← Chapters

အခန်း (၄၁၉-၄၂၀)

Vol. 42 Ch. 419-420

အခန်း (၄၁၉-၄၂၀)

Vol. 42 Ch. 419-420

အခန်း (၄၁၉) ကျဆင်းလာသော ဥက္ကာခဲများ

ဥက္ကာခဲများမှာ မနားတမ်း ကျဆင်းနေလျက်ရှိပြီး ပရမ်းပတာဖြစ်နေသည့်ကြားတွင် အသက်ပေါင်း များစွာကို ရက်ရက်စက်စက် ခြွေယူနေခဲ့လေတော့သည်။

ယောင်ရန်နှင့် အခြားသူများက အပျက်အစီးများကြားမှ ပြေးလွှားရင်း ကျဆင်းလာသော ဥက္ကာခဲများကို ရှောင်တိမ်းနေစဉ် အနက်ရောင်ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးက သူတို့နောက်သို့ ရုတ်တရက် လိုက်မီလာခဲ့ကြလေသည်။

သူတို့၏ အင်္ကျီကော်လာရှိ အဖြူရောင်တံဆိပ်များကို မြင်လိုက်ရသဖြင့် ဝူယဲ့ဟောင်၏ လက်အောက် ငယ်သားများဖြစ်ကြောင်း ယောင်ရန် ချက်ချင်းသိလိုက်လေသည်။

သူတို့ထဲမှ တစ်ယောက်က သူမဘက်သို့ ကပ်ပြေးလာရင်း ပြောလိုက်လေသည်။

"သခင်မလေး... ဗိုလ်ကြီးဝူက သခင်မလေးကို စောင့်ရှောက်ဖို့ ကျွန်တော်တို့ကို ညွှန်ကြားထားပါတယ်… လောလောဆယ်တော့ ကျွန်တော်တို့နဲ့အတူ သည်းခံပေးပါဦး…"

ယောင်ရန်က ခေါင်းညိတ်ပြလိုက်ကာ ပြောလိုက်လေသည်။

"ကောင်းပြီလေ…"

ဗီလာဧရိယာ၏ အပြင်ဘက်ခရိုင်သို့ ရောက်ရန်မှာ ပုံမှန်ထက် ပိုမိုကြာမြင့်သွားခဲ့လေသည်။

ဗီလာအနည်းငယ်သာရှိသည့် ဗဟိုခရိုင်နှင့်မတူဘဲ အပြင်ဘက်ခရိုင်မှာ လေးဆခန့် ပိုမိုထူထပ်သိပ်သည်း လျက်ရှိလေသည်။ ကျဆင်းလာသော ဥက္ကာခဲများကြောင့် ဗီလာအများအပြား ပျက်စီးနေလျက်ရှိပြီး လမ်းတိုင်းတွင်လည်း အပျက်အစီးများဖြင့် ပိတ်ဆို့နေခဲ့ပေတော့သည်။

လုံယုသည် အခြေအနေကို အမြန်အကဲခတ်ပြီး ရှီရွှမ်းဘက်သို့ လှည့်ကာ မေးလိုက်လေသည်။

"အာရွှမ်း... မင်း တစ်ခါတည်းနဲ့ လူဘယ်နှစ်ယောက်ကို နေရာရွှေ့ပြောင်းပေးနိုင်လဲ…"

"လောလောဆယ် ခြောက်ယောက်ပဲ ရမယ်…."

ရွှီရွှမ်းက လေးနက်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်လေသည်။

ထိုအဖြေကြောင့် လုံယု မျက်မှောင်ကြုတ်သွားခဲ့လေသည်။

*ငါတို့အဖွဲ့မှာ လူပေါင်း (၆၂) ယောက်ရှိတယ်… ငါက ရန်ရန်ကို ပွေ့ပြီး ပျံနိုင်ပေမယ့် ရှီရွှမ်းက လူတိုင်းကို ခေါ်ထုတ်ဖို့ ဆယ်ခေါက်လောက် သွားနေရလိမ့်မယ်… ငါ ဘယ်လိုလုပ်ရမလဲ…*

အဖွဲ့၏ ခေါင်းဆောင် တစ်ယောက်အနေဖြင့် လုံယုသည် သူ၏ရဲဘော်များကို ပစ်မထားရက်နိုင်ပေ။ သူ ၏ စိုးရိမ်နေသော မျက်နှာအမူအရာကို မြင်သောအခါ ယောင်ရန်သည် သူ၏လက်ကို ပိုမိုတင်းတင်း ဆုပ်ကိုင်လိုက်လေသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် သူမက ရှီရွှမ်းကို ကြည့်ကာ မေးလိုက်လေသည်။

"ရှီရွှမ်း... နင် ကုန်တင်လေယာဉ် မောင်းတတ်လား…."

ထိုမေးခွန်းကြောင့် ရှီရွှမ်းမှာ အံ့အားသင့်သွားပြီး သူမကို ကြည့်ကာ ပြန်ဖြေလိုက်လေသည်။

"စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးယာဉ် အများစုကိုတော့ ငါ မောင်းတတ်ပါတယ်… ဘာလို့ မေးတာ လဲ…."

သူ၏ အဖြေကို ကြားလိုက်ရသဖြင့် ယောင်ရန်က ပြောလိုက်လေသည်။

"ငါ့နောက် လိုက်ခဲ့…"

သူမသည် အနီးနားရှိ အပန်းဖြေပန်းခြံဆီသို့ ဦးဆောင်ခေါ်သွားခဲ့လေသည်။ ဥက္ကာခဲများ မကျရောက် သေးဘဲ လူသူကင်းရှင်းပြီး ကျယ်ဝန်းသော နေရာတစ်ခုကို ရွေးချယ်ပြီးနောက် သူမသည် လက်ကို မြှောက်ကာ သူမ၏ နေရာလွတ်ထဲမှ ကုန်တင်လေယာဉ်တစ်စင်းကို ထုတ်ယူလိုက်လေသည်။

ဤကုန်တင်လေယာဉ်သည် အဘိုးရွှီ သူမကို ပေးခဲ့သည့် မွေးနေ့လက်ဆောင်များထဲမှ တစ်ခုဖြစ်လေ သည်။ ဤမျှစောစော သုံးရလိမ့်မည်ဟု မထင်ထားသော်လည်း အဘိုး၏ အမြော်အမြင်နှင့် ဂရုစိုက်မှု အတွက် သူမ အလွန်ကျေးဇူးတင်မိလေသည်။

ကြီးမားလှသော ကုန်တင်လေယာဉ်ကြီး ရုတ်တရက် ပေါ်လာသဖြင့် လုံယုမှလွဲ၍ ကျန်လူအားလုံး မှင် တက်သွားကြလေတော့သည်။

ရှီရွှမ်းမှာ ကုန်တင်လေယာဉ်ကို မယုံနိုင်သလို စိုက်ကြည့်နေသည်ကို တွေ့ရသဖြင့် လုံယုက သတိပေး လိုက်ရလေသည်။

"မြန်မြန်လုပ်လေ…."

"ဪ... ဟုတ်ကဲ့…."

ရှီရွှမ်းသည် သတိပြန်ဝင်လာကာ လေယာဉ်ဆီသို့ အပြေးသွားတော့လေသည်။

ယောင်ရန်နှင့် လုံယုတို့ ရှီရွှမ်းနောက်မှ လိုက်သွားသည်ကို မြင်သောအခါ လီကျန့်နှင့် အခြားသူများလည်း အလျင်အမြန်ပင် နောက်မှလိုက်ပါလာခဲ့ကြသည်။

ရှီရွှမ်း လေယာဉ်တံခါးဖွင့်ပေးသည်ကို စောင့်နေစဉ် တင်ကျန့်ဖုန်းက အံ့ဩတကြီးဖြင့် မအောင့်နိုင်ဘဲ ပြောလိုက်မိလေတော့သည်။

"တောက်... တကယ့်ကို မယုံနိုင်စရာပဲ… မရီးက ဒီလို အကောင်ကြီးမျိုးကို ဘယ်လိုများ ရအောင်ယူထား တာလဲမသိဘူး…"

သူ့နောက်တွင် ရပ်နေသော သူငယ်ချင်းတစ်ဦးကလည်း ထပ်လောင်းပြောဆိုလိုက်လေသည်။

"ဒါထက် မရီးရဲ့ နေရာလွတ်က ဘယ်လောက်တောင် ကျယ်နေတာလဲဆိုတာ ငါ ပိုသိချင်နေတာ…."

သူတို့ စကားပြောနေစဉ်မှာပင် စက်သံကြီးနှင့်အတူ လေယာဉ်တံခါးကြီး ဖြည်းဖြည်းချင်း ပွင့်လာခဲ့လေ သည်။ ထိုအခါ အားလုံးသည် လေယာဉ်ထဲသို့ အပြေးအလွှားဝင်ကာ နေရာယူလိုက်ကြတော့သည်။

မာဘန်ရွှမ်သည် ထိုင်ခုံခါးပတ်ကို ပတ်ရင်း စကားဆက်လိုက်လေသည်။

"ဒါတင်မကဘူး… ငါတို့ မရီးဆီမှာ ရိက္ခာတွေကလည်း အကန့်အသတ်မရှိ ရှိနေပုံပဲ… ငါတို့စဉ်းစားမိသမျှ အရာအားလုံး သူ့ဆီမှာ ရှိတယ်… ကုန်တင်လေယာဉ်လိုမျိုး ငါတို့အိမ်မက်တောင် မမက်ဖူးတဲ့ အရာတွေ တောင် ရှိသေးတယ်… ငါတို့မရီးက တကယ်ကို မရိုးရှင်းဘူးပဲ…"

မာဘန်ရွှမ်နှင့် အခြားသူများက သူမအကြောင်း ဆွေးနွေးနေစဉ်မှာပင် ယောင်ရန်သည် လုံယု၏ ဂြိုဟ်တု ဖုန်းကို အသုံးပြုကာ ယွမ်ရိဟွေးထံ ဖုန်းဆက်လိုက်သည်။ ဖုန်းဝင်သွားရန် စက္ကန့်အနည်းငယ် စောင့် လိုက်ရလေသည်။

တစ်ဖက်မှ စကားမပြောမီ ယောင်ရန်က အရေးတကြီး မေးလိုက်လေသည်။

"ရှင် အခု ဘယ်မှာလဲ…"

စက္ကန့်အနည်းငယ်အကြာတွင် ယွမ်ရိဟွေး၏ အမောတကော အသက်ရှူသံနှင့်အတူ အော်ဟစ်သံများနှင့် ပေါက်ကွဲသံကြီးများ ဖုန်းထဲမှတစ်ဆင့် ထွက်ပေါ်လာခဲ့လေသည်။

သူသည် ပြေးလွှားနေရင်းမှပင် စိုးရိမ်ပူပန်နေသော လေသံဖြင့် ပြန်ဖြေလိုက်လေသည်။

"ကျွန်တော်တို့ အခု ပင်မဝင်ပေါက်ကို သွားနေတာ… မစ္စယောင်ရန်တို့ကော ဘယ်မှာလဲ…."

သူ့အဖြေကို ကြားလိုက်ရသဖြင့် ယောင်ရန်က အလျင်အမြန်ပင် မှာလိုက်လေသည်။

"အပြင်ဘက်ခရိုင်က အများပြည်သူပန်းခြံဆီ အခုချက်ချင်းလာခဲ့… ကျွန်မ တို့ ရှင်တို့အဖွဲ့ကို စောင့်နေ မယ်… နှစ်မိနစ်အတွင်း ရောက်မလာရင်တော့ ကျွန်မတို့ ထားခဲ့ရလိမ့်မယ်…."

ဤမျှ အန္တရာယ်များလှသော အခြေအနေတွင် နှစ်မိနစ်ခန့် စောင့်ဆိုင်းပေးခြင်းမှာပင် သူမနှင့် ကျန်သူ များအတွက် ကြီးမားသော စွန့်စားမှုတစ်ခု ဖြစ်နေပြီဖြစ်သည်။ ယောင်ရန်အနေဖြင့် ထိုထက် ပိုမစောင့် နိုင်တော့ပေ။

သူမတို့ စောင့်နေမည်ဟု ကြားလိုက်ရသဖြင့် ယွမ်ရိဟွေး၏ မျက်လုံးများ တောက်ပသွားကာ ချက်ချင်း ပြန်ဖြေလိုက်လေသည်။

"လက်ခံရရှိပါပြီ…"

ဖုန်းချပြီးနောက် ယောင်ရန်သည် အချိန်မှတ်နာရီကို ကြည့်ကာ ပြောလိုက်လေသည်။

"ရှီရွှမ်း... နှစ်မိနစ်နေရင် ငါတို့ ထွက်မယ်…."

ရှီရွှမ်းက ခေါင်းညိတ်ပြလိုက်ပြီး သူ၏ မျက်လုံးများမှာ နာရီ၏ စက္ကန့်တံပေါ်တွင်သာ အသေအချာ စွဲမြဲ စွာ ကြည့်နေပေတော့သည်။

သူတို့ စိုးရိမ်တကြီး စောင့်ဆိုင်းနေစဉ်မှာပင် ယွမ်ရိဟွေးသည် သူ၏အဖွဲ့သားများကို အော်ဟစ်အားပေး နေခဲ့ပေသည်။

"ပန်းခြံဆီ ပြေးကြ… မြန်မြန်…. ရောက်ဖို့ နှစ်မိနစ်တောင် မလိုတော့ဘူး…"

သူ၏ အဖွဲ့သားများမှာ အဘယ်ကြောင့် ထွက်ပြေးမည့်အစား ပန်းခြံဆီသို့ သွားရသနည်းဟု နားမလည် ကြသော်လည်း ယွမ်ရိဟွေးနောက်သို့ တွန့်ဆုတ်ခြင်းမရှိဘဲ လိုက်ပါလာကြသည်။ ကောင်းကင်မှ ဥက္ကာခဲ များ ပိုမိုကျဆင်းလာသည်နှင့်အမျှ မြေပြင်မှာလည်း ပိုမိုပြင်းထန်စွာ တုန်ခါနေသဖြင့် သူတို့၏ခရီးမှာ ပို ၍ပင် ဘေးအန္တရာယ် များလာတော့သည်။

စက္ကန့် (၃၀) သာ ကျန်တော့သည့်အချိန်တွင် ရှီရွှမ်းသည် အရေးပေါ် ပျံတက်ခြင်းလုပ်ငန်းစဉ်ကို စတင် လိုက်လေသည်။

အချိန်မှာ(၁၀) စက္ကန့်သာ ကျန်တော့သောအခါ ယောင်ရန်သည် သူမ၏ လက်များကို တင်းတင်းဆုပ်ကာ ပန်းခြံဝင်ပေါက်ကို စိုက်ကြည့်ရင်း တိုးတိုးလေး ရေရွတ်နေခဲ့မိလေသည်။

"ရှင်တို့ ဘယ်မှာလဲ…"

အချိန်စေ့ရန် နှစ်စက္ကန့်သာ လိုတော့သည့်အချိန်တွင် ယောင်ရန်သည် ယွမ်ရိဟွေး အစွမ်းကုန် ပြေးလာနေ သည်ကို လှမ်းတွေ့လိုက်ရလေသည်။

"သူတို့ ရောက်လာပြီ…."

သူမက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

အဝေးမှနေ၍ ယွမ်ရိဟွေးသည် ကြီးမားလှသော ကုန်တင်လေယာဉ်ကြီးကို လှမ်းမြင်လိုက်ရသဖြင့် အော်ပြောလိုက်သည်။

"ညီအစ်ကိုတို့… လေယာဉ်ဆီကို သွားကြ… မြန်မြန်…"

အလျင်နှုန်းစွမ်းအားရှင် တစ်ဦးဖြစ်သည့်အတွက် ယွမ်ရိဟွေးသည် အခြားသူများထက် ပိုမိုမြန်ဆန် လေသည်။ သူ လေယာဉ်ဆီသို့ ရောက်သောအခါ ချက်ချင်းမတက်ဘဲ သူ၏အဖွဲ့သားများ အရင်တက် နိုင်ရန် ကူညီပေးနေခဲ့ပေသည်။ အဖွဲ့သားများမှာ ရိက္ခာများကို ကျောပိုးအိတ်များ သယ်ဆောင်လာကြ သည်ကို မြင်သောအခါ လီကျန့်နှင့် အခြားသူအချို့သည် ထိုင်ခုံခါးပတ်များကို ဖြုတ်ကာ ဆင်းကူပေးခဲ့ ကြလေသည်။

နောက်ဆုံးလူ တက်ပြီးသွားသောအခါ ယွမ်ရိဟွေးသည် လိုက်တက်လာပြီး အော်ပြောလိုက်လေသည်။

"တံခါးပိတ်လိုက်တော့… တံခါးပိတ်လိုက်တော့…"

လေယာဉ်မောင်းခန်းထဲမှ ယောင်ရန်သည် သူ၏အော်သံကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် ပြောလိုက် လေသည်။

"သွားစို့... သွားစို့... သွားစို့…."

ရှီရွှမ်းသည် လေယာဉ်တံခါးကို ပိတ်လိုက်ပြီး စပီကာမှတစ်ဆင့် သတိပေးလိုက်သည်။

"အားလုံး မြဲမြဲကိုင်ထားကြ…"

အချိန်အကန့်အသတ်ရှိပြီး အမြင်အာရုံလည်း ကြည်လင်ခြင်းမရှိသဖြင့် ရှီရွှမ်းအနေဖြင့် အရေးပေါ် ပျံတက်ခြင်းလုပ်ငန်းစဉ်အတိုင်းသာ မဖြစ်မနေ လုပ်ဆောင်လိုက်ရလေတော့သည်။

အခန်း (၄၂၀) ဘေးအန္တရာယ်များ တစ်ခုပြီးတစ်ခု ကျရောက်လာခြင်း

လေယာဉ်တံခါး လုံးဝမပိတ်မီမှာပင် ကုန်တင်လေယာဉ်ကြီးမှာ စတင်ပျံတက်သွားလေတော့သည်။ အောက်ဘက်တွင် ကျန်ရစ်ခဲ့သော အသက်ရှင်ကျန်ရစ်သူများသည် လေယာဉ်ပျံတက်သွားသည်ကို မြင်လိုက်ရသောအခါ ထိတ်လန့်တကြား အော်ဟစ်ကြလေတော့သည်။

"ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါဦး…"

"ကျွန်တော်တို့ကိုပါ ခေါ်သွားပါ… ထားမသွားကြပါနဲ့…"

တစ်ဝက်ခန့် ပိတ်နေပြီဖြစ်သော တံခါးအနားတွင် ရပ်နေသည့် လီကျန့်သည် အောက်ဘက်ရှိ မျှော်လင့် ချက်မဲ့နေသော လူအုပ်ကြီးကို ကြည့်ရင်း လက်သီးကို တင်းတင်းဆုပ်ထားလိုက်လေသည်။

တံခါး နောက်ဆုံးတွင် ပိတ်သွားသောအခါ တင်ကျန့်ဖုန်းက သူ၏ပုခုံးကို ပုတ်ကာ ပြောလိုက်လေသည်။

"ထိုင်လိုက်တော့... ဒီခရီးကတော့ တော်တော်လေး ကြမ်းလိမ့်မယ်…"

သူပြောလိုက်သည့်အတိုင်းပင် လေဟာနယ်လှိုင်းများကြောင့် လေယာဉ်မှာ ပြင်းထန်စွာ တုန်ခါသွား လေတော့သည်။ ရှီရွှမ်းသည် ကောင်းကင်မှ ကျဆင်းလာသော ဥက္ကာခဲများကို ရှောင်တိမ်းရင်း ဤကြီး မားလှသော ကုန်တင်လေယာဉ်ကြီးကို အစွမ်းကုန် ထိန်းကျောင်းနေခဲ့ရပေသည်။ လေယာဉ်ဝမ်းဗိုက် အတွင်းရှိ ကျန်သူများသည်လည်း နေရာအသီးသီးတွင် အမြန်ထိုင်ကာ ထိုင်ခုံခါးပတ်များကို ပတ်လိုက် ကြလေသည်။

လေယာဉ်မောင်းခန်းထဲတွင် ယောင်ရန်သည် သူမ၏နေရာလွတ်ထဲမှ ညကြည့်မှန်ပြောင်းတစ်စုံကို ထုတ် ယူကာ ပတ်ဝန်းကျင်ကို စတင်အကဲခတ်လိုက်လေသည်။ ကျဆင်းလာသော ဥက္ကာခဲများသည် မြေပြင် အနှံ့တွင် ပျက်စီးဆုံးရှုံးမှုများနှင့် မီးလောင်ကျွမ်းမှုများကို ချန်ရစ်ခဲ့လေသည်။ လောင်ကျွမ်းနေသော အဆောက်အအုံများမှာ မှောင်မိုက်နေသောညကို လင်းထိန်သွားစေပြီး ပျက်စီးယိုယွင်းနေသော မြင် ကွင်းကို ပိုမိုထင်ရှားစေလျက်ရှိနေပေတော့သည်။

ဝေးကွာလှသော အရပ်ရှိ မှောင်မိုက်နေသည့် ကောင်းကင်ယံတွင် အနီရောင်အလင်းတန်းတစ်ခု ဝင်းခနဲ လက်ခနဲ ဖြစ်သွားလေသည်။ ယောင်ရန်၏ စိတ်ထဲတွင် နိမိတ်မကောင်းသော ခံစားချက်တစ်ခု ရုတ်တ ရက် ဝင်လာသဖြင့် သူမသည် ပိုမိုရှင်းလင်းစွာ မြင်ရအောင် မှန်ပြောင်းကို ချိန်ညှိလိုက်လေသည်။

မှန်ပြောင်းထဲတွင် မြင်ကွင်းမှာ ကြည်လင်လာသောအခါ ကောင်းကင်ယံသို့ အလိပ်လိုက် တက်လာနေ သော ထူထပ်လှသည့် မီးခိုးမည်းကြီးများနှင့် အောက်ဘက်တွင် တောက်လောင်နေသော အနီရောင် မီးတောက်မီးလျှံများကို သူမ တွေ့လိုက်ရလေသည်။ ထိုမြင်ကွင်းကြောင့် သူမ၏ မျက်လုံးများမှာ ခေတ္တမျှ လှုပ်ခတ်သွားလေတော့သည်။

ယောင်ရန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်ကို သတိပြုမိသဖြင့် လုံယုက မေးလိုက်လေ သည်။

"ရန်ရန်... ဘာတွေ တွေ့လို့လဲ…."

ယောင်ရန်က ညကြည့်မှန်ပြောင်းကို သူ့ထံ ကမ်းပေးလိုက်ရင်း ဝေးကွာလှသော တောင်တန်းတစ်ခုဆီသို့ လက်ညှိုးညွှန်ပြကာ ပြောလိုက်လေသည်။

"ဟိုမှာ ကြည့်လိုက်ဦး…"

လုံယုသည် မှန်ပြောင်းကို ယူကာ ထိုနေရာကို စတင်အကဲခတ်လိုက်လေသည်။

သူ အဝေးမှ မီးခိုးများနှင့် မီးလျှံများကို မြင်လိုက်ရချိန်မှာပင် ရှီရွှမ်းက အရေးတကြီး ပြောလာခဲ့လေ သည်။

"ခေါင်းဆောင်... လေယာဉ် အစင်း (၂၀) ကျော်က စခန်းကနေ ထွက်လာပြီး ငါတို့နောက်ကို လိုက်နေ တယ်… ဘာအမိန့်ပေးစရာ ရှိလဲ…"

ထိုစကားကြောင့် လုံယုသည် လေယာဉ်မောင်းခန်းရှိ ခြေရာခံကိရိယာကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

"သူတို့ဘာသာ လိုက်ပါစေ… ဥက္ကာခဲတွေကိုပဲ အာရုံစိုက်ရှောင်ပြီး ငါတို့ရဲ့ လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရာစခန်းဆီကို တန်းတန်းမတ်မတ်ပဲ မောင်းတော့…"

ရှီရွှမ်းက ပြန်ဖြေလိုက်လေသည်။

"နားလည်ပါပြီ…"

ထို့နောက် လုံယုသည် အဝေးရှိ တောင်တန်းကြီးဆီသို့ ပြန်လည်အာရုံစိုက်လိုက်ပြီး ယောင်ရန်ကတော့ သူမ၏နေရာလွတ်ထဲမှ နောက်ထပ် မှန်ပြောင်းတစ်စုံကို ထုတ်ကာ အောက်ဘက်မှ ပရမ်းပတာဖြစ်နေမှု များကို စောင့်ကြည့်နေလိုက်လေတော့သည်။

ဥက္ကာခဲများ ကျရောက်မှုနှင့် လေထုနှင့် မြေပြင်ကြားရှိ ပြင်းထန်သော အပူချိန်ကွာခြားမှုများကြောင့် လေ ဟာနယ်လှိုင်းများမှာ အလွန်အမင်း ပြင်းထန်လျက်ရှိနေခဲ့လေသည်။ ဘေးကင်းစေရန်အတွက် ရှီရွှမ်း သည် လေယာဉ်ကို အမြင့်ပိုင်းသို့ မတက်ဘဲ အရေးပေါ်ဆင်းသက်ရန် လိုအပ်ပါက အဆင်ပြေစေရန် မြေပြင်နှင့် အနီးကပ်ဆုံး အနေအထားတွင်သာ မောင်းနှင်နေခဲ့ပေသည်။

ပြတင်းပေါက်နားတွင် ထိုင်နေသော ယောင်ရန်သည် ကျွင်းချန် စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းမှ ကား များနှင့် လူအုပ်ကြီး တိုးဝှေ့ထွက်လာကာ အသက်လုပြေးနေကြသည်ကို ကြည့်နေမိလေသည်။

အသက်ရှင်ကျန်ရစ်သူ အများအပြားမှာ အလုအယက် ထွက်ပြေးနေကြသဖြင့် ကားများမှာ မြန်မြန်မ မောင်းနိုင်ကြပေ။ ထိတ်လန့်တုန်လှုပ်နေသော လူအချို့မှာ အသိစိတ်ကင်းမဲ့စွာဖြင့် ကားမှန်များကို ရိုက်ခွဲခြင်း သို့မဟုတ် ကားခေါင်မိုးပေါ်သို့ တက်ခြင်းများ ပြုလုပ်ကာ ကားကို လုယူရန် သို့မဟုတ် လိုက်ပါစီးနင်းရန် ကြိုးစားနေခဲ့ကြလေသည်။

ယောင်ရန်က အောက်ဘက်မှ ဖရိုဖရဲဖြစ်နေမှုများကို ကြည့်နေစဉ်မှာပင် လုံယုက ရုတ်တရက် ပြော လိုက်လေသည်။

"အားရွှမ်း... လမ်းလွှဲပြီး အဲဒီတောင်နဲ့ ဝေးဝေးကနေ မောင်းလိုက်…"

"ရပြီ…"

ရှီရွှမ်းသည် ချက်ချင်းပင် လမ်းကြောင်းပြောင်းလိုက်ပြီး သူတို့နောက်မှ လိုက်လာသော လေယာဉ်များ ကလည်း ထပ်တူပင် လမ်းကြောင်းပြောင်းလိုက်ကြသည်။ ခဏအကြာမှာပင် ဝေးကွာလှသော အရပ်ဆီ မှ နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေတော့သည်။

"ဝုန်း… ဝုန်း…ဝုန်း…"

ထိုအသံကို ကြားလိုက်ရသဖြင့် ယောင်ရန်သည် တောင်တန်းကြီးဆီသို့ လှည့်ကြည့်လိုက်သည်။ ထူထပ် လှသော မီးခိုးမည်းကြီးများသည် လေထဲသို့ အရှိန်အဟုန်ဖြင့် ပန်းထွက်လာပြီး လျင်မြန်စွာ ပျံ့နှံ့သွား လေတော့သည်။

"မီးတောင် ပေါက်ကွဲသွားပြီ…."

သူမ၏ တည်ငြိမ်သော လေသံထဲတွင် စိုးရိမ်စိတ် အနည်းငယ် ရောယှက်နေလျက် ပြောလိုက်လေသည်။

ရှီရွှမ်းသည် မီးခိုးမည်းကြီးများကို ကြည့်ရင်း မျက်လုံးများ လှုပ်ခတ်သွားကာ စပီကာမှတစ်ဆင့် ကြေညာ လိုက်လေသည်။

"ညီအစ်ကိုတို့... ဖူကျန်းတောင် ပေါက်ကွဲတော့မယ်… ခဏနေရင် လေယာဉ်က တော်တော်လေး တုန်ခါ လိမ့်မယ်…"

လေယာဉ်ဝမ်းဗိုက်အတွင်းရှိ လီကျန့်နှင့် အခြားသူများသည် သူတို့၏ ထိုင်ခုံခါးပတ်များကို ပိုမို တင်းကြပ်အောင် ပတ်လိုက်ကြပြီး ရှီရွှမ်း၏ ကျွမ်းကျင်မှုမှာ အရင်အတိုင်း ကောင်းမွန်နေပါစေရန် ဆုတောင်းနေကြတော့သည်။ မဟုတ်ပါက ယနေ့တွင် သူတို့အားလုံး ယမမင်းကြီးနှင့် သွားတွေ့ရပေ လိမ့်မည်။

စက္ကန့်အနည်းငယ်အကြာတွင် နောက်ထပ် ပေါက်ကွဲသံကြီးတစ်ခု ထပ်မံထွက်ပေါ်လာခဲ့ပြန်လေသည်။

"ဝုန်း…"

ယခုတစ်ကြိမ်တွင်မူ မီးတောင်ထိပ်မှ အနီရောင်မီးလျှံများ ပန်းထွက်လာပြီးနောက် အနက်ရောင် မီးလျှံများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး အရပ်မျက်နှာအနှံ့သို့ မိုးရွာသကဲ့သို့ ကျဆင်းလာလေတော့သည်။

အနက်ရောင်သန်းနေပြီး ရဲရဲတောက်နေသော ချော်ရည်ပူကြီးများသည် မီးတောင်ဝမှ စီးကျလာပြီး လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ပြာအဖြစ် လောင်ကျွမ်းနေစေတော့သည်။ ချော်ရည် များသည် ရပ်တန့်ခြင်းမရှိဘဲ အောက်ဘက်သို့ တဟုန်ထိုး စီးဆင်းလာကာ ကမ္ဘာမြေကို ပူပြင်းလှသော ဒီရေလှိုင်းကြီးကဲ့သို့ ဝါးမြိုသွားပေတော့သည်။

မီးတောင်မှ ချော်ရည်များ ပိုမိုထွက်လာသည်နှင့်အမျှ အပူချိန်မှာလည်း အဆမတန် မြင့်တက်လာပြီး လေထုအတွင်းရှိ လေဟာနယ်လှိုင်းများမှာလည်း ပိုမိုပြင်းထန်လာသည်။ ကောင်းကင်မှ ကျဆင်းလာ သော ဥက္ကာခဲများနှင့် ပေါင်းစပ်လိုက်သောအခါ နောက်မှလိုက်လာသော လေယာဉ်အချို့မှာ ရှောင်တိမ်း ရန် မတတ်နိုင်ခဲ့ကြတော့ပေ။

၎င်းတို့သည် ဥက္ကာခဲများနှင့် တိုက်မိခြင်း သို့မဟုတ် ပြင်းထန်သော လေလှိုင်းများကြောင့် မြေပြင်သို့ ပျက်ကျကုန်ကြတော့သည်။

ယောင်ရန်အနေဖြင့် ဤအိပ်မက်ဆိုးကြီးကို ကြည့်နေရုံမှလွဲ၍ ဘာမျှမတတ်နိုင်သော်လည်း အောက် ဘက်ရှိ အသက်ရှင်ကျန်ရစ်သူများမှာမူ ထိတ်လန့်တုန်လှုပ်မှုနှင့် ကူရာမဲ့မှုတို့ကို အခြားအဆင့်တစ်ခု အနေဖြင့် ခံစားနေကြရလေတော့သည်။

သူတို့၏ ကုန်တင်လေယာဉ်မှာ ဖူကျန်းတောင်နှင့် ဘေးကင်းသော အကွာအဝေးသို့ ရောက်ရှိချိန်တွင် ဆူပွက်နေသော ချော်ရည်ပူကြီးများသည် ကျွင်းချန် စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းနှင့် ကီလိုမီတာ အနည်းငယ်သာ ကွာဝေးတော့လေသည်။

မီးတောင်ပေါက်ကွဲမှုဒဏ်မှ လွတ်မြောက်လာခဲ့ကြသော်လည်း ကောင်းကင်မှ ကျဆင်းလာနေသော ဥက္ကာခဲများ၏ အန္တရာယ်မှာ ရှိနေဆဲပင်ဖြစ်လေသည်။

ယောင်ရန်သည် ကောင်းကင်ယံမှ ကျဆင်းနေဆဲဖြစ်သော တောက်ပသည့် အလင်းတန်းများကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

"ပထမဆုံး ဥက္ကာခဲ ကျရောက်ခဲ့တာ တစ်နာရီနီးပါး ရှိနေပြီ၊ ဒါပေမဲ့ ရပ်မယ့် အရိပ်အယောင်တောင် မတွေ့ရသေးဘူး…"

ထိုစကားကို ကြားသောအခါ လုံယုနှင့် ရှီရွှမ်းတို့မှာ တိတ်ဆိတ်နေကြတော့သည်။

သဘာဝတရား၏ ဒေါသနှင့် ရင်ဆိုင်ရသောအခါ လူသားတို့၏ အင်အားမှာ မပြောပလောက်အောင် သေးငယ်လှသည်။ သူတို့ လုပ်နိုင်သည်မှာ အသက်ရှင်ကျန်ရစ်ရန် တိုက်ပွဲဝင်ခြင်းနှင့် ဤဘေးအန္တရာယ် ကြီး အမြန်ဆုံး ပြီးဆုံးပါစေရန် ဆုတောင်းခြင်းသာ ရှိပေတော့သည်။

လေယာဉ်မှူးဘေးရှိ ထိုင်ခုံတွင် ထိုင်နေသော လုံယုသည် ခြေရာခံကိရိယာပေါ်တွင် ထူးဆန်းသောအရာ တစ်ခုကို သတိပြုမိသွားခဲ့လေသည်။

သူသည် ညကြည့်မှန်ပြောင်းကို ယူကာ ပြတင်းပေါက်မှတစ်ဆင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ သူသည် မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်မိလေသည်။ အဝေးမှ မှိန်ပျပျ မီးရောင်များကြားတွင် မည်းမှောင်နေသော အရိပ်ကြီးတစ်ခုကို သူ မြင်လိုက်ရခြင်းဖြစ်ပေသည်။

သူ မတုံ့ပြန်နိုင်မီမှာပင် ပြင်းထန်လှသော လေပြင်းတစ်ခု လေယာဉ်ကို ရိုက်ခတ်သွားပြီး လေယာဉ်မှာ ဘေးသို့ အန္တရာယ်ရှိစွာ စောင်းသွားလေတော့သည်။

"မြဲမြဲကိုင်ထားကြ…"

ရှီရွှမ်းက ကုန်တင်လေယာဉ်ကို တည်ငြိမ်အောင် ထိန်းကျောင်းရင်း အော်ဟစ်သတိပေးလိုက်လေသည်။

ယောင်ရန်သည် ကိုယ်ကို ထိန်းလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ရုတ်တရက် ပေါ်လာသော ကြီးမားလှသည့် လေဆင်နှာမောင်း ကြီးလေးခုကို တွေ့လိုက်ရလေတော့သည်။

"အဲဒါတွေက ဗဟုဝဲဂယက်လေဆင်နှာမောင်းတွေပဲ…"

သူမက မယုံနိုင်သလို ရေရွတ်လိုက်မိလေသည်။

ရှီရွှမ်းသည် လေယာဉ်ကို တည်ငြိမ်အောင် ထိန်းရန် လေယာဉ်မောင်းတံကို တင်းတင်းဆုပ်ကိုင်ထားစဉ် လေပြင်းများမှာ ပိုမိုပြင်းထန်လာခဲ့လေသည်။ လေဆင်နှာမောင်းများကို ရှောင်တိမ်းရန် နည်းလမ်းမရှိ တော့ကြောင်း သိလိုက်သဖြင့် သူသည် ရဲရင့်သော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေတော့သည်။

စပီကာကို ဖွင့်ကာ သူက ပြောလိုက်လေသည်။

"ညီအစ်ကိုတို့... နောက်စက္ကန့်အနည်းငယ်အတွင်း ငါတို့ လေဆင်နှာမောင်းတွေကြားထဲက ဖြတ်သွား တော့မယ်…"

လေယာဉ်ဝမ်းဗိုက်အတွင်းရှိ လူများမှာ အမျိုးမျိုး တုံ့ပြန်ကြလေတော့သည်။ အချို့က သူတို့၏ ကံဆိုးမှု ကို ကျိန်ဆဲနေခဲ့ကြပြီး အချို့မှာမူ လေးနက်စွာ တိတ်ဆိတ်နေကြလေတော့သည်။

All Chapters