← Chapters

အခန်း (၄၁၅-၄၁၆)

Vol. 42 Ch. 415-416

အခန်း (၄၁၅-၄၁၆)

Vol. 42 Ch. 415-416

အခန်း (၄၁၅) အခြေစိုက်စခန်းအတွင်းရှိ အပြောင်းအလဲများ

ယွမ်ရိဟွေးသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်လေသည်။

“မင်း နောက်ဆုံးအကြိမ် လတ်ဆတ်တဲ့ မုန်ညင်းထုပ်တစ်ထုပ်ကို မြင်ခဲ့ရတာ ဘယ်တုန်းကလဲ…”

စွမ်းအားရှင်က ခဏမျှ စဉ်းစားပြီး ပြန်ဖြေလိုက်လေသည်။

“လွန်ခဲ့တဲ့ တစ်နှစ်က မိုးအကြီးအကျယ် ရွာပြီးကတည်းက ကျွန်တော် တစ်ခါမှ မမြင်ဖူးတော့ဘူးဗျ…”

ထိုစကားကို ကြားသောအခါ ယွမ်ရိဟွေးက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။

“ငါလည်း အတူတူပါပဲ…”

ထို့နောက် ယွမ်ရိဟွေးသည် မုန်ညင်းထုပ်ကို ဟင်းသီးဟင်းရွက်ပုံထဲသို့ ပြန်ထည့်လိုက်ပြီး အမိန့်ပေး လိုက်သည်။

“ဒါတွေအားလုံး သယ်သွားလိုက်တော့…”

နေရာလွတ် စွမ်းအားရှင်သည် တစ်ခုခုပြောရန် ပြင်သော်လည်း ယွမ်ရိဟွေးမှာ အတွေးနက်နေသည်ကို မြင်ရသဖြင့် သူ၏စကားကို ပြန်မျိုချလိုက်ကာ ရိက္ခာအားလုံးကို သူ၏နေရာလွတ်ထဲသို့ ထည့်လိုက် တော့သည်။ အားလုံးပြီးသွားသောအခါ သူတို့သည် ယောင်ရန်ကို အသိပေးပြီး ဗီလာမှ ထွက်ခွာသွားကြ လေတော့သည်။

ရက်အနည်းငယ်အတွင်း အခြေစိုက်စခန်းတစ်ခုလုံးမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့ပေသည်။ သေနတ်သံ များနှင့် တိုက်ခိုက်သံများကိုလည်း ခဏခဏ ကြားနေရသည်။ နေ့စဉ်နှင့်အမျှ လူထုရုံးတွင် သတင်းလာပို့ သော အသက်ရှင်ကျန်ရစ်သူ အရေအတွက်မှာ အလွန်အမင်း များပြားလှပေသည်။

ထို့ကြောင့် အခြေစိုက်စခန်းသည် သတင်းများကို မှတ်တမ်းတင်ရန်၊ သတင်း၏ မှန်ကန်မှုကို စုံစမ်းစစ် ဆေးရန်နှင့် ရာဇဝတ်ကောင်များကို ဖမ်းဆီးရန်အတွက် ပြည်သူ့လုံခြုံရေးဗျူရို တစ်ခုကို တည်ထောင်ခဲ့ လေသည်။

အသက်ရှင်ကျန်ရစ်သူများနှင့် စစ်သားများသည် ဂိုဏ်းဝင်များနှင့် အဓိကရုဏ်းသမားများကို တိုက်ခိုက် နေကြစဉ် ယောင်ရန်နှင့် ယွမ်ရိဟွေးတို့မှာ ရိက္ခာများကို ခွဲဝေပေးပြီး ခန္ဓာကိုယ်ပုံပျက်ခြင်းကို ကုသရန် အတွက် ရေအိုင်မှရေများကို ထောက်ပံ့ပေးနေခဲ့လေသည်။

တစ်နေ့ထက်တစ်နေ့ ယွမ်ရိဟွေးတွင် ခန္ဓာကိုယ်ပုံပျက်ခြင်းကို ကုသပေးနိုင်သည့်၊ ဒဏ်ရာများကို ပျောက်ကင်းစေနိုင်သည့်အပြင် အားအင်များကို ပြန်လည်ဖြည့်တင်းပေးနိုင်သည့် ဆေးရည်များ ရှိကြောင်း လူအများ ပိုမိုသိရှိလာခဲ့ကြလေသည်။

နှစ်ပတ်အတွင်းမှာပင် ယွမ်ရိဟွေးသည် လင်ရီထက်ပင် ပိုမိုကျော်ကြားလာခဲ့သည်။ သူ၏ စီးပွားရေးမှာ နယ်ပယ်ချဲ့ထွင်လာပြီး နာမည်ကျော်ကြားလာသည်နှင့်အမျှ အခြားဒေသများမှ လူများသည်လည်း ကျွင်းချန် စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းသို့ စတင်ရောက်ရှိလာကြတော့သည်။

လုံခြုံရေးအခြေအနေမှာ တဖြည်းဖြည်း တိုးတက်လာပြီး နေထိုင်သူအသစ်များ အခြေချလာသည်နှင့် အမျှ ရွှီချီဖန်နှင့် အဆင့်မြင့်အရာရှိများသည် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ညဉ့်မှော်ပင် နှင့် အလင်းလွှတ်မှို များကို အမြောက်အမြား ထုတ်လုပ်နိုင်ရန် ဖန်လုံအိမ်များကို ချဲ့ထွင်ရန် ဆုံးဖြတ် လိုက်ကြလေသည်။

တစ်နေ့နံနက်တွင် ယောင်ရန် နိုးလာသောအခါ ညဉ့်မှော်ပင်နှင့် အလင်းလွှတ်မှိုများကို သွားရောက်စစ် ဆေးလိုက်သည်။ ၎င်းတို့မှာ ရိတ်သိမ်းရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း တွေ့ရသဖြင့် သူမသည် အချို့ကို ရိတ်သိမ်းလိုက်ပြီး ကျန်ရှိနေသော အပင်များကို ရေအိုင်မှရေဖြင့် ဖျန်းပေးလိုက်လေသည်။

ရိတ်သိမ်းပြီးနောက် ယောင်ရန်သည် ၎င်းတို့ကို မီးဖိုချောင်သို့ ယူလာခဲ့လိုက်သည်။

ညဉ့်မှော်ပင်၏ ဂျယ်လီကဲ့သို့သော အသားကို ကြည့်ရင်း သူမသည် အလင်းလွှတ်မှိုနှင့် ဟင်းချိုချက်ရန် ဆုံးဖြတ်လိုက်လေသည်။ ကြက်သွန်ဖြူ မုန့်ပြား၊ ဘေကွန်တို့နှင့် တွဲဖက်စားလျှင်တော့ အားရကျေနပ် စရာကောင်းသော အစားအစာတစ်ခု ဖြစ်လာပေလိမ့်မည်။

ယောင်ရန်နှင့် သူမ၏သူငယ်ချင်းများသည် အလုပ်များပြီး အဓိပ္ပာယ်ရှိသော ဘဝများကို ဖြတ်သန်းနေ ကြသော်လည်း ဗီလာဧရိယာနှင့် လူနေရပ်ကွက်များတွင် နေထိုင်ကြသော အသက်ရှင်ကျန်ရစ်သူများ အတွက်မူ ထိုသို့မဟုတ်ပေ။

ထာဝရညဉ့်နက်ကြီး ကုန်ဆုံးမည့် အရိပ်အယောင်မျှ မတွေ့ရသဖြင့် လူအများစု၏ ဘဝများမှာ ရပ်တန့် နေခဲ့ကြလေသည်။

ရိက္ခာရှာဖွေရန်အတွက် သူတို့ ဘာမှမတတ်နိုင်ကြသဖြင့် အိမ်ထဲတွင်သာ အောင်းနေကြသည် သို့မဟုတ် ဓားပြများနှင့် ဂိုဏ်းဝင်များကို လိုက်လံရှာဖွေနေခဲ့ကြလေသည်။ ချမ်းသာသူများပင်လျှင် သူတို့၏ အနာ ဂတ် ရပ်တည်ရေးအတွက် စတင်စိုးရိမ်လာခဲ့ကြလေသည်။

သူတို့သည် အပြင်ဘက်တွင် ရိက္ခာအချို့ ဝှက်ထားခဲ့ကြသော်လည်း ဓားပြများ ခိုးယူသွားခြင်း ရှိ၊ မရှိကိုမူ မသေချာကြပေ။ ဗီလာအတွင်း သိုလှောင်ထားသော ရိက္ခာများမှာလည်း တဖြည်းဖြည်း လျော့နည်းလာ နေခဲ့ပေသည်။ ရွှီ၊ မုနှင့် ဟွာ မိသားစုကြီး သုံးခုပင်လျှင် ထိုအခက်အခဲနှင့် ရင်ဆိုင်နေရခြင်းဖြစ်ပေသည်။

ရွှီမိသားစု၏ ဧည့်ခန်းအတွင်း၌ အဘိုးကြီးသုံးဦးနှင့် မြေးဖြစ်သူတို့မှာ အလေးအနက် ဆွေးနွေးနေကြ သည်။

အဘိုးရွှီသည် သူ၏ဒုတိယသားနှင့် မြေးဖြစ်သူဘက်သို့ လှည့်ကာ မေးလိုက်သည်။

“ငါတို့ရဲ့ ရိက္ခာတွေကို သွားယူဖို့ လူလွှတ်ပြီးပြီလား…”

ရွှီချီဖန်က သက်ပြင်းချရင်း ပြန်ဖြေလိုက်လေသည်။

“အဖေ... အခုလောလောဆယ် ရိက္ခာတွေ သွားယူဖို့ အင်အားမလောက်သေးဘူးဗျ… အခြေအနေတွေ လုံးဝငြိမ်သက်သွားတဲ့အထိ စောင့်ပြီးမှ ဝူလျန်ကို သွားယူခိုင်းဖို့ ကျွန်တော် စဉ်းစားထားတယ်…”

ထိုစကားကို ကြားသောအခါ ရွှီရူဟန်က ရုတ်တရက် ပြောလိုက်လေသည်။

“ဦးလေး... ကျွန်တော် အဲဒီလူကို မယုံဘူး….”

မိသားစု စီးပွားရေးကို လွှဲပြောင်းရယူထားသော သူ၏တူဖြစ်သူမှာ စစ်သားများ သို့မဟုတ် ရဲများနှင့် ဆက်ဆံရသည်ကို မနှစ်သက်ကြောင်း ရွှီချီဖန် သိထားပေသည်။ သို့သော် လက်ရှိအခြေအနေအရ ရွှီရူဟန်အနေဖြင့် သူ၏ စိတ်နေစိတ်ထားကို ပြောင်းလဲရန် လိုအပ်နေခဲ့ပေသည်။

“ရူဟန်... ဝူလျန်က လူဆိုးတစ်ယောက် မဟုတ်ပါဘူး….”

ရွှီချီဖန်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

သူ၏ဦးလေးနှင့် ငြင်းခုံမနေလိုသဖြင့် ရွှီရူဟန်က စကားလမ်းကြောင်း လွှဲလိုက်လေသည်။

“အဘိုး... ရိက္ခာတွေအတွက် စိတ်မပူပါနဲ့ ရှီချန်နဲ့ ကျွန်တော်ပဲ ကြည့်စီစဉ်လိုက်ပါ့မယ်…”

ထိုစကားကြောင့် ရွှီပေါ်ယာက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်လေသည်။

ရိက္ခာကိစ္စ ပြေလည်သွားပြီးနောက် မုကျဲရှန်းက မေးလိုက်လေသည်။

“ချီဖန်... အဲဒီမှောင်ခိုကုန်သည်က ရိက္ခာတွေကို ဘယ်ကနေ ရနေတာလဲဆိုတာ မင်း စုံစမ်းလို့ရပြီလား…”

ရွှီချီဖန်က ခေါင်းခါပြကာ ပြောလိုက်လေသည်။

“မသိရသေးဘူးဗျ… ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက သူ့နောက်ကို လိုက်ဖို့ လူလွှတ်ထားပါ တယ်…”

“ဒါဆို အခုကော… တစ်ခုခု သိရပြီလား…”

ဟွာယန်ခွေက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။

ရွှီချီဖန်သည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပြန်ဖြေလိုက်လေသည်။

“ယွမ်ရိဟွေးနဲ့ သူ့ရဲ့ဝမ်းကွဲအစ်ကိုဖြစ်သူက ယောင်ရန်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်ဆိုတာ ကျွန်တော် တို့ သိလိုက်ရတယ်…”

ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် ရွှီရူဟန်နှင့် မုရှီးချန်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ လေသည်။

ရွှီချီဖန်သည် ယခင်က ပြောကြားခဲ့သည်များကို မယုံကြည်ခဲ့သော်လည်း ရွှီရူဟန်ကတော့ ယောင်ရန်တွင် သူတို့ထက် ပိုမိုများပြားသော ရိက္ခာနှင့် အင်အားရှိကြောင်း အခိုင်အမာ ယုံကြည်နေခဲ့ပေသည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရွှီပေါ်ယာသည် သူ၏မြေးဖြစ်သူဘက်သို့ လှည့်ကာ မေးလိုက်လေ သည်။

“ရူဟန်... မင်း ဒီကိစ္စကို ဘယ်လိုထင်လဲ….”

ရွှီရူဟန်သည် သူ၏စကားလုံးများကို သေသေချာချာ ရွေးချယ်ပြီးမှ ပြန်မေးလိုက်လေသည်။

“အဘိုး... ယောင်ရန်ကို အဘိုး နောက်ဆုံးပေးခဲ့တဲ့ မွေးနေ့လက်ဆောင်ကို မှတ်မိသေးလား….”

ရွှီပေါ်ယာက ခေါင်းညိတ်ပြရင်း ….၊

“ဘာလို့ ဒါကို မေးရတာလဲ….”

ရွှီရူဟန်က တည်ငြိမ်စွာ ရှင်းပြလိုက်လေသည်။

“ကျွန်တော် ထင်တာကတော့ သူက ကိုယ်ပိုင်အခြေစိုက်စခန်းတစ်ခု တည်ထောင်ဖို့ စီစဉ်နေတာပဲ… ယွမ်ရိဟွေးဆိုတာလည်း သူ့ရဲ့ လက်အောက်ငယ်သားတွေထဲက တစ်ယောက်ပဲ ဖြစ်ရမယ်…”

မုကျဲ့ရှန်းနှင့် ဟွာရန်ခွေတို့ ထိုစကားကို ကြားသောအခါ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း မည်သူမျှ အံ့အားသင့်ပုံမရပေ။

သူတို့၏ တည်ငြိမ်သော တုံ့ပြန်မှုကို မြင်ရသောအခါ မုရှီးချန်က သူ၏အဘိုးဖြစ်သူကို မေးလိုက် လေသည်။

“အဘိုးတို့ ဒါကို ကြိုသိနေကြတာလား…”

မုကျဲ့ရှန်းက ခေါင်းခါပြပြီး ပြန်ဖြေလိုက်လေသည်။

“သူ အခြေစိုက်စခန်း တည်ထောင်ဖို့ စီစဉ်နေတာကိုတော့ မသိပါဘူး... ဒါပေမဲ့ ရှောင်ရန် တစ်ခုခု အကြီး အကျယ် လုပ်နေတယ်ဆိုတာတော့ ငါ ခန့်မှန်းလို့ရပါတယ်…”

ယခုအခါ လူတိုင်း ယောင်ရန်၏ အစီအစဉ်များကို သိရှိသွားကြပြီဖြစ်သဖြင့် ရွှီရူဟန်က မေးလိုက် လေသည်။

“အဘိုး... ဒါနဲ့ ပတ်သက်ပြီး ဘာလုပ်စေချင်လဲ….”

ရွှီပေါ်ယာက ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်လေသည်။

“ငါ ယောင်အိုကြီး ကို ရှောင်ရန်ကို ကာကွယ်ပြီး ထောက်ပံ့ပေးပါ့မယ်လို့ ကတိပေးခဲ့ဖူးတယ်… မင်းက လည်း သူ့ကို လက်မထပ်ချင်ဘူး၊ သူကလည်း စေ့စပ်ထားသူ ရှိနေပြီဆိုတော့ ငါတို့ လုပ်ပေးနိုင်တာက သူဖြစ်ချင်တာတွေကို ကူညီပေးဖို့ပဲ ရှိတော့တယ်…”

ထိုစကားကြောင့် ရွှီရူဟန်က မေးလိုက်လေသည်။

“အဘိုး ပြောချင်တာက ကျွန်တော်တို့ သူ့အဖွဲ့ထဲ ဝင်သင့်တယ်လို့ ဆိုလိုတာလား…”

ရွှီပေါ်ယာက ခေါင်းခါပြလိုက်လေသည်။

“အဲဒီလိုတော့ လုပ်လို့မရဘူး… ရှောင်ရန်က စွမ်းအားရှင်တွေကိုပဲ စုဆောင်းနေတာကို ကြည့်ရင် သူ့မှာ ကြီးမားတဲ့ အစီအစဉ်ရှိနေတာ သေချာတယ်… သူက အသက်ရှင်ကျန်ရစ်သူတွေကို ဦးစားပေးမှာ မဟုတ်ဘူး…”

“အကယ်၍ ငါတို့သာ သူ့ဆီ ဝင်သွားမယ်ဆိုရင် ဟိုင်ချန် အခြေစိုက်စခန်းကနေ ငါတို့နောက်ကို လိုက် လာခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက် ဘယ်လိုလုပ်မလဲ…”

အခန်း (၄၁၆) လျှို့ဝှက်စုံစမ်းစစ်ဆေးမှု

ရွှီပေါ်ယာသည် ခေတ္တရပ်ကာ သက်ပြင်းချလိုက်ပြီး ထပ်လောင်းပြောဆိုလိုက်လေသည်။

“ပြီးတော့ ဒီကျွင်းချန် စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းက အသက်ရှင်ကျန်ရစ်သူတွေကော ဘယ်လို လုပ်မလဲ… ငါ့ဘဝမှာ မကောင်းတာတွေ အများကြီး လုပ်ခဲ့ပေမဲ့ ငါ့လူတွေကိုတော့ ငါ ပစ်မထားရက်နိုင် ဘူး…”

ထိုစကားကို ကြားသောအခါ မုရှီးချန်က မေးလိုက်လေသည်။

“ဒါဆိုရင် အဘိုးရွှီ... အဘိုးမှာ ဘာအစီအစဉ် ရှိလို့လဲ…”

ရွှီပေါ်ယာက ပြုံးလျက် ပြန်ဖြေလိုက်သည်။

“စီးပွားရေးလုပ်တဲ့နေရာမှာ မင်းက အတော်ဆုံးမဟုတ်လား… ရှောင်ရန်နဲ့သာ သွားပြီး ညှိနှိုင်းကြည့် လိုက်ပါ… ငါတို့လိုအပ်တာတွေကိုလည်း ရမယ်၊ သူ့ရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်အောင်လည်း ကူညီပေးရာ ရောက်တာပေါ့…”

မုရှီးချန်က မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး ပြောလိုက်လေသည်။

“ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် နည်းလမ်းပဲ… တကယ်ကို ကောင်းတဲ့ အကြံဉာဏ်ပါပဲ… ကျွန်တော် တို့ လိုအပ်တာတွေကို စာရင်းလုပ်ပြီး နောက်မှ သူ့ဆီ သွားလိုက်ပါ့မယ်….”

“ကောင်းပြီ… အခု ယွမ်ရိဟွေးက ရှောင်ရန့်ရဲ့ လက်အောက်ငယ်သားမှန်း သိရပြီဆိုတော့ သူ ပစ္စည်းတွေ သွားပို့တဲ့အခါ တစ်ယောက်ယောက်က ပစ်မှတ်ထားမှာစိုးလို့ စစ်သားတွေကို သူ့ကို စောင့်ကြည့်ခိုင်း ထားလိုက်မယ်…” ဟု ရွှီချီဖန်က ပြောလိုက်လေသည်။

အရာအားလုံး ဆွေးနွေးပြီးသွားသောအခါ ရွှီပေါ်ယာက အစည်းအဝေးကို အဆုံးသတ်လိုက်လေသည်။

“ကဲ... အားလုံးပဲ ကိုယ့်အလုပ်ကိုယ် သွားလုပ်ကြတော့…”

ထိုစကားကြောင့် ရွှီချီဖန်၊ ရွှီရူဟန်နှင့် မုရှီးချန်တို့သည် ခေါင်းညိတ်ပြကာ သူတို့၏ တာဝန်များကို ဆောင် ရွက်ရန် ထွက်ခွာသွားကြတော့သည်။ ထိုအချိန်တွင် အခြားသော ဗီလာပိုင်ရှင်များသည် ယွမ်ရိဟွေးကို ရှာဖွေရန် ထွက်လာခဲ့ကြသည်။ သူတို့သည် ယွမ်ရိဟွေး၏ ဗီလာရှေ့တွင် စုရုံးရောက်ရှိနေကြပြီး သူ့အား တွေ့ခွင့်ရရန် ဝိုင်းအုံအော်ဟစ်နေကြလေသည်။

ဗီလာအတွင်း၌မူ ယွမ်ရိဟွေးသည် ယောင်ရန်နှင့် ဖုန်းပြောနေခဲ့ပေသည်။

“မစ္စယောင်ရန်... စစ်သားတွေဆီ ရိက္ခာတွေ ထပ်ပို့ပေးဖို့ လိုမလား….”

သူက ထိုနေ့အတွက် ပြီးမြောက်အောင် လုပ်ရမည့် အမှာစာစာရင်းကို စစ်ဆေးရင်း မေးလိုက်လေသည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ယောင်ရန်၏ အသံ ထွက်ပေါ်လာခဲ့လေသည်။

“အစ်ကိုယွမ်ရဲ့ ဗီလာကို လူတွေ ဝိုင်းထားတယ်လို့ ကြားတယ်… အဆင်ပြေရဲ့လား…”

ယွမ်ရိဟွေးက သူ၏ နဖူးကို ပွတ်သပ်ရင်း ပြန်ဖြေလိုက်လေသည်။

“အဆင်ပြေပါတယ်… ဒီလူတွေက ကျွန်တော်တို့ဆီက တစ်ခုခု လာဝယ်ချင်လို့ ရောက်နေကြတာပါ…”

“သူတို့ ဘာလိုချင်လို့လဲ….”

ယောင်ရန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။

ထိုမေးခွန်းကြောင့် ယွမ်ရိဟွေးသည် သူလုပ်လက်စ အလုပ်ကို ခဏရပ်လိုက်သည်။ သူသည် ကုလား ထိုင်ပေါ်တွင် နောက်မှီလိုက်ရင်း ရှင်းပြလိုက်လေသည်။

“ကျွန်တော်တို့ စစ်သားတွေကို ရိက္ခာတွေ စတင်ထောက်ပံ့ကတည်းက စစ်သားတွေ လတ်ဆတ်တဲ့ အသားနဲ့ ဟင်းသီးဟင်းရွက်တွေ စားနေရတဲ့ သတင်းက နေရာအနှံ့ ပျံ့သွားတာလေ…”

“ချမ်းသာတဲ့သူတွေမှာတောင် ရိက္ခာတွေ ပြတ်လပ်လုနီးပါး ဖြစ်နေတာနဲ့ ပေါင်းလိုက်တော့ သူတို့အများ စုက ကျွန်တော်တို့ဆီကနေ ဟင်းသီးဟင်းရွက် ဒါမှမဟုတ် အသားတွေ ရဖို့ ကြိုးစားနေကြတာ… အခြေ စိုက်စခန်းကလည်း မျိုးစေ့တွေနဲ့ အရှင်မွေးလို့ရမယ့် တိရစ္ဆာန်တွေကို လိုက်ရှာနေတယ်လို့ ကြားတယ်၊ ဒါပေမဲ့ ညစ်ညမ်းမှု မရှိတာကို တစ်ခုမှ ရှာမတွေ့ကြဘူးတဲ့…”

ယောင်ရန် ထိုစကားကို ကြားသောအခါ မေးလိုက်လေသည်။

“ဒီစီးပွားရေးကို အစ်ကိုယွမ် ဆက်လုပ်ချင်လား….”

ယွမ်ရိဟွေးက တဟားဟား ရယ်မောလိုက်ပြီး…၊

“ဒါပေါ့... လုပ်ချင်တာပေါ့… မေးစရာရှိတာက မစ္စယောင်ရန့်ဆီမှာ ရောင်းဖို့ မျိုးစေ့တွေနဲ့ တိရစ္ဆာန်တွေ လုံလုံလောက်လောက် ရှိသေးလားဆိုတာပဲ…”

“ရှိပါတယ်… အစ်ကိုယွမ် လိုအပ်သရွေ့ ကျွန်မ ထောက်ပံ့ပေးနိုင်ပါတယ်….”

ယောင်ရန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။

ထိုစကားကို ကြားလိုက်ရသဖြင့် ယွမ်ရိဟွေးသည် သူမ၏ ရိက္ခာအရင်းအမြစ်အပေါ် စူးစမ်းလိုစိတ် ဖြစ် ပေါ်လာခဲ့လေသည်။ သို့သော်လည်း စီးပွားရေးသမားတစ်ဦးအနေဖြင့် မမေးသင့်သည့် မေးခွန်းမျိုးကို သူ ကောင်းကောင်း နားလည်ထားပေသည်။

ခဏမျှ စဉ်းစားပြီးနောက် ယွမ်ရိဟွေးက ပြောလိုက်လေသည်။

“မစ္စယောင်ရန်... ကျေးဇူးပြုပြီး မျိုးစေ့တွေနဲ့ တိရစ္ဆာန်တွေကို ပြင်ထားပေးပါ… တစ်ယောက်ယောက် ကျွန်တော်တို့ဆီ မကြာခင် ရောက်လာနိုင်တယ်…”

“အရင်ဆုံး ငုံးလေးတွေနဲ့ စကြည့်ရင်ကော ဘယ်လိုလဲ… သူတို့က မွေးရလွယ်တယ်၊ အသံလည်း မဆူ ဘူး၊ ကြီးထွားတာ မြန်သလို ဥတွေလည်း အများကြီးဥတယ်၊ ဟင်းသီးဟင်းရွက်အတွက်ဆိုရင်တော့ အစပိုင်းမှာ စိုက်ရလွယ်တဲ့ မျိုးစေ့တွေကိုပဲ ပေးလိုက်မယ်… အဲဒါတွေ စိုက်လို့ အောင်မြင်သွားပြီဆိုမှ ပိုပြီး စိုက်ရခက်တဲ့ အမျိုးအစားတွေကို ပေးကြတာပေါ့…”

ယောင်ရန်က အကြံပြုလိုက်လေသည်။

ယွမ်ရိဟွေး ထိုစကားကို ကြားသောအခါ ပြုံးလိုက်ပြီး လက်ခံလိုက်လေသည်။

“ကောင်းပါပြီ။ နောက်မှ လူလွှတ်ပြီး လာယူခိုင်းလိုက်ပါ့မယ်…”

“ရပါတယ်…”

ဖုန်းချပြီးနောက် ယွမ်ရိဟွေးသည် အပြင်တွင် စောင့်နေသော လူများနှင့် တွေ့ဆုံရန် အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။ သူ ဗီလာအပြင်သို့ လှမ်းထွက်လိုက်သည်နှင့် လူအားလုံး၏ အကြည့်မှာ သူ့ဆီသို့ ရောက်လာကျလေတော့သည်။

သူတို့ထဲမှ တစ်ဦးဖြစ်သည့်၊ သူနှင့် အိမ်နီးချင်းလည်းဖြစ်သလို ဆက်ဆံရေး အသင့်အတင့်ရှိသော အဘိုးအို တစ်ဦးက သူ့အား ပြုံးလျက် နှုတ်ဆက်လိုက်လေသည်။

“ရှောင်ယွမ်... မင်း နောက်ဆုံးတော့ ထွက်လာပြီပဲ…”

ယွမ်ရိဟွေးကလည်း ပြန်လည်ပြုံးပြရင်း မေးလိုက်လေသည်။

“ဦးလေး... ဘာလို့ မနက်စောစောစီးစီး ကျွန်တော့်အိမ်ကို ဝိုင်းထားကြတာလဲ… ကျွန်တော် စီးပွားရေး လုပ်ရတာ ခက်ခဲနေပြီဗျ…”

အဘိုးအိုက အလျင်အမြန်ပင် ပြန်ဖြေလိုက်လေသည်။

“မင်းပြောတာ မှန်ပါတယ်… ငါတို့ တံခါးဝကို ပိတ်ထားမိတာက ငါတို့ အမှားပါ…. ဒါပေမဲ့ မင်းလည်း သိတဲ့အတိုင်း ငါတို့အိမ်မှာ စားစရာ ဘာမှမကျန်တော့ဘူးလေ… ဒီနေ့တော့ မင်းကို မတတ်သာလို့ လာနှောင့်ယှက်ရတာပါ…”

အဘိုးအို ဤမျှ သတိကြီးစွာ ပြောဆိုနေသည်ကို မြင်ရသောအခါ ယွမ်ရိဟွေး၏ အမူအရာမှာ ပျော့ ပြောင်းသွားလေတော့သည်။

“ဦးလေး... ဒီနေ့ ဘာဝယ်ချင်လို့လဲ…”

သူ ထိုသို့ပြောလိုက်သည်နှင့် အခြားသော အသက်ရှင်ကျန်ရစ်သူများမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး အဘိုးအို၏ စကားကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြလေတော့သည်။

အဘိုးအိုမှာ စိုးရိမ်နေသော်လည်း တည်ငြိမ်စွာဖြင့်ပင် ပြောလိုက်လေသည်။

“မင်း စစ်သားတွေကို လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အသားတွေ လှူနေတယ်လို့ ကြားတယ်… မင်းဆီမှာ အပိုတွေ ရှိဦးမလား… ရှိရင် ငါ နည်းနည်းလောက် ဝယ်ချင်လို့ပါ… အလဟဿ အဖြစ်ခံမယ့် အစား ငါတို့ကို ကူညီတဲ့အနေနဲ့ ရောင်းပေးပါလား….”

သူတို့က မျိုးစေ့များအစား ဟင်းသီးဟင်းရွက်များကိုသာ ဝယ်ယူရန် ရောက်လာကြခြင်း ဖြစ်ကြောင်း သိလိုက်ရသဖြင့် ယွမ်ရိဟွေး အံ့အားသင့်သွားခဲ့လေသည်။

သူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။

“ဦးလေး... ကျွန်တော့်ဆီမှာ အခုတင် ဟင်းသီးဟင်းရွက် မျိုးစေ့အချို့ ရထားတာ ရှိတယ်… အဲဒါတွေကို ပဲ ယူမလား….”

အဘိုးအိုက ခေါင်းခါပြပြီး ပြန်ဖြေလိုက်လေသည်။

“ငါ ဟင်းသီးဟင်းရွက် ဘယ်လိုစိုက်ရမလဲဆိုတာ မသိဘူးလေ… ဟင်းသီးဟင်းရွက်ကိုပဲ တိုက်ရိုက်ဝယ် တာက ငါ့အတွက် ပိုကောင်းပါတယ်…”

သူ ထိုသို့ပြောလိုက်သောအခါ အခြားသော အသက်ရှင်ကျန်ရစ်သူများကလည်း သဘောတူသည့်အနေ ဖြင့် ခေါင်းညိတ်လိုက်ကြလေသည်။

သူတို့အားလုံးမှာ အရင်က စီးပွားရေးလောကတွင် ကျင်လည်ခဲ့ကြသော ချမ်းသာသူများ ဖြစ်ကြလေ သည်။ အကယ်၍ သူတို့အား အရောင်းအဝယ် ကိစ္စများ ခိုင်းမည်ဆိုပါက သူတို့မှာ အလွန်ကျွမ်းကျင် ကြပေသည်။ သို့သော် ဟင်းသီးဟင်းရွက် စိုက်ခိုင်းမည်ဆိုပါကတော့...၊

မေ့လိုက်လျှင် ပိုကောင်းပေလိမ့်မည်။

သူတို့ထဲမှ မည်သူမျှ မျိုးစေ့ မလိုချင်ကြသည်ကို မြင်ရသဖြင့် ယွမ်ရိဟွေး ထပ်မံ မတိုက်တွန်းတော့ပေ။ သူက သူတို့အား ကြည့်ကာ ပြောလိုက်လေသည်။

“ခင်ဗျားတို့အားလုံး ဟင်းသီးဟင်းရွက်နဲ့ အသားပဲ လိုချင်ကြတာဆိုတော့ အထဲကို ဝင်လာခဲ့ကြပါ…”

သူ၏ လူတစ်ဦးဘက်သို့ လှည့်ကာ ညွှန်ကြားလိုက်လေသည်။

“သူတို့ကို နောက်ဖေးခြံဆီ ခေါ်သွားပြီး အရောင်းအဝယ် လုပ်ပေးလိုက်ပါ… ဈေးနှုန်းကတော့ ငါတို့ ပုံမှန် သတ်မှတ်ထားတဲ့အတိုင်းပဲ….”

“ဟုတ်ကဲ့ပါ အစ်ကိုယွမ်…”

ထိုလူက ပြန်ဖြေပြီး ဗီလာပိုင်ရှင်များကို အချက်ပြလိုက်လေသည်။

“ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ…”

ဗီလာပိုင်ရှင်များ နောက်ဖေးခြံသို့ သွားနေသည်ကို ကြည့်ရင်း ယွမ်ရိဟွေးမှာ နှုတ်ခမ်းတစ်ချက် မဲ့လိုက်မိ လေသည်။

“လူအတွေပဲ... ရေရှည်အတွက် စားနပ်ရိက္ခာ ရင်းမြစ်တွေကို ရှာဖွေမယ့်အစား ပျင်းလွန်းလို့ ဟင်းသီး ဟင်းရွက်ကိုပဲ ဝယ်ချင်နေကြတယ်…”

လူအုပ်ကြီးကို ကိုင်တွယ်ပြီးနောက် ယွမ်ရိဟွေးသည် သူ၏ အလုပ်များကို ဆက်လုပ်ရန် ရုံးခန်းသို့ ပြန်ဝင်သွားခဲ့လေသည်။

ထိုအချိန်တွင် ကျွင်းချန် စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်း၏ အပြင်ဘက်တွင် ဝူယဲ့ဟောင်နှင့် သူ၏ အဖွဲ့မှာ နှစ်ပတ်ကျော်ကြာအောင် မနားမနေ အလုပ်လုပ်နေခဲ့ကြရပေသည်။

တဲတစ်ခုအတွင်း၌ ဝူယဲ့ဟောင်သည် သူတို့ စုဆောင်းထားသော သတင်းအချက်အလက်များကို ပြန် လည်စစ်ဆေးနေခဲ့လေသည်။ တုကျောက်ရီ၏ ရုံးခန်းမှ သူ ခိုးယူခဲ့သော စာရွက်စာတမ်းများနှင့် ပေါင်း စပ်လိုက်သောအခါ နောက်ဆုံးတွင် သေတ္တာတော်အဖွဲ့ ၏ လျှို့ဝှက်ဓာတ်ခွဲခန်း တစ်ခု၏ တည်နေရာကို သူတို့ အတိအကျ ဖော်ထုတ်နိုင်ခဲ့ကြလေသည်။

လက်အောက်ငယ်သား တစ်ဦးက မေးလိုက်လေသည်။

“ဗိုလ်ကြီး... လျှို့ဝှက်ဓာတ်ခွဲခန်းက လော့ချန်မြို့မှာ ရှိနေတာပါ… ကျွန်တော်တို့ အဲဒီကိုသွားပြီး ထပ်ပြီး

စုံစမ်းစစ်ဆေးသင့်သလား…”

All Chapters