ..."
ကောင်းယွမ်သည် လုံးဝ အူကြောင်ကြောင် ဖြစ်သွားခဲ့ရလေသည်။
*ဂြိုဟ်ခုနစ်လုံးစလုံး ပြောင်းလဲသွားခဲ့တာတဲ့လား….*ဟု သူ တွေးလိုက်မိ၏။
"အဲဒါတွေက ဘာအဖြစ်ကို ပြောင်းလဲသွားတာလဲ..."