← Chapters

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

အခန်း (၁၉၅) ဤအရာမှာ ထွက်ပေါက်မရှိသော လမ်းသေတစ်ခုပင် ဖြစ်လေသည်

ထိုအချိန်တွင် ရှနိုင်ငံ အာကာသ သိပ္ပံနှင့် နည်းပညာ ကော်ပိုရေးရှင်းမှ ညွှန်ကြားရေးမှူးလင်းဝေ့က စကားစပြောလာခဲ့လေသည်။

"အပေါ်ယံကြည့်ရင်တော့ အတူတူပဲလို့ ထင်ရပေမယ့်... ဂြိုဟ်ပတ်လမ်းကြောင်းတွေ ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ကလည်း ကွဲပြားသွားခဲ့တယ်... အင်္ဂါဂြိုဟ်ပေါ်က ကျွန်တော်တို့ရဲ့ စူးစမ်းလေ့လာရေးယာဉ် တွေရဲ့ အချက်အလက်တွေအရ အင်္ဂါဂြိုဟ်ဟာ ညတွင်းချင်းမှာပဲ အသက်ဝင်လာခဲ့တယ်... အရင်က အင်္ဂါဂြိုဟ်ရဲ့ ဗဟိုချက်လှုပ်ရှားမှု အားနည်းတဲ့အတွက် ဝင်ရိုးစွန်းတွေမှာ သံလိုက်စက်ကွင်းတွေ အလွန် အားနည်းခဲ့ပြီး လေထုကလည်း နေလေပြင်းကြောင့် လွင့်စင်သွားခဲ့ရတယ်..."

"ဒါပေမယ့် အဲဒီညအပြီးမှာတော့ အင်္ဂါဂြိုဟ်က ပြန်လည်အသက်ဝင်လာခဲ့ပြီး ဗဟိုချက်လှုပ်ရှားမှု မြန်ဆန်လာပြီးတော့ သံလိုက်စက်ကွင်းတွေလည်း ပြန်လည်ကောင်းမွန်လာခဲ့တယ်... ပြီးတော့ လေထုကလည်း အရမ်းထူထပ်လာပြီး အောက်ဆီဂျင် သိပ်သည်းဆက ကမ္ဘာမြေထက်တောင် ကျော်လွန်နေပြီ..."

ကောင်းယွမ်သည် လင်းဝေ့ကို ကြည့်လိုက်ရာ ယခုအခါ သူ၏ စိတ်ထဲတွင် အကြမ်းဖျင်း သဘော ပေါက်သွားခဲ့လေပြီဖြစ်လေ၏။

သူ ပေါ်ထွက်လာမှုက မြွေလူသားများကို ရန်စလိုက်သလိုဖြစ်သွားပြီး မြွေလူသားအာဏာပိုင်များက သူ့အား ရှာဖွေတွေ့ရှိသွားခဲ့သော်လည်း လူသားယဉ်ကျေးမှုမှာ လက်ရှိတွင် အဆင့်နိမ့်လွန်းနေသေးသ ဖြင့် ရိတ်သိမ်းရန် မသင့်တော်သေးခြင်း ဖြစ်နိုင်မည်လားဟု သူ တွေးလိုက်မိလေသည်။

အာတိတ် မြွေလူသားယဉ်ကျေးမှုသည် လူသားမျိုးနွယ်ကိုသာ ထောက်ပံ့မွေးမြူထားခြင်း မဖြစ်နိုင် ကြောင်းကိုပါ ကောင်းယွမ် ခန့်မှန်းမိလိုက်ပေသည်။ သူတို့သည် အခြားကြယ်များပေါ်တွင်လည်း ယဉ်ကျေးမှုများကို တည်ထောင်ထားခဲ့နိုင်သော်လည်း ယခုအချိန်အထိ သူတို့လိုအပ်သော ယဉ်ကျေးမှု အဆင့်အတန်းသို့ မရောက်ရှိသေးခြင်း ဖြစ်နိုင်ပေသည်။

လူသားများ ပေါ်ထွက်လာမှုက သူတို့အား အကြံဉာဏ်တစ်ခု ရရှိသွားစေခဲ့လေ၏။

သတ်မှတ်ထားသော လုပ်ငန်းစဉ်များအတိုင်း ဖွံ့ဖြိုးတိုးတက်လာပြီး အသုံးပြုနိုင်သည်အထိ အချိန် အတော်ကြာ စောင့်ဆိုင်းရမည်ဖြစ်သောကြောင့် သူတို့သည် သူတို့မွေးမြူထားသော အောက်ဆီဂျင် လိုအပ်သည့် ဉာဏ်ရည်မြင့်ယဉ်ကျေးမှု အမျိုးမျိုးကို နေအဖွဲ့အစည်းအတွင်းသို့ စုစည်းပေးရန် သူတို့၏ စွမ်းရည်များကို အသုံးပြုခဲ့ကြခြင်း ဖြစ်ပေသည်။

ဤနည်းအားဖြင့် ထိုယဉ်ကျေးမှုများသည် အချင်းချင်း တိုက်ခိုက်ကြမည် ဖြစ်လေသည်။ အဆင့် (၁) ယဉ်ကျေးမှု ရှစ်ခုသည် အချင်းချင်း တိုက်ခိုက်ပြီး တစ်ခု၏ ယဉ်ကျေးမှုအကြောင်းရင်းများကို အခြား တစ်ခုက လုယူကြမည် ဖြစ်၏။ သေချာပေါက် ယဉ်ကျေးမှုတစ်ခုသည် ထင်ရှားပေါ်ထွက်လာပြီး အဆင့် (၂) ယဉ်ကျေးမှုသို့ လျင်မြန်စွာ ဝင်ရောက်သွားမည် ဖြစ်လေသည်။

ကောင်းယွမ်သည် ထိုအကြောင်းကို တွေးလေတွေးလေ ဖြစ်နိုင်ခြေရှိသည်ဟု ခံစားလာရလေလေ ဖြစ်ပေသည်။

လင်းဝေ့က ဆက်လက် ပြောဆိုနေဆဲ ဖြစ်လေ၏။

"အင်္ဂါဂြိုဟ်ပေါ်က ထူးခြားဖြစ်စဉ်တွေက သိပ္ပံပညာရှင်အားလုံးကို အံ့ဩတုန်လှုပ်သွားစေခဲ့ပေမယ့် အဲဒီလောက်နဲ့ မပြီးသေးဘူး... ကျွန်တော်တို့ရဲ့ ကျူးရုံ(၁) စူးစမ်းလေ့လာရေးယာဉ်ဟာ ဗုဒ္ဓဟူးဂြိုဟ်နဲ့ သောကြာဂြိုဟ်ပေါ်မှာလည်း အပြောင်းအလဲတွေကို တွေ့ရှိခဲ့ရတယ်... မျက်နှာပြင်တွေ ပြောင်းလဲသွား ရုံသာမကဘဲ အရေးအကြီးဆုံးက လေထုတွေ ပြန်လည်ကောင်းမွန်လာတာပဲ..."

"အခြားဂြိုဟ်တွေဆီကို စူးစမ်းလေ့လာရေးယာဉ်တွေ အရေးပေါ် စေလွှတ်ခဲ့ပေမယ့် ဒါက..."

"ကြာသပတေးဂြိုဟ်သားတွေက အင်္ဂါဂြိုဟ်ပေါ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်..."

"အင်္ဂါဂြိုဟ်သားတွေကလည်း ဂူထဲကနေ ထွက်လာပြီး ကြာသပတေးဂြိုဟ်သားတွေနဲ့ စစ်ပွဲစတင်ခဲ့ တယ်..."

"ကျွန်တော်တို့ တုံ့ပြန်ဖို့ အချိန်တောင် မရလိုက်ခင်မှာပဲ ဗုဒ္ဓဟူးဂြိုဟ်နဲ့ သောကြာဂြိုဟ်သားတွေရဲ့ ပူးတွဲ စစ်သင်္ဘောတွေက ကျွန်တော်တို့ရဲ့ တံခါးဝကို ရောက်လာခဲ့တယ်... ကမန်းကတန်း တုံ့ပြန်လိုက်ရတဲ့ အတွက် ကမ္ဘာမြေရဲ့ နေရာအများစု ဗုံးကြဲခံခဲ့ရပေမယ့် ကံကောင်းစွာနဲ့ပဲ ကျွန်တော်တို့ရဲ့ လေကြောင်း ရန်ကာကွယ်ရေးစနစ်က တော်တော်လေး ခိုင်မာအားကောင်းနေခဲ့တယ်... ပြီးတော့ မင်းရဲ့ လကမ္ဘာ စစ်သင်္ဘောအုပ်စုက အရေးကြီးတဲ့အချိန်မှာ အကူအညီပေးဖို့ ရောက်လာခဲ့တဲ့အတွက် ရှနိုင်ငံရဲ့ နေရာ အများစုကို ကယ်တင်နိုင်ခဲ့တာပါ..."

"အဲဒီနောက် လကမ္ဘာ စစ်သင်္ဘောအုပ်စုဟာ အာကာသဟင်းလင်းပြင်ထဲမှာ ကျင်းရွှီ ပူးတွဲစစ်သင်္ဘောအုပ်စုနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်... လကမ္ဘာ စစ်သင်္ဘောအုပ်စုက သီသီလေး အနိုင်ရခဲ့ပြီး ကျင်းရွှီ စစ်သင်္ဘောအုပ်စုက ယာယီ ဆုတ်ခွာသွားခဲ့တယ်... နောက်ရက်တွေမှာလည်း အခုလေးတင် ဖြစ်သွားသလိုမျိုး ကျင်းရွှီ စစ်သင်္ဘောအုပ်စုက ကမ္ဘာမြေကို ဆက်ပြီး နှောင့်ယှက်နေခဲ့တာပါပဲ..."

ကောင်းယွမ် နားလည်သွားခဲ့လေသည်။ ဤအရာမှာ သူ၏ ခန့်မှန်းချက်နှင့် ယေဘုယျအားဖြင့် ကိုက်ညီ နေခဲ့ပေသည်။

အာတိတ် မြွေလူသားယဉ်ကျေးမှုသည် သူတို့၏ မှော်အတတ်များကို စတင် အသုံးပြုနေပြီဖြစ်ပြီး နေအဖွဲ့အစည်းမှာ အကောင်းဆုံးသော နေရာတစ်ခုပင် ဖြစ်လေသည်။

"အရာရှိကျိုး... ခင်ဗျားဆီမှာ ဘာအကြံပြုချက်များ ရှိလဲ..."

တွမ်းဟိုင်ကျိုး မတ်တတ်ရပ်လိုက်လေ၏။

"ကျွန်တော်တို့ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးစနစ်တစ်ခု တည်ဆောက်ရပါမယ်... လက်ရှိမှာ ကမ္ဘာ့ လူဦးရေရဲ့ (၉၀) ရာခိုင်နှုန်းက ရှနိုင်ငံသားတွေဖြစ်ပြီးတော့ နိုင်ငံခြားသား အားလုံးနီးပါးက ကျင်းရွှီ စစ်သင်္ဘောအုပ်စုရဲ့ ပထမဆုံး အလစ်အငိုက် တိုက်ခိုက်မှုမှာတင် သေဆုံးသွားခဲ့ကြပါပြီ... ဒါကြောင့် ကျွန်တော်တို့က ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးတာဝန်ကို ယူရပါမယ်... လောလောဆယ်မှာ ကုန်းမြေ ဧရိယာရဲ့ (၁) ရာခိုင်နှုန်းလောက်မှာပဲ နျူကလီးယား ရေဒီယိုသတ္တိကြွမှုတွေ ရှိနေပြီး အဲဒီနေရာတွေကို ယာယီ စွန့်လွှတ်ထားလို့ ရပါတယ်..."

"ကမ္ဘာမြေပေါ်မှာတော့ တိုက်ချင်းပစ် နျူကလီးယားဒုံးကျည်တွေနဲ့ လေဆာအမြောက်တွေကို အသုံးပြု ပြီး ကာကွယ်ရေးစနစ်တစ်ခု တည်ဆောက်သွားပါမယ်... တစ်ချိန်တည်းမှာပဲ ရန်သူတွေကို အာကာသ ပြင်ပမှာပဲ တားဆီးထားနိုင်ဖို့ လကမ္ဘာပေါ်မှာ အာကာသ စစ်စခန်းတစ်ခုကိုလည်း တည်ဆောက်သွားရပါ မယ်... အဲဒီလိုလုပ်ဆောင်ရင်းနဲ့ ကျန်တဲ့ ဂြိုဟ်ခုနစ်လုံးရဲ့ လက်ရှိအခြေအနေကို အရင်ဆုံး သိရှိနားလည် နိုင်ဖို့အတွက် နေအဖွဲ့အစည်းတစ်ခုလုံးကို စူးစမ်းလေ့လာရေးယာဉ်တွေ စေလွှတ်သွားပါမယ်..."

ကောင်းယွမ် ခေါင်းညိတ်လိုက်လေ၏။

"ကာကွယ်ရေးဝန်ကြီးတွမ်း ပြောတာ မှန်တယ်... အဲဒီအတိုင်း လုပ်ရမှာပဲ..."

အခြေအနေမှာ ရုတ်တရက် ပြည်နယ်ခုနစ်ခု အာဏာလုသည့် စစ်ပြိုင်ခေတ်အဖြစ်သို့ ပြောင်းလဲသွား သကဲ့သို့ ကောင်းယွမ် ခံစားလိုက်ရလေသည်။

ကံမကောင်းစွာဖြင့် အရွယ်အစားအရ ကမ္ဘာမြေမှာ သေချာပေါက် အားနည်းချက် ရှိနေခဲ့ပေသည်။ နေ အဖွဲ့အစည်းတွင် အကြီးဆုံးဂြိုဟ်မှာ ကြာသပတေးဂြိုဟ်ဖြစ်ပြီး ကြာသပတေးဂြိုဟ်တွင် ဧရာမ ဂြိုဟ် ရံလ အုပ်စုလည်း ရှိနေလေသည်။ အကယ်၍ ဂြိုဟ်တစ်လုံးစီက ယဉ်ကျေးမှုတစ်ခုကို ကိုယ်စားပြုမည် ဆိုပါက ကြာသပတေးဂြိုဟ်၏ သယံဇာတများမှာ အခြားသော ဂြိုဟ်အဖွဲ့အစည်း ခုနစ်ခုပေါင်းထား သည်ထက်ပင် ပို၍ များပြားနေမည် ဖြစ်လေသည်။

စစ်ပွဲဆိုသည်မှာ သယံဇာတနှင့် နည်းပညာအပေါ်တွင်သာ မူတည်နေခြင်း ဖြစ်၏။

ကမ္ဘာမြေတွင် သယံဇာတနှင့်ပတ်သက်၍ လုံးဝ အားသာချက်မရှိရာ ကောင်းယွမ်သည် နည်းပညာအပေါ် ၌သာ အားကိုးနိုင်တော့မည် ဖြစ်လေသည်။

တိတိကျကျ ပြောရလျှင် အနာဂတ်ကမ္ဘာသည် ကမ္ဘာမြေထက် အနှစ်တစ်ထောင်ခန့် ရှေ့ရောက်နေသ ဖြင့် အနာဂတ်ကမ္ဘာ၏ နည်းပညာများကိုသာ သူ အားကိုးနိုင်ပေမည်။ သူသည် ၎င်းတို့ထဲမှ အချို့ကို အသုံးပြုခဲ့ပြီးဖြစ်သော်လည်း လုံလောက်မှု မရှိသေးပေ။

ယင်းမှာ နည်းလွန်းလှပေသည်။

အနိုင်ရရန်အတွက် အနာဂတ်ကမ္ဘာကိုသာ အားကိုးနိုင်မည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူသည် မဟာ မိတ်ဖွဲ့ကာ အဝေးမှ တိုက်ခိုက်မှုများကို လုပ်ဆောင်ရမည် ဖြစ်လေသည်။

"ကောင်းယွမ်... အခုက လူသားတွေ ရှင်သန်ရေးအတွက် အရေးကြီးတဲ့ အချိန်ပဲ... ကမ္ဘာပေါ်မှာ တစ်ခု တည်း ကျန်ရှိနေတော့တဲ့ အင်အားကြီးနိုင်ငံအနေနဲ့ ကျွန်တော်တို့ ရှနိုင်ငံက လူသားမျိုးနွယ် တစ်ခုလုံးကို ပြန်လည်အသက်ဝင်လာစေဖို့ တာဝန်ယူရလိမ့်မယ်... ကျွန်တော်တို့ စစ်သင်္ဘောအုပ်စုတွေ ပိုပြီး လို အပ်တယ်..."

ကျိုးကျန်းလီက လေးနက်စွာ ပြောလိုက်လေသည်။

ကောင်းယွမ် ခေါင်းညိတ်လိုက်လေ၏။

"အရာရှိကျိုး... ကျွန်တော် နိုင်ငံရေးကို နားမလည်ပေမယ့် ခင်ဗျားပြောတာ မှန်တယ်... ကျွန်တော်တို့ တကယ်ကို အရေးကြီးတဲ့ အခြေအနေကို ရောက်နေပြီ... ကျွန်တော် လကမ္ဘာပေါ်မှာ ပထမဆုံး ကာကွယ်ရေးခံစစ်စည်းကို တည်ဆောက်သွားမယ်... တစ်ချိန်တည်းမှာပဲ ကမ္ဘာမြေပေါ်မှာ ကာကွယ်ရေး ကွန်ရက်တစ်ခု တည်ဆောက်ဖို့အတွက် စွမ်းအင်မြင့် လေဆာအမြောက် နည်းပညာကို ဖွင့်ချပေးသွား မယ်..."

ကောင်းယွမ်၏ စကားကို ကြားသောအခါ ကျိုးကျန်းလီက လေးနက်စွာ ပြောလိုက်လေသည်။

"ကောင်းပါပြီ... စွမ်းအင်မြင့် လေဆာအမြောက်တွေက တကယ်ကို အဆင်ပြေဆုံး ကာကွယ်ရေးစနစ် တစ်ခုပဲ... အခု ကျွန်တော်တို့ဆီမှာ လျှပ်စစ်ဓာတ်အား အမြောက်အမြား ထုတ်လုပ်ပေးနိုင်တဲ့ ပေါင်းစပ် စွမ်းအင် ရှိနေပြီဆိုတော့ ကမ္ဘာမြေပေါ်မှာ လေဆာအမြောက် ကာကွယ်ရေးကွန်ရက်တစ်ခု တည် ဆောက်ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်... ဒါပေမယ့် ကျွန်တော်တို့ ကာကွယ်ရမယ့် ဧရိယာက အရမ်း ကြီးမား လွန်းနေတယ်..."

"အရာရှိကျိုး... ခင်ဗျား ဘယ်လိုထင်လဲ... ကမ္ဘာတစ်ဝန်းမှာ ကာကွယ်ဖို့ သင့်တော်တဲ့ နေရာတချို့ကို ရွေးချယ်ပြီး လူသားတွေကို အဲဒီနေရာတွေမှာ ခွဲဝေချထားမယ်ဆိုရင် အာရုံစိုက်ပြီး ကာကွယ်ဖို့ ပိုလွယ် ကူသွားလိမ့်မယ်... ပြီးတော့ ကျန်တဲ့ ဂြိုဟ်ခုနစ်လုံးကို စူးစမ်းလေ့လာဖို့ ကိစ္စကို ကျွန်တော့်ကိုသာ လွှဲ ထားလိုက်ပါ..."

"ကောင်းပါပြီ..."

"ဥက္ကဋ္ဌကောင်း... ကျွန်တော်တို့ အချိန်ကို စောင့်ဆိုင်းသင့်ပြီး အရင်စတင် မတိုက်ခိုက်သင့်ဘူးလို့ ထင် တယ်... အခြေအနေကို အရင် လေ့လာကြည့်ပြီး ကျွန်တော်တို့ အကျိုးအမြတ် ရနိုင်မရနိုင်ကို စောင့် ကြည့်ရအောင်... တခြားဂြိုဟ်တွေကို အရင် တိုက်ခိုက်ခိုင်းထားတာက အကောင်းဆုံးပဲ..."

ကောင်းယွမ်သည် တွမ်းဟိုင်ကျိုးကို ကြည့်လိုက်လေ၏။

"ကာကွယ်ရေးဝန်ကြီးတွမ်း ပြောတာ မှန်တယ်... ကျွန်တော်တို့ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဂြိုဟ်ခုနစ်လုံးစလုံးကို တစ်ပြိုင်နက်တည်း ကိုင်တွယ်ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး... အထူးသဖြင့် ကျွန်တော်တို့ဆီမှာ သယံဇာတ အားသာချက် မရှိတဲ့အတွက်ကြောင့်ပေါ့... ဒါကြောင့် ပုန်းလျှိုးကွယ် လျှိုးနေပြီး ကိုယ့်ကိုယ်ကိုယ် အရင် ကာကွယ်ထားတာက အမှန်ကန်ဆုံးပဲ..."

"တခြားဂြိုဟ်တွေရဲ့ အင်အားကိုသာ ကျွန်တော်တို့ သိနိုင်မယ်ဆိုရင် ဘယ်ဂြိုဟ်နဲ့ မဟာမိတ်ဖွဲ့ပြီး ဘယ် ဂြိုဟ်ကို အရင်တိုက်ခိုက်မလဲဆိုတဲ့ ဗျူဟာတစ်ခုကို ဖန်တီးလို့ရပြီ... ဟိုအရင်တုန်းက ချင်ပြည်နယ်လို မျိုးပေါ့..."

ကောင်းယွမ် တွေးတောနေမိလေသည်။

စစ်ပြိုင်ခေတ်အတွင်းတွင် ချင်ပြည်နယ်သည် ပြည်နယ်ခုနစ်ခုအနက် အင်အားအကြီးဆုံး မဟုတ်ခဲ့ပေ။ အစောပိုင်းကာလများတွင် ဝေ့ပြည်နယ်က ကြီးစိုးခဲ့ပြီး အလယ်ပိုင်းကာလများတွင် ချီပြည်နယ်နှင့် ချူပြည်နယ်တို့က လွှမ်းမိုးထားသော အင်အားစုများ ဖြစ်ခဲ့ကြလေသည်။ သို့သော် ချင်ပြည်နယ်သည် နောက်ဆုံးတွင် ထင်ပေါ်ကျော်ကြားလာခဲ့ခြင်း ဖြစ်လေ၏။

အကယ်၍ ကမ္ဘာမြေသည် မှန်ကန်သော ဗျူဟာကိုသာ ကျင့်သုံးမည်ဆိုပါက နေအဖွဲ့အစည်းကို ကြီးစိုး နိုင်မည့် အခွင့်အရေး အမှန်တကယ် ရှိနေပေသည်။ သို့သော်လည်း ယခင်က ကောင်းချိုး ပြောခဲ့သကဲ့သို့ ပင် နေအဖွဲ့အစည်းကို ကြီးစိုးခြင်းသည် အဆုံးသတ် မဟုတ်ဘဲ အစပြုခြင်းသာ ဖြစ်လေသည်။

မည်သည့် ယဉ်ကျေးမှုအတွက်မဆို နေအဖွဲ့အစည်းကို စည်းလုံးညီညွတ်စေခြင်းသည် ၎င်း၏ ပျက်စီး ယိုယွင်းမှုအတွက် အစပြုခြင်းပင် ဖြစ်ပေသည်။

ယဉ်ကျေးမှု ခုနစ်ခုကို အောင်နိုင်ပြီးနောက် အာတိတ် မြွေလူသားယဉ်ကျေးမှုသည် ၎င်း၏ အဆင့်ကို လျင်မြန်စွာ မြှင့်တင်နိုင်ပြီဟု ယူဆသွားမည်ဖြစ်ကာ ယင်းမှာ အကျိုးအမြတ်များကို ရိတ်သိမ်းရန် အချိန်ကျရောက်လာခြင်းပင် ဖြစ်လေသည်။

သို့သော်လည်း အကယ်၍ ကြီးစိုးမှုကို မရှာဖွေပါက မိမိကိုယ်တိုင် ဖျက်ဆီးခံရနိုင်ပေသည်။

ဤအရာမှာ ထွက်ပေါက်မရှိသော လမ်းသေတစ်ခုပင် ဖြစ်လေသည်။

ကောင်းယွမ်သည် ကျိုးကျန်းလီကို မည်သို့ ပြောပြရမည်ကို မသိတော့ပေ။

မည်သည့်အရာကိုပဲ လုပ်လုပ် မိမိတို့မှာ ပျက်စီးရန် သတ်မှတ်ခံထားရသည်ဟု ဆိုလိုခြင်းလောဟု သူ တွေးလိုက်မိ၏။

ကောင်းယွမ်သည် ဤအရာကို လက်ခံရန် ဆန္ဒမရှိခဲ့ပေ။

အဘယ်ကြောင့် အခြေအနေများက ဤသို့ ဖြစ်လာရသနည်း။

ကောင်းယွမ်သည် ကောင်းချိုးနှင့် စကားပြောချင်နေခဲ့လေသည်။ အခြားသူများက ကောင်းယွမ်မှာ အတွေးများနေသည်ကို မြင်သောအခါ သူသည် ဂြိုဟ်ခုနစ်လုံးကို မည်သို့ စူးစမ်းလေ့လာရမည်ဆို သည်ကို စဉ်းစားနေသည်ဟု ထင်မှတ်သွားခဲ့ကြလေ၏။

မည်သို့ပင်ဖြစ်စေ ယခုအခါ အခြေအနေများမှာ အရင်ကနှင့် မတူတော့ပေ။ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာ ရေးယာဉ်မှာ တစ်ရက်အကြာတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့လေသည်။ ယင်းမှာ အင်္ဂါဂြိုဟ် သားများ၏ ရှင်းလင်းဖျက်ဆီးခြင်းကို ခံလိုက်ရကြောင်း ထင်ရှားနေခဲ့ပေသည်။

"ဒီနေ့တော့ ဒီလောက်ပါပဲ... ဌာနအသီးသီးက မိမိတာဝန်ကို ထမ်းဆောင်ကြပါ... ယခုကစပြီး ကမ္ဘာမြေ ကို ကာကွယ်ပြီး လူသားမျိုးနွယ်ကို ပြန်လည်ရှင်သန်လာအောင် လုပ်ဆောင်ရမယ်..."

...

အစည်းအဝေးအပြီးတွင် ကောင်းယွမ်သည် အနာဂတ်ကမ္ဘာသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့လေသည်။

သို့သော် အံ့ဩစရာကောင်းသည်မှာ ထိုနေရာတွင် ကောင်းချိုး ရှိမနေခဲ့ခြင်းပင်။

အခန်း (၁၉၆) မြောက်ပိုင်းကြယ် အဖွဲ့အစည်း

ကောင်းချိုး မည်သည့်နေရာသို့ ရောက်သွားသည်ကို မသိရှိရပေ။

ကောင်းယွမ်သည် ဦးနှောက်ချိတ်ဆက်မှုကွန်ရက်မှတစ်ဆင့် ကောင်းချိုးကို ဆက်သွယ်လိုက်လေသည်။

သို့သော်လည်း ကောင်းချိုး၏ ဦးနှောက်ချိတ်ဆက်မှုကွန်ရက်ရှိ ဉာဏ်ရည်တု လက်ထောက်က ကောင်းချိုး မှာ ဗုဒ္ဓဟူးဂြိုဟ်သို့ ထွက်သွားပြီဖြစ်ကြောင်း သူ့အား ပြောပြခဲ့လေသည်။

ဗုဒ္ဓဟူးဂြိုဟ်၏ ပတ်ဝန်းကျင်မှာ အလွန် ကြမ်းတမ်းလွန်းလှရာ ကောင်းယွမ်၏ စစ်သင်္ဘောမှာ ထိုဂြိုဟ် ပေါ်သို့ ဆင်းသက်နိုင်မည် မဟုတ်လောက်ပေ။

ဦးနှောက်ချိတ်ဆက်မှုကွန်ရက်မှတစ်ဆင့် ဆက်သွယ်လိုလျှင်ပင် အလွန် ခက်ခဲမည် ဖြစ်လေသည်။ ခရီး အကွာအဝေးမှာ အလွန် ဝေးကွာလွန်းပြီး လှိုင်းဖမ်းယူမှုမှာလည်း ပြတ်တောင်းပြတ်တောင်း ဖြစ်နေသ ဖြင့် သေချာစွာ စကားပြောဆိုနိုင်ရန် မဖြစ်နိုင်ပေ။

သူ ပြန်လှည့်ရန် ပြင်ဆင်နေစဉ်မှာပင် ကောင်းကန့်က သူ့ထံသို့ ဦးစွာ ဆက်သွယ်လာခဲ့လေသည်။

ကောင်းယွမ်သည် ကမ္ဘာမြေသို့ ပြန်လာခဲ့ပြီး ကမ္ဘာမြေ၏ ကောင်းကင်တပ်မတော်အတွက် စက်ကိရိယာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တာဝန်ယူထားသော ကောင်းကန့်နှင့် တွေ့ဆုံခဲ့လေသည်။

သူသည် အလွန် အလုပ်များနေသဖြင့် ဤအချိန်တွင် ကောင်းယွမ်ကို တွေ့ဆုံရန် အချိန်ပေးနိုင်ခြင်းမှာပင် အတော်လေး ခက်ခဲသော ကိစ္စတစ်ခု ဖြစ်ပေသည်။

"ငါတို့ ထပ်တွေ့ကြပြန်ပြီပဲ ငါ့ညီ..."

"စကားပြောတိုင်း ကျွန်တော်က ခင်ဗျားညီဆိုတာကို ထပ်ခါတလဲလဲ ပြောမနေပါနဲ့... ကောင်းကန့်... ကျွန်တော့်မှာ ကောင်းချိုးနဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိတယ်..."

"ငါ့ကို ပြောလည်း အတူတူပါပဲ... ကောင်းချိုး သိထားတဲ့ အရာအများစုကို အခု ငါလည်း သိနေပြီ... ပြီး တော့ နေအဖွဲ့အစည်းရဲ့ အဆင့်အမြင့်ဆုံး လက်နက်နည်းပညာတွေကိုလည်း ငါ ထိန်းချုပ်ထားတယ်... ငါနဲ့ တကယ်ပဲ မဆွေးနွေးချင်ဘူးလား..."

ကောင်းယွမ်သည် ခဏမျှ တွေဝေသွားခဲ့လေသည်။

တကယ်တမ်းတွင် ကောင်းချိုးနှင့် ကောင်းကန့်မှာ သိပ်၍ ကွာခြားလှသည် မဟုတ်ပေ။

မြေခွေးအိုကြီးနှင့် မြေခွေးလေးဟု ဆိုရမည်လော... မဟုတ်သေးပေ၊ သွေးသားတော်စပ်မှုအရ သူက မြေခွေးလေးဖြစ်ပြီး ကောင်းကန့်က မြေခွေးကြီး ဖြစ်လေသည်။

"ဒါဆိုလည်း ပြောကြတာပေါ့... ကျွန်တော် ဘာမေးချင်လဲဆိုတာ ခန့်မှန်းကြည့်ပါလား..."

"လအတော်ကြာသွားခဲ့ပြီပဲ... မင်း ဟင်းလင်းပြင်လှိုဏ်ခေါင်းရဲ့ အဝင်ဝကို ရှာတွေ့ခဲ့တယ်လို့ အဖေက ပြောတယ်... မင်း အဲဒီထဲကို ဝင်ပြီး စူးစမ်းလေ့လာခဲ့မှာ သေချာတယ်... ပြီးတော့ အဆင့်မြင့်ယဉ်ကျေးမှု အကြောင်းကိုလည်း မင်း သိခဲ့ရမှာပဲ..."

ကောင်းယွမ်သည် ခဏမျှ ငြိမ်သက်သွားပြီးနောက် ခေါင်းညိတ်လိုက်လေသည်။

"အဆင့်မြင့်ယဉ်ကျေးမှုက တကယ်တော့ ဘာလုပ်ချင်နေတာလဲ... မင်း အဲဒီကို ရောက်ခဲ့တာဆိုတော့ ငါတို့ထက် ပိုသိမှာ သေချာတယ်..."

"ရိတ်သိမ်းဖို့ပဲ..."

"ဟင်... ဘာကို ရိတ်သိမ်းမှာလဲ..."

"ယဉ်ကျေးမှုအကြောင်းရင်းကိုပေါ့..."

ကောင်းကန့်သည် မျက်မှောင်ကြုတ်ကာ နက်နက်နဲနဲ တွေးတောလိုက်လေသည်။

"အဲဒီ ယဉ်ကျေးမှုအကြောင်းရင်းဆိုတာ ဘာလဲ အသေးစိတ် ရှင်းပြပါဦး..."

"ယဉ်ကျေးမှုအကြောင်းရင်းဆိုတာ အသက်အကြောင်းရင်းလို့လည်း ခေါ်ပြီး ကြယ်တွေကနေ ထုတ်လွှတ်ပေးတဲ့ ဒြပ်မဲ့ အဏုမြူအမှုန်တစ်ခုပဲ..."

ကောင်းယွမ်က ရှင်း​ြလိုက်လေသည်။

ကောင်းကန့်သည် ခဏမျှ ငြိမ်သက်သွားခဲ့လေ၏။

"မင်း ပြောနေတာ ဘာလဲဆိုတာကို ငါ သိပြီထင်တယ်... တချို့သော သက်မဲ့အရာတွေက ဘာကြောင့် ပေါင်းစပ်ပြီး သက်ရှိတွေ ဖြစ်လာနိုင်လဲ၊ ပြီးတော့ တူညီတဲ့ ဒြပ်စင်တွေ ဖြစ်နေလျက်နဲ့ သက်ရှိတွေက ဘာကြောင့် သေဆုံးသွားနိုင်လဲဆိုတာကို ငါတို့လည်း လေ့လာခဲ့ဖူးတယ်... အဲဒါက အခြေခံအမှုန်တစ် မျိုး ရှိနေလို့ပဲ... "

"အဲဒီအမှုန် ရှိနေသရွေ့ အသက်ရှင်သန်မှု ဆက်ရှိနေပြီး အမှုန် ပျောက်ကွယ်သွားတာနဲ့ အသက်ရှင်သန် မှုလည်း အဆုံးသတ်သွားတာပဲ... သက်ရှိတွေ ရှင်သန်နေချိန်မှာ အင်ထရိုပီ တိုးပွားမှုက အချိန်တိုင်း ရှိနေတယ်... အင်ထရိုပီက အကန့်အသတ်တစ်ခုအထိ တိုးလာတာနဲ့ အသက်အကြောင်းရင်း အမှုန်တွေ ပျောက်ကွယ်သွားပြီး အသက်လည်း ဆုံးရှုံးသွားမှာပဲ..."

ကောင်းယွမ် မော့ကြည့်လိုက်လေသည်။

"ခင်ဗျားတို့ အဲဒီအကြောင်းကို သုတေသန လုပ်ခဲ့ဖူးလို့လား..."

"သေချာတာပေါ့... ဒါက သက်ရှိတွေရဲ့ မူလဇစ်မြစ်ပဲလေ၊ ငါတို့ သေချာပေါက် လေ့လာရမှာပေါ့..."

"ယဉ်ကျေးမှုတစ်ခုကို ဖျက်ဆီးလိုက်ခြင်းက သူတို့ရဲ့ ယဉ်ကျေးမှုအကြောင်းရင်းကို လုယူနိုင်ပြီး သူတို့ရဲ့ ဝိသေသလက္ခဏာတချို့ကို ကိုယ့်ကိုယ်ကိုယ် ပေါင်းစပ်နိုင်စေတယ်... အကယ်၍ အဆင့်မြင့်ယဉ်ကျေးမှု ကသာ လူသားမျိုးနွယ်ကို မျိုးတုံးသတ်ပစ်မယ်ဆိုရင် လူသားတွေရဲ့ ယဉ်ကျေးမှုအကြောင်းရင်းကို လုယူ ပြီး သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်နိုင်ရုံသာမက သူတို့ရဲ့ မျိုးရိုးဗီဇကို တိုးတက်စေပြီး အောက်ဆီ ဂျင် ရှူရှိုက်နိုင်မယ့် အခွင့်အရေးကိုပါ ရရှိစေမှာပဲ..."

ကောင်းကန့်က တွေးတောလိုက်လေသည်။

"သူတို့အားလုံးက အောက်ဆီဂျင်မလိုအပ်တဲ့ သက်ရှိတွေပဲ... သူတို့က ကိုယ်ပိုင် မျိုးရိုးဗီဇကို တိုးတက် စေဖို့ အခွင့်အရေးရအောင် လူသားတွေကို ဖန်တီးဖို့ ဒီလောက်တောင် အားထုတ်ခဲ့ရတာလား... ဒါဆို အောက်ဆီဂျင်ကို အသားကျဖို့ဆိုတာ သူတို့အတွက် အရမ်းအရေးကြီးနေတယ်ပေါ့..."

ကောင်းယွမ် ခေါင်းညိတ်လိုက်လေ၏။

"ဟုတ်တယ်... နဂါးငွေ့တန်းဂလက်ဆီရဲ့ ဗဟိုချက်ထဲကို ဝင်ရောက်ဖို့အတွက် အောက်ဆီဂျင်ကို မဖြစ် မနေ အသားကျဖို့ လိုအပ်တယ်..."

"ငါ နားလည်ပြီ... ဒါဆို သူတို့က အခုထိ လှုပ်ရှားမှု မလုပ်သေးတာက ငါတို့က သူတို့ရဲ့ လိုအပ်ချက် တွေကို မပြည့်မီသေးလို့ပေါ့..."

ကောင်းယွမ်က ခေါင်းခါလိုက်လေသည်။

"ကန့်သတ်ချက်ကို ရောက်နေပြီဆိုပေမယ့် သူတို့က ပိုကောင်းချင်နေတာပဲ..."

ကောင်းကန့် ငြိမ်သက်သွားပြီးနောက် ရုတ်တရက် ထိတ်လန့်သွားသည့် အမူအရာ ဖြစ်သွားခဲ့လေသည်။

"ဒုက္ခပါပဲ... အခွံဖောက်ထွက်ခြင်း စီမံကိန်း..."

ကောင်းယွမ် အံ့ဩသွားခဲ့ရလေသည်။ သူ ပိုလာရစ်သို့ မသွားမီက အဆင့်မြင့်ယဉ်ကျေးမှု၏ ကန့်သတ် ချက်များကို စမ်းသပ်ရန် ရည်ရွယ်သည့် အခွံဖောက်ထွက်ခြင်း စီမံကိန်းအမည်ရ အစီအစဉ်တစ်ခုကို ဆွဲထားကြောင်း ကောင်းချိုး ပြောခဲ့သည်ကို သူ မှတ်မိလိုက်ပေသည်။ ထိုအစီအစဉ်၏ အဓိကအချက်မှာ ဆန့်ကျင်ဘက်ဒြပ်ထု အင်ဂျင်များကို တည်ဆောက်ပြီး ဗုဒ္ဓဟူးဂြိုဟ်ကို နေမင်းဆီသို့ တွန်းပို့ရန် ဖြစ် လေသည်။

အဆင့်မြင့်ယဉ်ကျေးမှုသည် သူတို့ကို လိုအပ်နေသဖြင့် သူတို့ကို ဖျက်ဆီးမည်မဟုတ်ကြောင်း ကောင်းချိုးက လောင်းကြေးထပ်ထားခြင်း ဖြစ်လေသည်။

သို့သော် အနာဂတ်ကမ္ဘာသည် အဆင့် (၂) ယဉ်ကျေးမှု၏ အတိုင်းအတာတစ်ခုသို့ ရောက်ရှိနေပြီဖြစ် ကြောင်း ယခုအခါ ကောင်းယွမ် သိရှိနေပြီ ဖြစ်လေသည်။

အကောင်းဆုံးအခြေအနေ မဟုတ်သော်လည်း အသုံးပြု၍ ရနိုင်နေပြီ ဖြစ်၏။ သူတို့သာ ငြိမ်ငြိမ်နေမည် ဆိုပါက အဆင့်မြင့်ယဉ်ကျေးမှုက သူတို့ကို နောက်ထပ် နှစ်ရာပေါင်းများစွာ ဆက်လက် ဖွံ့ဖြိုးတိုးတက် ခွင့် ပေးထားနိုင်ပေသည်။ သို့သော် ယခုတော့ ကောင်းချိုး၏ အခွံဖောက်ထွက်ခြင်း စီမံကိန်းမှာ ဘေး အန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေခဲ့လေတော့သည်။

အကယ်၍သာ ဗုဒ္ဓဟူးဂြိုဟ်သည် နေမင်းနှင့် ဝင်တိုက်သွားပါက နေအဖွဲ့အစည်းတစ်ခုလုံး ပျက်စီးသွား မည်ဖြစ်ပြီး အဆင့်မြင့်ယဉ်ကျေးမှုသည်လည်း လူသားမျိုးနွယ်ကို အချိန်မတိုင်မီ မျိုးတုံးဖျက်ဆီးပစ် မည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်ပေသည်။

ကောင်းကန့်ကလည်း ဤအချက်ကို သေချာပေါက် တွေးမိနေပုံရလေသည်။

"မဖြစ်ဘူး... ငါ အခုချက်ချင်း ဗုဒ္ဓဟူးဂြိုဟ်ကို သွားမှရမယ်... အခွံဖောက်ထွက်ခြင်း စီမံကိန်းကို ရပ်တန့် ရမယ်..."

ကောင်းယွမ်လည်း စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။

"အချိန်မီပါ့မလား... အခုချက်ချင်းပဲ ကောင်းချိုးကို ဆက်သွယ်လိုက်..."

"လှိုင်းဖမ်းယူမှုက မကောင်းဘူး... ငါတို့ ကွမ်တမ် ဆက်သွယ်ရေးစနစ်ကို သုံးရမယ်... ပြီးတော့ အဖေ သတင်းရတာ သေချာအောင် ငါတို့ ကိုယ်တိုင် သွားရမယ်... ကောင်းယွမ်... မင်း ငါနဲ့လိုက်ခဲ့..."

ကောင်းယွမ်တွင်လည်း ကောင်းချိုးနှင့် ကောင်းကန့်တို့ကို မေးစရာ မေးခွန်းများ ရှိနေသေးပေသည်။

ထို့ကြောင့် သူ ခေါင်းညိတ်လိုက်လေ၏။

"ကောင်းပြီလေ..."

မကြာမီမှာပင် ကောင်းကန့်သည် စူပါ နေအဆင့် စစ်သင်္ဘောတစ်စင်းကို စေလွှတ်ကာ ဗုဒ္ဓဟူးဂြိုဟ်သို့ ပျံသန်းသွားခဲ့လေသည်။

ဗုဒ္ဓဟူးဂြိုဟ်၏ မျက်နှာပြင်တွင် အလွန် ပြင်းထန်သော အပူချိန် ကွာခြားမှုများကို ကြုံတွေ့ရပြီး နေ့ဘက် အပူချိန်မှာ အပေါင်း (၄၀၀) မှ (၅၀၀) ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ကာ ညဘက်အပူချိန်မှာ အနုတ်(၁၇၃) ဒီဂရီစင်တီဂရိတ်အထိ ထိုးဆင်းသွားတတ်သဖြင့် အပူချိန်ကွာခြားမှုမှာ (၅၀၀) မှ (၆၀၀) ဒီဂရီစင်တီ ဂရိတ် အထိ ရှိနေလေသည်။

မျက်နှာပြင်ပေါ်တွင် မကြာခဏ မိုးကြိုးမုန်တိုင်းများလည်း ကျရောက်တတ်ရာ ဆောက်လုပ်ရေးလုပ်ငန်း များ လုပ်ဆောင်ရန် အလွန် ခက်ခဲလှပေသည်။ ဤအရာမှာ ကမ္ဘာမြေပေါ်တွင်သာဆိုလျှင် သုံးလေးလအ တွင်း ဆန့်ကျင်ဘက်ဒြပ်ထု အင်ဂျင် ထောင်ပေါင်းများစွာကို တည်ဆောက်နိုင်လောက်ပြီ ဖြစ်လေသည်။

သို့သော်လည်း ဗုဒ္ဓဟူးဂြိုဟ်တွင် ကောင်းချိုး၏ ကိုယ်တိုင် ကြီးကြပ်မှုအောက်၌ အဆင့်မြင့် နည်းပညာ အမျိုးမျိုးနှင့် စက်ရုပ် သန်းဆယ်ချီကို အသုံးပြုခဲ့သော်လည်း ယခုအချိန်အထိ ဆန့်ကျင်ဘက်ဒြပ်ထု အင်ဂျင် ရာဂဏန်း အနည်းငယ်ခန့်ကိုသာ တည်ဆောက်နိုင်ခဲ့သေးပေသည်။

ကောင်းချိုးသည် စိုးရိမ်ပူပန်နေပုံရလေသည်။ ဤနှုန်းအတိုင်းဆိုလျှင် စီမံကိန်း ပြီးမြောက်ရန် နောက် ထပ် ငါးနှစ် သို့မဟုတ် ခြောက်နှစ်ခန့် အချိန်ယူရလောက်မည် ဖြစ်၏။

နည်းပညာမှာ လုံလောက်မှု မရှိသေးပုံပေါ်ရာ အမျိုးမျိုးသော ပြင်းထန်သည့် အခြေအနေများအောက် တွင် ဆောက်လုပ်ရေး လုပ်ဆောင်နိုင်စွမ်းကို တိုးတက်အောင် ပြုလုပ်ရန် လိုအပ်နေပေသည်။

...

စူပါ နေအဆင့် စစ်သင်္ဘောပေါ်တွင် ကောင်းယွမ်သည် သူ၏အရှေ့၌ တဖြည်းဖြည်း ကြီးမားလာသော ဗုဒ္ဓဟူးဂြိုဟ်ကို ကြည့်ကာ သက်ပြင်းချမိသည့် ခံစားချက်မျိုးကို ခံစားလိုက်ရလေသည်။

ဗုဒ္ဓဟူးဂြိုဟ်သည် ကမ္ဘာမြေ၏ အမြွှာဂြိုဟ်နှင့် တူသော်လည်း သူတို့၏ ပတ်ဝန်းကျင်များမှာ လုံးဝ ကွဲပြားခြားနားနေခဲ့ပေသည်။

"ကောင်းကန့်... ကျွန်တော်တို့ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် အခွင့်အရေး ရှိမယ်လို့ ခင်ဗျား ထင်လား..."

ကောင်းကန့်က လေးနက်သော အမူအရာဖြင့် ပြောလိုက်လေသည်။

"ငါ မသိဘူး... ငါတို့ အကောင်းဆုံး ကြိုးစားပြီး ကျန်တာကိုတော့ ကံကြမ္မာကိုပဲ ပုံအပ်လိုက်ရမှာပဲ..."

"ခင်ဗျားက ကံကြမ္မာကို ယုံသေးတာလား... ကံကြမ္မာဆိုတာ ထိုင်ပြီး သေမယ့်အချိန်ကို စောင့်နေရုံပဲ မဟုတ်ဘူးလား..."

"အဲဒီလို လုံးလုံးလျားလျားကြီးတော့ မဟုတ်ပါဘူး... ထွက်ပေါက်တစ်ခုတော့ အမြဲရှိစမြဲပါ..."

"ဒါနဲ့... ဒီနှစ်တွေထဲမှာ အဆင့်မြင့်ယဉ်ကျေးမှုက ခင်ဗျားတို့ရဲ့ နည်းပညာအဆင့်အတန်းကို တိုးတက် လာအောင် လုပ်ဖို့ နည်းလမ်းတစ်ခုခု အသုံးမပြုခဲ့ဘူးလား..."

ကောင်းယွမ်က မေးလိုက်လေသည်။

"ဘာနည်းလမ်းတွေလဲ..."

"ဥပမာအားဖြင့် ယဉ်ကျေးမှု အတော်များများကို နေအဖွဲ့အစည်းအတွင်းမှာ ပေါင်းစပ်ပေးလိုက်ပြီး အချင်းချင်း တိုက်ခိုက်သိမ်းပိုက်ခိုင်းမယ်ဆိုရင် နောက်ဆုံးမှာ ယဉ်ကျေးမှုတစ်ခုက အောင်ပွဲခံပြီး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှာပဲလေ..."

"ဘယ်လိုလုပ်ပြီး... ဒါက ဖြစ်နိုင်မှာလဲ..."

"ဘာလို့ မဖြစ်နိုင်ရမှာလဲ... အဆင့်မြင့်ယဉ်ကျေးမှုက ဘယ်ဂလက်ဆီမှာ ရှိနေလဲဆိုတာကိုရော ခင်ဗျား သိလား..."

"ဘယ်မှာလဲ..."

"ပိုလာရစ်မှာလေ..."

ကောင်းယွမ်က ပြတ်သားစွာ ပြောလိုက်လေသည်။

ကောင်းကန့် လန့်သွားခဲ့လေ၏။

"ပိုလာရစ်မှာလား..."

ပြောနေရင်းနှင့်ပင် ကောင်းကန့်သည် စစ်သင်္ဘော၏ စနစ်ထဲမှ ပိုလာရစ်နှင့်ပတ်သက်သော အချက် အလက်များကို ဆွဲထုတ်လိုက်လေသည်။

"ပိုလာရစ်... ဂြိုဟ်ပေါင်း (၅၆) လုံး ပါဝင်တဲ့ ရှုပ်ထွေးတဲ့ ကြယ်သုံးပွင့် အဖွဲ့အစည်းဖြစ်ပြီး ကျောက်သား ဂြိုဟ် (၃၆) လုံး၊ ဓာတ်ငွေ့ဂြိုဟ်ကြီး (၂၀) လုံးနဲ့ အချင်း ကီလိုမီတာ (၅၀၀) ကျော်ရှိတဲ့ ဂြိုဟ်ရံလ(၁၀၆၂) လုံး ပါဝင်ပါတယ်..."

ကောင်းယွမ်သည် အံ့ဩတကြီးဖြင့် နှုတ်ခမ်းသပ်လိုက်မိလေသည်။ ဤမျှများပြားသည်လားဟု သူ တွေးလိုက်မိ၏။

မြွေလူသားယဉ်ကျေးမှုတွင် ဤမျှ များပြားသော ဂြိုဟ်များ ရှိနေပေသည်။

ထို့ကြောင့် ထိုအထဲတွင် ယဉ်ကျေးမှု မည်မျှ ရှိနေမည်နည်း။

"ယခင်က ခန့်မှန်းချက်တွေအရ ပိုလာရစ် အဖွဲ့အစည်းမှာ သက်ရှိတွေ နေထိုင်ဖို့ သင့်တော်တဲ့ ဂြိုဟ် တစ်လုံးမှ မရှိသင့်ဘူး... အောက်ဆီဂျင်မလိုအပ်တဲ့ သက်ရှိတွေတောင်မှ ရေကို လိုအပ်မှာပဲလေ..."

All Chapters