← Chapters

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း (၁၉၃) ရိုးရိုးသားသားပြောရရင် ကျွန်တော့်ဆေးပညာက ခင်ဗျားထက် ပိုကောင်းတယ်

အဘိုးစွန်းက အဘိုးဝမ်အား ပြောလိုက်သည်။

"မင်းပြောတာ မှန်တယ်... ဒီကောင်လေးက တကယ့်ကို အရိုက်ခံချင်နေတာပဲ... ငါတို့သုံးယောက် အလုပ်လုပ်နေတဲ့ နေရာတွေက လူတော်တော်များများ ဝင်ချင်လွန်းလို့ အသေအလဲ လုနေရတဲ့ နေရာတွေဖြစ်ပေမဲ့ သူကတော့ နည်းနည်းလေးတောင် ဂရုမစိုက်ဘူး..."

ဦးလေးချီက မှုန်ကုပ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

"သူ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ သူ့ကို ဒီအတိုင်း အချိန်ဖြုန်းခွင့် မပေးနိုင်ဘူး..."

"ဟုတ်တယ်... ဒီနေ့တော့ ထွက်ပြေးဖို့ မစဉ်းစားနဲ့တော့ ကောင်လေး... မင်းရဲ့ မော်တော်ဆိုင်ကယ်ကို ငါတို့ သော့ခတ်ထားပြီးပြီ..."

အဘိုးဝမ်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"နောက်ရက်အနည်းငယ်မှာ မင်းက ငါတို့အဘိုးကြီးသုံးယောက်နဲ့ အတူနေပြီး ဘယ်အလုပ်ဌာနက မင်းနဲ့ ပိုသင့်တော်မလဲဆိုတာ လေ့လာရမယ်..."

မန်နေဂျာက လျူအာကျူးကို မနာလိုစွာဖြင့် ကြည့်လိုက်သည်။

"မြန်မြန် သဘောတူလိုက်လေ... ငါတောင် ခုလို ကောင်းမွန်တဲ့ အခွင့်အရေးမျိုး မရခဲ့ဖူးဘူး... မင်းတော့ တကယ့်ကို အမြတ်ရပြီ ကောင်လေး..."

လျူအာကျူးက စကားတစ်ခွန်းမျှမဆိုဘဲ စားသောက်ရန်သာ အာရုံစိုက်နေသည်။

သူသည် အားလုံးကို ရှင်းလင်းစွာ စားသောက်ပြီးနောက် ဗိုက်ပြည့်သွားကာ ကျေနပ်သွားသည့်အခါ မျက်နှာပျက်နေကြသော သူ့ပတ်ဝန်းကျင်ရှိ လူများကို လှည့်၍ ပြောလိုက်သည်။

"ကျွန်တော် အရင်ကလည်း ပြောခဲ့ပြီးပါပြီ... အားလုံးရဲ့ စေတနာကို ကျေးဇူးတင်ပေမဲ့ ကျွန်တော် ပေကျင်းမြို့ကို လိုက်သွားရင် ကျွန်တော့်ရဲ့ မိဘတွေကရော ဘယ်လိုလုပ်မလဲ... အစ်ကိုကြီးနှင့် မရီးတို့ကရော... ခင်ဗျားတို့က သူတို့ကိုပါ ထောက်ပံ့ပေးမှာလား..."

အဘိုးဝမ်က သူ၏ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။

"သူတို့အတွက် အလုပ်ရှာပေးဖို့က မခက်ခဲပါဘူး..."

"ခင်ဗျားတို့အားလုံးက ရာထူးကြီးတဲ့သူတွေဆိုတော့ အလုပ်အကိုင် အခြေအနေတွေ ပိုပိုပြီး ခက်ခဲလာတယ်ဆိုတာ ကျွန်တော့်ထက် ပိုသိကြမှာပါ... နောင်ကျရင် အလုပ်အကိုင် အခွင့်အလမ်းတွေက ပိုပြီး ရှားပါးလာလိမ့်မယ်... အခုကျွန်တော်တို့ တစ်မိသားစုလုံး အလုပ်ရသွားတယ်ဆိုရင်တောင် ကျွန်တော်တို့ရဲ့ ကလေးတွေအတွက်ကျတော့ရော ဘယ်လိုလုပ်မလဲ..."

"ကျေးလက်ဒေသမှာဆိုရင် ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်တွေက အလုပ်မရရင်တောင် လယ်ယာလုပ်ငန်းကို လုပ်ကိုင်လို့ ရသေးတယ်... မြို့ပေါ်မှာဆိုရင်တော့ အငတ်ဘေးကြုံဖို့ စောင့်နေရုံပဲရှိမှာ..."

ဤနှစ်နှစ်အတွင်းတွင် ပညာတတ်လူငယ်များ ကျေးလက်သို့ဆင်းကြလှုပ်ရှားမှု ကြွေးကြော်သံကို ပို၍ မကြာခဏ ကြားလာရကြောင်းကို လျူအာကျူး မှတ်မိနေသည်။

အလုပ်အကိုင် ရှားပါးမှုဖိအားက အလွန်ကြီးမားနေသောကြောင့်ဖြစ်ပြီး ဤသည်ကို ထိုလူကြီးများ အလွန်ကောင်းစွာ သိရှိထားသင့်သည်ဟု သူက ယုံကြည်ထား၏။

အဘိုးဝမ်က ထိုအချက်ကို တကယ်ပင် နားလည်ထားပေသည်။ လျူအာကျူးက ဤမျှအထိ တွေးတောထားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့သဖြင့် မျက်မှောင်ကြုတ်လိုက်၏။

"အချိန်တန်ရင် မင်းရဲ့နေရာကို မင်းရဲ့သားက ဆက်ခံလို့ရတာပဲ မဟုတ်ဘူးလား..."

လျူအာကျူးက ပြန်လည် မေးခွန်းထုတ်လိုက်သည်။

"ဆက်ခံရမယ်... ကျွန်တော့်မှာ သားနှစ်ယောက်ရှိရင် ဘယ်လိုလုပ်မလဲ... ဒါမှမဟုတ် ကလေးသုံးယောက်ကနေ ငါးယောက်အထိ ရှိခဲ့ရင်ရော..."

"ဒါ့အပြင် ကျွန်တော့် အစ်ကိုကြီးနှင့် မရီးတို့မှာ အခု ကလေးနှစ်ယောက်ရှိနေပြီ... နောက်ပိုင်းမှာ ကလေးထပ်မရလာနိုင်ဘူးလို့ ခင်ဗျားတို့ အာမခံနိုင်သလား..."

"ကျေးလက်မိသားစုတွေမှာ ကလေး ရှစ်ယောက် ဒါမှမဟုတ် ဆယ်ယောက်လောက်ရှိတာက ဆန်းကြယ်တဲ့ကိစ္စ မဟုတ်ဘူးလေ..."

"ခင်ဗျားတို့က ကျွန်တော်တို့ မျိုးဆက်ကို စောင့်ရှောက်နိုင်ပေမဲ့ ဒုတိယမျိုးဆက်ကိုရော စောင့်ရှောက်နိုင်မှာလား... ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျားတို့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေနဲ့ဆို ကျွန်တော့်ကလေးတွေ ကြီးပြင်းလာတာကို မြင်ရတဲ့အထိ အသက်ရှင်နိုင်မှာတောင် မဟုတ်ဘူး..."

"ခင်ဗျားတို့ မျိုးဆက်ကွယ်လွန်သွားတဲ့အခါ ခင်ဗျားတို့ရဲ့ ကလေးတွေက ကျွန်တော်နဲ့ ဘာအဆက်အသွယ်မှ ရှိမှာမဟုတ်ဘူး... သူတို့က ဘာလို့ ကျွန်တော့်ကို ကူညီရမှာလဲ..."

လျူအာကျူးသည် သူတို့၏ စေတနာကို နားလည်ထားသောကြောင့် ယခင်က ဤလူကြီးများအပေါ် ရိုသေလေးစားစွာ ဆက်ဆံခဲ့ပြီး ထို့ကြောင့်ပင် သူသည် ယဉ်ကျေးစွာ နေထိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုအခါတွင် ဤအဘိုးကြီးများသည် သူ၏ အဘေးအပေါ်ထားရှိသော ကျေးဇူးကို ဆပ်ရန်အတွက် အခြားအရာအားလုံးကို လျစ်လျူရှုနေကြသည်ကို မြင်လိုက်ရသောအခါ သူသည် အညှာအတာကင်းစွာဖြင့်သာ မေးခွန်းထုတ်ရတော့သည်။

ဤစကားများက ထိုလူစုကို တကယ်ပင် စကားပြောစရာမဲ့သွားစေခဲ့သည်။

မန်နေဂျာသည်လည်း လျူအာကျူးက ဤမျှအထိ တွေးတောထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အကယ်၍ သူသာ လျူအာကျူး၏ နေရာတွင်ဆိုလျှင်ဟုပင် သူ တွေးမိလိုက်သည်။

ပေကျင်းမြို့မှ အရေးပါသော ပုဂ္ဂိုလ်ကြီးများက သူ့အား အလုပ်ရှာပေးရန် ဆန္ဒရှိနေကြောင်း ကြားလိုက်ရပါက သူသည် အတိုင်းမသိ ဝမ်းသာသွားမည်ဖြစ်ပြီး တွေဝေခြင်းမရှိဘဲ သဘောတူလိုက်မည်သာဖြစ်၏။

သေချာသည်မှာ လျူအာကျူး ယခုလေးတင် ပြောခဲ့သောစကားများသည် သူသာ သာမန်လူတစ်ယောက်ဖြစ်ခဲ့လျှင် အကျုံးဝင်မည့် အရာများပင် ဖြစ်သည်။

အရေးပါသော ပုဂ္ဂိုလ်ကြီးများ၏ အကာအကွယ်ကို ဆုံးရှုံးသွားသော သာမန်လူတစ်ယောက်သည် တကယ်ပင် အလုပ်ရှာဖွေနိုင်မည် မဟုတ်ပေ။

လျူအာကျူး၏ စွမ်းရည်များဖြင့် သူသည် ပေကျင်းမြို့တွင် အလွန်ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပြီး သူ၏ မိသားစုအားလုံး အလုပ်ရရှိစေရန် သေချာပေါက် ဆောင်ရွက်နိုင်ပေသည်။

သို့သော်လည်း လာမည့် ဆယ်နှစ်ဝန်းကျင်အတွင်း ပေကျင်းမြို့တွင် စွန့်စားရန် မလိုအပ်သေးပေ။

နှစ်အနည်းငယ်အတွင်း နိုင်ငံခြားသို့ သွားရောက်လုပ်ကိုင်သည့် ခေတ်ရေစီးကြောင်း ရောက်လာသောအခါ လျူအာကျူးသည် ပေကျင်းမြို့သို့ လာရောက်ကာ ခြံဝင်းပါသောအိမ်များ အနည်းငယ်ကို ဝယ်ယူနိုင်ပြီး ငှက်သိုက် အနီးတစ်ဝိုက်ရှိ မြေနေရာအချို့ကို ရယူထားနိုင်ပေသည်။ ထိုအချိန်ရောက်လျှင် သူ၏ သားစဉ်မြေးဆက် ဆယ့်ရှစ်ဆက်တိုင်အောင် စားသောက်နေထိုင်ရေးအတွက် စိုးရိမ်စရာ လိုတော့မည် မဟုတ်ပေ။

လူစုသည် ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် အဘိုးဝမ်က ဦးစွာ စကားစလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

"ဒါဆို မင်းက ကျေးလက်မှာ ဒီအတိုင်း

အချိန်ဖြုန်းနေတော့မလို့လား ကောင်လေး..."

လျူအာကျူးက ပြန်လည် ချေပလိုက်သည်။

"အချိန်ဖြုန်းတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ... ကျွန်တော်က အဆင်မပြေဖြစ်နေတဲ့အတိုင်းပဲ... ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျားတို့ရဲ့ သားတွေ မြေးတွေထဲမှာ ဘယ်သူက မော်တော်ဆိုင်ကယ် စီးနိုင်လို့လဲ..."

ဤစကားတစ်ခွန်းက ထိုအဘိုးကြီးများကို နောက်တစ်ကြိမ် မျက်နှာပျက်သွားစေခဲ့ပြန်သည်။

မန်နေဂျာမှာလည်း မျက်လုံးပြူးသွား၏။ သူကရော ဘယ်လိုလုပ်ပြီး စော်ကားခံလိုက်ရတာလဲ။

ဦးလေးချီက မှုန်ကုပ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

"မော်တော်ဆိုင်ကယ် စီးနိုင်တာက အဲဒီလောက်တောင် ကြီးကျယ်နေလို့လား... ဘဝမှာ ကြီးပွားချမ်းသာပြီး ရေရှည်တည်တံ့ဖို့ဆိုတာ တကယ့်စွမ်းရည် လိုအပ်တယ်... မင်းက ဆေးပညာကို သိတယ်လို့ ပြောခဲ့တာ ငါ မှတ်မိသေးတယ်... ပီကင်းယူနီယံဆေးရုံကို လာပြီး ငါ့ဆီမှာ သေချာ မသင်ယူချင်ဘူးလား... မင်းမှာ ရည်မှန်းချက် မရှိဘူးလား..."

အဘိုးဝမ်က ချောမွေ့စွာ ဖြည့်စွက်ပြောကြားသည်။

"ဟုတ်တယ်... ဟုတ်တယ်... ဆေးပညာ သင်ယူဖို့က လိုအပ်တယ်... အဓိကကတော့ ကျွမ်းကျင်မှုတွေ အများကြီးရှိနေတာက ဝန်ထုတ်ဝန်ပိုး မဖြစ်စေလို့ပဲ..."

အဘိုးစွန်းက မျက်မှောင်ကြုတ်လိုက်သည်။

"ဆေးပညာ... အဲဒါလည်း အဆင်ပြေပါတယ်... ရှောင်ချီရဲ့ ဆေးပညာ စွမ်းရည်က တကယ့်ကို ကောင်းမွန်လှတယ်... မင်းသာ ကြိုးစားသင်ယူဖို့ ဆန္ဒရှိပြီး နောင်တစ်ချိန်မှာ ဆေးရုံကြီးတစ်ခုခုမှာ နေရာရခဲ့ရင် ဘာသာပြန်ဗျူရိုမှာ အလုပ်လုပ်ရတာထက် သေချာပေါက် ဆိုးမှာမဟုတ်ဘူး..."

အခြားသူများ၏ မြှောက်ပင့်ပြောဆိုခြင်းကို ခံရသောကြောင့် ဦးလေးချီသည် သူ၏ မုတ်ဆိတ်မွေးများကို ဂုဏ်ယူစွာဖြင့် ချက်ချင်း ပွတ်သပ်လိုက်ပြီး လျူအာကျူးကို ကြည့်လိုက်သည်။

"ကောင်လေး... ငါက မင်းရဲ့ အခြေခံစွမ်းရည်တွေကို စစ်ဆေးကြည့်ပြီး အဆင်ပြေတယ်လို့ ထင်ရင် မင်းကို ငါ့ရဲ့ ပညာသင်တပည့် အဖြစ်တောင် လက်ခံပေးနိုင်တယ်... အဲဒီအခါကျရင် မင်း ဘယ်နေရာပဲသွားသွား ငါ့ရဲ့ ပညာသင်တပည့်လို့ ပြောလိုက်ရုံနဲ့ အရာအားလုံး အဆင်ပြေချောမွေ့သွားစေရမယ်..."

ဤသည်မှာ တကယ်ပင် မှန်ကန်ပေသည်။ မည်သို့ပင်ဖြစ်စေ ပီကင်းယူနီယံဆေးရုံမှ ဆင်းလာသူတစ်ယောက်အတွက် ထိုနေရာတွင် အသေးအဖွဲ အလုပ်များကိုသာ လုပ်ကိုင်ခဲ့ရလျှင်တောင် အခြားဆေးရုံများတွင် သူတို့၏ လစာက ပို၍ မြင့်မားနေမည်သာ ဖြစ်သည်။

ကံမကောင်းစွာဖြင့် လျူအာကျူးက သင်ယူရန် စိတ်ဝင်စားမှု အနည်းငယ်မျှပင် မရှိပေ။

လျူအာကျူးက ယဉ်ကျေးစွာဖြင့် ငြင်းဆိုလိုက်သည်။

"ဦးလေးချီ... ကျွန်တော် ဒီတစ်ခေါက် ပေကျင်းမြို့ကို လာတဲ့ခရီးစဉ်မှာ အချိန်သိပ်မရှိဘူး... ရွာအတွက် ကြိတ်စက် ဝယ်ဖို့ကို အဓိကထားပြီး လာခဲ့တာ... နောက်တစ်ခေါက်ကျမှ အချိန်ပေးပြီး ခင်ဗျားဆီကနေ လာသင်ယူရင်ရော ဘယ်လိုလဲ..."

ဦးလေးချီသည် ထိုကောင်လေးက အရာအားလုံးကို ငြင်းဆန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဒါလည်း မရဘူး... ဟိုဟာလည်း မရဘူး... ကောင်လေး... မင်း တကယ် ဘာလိုချင်နေတာလဲ... မင်းက အတိုင်းအတာတစ်ခုထက်ကျော်ပြီး မောက်မာနေတာပဲ မဟုတ်လား... မင်းသာ ဆက်ပြီး အချိန်ဆွဲနေမယ်ဆိုရင် ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ငါတို့ ညီအစ်ကိုတွေက ဆရာမရှဲ့ ကိုယ်စား မင်းကို သေချာပေါက် ဆုံးမပေးရလိမ့်မယ်..."

လူအများအပြား ဒေါသတကြီးဖြစ်နေကာ ကိုယ်ထိလက်ရောက် ကျူးလွန်တော့မည့် အခြေအနေကို မြင်လိုက်ရသောအခါ လျူအာကျူးသည် နှိမ့်ချနေခြင်းကို ရပ်တန့်လိုက်ပြီး ဦးလေးချီအား ပြောလိုက်သည်။

"ဦးလေးချီ... ကျွန်တော်က ခင်ဗျားကို အထင်သေးနေတာ မဟုတ်ဘူး... ဒါပေမဲ့ ခင်ဗျားရဲ့ ဆေးပညာက တကယ်ကို ကျွန်တော့်လောက် မကောင်းဘူး..."

ဤစကားကြောင့် လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြပြီး ထိုကောင်လေးက တကယ်ကို အရိုက်ခံချင်နေသည်ဟု အားလုံးက ခံစားလိုက်ရသည်။

ဦးလေးချီသည် မည်သည့် အားနာမှုမျှမရှိဘဲ သူ၏ အင်္ကျီလက်ကို ပင့်တင်ကာ အရေးယူရန် လျှောက်သွားသည်။

သူက ကျေးဇူးရှင်၏ ကလေးဖြစ်နေလျှင်တောင်မှ လူကြီးများအနေဖြင့် သူ့အား သင်ခန်းစာပေး၍ ရနိုင်သေးသည်။

လျူအာကျူးက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

"စောစောက ဦးလေးချီ အဘိုးဝမ်ကို ကုသပေးတုန်းက သုံးခဲ့တဲ့ အပ်စိုက်နည်းက '

ဖေးတန်ပါ့ဖာ အပ်စိုက်ကုသရေးနည်းစနစ် မဟုတ်လား... အဲ့နည်းစနစ်က ကောင်းကင်ပင်စည်တွေကို အဓိကသွေးကြောမကြီးရှစ်သွယ်နဲ့ ကိုက်ညီအောင် ကုသပေးတာကို အဓိကထားတယ်... ဒါက အချိန်နဲ့ အပ်စိုက်မှတ်တွေရဲ့ ပေါင်းစပ်ညှိနှိုင်းမှုကို အလေးပေးတယ်... ဘယ်အချိန်မှာ ဘယ်အပ်စိုက်မှတ်တွေကို လှုံ့ဆော်ပေးရမလဲဆိုတဲ့ တိကျတဲ့ စည်းမျဉ်းတွေ ရှိတယ်... စောစောက ခင်ဗျား အဘိုးဝမ်ကို ကုသပေးတုန်းက တချို့အပ်စိုက်မှတ်တွေအတွက် အပ်စိုက်ရမယ့် အချိန်အခါက ရှင်းရှင်းလင်းလင်းကို မှားယွင်းနေတယ်... ဒါကြောင့် ရောဂါကို ကုသနိုင်တယ်ဆိုပေမဲ့ ရောဂါလက္ခဏာတွေကိုပဲ ကုသနိုင်ပြီး ရောဂါရဲ့ ဇာစ်မြစ်ကိုတော့ မကုသနိုင်ဘူး..."

လျူအာကျူးကို ရိုက်ရန် လက်ကို ဝှေ့ယမ်းနေပြီဖြစ်သော ဦးလေးချီမှာ ရုတ်တရက် အေးခဲသွားတော့သည်။

အဘယ်ကြောင့်ဆိုသော် လျူအာကျူး ပြောခဲ့သည့်စကားများက မှန်ကန်နေသောကြောင့်ပင် ဖြစ်သည်။ သူသည် ဖေးတန်ပါ့ဖာ အပ်စိုက်ကုသရေးနည်းစမစ်ကို အသုံးပြုခဲ့သည်မှာ မှန်သော်လည်း ဤအပ်စိုက်ကုသရေးနည်းစနစ်မှာ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာ အတွေ့အကြုံများအပေါ် အခြေခံ၍ အချို့သော အစိတ်အပိုင်းများကို ကိုယ်တိုင် ဖြည့်စွက်ခဲ့သော်လည်း တစ်ခုခု လွဲချော်နေသည်ဟု အမြဲတမ်းခံစားနေခဲ့ရ၏။

သေချာသည်မှာ ဤလွဲချော်နေသည်ဟူသော ခံစားချက်က သူ့အတွက်သာ သိသာထင်ရှားနေခြင်းဖြစ်ပြီး အပြင်လူများအတွက်မူ မယုံနိုင်လောက်အောင် အံ့မခန်းဖြစ်နေဆဲပင်။

ရိုးရာတရုတ်ဆေးပညာကို လေ့ကျင့်နေသော အချို့သော သမားတော်အိုကြီးများပင်လျှင် မည်သည့် ပြဿနာကိုမျှ မမြင်နိုင်ခဲ့ကြပေ။

ယနေ့တွင် သူအသုံးပြုခဲ့သော ဖေးတန်ပါ့ဖာ၌ ပြဿနာရှိကြောင်းကို လူငယ်တစ်ယောက်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ဦးလေးချီက မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

"မင်း... ကောင်လေး... မင်းက တကယ်ပဲ ဆေးပညာကို အဲဒီလောက်အထိ နားလည်နေတာလား..."

"တိုက်ဆိုင်စွာနဲ့ပဲ ကျွန်တော်ရဲ့ ဖေးတန်ပါ့ဖာ အပ်စိုက်ကုသရေးနည်းစနစ် ကျွမ်းကျင်မှုက ခင်ဗျားထက် နည်းနည်း ပိုမြင့်မားနေတယ်..."

"ဒါကြောင့် ခင်ဗျားဆီကနေ သင်ယူဖို့ ကျွန်တော် ဆန္ဒမရှိတာက ခင်ဗျားကို အထင်သေးလို့ မဟုတ်ဘဲ ခင်ဗျားကို တကယ် အရှက်မကွဲစေချင်လို့ပါ... ဒါပေမဲ့ ခင်ဗျားက အမှန်တရားကို ကြားချင်နေတယ်ဆိုတော့ အခု ကျွန်တော် မေးရတော့မယ်... ကျွန်တော် ခင်ဗျားဆီကနေ သင်ယူဖို့ လိုအပ်သေးတယ်လို့ ခင်ဗျား ထင်နေသေးလား..."

All Chapters