အခန်း (၄၁၁-၄၁၂)
Vol. 42 Ch. 411-412
အခန်း (၄၁၁) ပေါက်ကွဲခြင်း
ယောင်ရန် အဘယ်ကြောင့် ဤမေးခွန်းကို မေးရသည်ကို လုံယု ဝေခွဲမရဖြစ်နေသော်လည်း ပြန်ဖြေ လိုက်လေသည်။
“မင်း မီးရှူးမီးပန်းတွေ ကြည့်ချင်တယ်ဆိုရင် ကျားရှန့်ကို လုပ်ပေးဖို့ ကိုယ် ပြောပေးမယ်လေ…”
သူ၏ အလိုလိုက်သော လေသံကြောင့် ယောင်ရန်က တစ်ချက် ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
“မလိုပါဘူး…. အခု ရှင်ကြည့်ရတော့မှာပါ….”
ထို့နောက် သူမ၏ လက်ဖဝါးကို ဆုပ်လိုက်ရာ နောက်တစ်ခဏတွင် အောက်ဘက်မှ ပေါက်ကွဲသံ သုံးချက် ထွက်ပေါ်လာခဲ့လေတော့သည်။
“ဝုန်း… ဝုန်း… ဝုန်း….”
ကျန်သောသူများသည်လည်း ပေါက်ကွဲသံ ဘယ်ကလာသလဲဆိုသည်ကို သိသွားသောအခါ ကြောက် လန့်တကြားဖြင့် မျက်နှာများ ဖြူဖျော့သွားကြလေတော့သည်။
သစ်စွမ်းအားရှင် သုံးဦး ရပ်နေခဲ့သည့် နေရာတွင် ပြန့်ကျဲနေသော အသားစများနှင့် သွေးကွက်များကို ကြည့်ကာ တစ်ယောက်က အော်ဟစ်လိုက်လေတော့သည်။
“သူတို့တွေ ပေါက်ကွဲသွားပြီ… သူက လူတွေကို ပေါက်ကွဲအောင် လုပ်နိုင်တယ်… ပြေးကြတော့…”
ယောင်ရန်သည် ခန္ဓာကိုယ်များကို အတွင်းပိုင်းမှ အပြင်ဘက်ကို ပေါက်ကွဲအောင် လုပ်နိုင်သော စွမ်းရည် ကို မြင်ပြီးနောက် သူမ၏ သွေးကို ထိန်းချုပ်မှုမှာ သူ၏ လေဓာတ်ကို ထိန်းချုပ်မှုနှင့် ဆင်တူကြောင်း လုံယု သတိပြုမိသွားခဲ့လေသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် သူ၏ လေဓာတ်စွမ်းအင်ကို သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ အောက် ဆီဂျင်ကို ထိန်းချုပ်ရန် အာရုံစိုက်လိုက်လေသည်။ စက္ကန့်အနည်းငယ်အကြာတွင် နောက်ထပ် ပေါက်ကွဲ သံတစ်ချက် ထပ်မံထွက်ပေါ်လာခဲ့ပြန်လေသည်။
“ဝုန်း…”
ယခုတစ်ကြိမ်တွင် ယောင်ရန် အံ့အားသင့်သွားပြီး လုံယုဘက်သို့ လှည့်ကာ မေးလိုက်လေသည်။
“ရှင်လည်း ကျွန်မလိုမျိုး လုပ်နိုင်တာလား….”
“အခုလေးတင် မင်းဆီက သင်ယူလိုက်တာပါ….” ဟု သူက ပြန်ဖြေလိုက်လေသည်။
သူ၏ သင်ယူနိုင်စွမ်း မြင့်မားမှုကို သဘောကျသွားသဖြင့် ယောင်ရန်က သူ့အား လက်မထောင်ပြလိုက် ပြီး ချီးကျူးလိုက်လေသည်။
“ကျွန်မရဲ့ စေ့စပ်ထားတဲ့သူဆိုတော့လည်း ထင်တဲ့အတိုင်းပါပဲ…”
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ကျန်ရှိနေသော တိုက်ခိုက်သူများမှာ လူစုခွဲ၍ပြေးကြလေတော့ သည်။ သူတို့၏ ခေါင်းဆောင်မှာ အံကို ကြိတ်ကာ အခြေအနေကို အကဲခတ်လိုက်လေသည်။ ပေါက်ကွဲ သွားသော အလောင်း လေးလောင်းကို မြင်သောအခါ သူက ဆုံးဖြတ်ချက်တစ်ခုကို အမြန်ချလိုက်လေ သည်။
“ဆုတ်ခွာမယ်…”
သူ၏ အမိန့်ကြောင့် အသက်ရှင်ကျန်ရစ်သူများသည် ထိတ်လန့်တကြား ထွက်ပြေးသွားကြလေတော့ သည်။ မာဘန်ရွှမ်နှင့် အခြားသူများ ရောက်ရှိလာချိန်တွင် မြေပြင်ပေါ်၌ ပြန့်ကျဲနေသော သွေးနှင့် အသား စများကိုသာ တွေ့ရှိရလေတော့သည်။
သန်မာထွားကြိုင်းသော အမျိုးသားမှာ အပေါ်သို့ မော့ကြည့်ကာ မေးလိုက်လေသည်။
“ဗိုလ်ကြီး... ရန်သူတွေ ဘယ်မှာလဲ….”
လုံယုက သူ့အား ကြည့်ကာ ပြန်ဖြေလိုက်လေသည်။
“ဟောက်ထျန်း... မင်းတို့ အခု ပြန်နှင့်ကြတော့… ငါ အစ်အစ်ကိုယွမ်ကို အကြောင်းကြားပြီးမှ ပြန်လာခဲ့ မယ်…”
အရာအားလုံး ပြီးဆုံးသွားသည်ကို မြင်လိုက်ရသဖြင့် ကွမ်းဟောက်ထျန်းမှာ စိတ်ပျက်လက်ပျက် သက် ပြင်းချကာ အမိန့်ကို နာခံလိုက်လေသည်။
“ဟုတ်ကဲ့ပါ ဗိုလ်ကြီး…”
ယောင်ရန်၏ ဗီလာတွင် ရှီရွှမ်းနှင့် အခြားသူများသည် ဒရုန်းဗီဒီယိုမှတစ်ဆင့် အပြင်ဘက်မှ ဖြစ်ရပ်များ ကို ကြည့်ရှုနေလျက်ရှိကြပြီး သူတို့ မြင်တွေ့ခဲ့ရသည့်အရာများကြောင့် ဆွံ့အလျက် ရှိနေကြလေသည်။
ယောင်ရန်နှင့် လုံယုတို့က ဖြစ်ပျက်ခဲ့သည့်အကြောင်းများကို ယွမ်ရိဟွေးအား အကြောင်းကြားရန် သွား နေစဉ် ကျန်ရှိနေသော ဂိုဏ်းဝင်များသည် ဆင်းရဲသားရပ်ကွက်ထဲသို့ ပြန်ပြေးသွားခဲ့ကြပေသည်။ အဓိ ကရုဏ်းများ ဖြစ်ပွားပြီးနောက် ဆင်းရဲသားရပ်ကွက်မှာ ဂိုဏ်းအနည်းငယ်က ထိန်းချုပ်ခွဲဝေထားသော ဥပဒေမဲ့ဇုန်တစ်ခု ဖြစ်လာခဲ့ရပေသည်။
ဆင်းရဲသားရပ်ကွက်ရှိ လမ်းကြားတစ်ခုသို့ ရောက်သောအခါ ဂိုဏ်းသားများသည် ညစ်ပတ်သော မြေပြင်ပေါ်သို့ ပစ်လဲကာ အနားယူကြတော့သည်။ ခေါင်းဆောင်ဖြစ်သူမှာ နံရံကို မှီထားရင်း လက်သီးကို တင်းတင်းဆုပ်ကာ မြေပြင်ကို ဒေါသတကြီး ထိုးလိုက်ပြီး မြည်တမ်းလိုက်လေသည်။
“တောက်... ကျိန်စာသင့်မယ့်ဟာတွေ…”
သူ၏ ဒေါသကို မြင်သောအခါ ကျန်သူများမှာ အသံပင် မထွက်ရဲကြပေ။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တစ်ယောက်က သတ္တိမွေးကာ မေးလိုက်လေသည်။
“အစ်ကိုကြီး... အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ….”
ခေါင်းဆောင်ဖြစ်သူက သူ့အား စိုက်ကြည့်လိုက်သော်လည်း ဘာမှ ပြန်ပြောခြင်းမရှိခဲ့ပေ။ သူ၏ စိုက် ကြည့်မှုအောက်တွင် ထိုလူမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
အားလုံး ပင်ပန်းနေကြသော်လည်း ဒဏ်ရာမရသည်ကို သတိပြုမိသဖြင့် နောက်တစ်ဦးက ဝင်ပြောလိုက် လေသည်။
“အစ်ကိုကြီး... ကျွန်တော်တို့ ဒီအတိုင်းတော့ ပြန်သွားလို့ မဖြစ်ဘူး… အောင်မြင်မှုမရဘဲ ပြန်သွားရင် တော့...”
ထိုနေရာတွင် ရှိနေသူအားလုံးက သူပြောချင်သည့် အဓိပ္ပာယ်ကို နားလည်လိုက်ကြလေသည်။ လက် ဗလာနှင့် ပြန်သွားပါက သူတို့၏ သူဌေးက သူတို့အား သတ်ပစ်မည်မှာ အမှန်ပင်။
အကျိုးအပြစ်ကို ချိန်ဆပြီးနောက် ခေါင်းဆောင်က နောက်ဆုံးတွင် မေးလိုက်လေသည်။
“မင်းတို့ အသက်ရှင်ချင်ကြသလား…”
အဖြေကတော့ ရှင်းနေပါသည်။ မည်သူက အသေခံချင်ပါမည်နည်း….။
ဂိုဏ်းသားများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ပြိုင်တူ ခေါင်းညိတ်ပြလိုက်ကြလေ သည်။
သူတို့၏ တုံ့ပြန်မှုကို မြင်သောအခါ ခေါင်းဆောင်က ပြောလိုက်လေသည်။
“အဲဒီ ဘီလူးနှစ်ကောင်ကို တိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး…၊ ဒါပေမဲ့ ငါတို့လည်း ပြန်သွားလို့လည်း မဖြစ် ဘူး…”
ထိုစကားကြောင့် တစ်ယောက်က မေးလိုက်လေသည်။
“အစ်ကိုကြီး... ခင်ဗျားမှာ အစီအစဉ် ရှိလို့လား…”
ခေါင်းဆောင်က ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။
“အေး... ငါတို့ အသက်ရှင်ဖို့ တစ်ခုတည်းသောနည်းလမ်းက စစ်တပ်ဆီ သတင်းသွားရောင်းဖို့ပဲ….”
သူ ထိုသို့ပြောလိုက်သည်နှင့် ဉာဏ်ကောင်းသူများက သူ၏ အစီအစဉ်ကို နားလည်လိုက်ကြလေသည်။
“ခင်ဗျားက စစ်တပ်ကိုသုံးပြီး ကျွန်တော်တို့ရဲ့ သူဌေးကို သတ်ခိုင်းမလို့လား….”
တစ်ယောက်က မယုံကြည်နိုင်သော လေသံဖြင့် မေးလိုက်လေသည်။
ခေါင်းဆောင်ဖြစ်သူက မဲ့ပြုံးပြုံးလိုက်ပြီး ပြန်ဖြေလိုက်လေသည်။
“သူက ငါတို့ကို အတင်းအကျပ် လုပ်ခဲ့တာလေ… အဲဒီ ဘီလူးနှစ်ကောင်လက်ထဲမှာ အသေခံမယ့်အစား သူ့ကို ပြန်တိုက်တာကမှ တော်ဦးမယ်…”
ဤသည်က အသက်ရှင်ရန် တစ်ခုတည်းသော အခွင့်အရေးဖြစ်ကြောင်း သိသွားကြသဖြင့် ကျန်သူများ သည်လည်း မတတ်သာဘဲ ထိုအစီအစဉ်ကို သဘောတူလိုက်ကြရလေသည်။ အားလုံး သဘောတူညီမှု ရသွားသောအခါ ခေါင်းဆောင်က ညွှန်ကြားလိုက်လေသည်။
“မင်းတို့ အရင်ဆုံး ခိုအောင်းတဲ့နေရာကို ပြန်နှင့်ကြဦး…”
“အစ်ကိုကြီးကကော…”
ခေါင်းဆောင်သည် လူငယ်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
“ငါကတော့ ရွှီမိသားစုရဲ့ သခင်လေးကို သွားရှာမယ်….”
ထိုသို့ပြောပြီးနောက် သူသည် သူ၏ မျက်နှာကို ဖုံးကွယ်ရန် ခေါင်းစွပ်အင်္ကျီကို ဆွဲချလိုက်ပြီး လမ်းကြား ထဲမှ ထွက်ခွာသွားလေတော့သည်။
တစ်နာရီအကြာတွင် ရွှီရူဟန်သည် ခေါင်းဆောင်ထံမှ ဂိုဏ်းများအကြောင်းကို သိရှိသွားသောအခါ သူနှင့် သူ၏လူများသည် ဆင်းရဲသားရပ်ကွက်ကို ရှင်းလင်းရန် ဆုံးဖြတ်လိုက်ကြလေသည်။ ထို့ကြောင့် မည်သူ မျှ ဗီလာဧရိယာကို ထပ်မံတိုက်ခိုက်ရန် မဝံ့ရဲကြတော့ပေ။
လောလောဆယ်တွင် အခြေအနေများ ငြိမ်သက်နေသော်လည်း နေထိုင်သူများမှာ ထိတ်လန့်နေကြဆဲ ဖြစ်လေသည်။ နောက်ဆုံးအကြိမ် ဂိုဏ်းများ၏ တိုက်ခိုက်မှုအပြီး ဆယ်ရက်ခန့် ကြာမြင့်ခဲ့သော်လည်း ဗီလာဧရိယာရှိ အငွေ့အသက်များမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုလေးလံလာလျက်ရှိလေတော့သည်။
ထိုနေ့နံနက်တွင် စောစောနိုးလာသော ယောင်ရန်သည် အပြင်ဘက်၌ အငြင်းပွားမှုတစ်ခု ဖြစ်ပွားနေ သည်ကို သတိပြုမိသွားပေသည်။ သူမသည် ဒုတိယထပ် ဝရန်တာတွင် ရပ်လျက် အောက်ဘက်တွင် ဗီလာပိုင်ရှင်နှစ်ဦး အချင်းချင်း ရန်ဖြစ်နေကြသည်ကို စဉ်းစားခန်းဖွင့်ကာ ကြည့်နေမိလေသည်။
အခြေအနေမှာ လက်ပါသည်အထိ ရောက်ခါနီးအချိန်မှာပင် ကင်းလှည့်အစောင့်များ ရောက်ရှိလာပြီး သူတို့အား လူစုခွဲလိုက်လေသည်။
“အခုချက်ချင်း ရပ်လိုက်စမ်း…”
ဗီလာပိုင်ရှင်နှစ်ဦးမှာ အချင်းချင်း ဆံပင်ကို ဆွဲထားကြဆဲဖြစ်သည်ကို အစောင့်များ မြင်ရသောအခါ သူတို့ကို အတင်းအကျပ် ခွဲထုတ်လိုက်ရလေတော့သည်။
ဗီလာပိုင်ရှင်များထဲမှ တစ်ဦးမှာ ယောင်ရန်၏ အိမ်နီးချင်း ဖြစ်ပေသည်။ သူမသည် ဈေးကြီးသော အဝတ် အစားများ ဝတ်ဆင်ထားသည့် အခြားအမျိုးသမီးကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက် လေသည်။
“ငါ့မိသားစုရဲ့ ရိက္ခာတွေကို အခုချက်ချင်း ပြန်ပေးစမ်း၊ မဟုတ်ရင်တော့ နင့်ရဲ့လက်တွေကို ငါ ဖြတ်ပစ် မယ်…”
အခြားအမျိုးသမီးကလည်း ထပ်တူပင် ဒေါသထွက်နေလျက်ရှိပြီး ပြန်လည်အော်ဟစ်လိုက်လေသည်။
“ငါက နင့်ရဲ့ရိက္ခာတွေကို ခိုးရလောက်အောင်ထိ ဆင်းရဲနေတယ်လို့ ထင်နေတာလား… ဒါတွေက ငါတို့ ဟာတွေဟဲ့…”
အိမ်နီးချင်းဖြစ်သူက မဲ့ပြုံးပြုံးကာ အမျိုးသမီး၏လက်ထဲရှိ စည်သွပ်ဘူးကို လက်ညှိုးထိုးပြပြီး ခိုင်မာစွာ ပြောလိုက်လေသည်။
“ငါတို့ရိက္ခာတိုင်းမှာ ငါ အမှတ်အသား လုပ်ထားပြီးသား… ဘူးရဲ့အောက်ခြေမှာ ကြယ်ပုံစံ ထွင်းထား တယ်၊ အဲဒါ ငါ့ရိက္ခာပဲ….”
ထိုစကားကို ကြားသောအခါ အစောင့်တစ်ဦးက အမျိုးသမီးဘက်သို့ လက်ကမ်းလိုက်ပြီး ပြောလိုက် လေသည်။
“အစ်မကြီး... ကျေးဇူးပြုပြီး ကျွန်တော့်ကို စစ်ဆေးခွင့်ပေးပါဦး….”
အမျိုးသမီးသည် စည်သွပ်ဘူးကို သူမ၏ အနွေးထည်အထူကြီးထဲတွင် ဝှက်လိုက်ပြီး ဒေါသတကြီး ပြန် ပြောလိုက်လေသည်။
“ဘာလို့ မင်းကို စစ်ခိုင်းရမှာလဲ… ဒါ ငါ့ဟာပဲ…”
သူမ ပူးပေါင်းဆောင်ရွက်ရန် တွန့်ဆုတ်နေသည်ကို မြင်သောအခါ အိမ်နီးချင်းဖြစ်သူက သူမကို လက် ညှိုးထိုးကာ အခိုင်အမာ စွပ်စွဲလိုက်လေသည်။
“ကြည့်လိုက်စမ်း… သူ ကြောက်နေပြီ… အဲဒါ ငါ့မိသားစုရဲ့ ရိက္ခာတွေပဲ…”
အစောင့်တစ်ဦးမှာ သူတို့၏ အငြင်းပွားမှုတွင် အချိန်မဖြုန်းလိုသဖြင့် အမျိုးသမီး၏ လက်ထဲမှ စည်သွပ် ဘူးကို လုယူလိုက်လေတော့သည်။
အခန်း (၄၁၂) ညဉ့်မှော်ပင်၊ အလင်းလွှတ်မှို (၁)
အစောင့်သည် စည်သွပ်ဘူး၏ အောက်ခြေကို စစ်ဆေးကြည့်လိုက်သောအခါ သေသေသပ်သပ် ထွင်းထု ထားသော ကြယ်ပွင့်လေးတစ်ခုကို တွေ့လိုက်ရပေသည်။ သူက အမျိုးသမီးဘက်သို့ လှည့်ကာ မေး လိုက်လေသည်။
“အစ်မကြီး... ခိုးမှုကျူးလွန်ရင် အခကြေးငွေမရတဲ့ အများပြည်သူအကျိုးပြု လုပ်အားပေး ဆယ်ရက် ပြစ်ဒဏ်ကျခံရမယ်ဆိုတာ သိတယ်မဟုတ်လား….”
ထိုစကားကြောင့် အမျိုးသမီး၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။ လုပ်အားပေးပြစ်ဒဏ်ဆိုသည်မှာ အညစ်ပတ်ဆုံးနှင့် အပင်ပန်းဆုံး အလုပ်ကြမ်းများကို လုပ်ခလစာမရဘဲ လုပ်ကိုင်ရခြင်းဖြစ်ကြောင်း လူတိုင်း သိကြသည်မဟုတ်ပါလား။
သူမသည် တုန်ယင်နေသော လက်များကို တင်းတင်းဆုပ်ထားရင်း မျက်နှာကို မော့ကာ ပြန်အော် လိုက်လေသည်။
“နင်... နင်တို့ ပြန်ရသွားပြီပဲ…. ငါ့ကို အပြစ်ပေးလို့ မရဘူး…”
သူမတွင် နောင်တရဟန် လုံးဝမရှိသည်ကို မြင်သောအခါ အစောင့်ခေါင်းဆောင်က အမိန့်ပေးလိုက် လေသည်။
“သူ့ကို ချုပ်နှောင်ရေးစခန်း ခေါ်သွားလိုက်၊ ပြီးရင် သူ့မိသားစုကို အကြောင်းကြားလိုက်ပါ… အာမခံ ကြေး မသွင်းရင်တော့ သူ့ကို စိုက်ပျိုးရေးခြံဆီ ဆယ်ရက်ကြာ အလုပ်ကြမ်းလုပ်ဖို့ ပို့လိုက်မယ်…”
“ဟုတ်ကဲ့ပါ ဆရာ…”
ထိုစကားကို ကြားသောအခါ အမျိုးသမီးသည် နောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး ထွက်ပြေးရန် ကြိုးစားတော့သည်။ သို့သော် သူမ နောက်လှည့်မပြေးနိုင်မီမှာပင် အစောင့်များက သူမ၏ လက်မောင်း များကို ဖမ်းဆွဲကာ အတင်းဆွဲခေါ်သွားကြလေတော့သည်။
သူမသည် အစွမ်းကုန် ရုန်းကန်ရင်း ဟစ်အော်နေတော့သည်။
“ငါ့ကိုလွှတ်… ငါ့ယောက်ျား ဘယ်သူလဲဆိုတာ နင်တို့ သိလား… နင်တို့အားလုံး ဒီအတွက် ပြန်ပေးဆပ်ရ လိမ့်မယ်…”
အစောင့်များက သူမကို ဆွဲခေါ်သွားပြီးနောက် ခေါင်းဆောင်ဖြစ်သူသည် စည်သွပ်ဘူးကို အိမ်နီးချင်း ဖြစ်သူထံ ပြန်ပေးကာ သတိပေးလိုက်လေသည်။
“ကိုယ့်ပစ္စည်းကို ကိုယ်ဂရုစိုက်ပါဦး… နောက်တစ်ခါ ဒါမျိုးဖြစ်ရင် ကျွန်တော်တို့ကို ချက်ချင်း အကြောင်း ကြားပါ…”
အိမ်နီးချင်းဖြစ်သူက စည်သွပ်ဘူးကို လှမ်းယူကာ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
“ကျေးဇူးတင်ပါတယ် ရဲဘော်….”
အခြေအနေများ ငြိမ်သက်သွားပြီး လူစုခွဲသွားကြပြီးနောက် ယောင်ရန်သည် မနက်စာပြင်ရန် အောက် ထပ်သို့ ဆင်းလာခဲ့လေသည်။
ယောင်ရန် မီးဖိုချောင်တွင် အလုပ်ရှုပ်နေစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။ နာရီကို ကြည့်လိုက် တော့ မနက် ငါးနာရီပင် ရှိသေးသည်။ ဒီလောက်စောစောစီးစီး ဘယ်သူများ လာတာပါလိမ့်ဟု စူးစမ်း လိုစိတ်ဖြင့် လက်ကို ဆေးကာ တံခါးသွားဖွင့်ပေးလိုက်သည်။
တံခါးဝတွင် ယွမ်ရိဟွေး ရပ်နေသည်ကို မြင်သောအခါ သူမက မေးလိုက်လေသည်။
“အစ်ကိုယွမ်... ဘာကိစ္စရှိလို့ ဒီလောက်စောစောစီးစီး ရောက်လာတာလဲ…”
ယွမ်ရိဟွေးက ဝင်းပစွာ ပြုံးပြရင်း ပြန်ဖြေလိုက်လေသည်။
“မစ္စယောင်ရန်... ကျွန်တော် သတင်းကောင်း ပါလာတယ်ဗျ…”
ယောင်ရန်က ဘေးသို့ ဖယ်ပေးလိုက်ရင်း ဖိတ်ခေါ်လိုက်လေသည်။
“အပြင်မှာ အေးတယ်၊ အထဲဝင်ပါဦး….”
တံခါးပြန်ပိတ်ပြီးနောက် သူတို့နှစ်ဦး ဧည့်ခန်းသို့ သွားလိုက်ကြလေသည်။ ထိုင်လိုက်သည်နှင့် ယောင်ရန် က စပ်စုလိုက်လေသည်။
“ဘယ်လို သတင်းကောင်းမို့လို့ အစ်ကိုယွမ် ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ…”
ယွမ်ရိဟွေးက ဖြီးလျက် ပြောလိုက်လေသည်။
“ဒီမနက်တင် စိုက်ပျိုးရေးသုတေသနဌာနက အလင်းရောင် နည်းနည်းပဲလိုတဲ့ အပင်အသစ်တွေ စမ်းသပ် အောင်မြင်ကြောင်း ကြေညာလိုက်ပြီဗျ… အဲဒါတွေကို ညဉ့်မှော်ပင်နဲ့ အလင်းလွှတ်မှို လို့ ခေါ်ကြတယ်…”
ထိုစကားကြောင့် ယောင်ရန်က သံသယဖြင့် မျက်ခုံးပင့်လိုက်ကာ မေးလိုက်လေသည်။
“အဲဒါတွေကို စားလို့ရလို့လား…”
သူမ၏ သံသယကို နားလည်သဖြင့် ယွမ်ရိဟွေးက ရှင်းပြလိုက်လေသည်။
“နာမည်ကိုကြည့်ပြီး အထင်မသေးနဲ့ဦး မစ္စယောင်ရန်… သုတေသနဌာနက ကြေညာချက်မထုတ်ခင်မှာ တင် စစ်သားတွေက အရင်မြည်းစမ်းကြည့်ပြီးပြီလို့ ကြားတယ်….”
သူပြောသည်ကို ကြားသောအခါ ယောင်ရန်က ခဏမျှ စဉ်းစားလိုက်ပြီး မေးလိုက်လေသည်။
“လူထုကို ကြေညာတယ်ဆိုမှတော့ အဲဒီ ညဉ့်မှော်ပင်နဲ့ အလင်းလွှတ်မှိုတွေကိုလည်း ဖြန့်ဝေပေးမယ်ဆို တဲ့ အဓိပ္ပာယ်ပေါ့နော်….”
“ဟုတ်တယ်... ဒီနေ့ မွန်းတည့်ချိန်မှာ စပြီးဖြန့်ဝေမယ်လို့ ကျွန်တော် စုံစမ်းသိရှိထားတယ်…”
ယွမ်ရိဟွေးက အတည်ပြုပြီးနောက် ကမ်းလှမ်းလိုက်လေသည်။
“ခဏနေရင် အတူတူ သွားကြမလား…”
စိုက်ပျိုးပင်အသစ်များကို စိတ်ဝင်စားသွားသဖြင့် ယောင်ရန်က သဘောတူလိုက်လေသည်။
“ကောင်းပြီလေ… ကျွန်မ အာယုနဲ့ တခြားသူတွေကို ပြောထားလိုက်မယ်… (၁၁) နာရီကျရင် ဝင်ပေါက် မှာ ဆုံကြတာပေါ့…”
ယွမ်ရိဟွေးက ပြုံးလျက် ထရပ်လိုက်ပြီး နှုတ်ဆက် ထွက်ခွါသွားလေတော့သည်။
“ကောင်းပါပြီ… ကျွန်တော်လည်း ကျန်တဲ့သူတွေကို သွားပြောလိုက်ပါဦးမယ်…”
ယွမ်ရိဟွေးကို လိုက်ပို့ပြီးနောက် ယောင်ရန်သည် လုံယုနှင့် အခြားသူများ လေ့ကျင့်နေသည့် တတိယ ထပ် လေ့ကျင့်ရေးခန်းမသို့ တက်လာခဲ့လေသည်။
လုံယုသည် တခြားသူများကို စွမ်းရည်ထိန်းချုပ်ပုံ သင်ကြားပေးနေသဖြင့် ယောင်ရန်က ရှီရွှမ်းကို အနား သို့ လှမ်းခေါ်လိုက်လေသည်။
“ဘာကိစ္စလဲ…”
ရှီရွှမ်းက အနားရောက်လာရင်း မေးလိုက်လေသည်။
ယောင်ရန်က ယွမ်ရိဟွေး ပြောပြသွားသည်များကို ပြန်ပြောပြပြီးနောက် မေးလိုက်လေသည်။
“ကျွန်မ အဲဒီအပင်ပေါက်တွေကို ရချင်တယ်… ခဏနေရင် ရှင်တို့အားလုံး ကျွန်မနဲ့အတူ လိုက်ခဲ့ပေးကြ မလား…”
ရှီရွှမ်းက ခေတ္တစဉ်းစားပြီး ခေါင်းညိတ်ပြလိုက်လေသည်။
“တစ်ယောက်ကို ဘယ်လောက်ဆိုပြီး ကန့်သတ်ထားမှာပဲ… မင်း အပင်တွေ အများကြီး လိုချင်တယ်ဆို ရင်တော့ ငါတို့အားလုံး လိုက်ခဲ့ပြီး ကူယူပေးတာ ပိုကောင်းမယ်ထင်တယ်…”
ယောင်ရန်က သူ၏စကားကြောင့် ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
“ကောင်းတာပေါ့…”
ထို့နောက် ကျန်သူများကို လှမ်းကြည့်လျက် မှာလိုက်လေသည်။
“အာယုတို့ အုပ်စုကိုပါ ပြောလိုက်ပါဦး… မိနစ် (၃၀) နေရင် မနက်စာစားဖို့ ဆင်းလာခဲ့ကြပါလို့…”
ရှီရွှမ်းက လက်ဟန်ပြလိုက်လေသည်။
“နားလည်ပြီ…”
မွန်းတည့်ချိန်တွင် ယောင်ရန်နှင့် အခြားသူများသည် ဗီလာကို စောင့်ကြပ်ရန် လူငါးဦး ချန်ထားခဲ့ပြီး ထွက် လာခဲ့ကြလေသည်။ လမ်းတွင် အသက်ရှင်ကျန်ရစ်သူ အများအပြားလည်း သူတို့နှင့်အတူ ဦးတည်ရာ တစ်ခုတည်းသို့ သွားနေကြသည်ကို တွေ့လိုက်ရလေသည်။
မှိန်ပျပျ လမ်းမများအတိုင်း လျှောက်လှမ်းရင်း ယောင်ရန်သည် အခြားသူများကို အကဲခတ်ကြည့်လိုက် လေသည်။ အများစုမှာ မျက်နှာကို ဖုံးအုပ်ထားပြီး လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကြလေသည်။ သူ တို့သည် သတိကြီးစွာဖြင့် တစ်ဦးကိုတစ်ဦး ရန်လိုသော အငွေ့အသက်များဖြင့် လျှောက်လှမ်းနေခဲ့ကြ လေသည်။
ဗဟိုခရိုင် ဝင်ပေါက်သို့ ရောက်သောအခါ ယွမ်ရိဟွေးနှင့် သူ၏လူများ ကြိုတင်စောင့်ဆိုင်းနေကြသည် ကို တွေ့လိုက်ရလေသည်။
ယောင်ရန်တို့အဖွဲ့ကို မြင်သည်နှင့် ယွမ်ရိဟွေးက လက်ဝှေ့ယမ်းပြကာ လှမ်းခေါ်လိုက်လေသည်။
“မစ္စယောင်ရန်၊ အစ်ကိုလုံ... ဒီမှာ…”
ယောင်ရန်က ခေါင်းညိတ်နှုတ်ဆက်ရင်း မေးလိုက်လေသည်။
“စောင့်နေရတာ ကြာပြီလား…”
“မကြာသေးပါဘူး၊ အခုလေးတင် ရောက်တာပါ…”
ယွမ်ရိဟွေးက တိုးပွားလာနေသော လူအုပ်ကြီးကို တစ်ချက်ကြည့်ကာ ပြောလိုက်လေသည်။
“သွားကြစို့… ကျွန်တော် နေရာဦးထားပြီးသားမို့လို့ တန်းစီရတာ အရမ်းကြီး မကြာလောက်ဘူး…”
သူ၏ ကြိုတင်ပြင်ဆင်မှုကို သဘောကျသွားသဖြင့် ယောင်ရန်က သူ့အား လက်မထောင်ပြလိုက်လေ သည်။
“အစ်ကိုယွမ်ကတော့ အမြဲတမ်း အဆင်သင့်ဖြစ်နေတာပဲနော်…”
ယွမ်ရိဟွေးက ချီးကျူးစကားကြောင့် ပြုံးလိုက်ပြီး သူတို့အားလုံး စီမံခန့်ခွဲရေးခရိုင်ရှိ စိုက်ပျိုးရေးသုတေ သနဌာနဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြလေတော့သည်။
နှစ်နာရီခန့် လမ်းလျှောက်ပြီးနောက် စိုက်ပျိုးရေးသုတေသနဌာနသို့ ရောက်ရှိလာခဲ့ရာ လူအုပ်ကြီးမှာ ပြည့်နှက်နေခဲ့လေပြီဖြစ်၏။ အသက်ရှင်ကျန်ရစ်သူ အုပ်စုအသီးသီးသည် တစ်ဦးကိုတစ်ဦး သတိကြီးစွာ ဖြင့် အကဲခတ်နေကြပြီး လက်နက်များကိုလည်း အသင့်ပြင်ထားကြလေသည်။
ရှီရွှမ်းနှင့် သူ၏ရဲဘော်များက လူအုပ်ကြားမှ ဖြတ်သွားစဉ် အမျိုးသားတစ်ဦးက ရုတ်တရက် သူ၏ လက်နက်ကို ရှီရွှမ်းဘက်သို့ ချိန်လိုက်ပြီး အော်ဟစ်လိုက်လေသည်။
“ငါ့အနားကို မလာနဲ့…”
ရုတ်တရက် အော်သံကြောင့် ရှီရွှမ်းသည် အလိုအလျောက်ပင် သူ၏ နေရာလွတ်စွမ်းရည်ကို အသက် သွင်းမိသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် မတိုက်ခိုက်မီ ပြန်ထိန်းလိုက်နိုင်လေသည်။
ရှီရွှမ်းက သူ၏လက်ကို ပြန်ချလိုက်ပြီး ခပ်တိုးတိုး ညည်းညူလိုက်လေသည်။
“ဘာလို့ ဒီလောက် အကျယ်ကြီး အော်ရတာလဲ… ငါ့ကို လန့်ပြီးသေအောင် လုပ်နေတာပဲ….”
တင်ကျန့်ဖုန်းက ထိုစကားကို ကြားလိုက်ရသဖြင့် မျက်လုံးလှန်ကြည့်လိုက်ပြီး တွေးလိုက်မိလေသည်။
*အစ်ကိုကြီးရာ... သေလုမျောပါး လန့်သွားတာက အဲဒီလူပါ၊ မင်းမဟုတ်ပါဘူး… မင်းကပဲ အနိုင်ကျင့် ခံရသလိုမျိုး ဘာလို့ လုပ်နေတာလဲ…*
ထိုအချိန်တွင် ယောင်ရန်က လုံယု၏လက်ကို ဆွဲကာ အနားသို့ တိုးလိုက်ပြီး တိုးတိုးလေး ကပ်ပြော လိုက်သည်။
“အာယု... ငါတို့ ဗီလာဧရိယာကနေ ထွက်လာကတည်းက လူသုံးယောက် နောက်က လိုက်နေတယ်…”
လုံယုက နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ရာ သူမပြောသော လူများကို တွေ့လိုက်ရလေသည်။ သူသည် အကြည့်ကို ပြန်လွှဲလိုက်ပြီး တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်လေသည်။
“လောလောဆယ်တော့ သူတို့ကို ဒီအတိုင်းပဲ လွှတ်ထားလိုက်ပါဦး…”