← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း (၁၉၆) မင်း ဘာလုပ်မလို့လဲ

နောက်ဆုံးတွင် ကျောက်လိုင်တိနှင့် ဝတုတ်တုတ် ညွှန်ကြားရေးမှူးတို့ နှစ်ယောက်စလုံးကို ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြသည်။

မူလက လျူအာကျူးကိုပါ စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားမည်ဖြစ်သော်လည်း ဘေးမှ ကြည့်ရှုနေသူများက ဤကိစ္စသည် သူနှင့်မသက်ဆိုင်ကြောင်း ဖြောင့်မတ်စွာ ထွက်ဆိုပေးခဲ့သဖြင့် ရဲများက လျူအာကျူးကို ပြန်လွှတ်ပေးခဲ့သည်။

လျူအာကျူးသည် တည်းခိုခန်းရှိ သူ၏အခန်းသို့ ပြန်လာပြီး ပစ္စည်းများကို အကြမ်းဖျင်း သိမ်းဆည်းကာ အိပ်ရာဝင်လိုက်သည်။

နောက်တစ်နေ့နံနက်တွင် သူသည် သူ၏ခရီးဆောင်အိတ်ကိုဆွဲကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ မို့လီက သူ့ကိုမြင်သောအခါ အံ့ဩသွားပြီး မေးလိုက်၏။

"နင် ထွက်သွားတော့မလို့လား..."

"ဟုတ်တယ်... ဝယ်စရာရှိတာတွေလည်း အကုန်ဝယ်ပြီးပြီဆိုတော့ အိမ်ပြန်ရတော့မယ်လေ..."

လျူအာကျူးက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါဆို နောက်နောင်ရော ပြန်လာဦးမှာလား..."

မို့လီသည် ယခင်က အတူတူ ထမင်းစားနေစဉ် လျူအာကျူး မည်သည့်နေရာတွင် နေထိုင်ကြောင်း မေးမြန်းထားဖူးသဖြင့် သူ့အိမ်မှာ ဤနေရာမှ ကားဖြင့် နာရီအနည်းငယ်မျှသာ သွားရကြောင်း သိထားသည်။

"ပြန်လာဖြစ်မှာပါ... ဒါပေမဲ့ ခဏခဏတော့ မဟုတ်ဘူးပေါ့... ဒီနေရာမှာ ပျော်စရာမှ မရှိတော့တာ..."

လျူအာကျူးက ပခုံးတွန့်ကာ ပြောလိုက်သည်။

"ဘယ်သူပြောလဲ... နင့်ကိုသာဆိုရင် အစ်မက ရှီချာဟိုင်မှာ ရေခဲစကိတ်စီးဖို့၊ နွေရာသီနန်းတော်မှာ ငါးမျှားပြီး ပန်းတွေကြည့်ဖို့ ဒါမှမဟုတ် ချင်းနျန်ဟူပန်းခြံမှာ လှေစီးဖို့ ခေါ်သွားပေးနိုင်တယ်လေ..."

မို့လီက အလျင်စလို ပြောလိုက်ရာ သူမ၏ခံစားချက်များမှာ သိသာထင်ရှားနေသည်။

လျူအာကျူးက သူမကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

"တောင်းပန်ပါတယ်... လောလောဆယ် ကျွန်တော့်မှာ ရည်းစားထားဖို့ အစီအစဉ် မရှိသေးဘူး... ပိုက်ဆံကို နောက်ထပ် နှစ်အနည်းငယ်လောက် ရှာချင်သေးလို့ပါ..."

ဤသို့ ဗြောင်ကျကျ ငြင်းပယ်ခံရမှုကြောင့် မို့လီမှာ အလွန်ဝမ်းနည်းသွားပြီး သူမ့မျက်လုံးများမှာ အလိုအလျောက် နီရဲလာတော့သည်။

တကယ်တော့ လျူအာကျူးသည် အစကတည်းက သူမအပေါ် စိတ်ဝင်စားမှုမရှိကြောင်းကို သူမကိုယ်တိုင်လည်း သိထားသည်။

အဘယ်ကြောင့်ဆိုသော် ပေကျင်းမြို့ ဟူတုန်းလမ်းကြားများမှ ဆိုးသွမ်းသော ကောင်လေးများပင်လျှင် သူမကို ရိသဲ့သဲ့နှင့် ညစ်ညမ်းသော ဟာသများ ပြောတတ်ကြသောကြောင့် ဖြစ်သည်။

သို့သော် လျူအာကျူးမှာမူ အစမှအဆုံးတိုင်အောင် ထိုသို့သော စကားမျိုး တစ်ခွန်းမျှ မပြောခဲ့ဘဲ သူမနှင့် အမြဲတမ်း ခပ်ကင်းကင်းနေကာ အလွန်ယဉ်ကျေးပျူငှာခဲ့သည်။

သူမကို ထမင်းတစ်နပ် ဝယ်ကျွေးခြင်းမှာလည်း အခြားကြောင့်မဟုတ်ဘဲ သူမက သူ့အား အဝတ်အစားများ လိုက်ဝယ်ပေးသည့်အတွက် ကျေးဇူးတင်သောကြောင့်သာ ဖြစ်သည်။

မို့လီသည်သာလျှင် သူ့အပေါ် တစ်ဖက်သတ် သဘောကျနေခဲ့ခြင်း ဖြစ်သည်။ သေချာသည်မှာ ထိုသို့သဘောကျရခြင်း၏ အဓိကအကြောင်းရင်းမှာ လျူအာကျူး၏ ချောမောသောရုပ်ရည်နှင့် သူ၏ ကြွယ်ဝချမ်းသာမှုတို့ကြောင့်ပင် ဖြစ်သည်။

တည်းခိုခန်းတွင် တည်းခိုကြသော လူငယ်များစွာ ရှိသော်လည်း မို့လီသည် မည်သူ့ကိုမျှ ဤသို့ သဘောကျခဲ့ဖူးခြင်းမရှိပေ။

လျူအာကျူးသည် ခရီးဆောင်အိတ်ကိုဆွဲကာ တံခါးအပြင်သို့ ထွက်သွားရာ မို့လီသည်လည်း ဝင်ပေါက်အထိ တစ်လှမ်းချင်း လိုက်သွားသည်။ သူ၏ပစ္စည်းများကို မော်တော်ဆိုင်ကယ်ပေါ်သို့ တင်နေသည်ကို ကြည့်ရင်း သူမက မရက်စက်နိုင်စွာဖြင့် ပြောလိုက်သည်။

"ကျူးဇီ... တကယ်တော့ ငါက တောရွာကို မလိုက်နိုင်တာမျိုး မဟုတ်ပါဘူးနော်..."

လျူအာကျူးသည် ခေါင်းခါလိုက်ပြီး ယုန်ဖြူနို့သကြားလုံး နှစ်လုံးကို ကမ်းပေးကာ ပြောလိုက်သည်။

"စောစောက ကျွန်တော့်ဘက်ကနေ ဝင်ပြောပေးပြီး ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော် သွားတော့မယ်နော်..."

ဝူး... ဝူး... ဝူး…

မော်တော်ဆိုင်ကယ်သည် လျင်မြန်စွာ မောင်းနှင်ထွက်ခွာသွားရာ မို့လီတစ်ယောက်တည်းသာ ယောင်္ကျားပြန်အလာကို စောင့်မျှော်နေသော ကျောက်ရုပ်ကြီးပမာ ကျန်ရစ်ခဲ့တော့သည်။

လျူအာကျူးသည် ပြင်းထန်အေးစက်သော ဆောင်းရာသီလေပြင်းများကို ရင်ဆိုင်ရင်း မော်တော်ဆိုင်ကယ်ကို မောင်းနှင်လာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူသည် ဖျံမွေးကုတ်အင်္ကျီကို စောစောကတည်းက ဝယ်ယူထားခဲ့ပြီး ယခုအခါ ထိုအင်္ကျီကို သူ၏ရင်ဘတ်ပေါ်တွင် ပြောင်းပြန်လှည့်၍ ဝတ်ဆင်ထားသည်။ ထို့ပြင် သူသည် အသစ်ဝယ်ထားသော ခွေးမွေးဦးထုပ်ကို ဆောင်းထားပြီး နေကာမျက်မှန်တစ်လက်ကိုပါ ခပ်မိုက်မိုက် တပ်ဆင်ထားသေးသည်။

ထိုနေကာမျက်မှန်မှာ လျူအာကျူးသည် ယမန်နေ့က ယုံကြည်အပ်နှံရေးစတိုးဆိုင်ကို ဒုတိယအကြိမ် ဖြတ်သန်းသွားစဉ် ဝယ်ယူခဲ့သော လေယာဉ်မှူးသုံး မျက်မှန်အမျိုးအစား ဖြစ်သည်။ ၎င်းမှာ ကျိုးပဲ့ပျက်စီးနေခြင်းမရှိသော်လည်း အနည်းငယ် ဟောင်းနွမ်းနေပြီ ဖြစ်သည်။

လမ်းပေါ်တွင် လျူအာကျူးသည် ဖျံမွေးကုတ်အင်္ကျီကို ပြောင်းပြန်ဝတ်ဆင်ထားပြီး ခွေးမွေးဦးထုပ်၊ နေကာမျက်မှန်နှင့် ချည်သားနှာခေါင်းစည်းတို့ကို တပ်ဆင်ကာ မော်တော်ဆိုင်ကယ်ကို မောင်းနှင်လာခဲ့သည်။

အကယ်၍ ဤသည်မှာ ခေတ်သစ်အချိန်ကာလတွင်သာဆိုလျှင် သူသည် အမှန်တကယ်ပင် ခပ်မိုက်မိုက်ကောင်လေးတစ်ယောက် ဖြစ်နေမည်မှာ သေချာလှသည်။

သို့သော် အရင်းအမြစ်များ ရှားပါးပြီး အတွေးအခေါ်များ ခေတ်နောက်ကျနေသော ဤခေတ်ကာလတွင်မူ သူသည် မိုင်ပေါင်းများစွာအတွင်း အလန်းဆုံးလူငယ်လေး ဖြစ်နေတော့သည်။

နာရီအနည်းငယ်ကြာပြီးနောက် လျူအာကျူးက ခရိုင်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ပထမဆုံးအနေဖြင့် သူသည် ချန်ဟုန်ယွင်ကို သွားရှာလေသည်။

သူ့တွင် ငွေပြတ်နေပြီဖြစ်ရာ မရှာ၍ မဖြစ်ပေ။

ပေကျင်းမြို့တွင် သုံးစွဲပြီးနောက် သူ့ထံတွင် ငွေတစ်ရာသာ ကျန်တော့ပြီး ထိုငွေတစ်ရာကိုလည်း ဓာတ်ဆီဖိုးအတွက် သုံးလိုက်ရသည်။

ချန်ဟုန်ယွင်မှာ အလုပ်လုပ်နေဆဲဖြစ်သည်။ လျူအာကျူးက ထိုသို့အလန်းစားပုံစံဖြင့် ဝင်လာသည်ကို မြင်သောအခါ သူက လန့်သွားပြီး မေးလိုက်သည်။

"မင်း ငါ့ကို အရက်လာတိုက်ဖို့ ရှာတာတော့ မဟုတ်ပါဘူးနော်..."

"ဘာလဲ... ခင်ဗျားက အခု အရက်သောက်ရမှာကို ကြောက်နေပြီလား..."

လျူအာကျူးက ရယ်မောကာ ပြန်ပြောလိုက်သည်။

"ဟာသတွေ... ငါက ဘယ်လိုလုပ် အရက်သောက်ရမှာကို ကြောက်ရမှာလဲ..."

ချန်ဟုန်ယွင်က ခေါင်းမာစွာဖြင့် တုံ့ပြန်လိုက်သည်။

လျူအာကျူးက မျက်ခုံးပင့်ပြလိုက်ပြီး မေးလိုက်သည်။

"ဒါဆိုရင် ဒီ‌နေ့လယ် ကျွန်တော်တို့နှစ်ယောက် နည်းနည်းလောက် မော့ကြမလား..."

"ငါက အရက်သောက်ရမှာကို မကြောက်ပေမဲ့ မင်းနဲ့ အတူသောက်ရမှာကိုတော့ ကြောက်တယ်ကွ... မင်း ကိစ္စရှိရင်ပြော... မရှိရင် ထွက်သွားတော့..."

ချန်ဟုန်ယွင်က လျင်မြန်စွာပင် နောက်ဆုတ်သွားသည်။

လျူအာကျူးက တဟားဟားရယ်မောလိုက်ပြီး ပြောသည်။

"ခင်ဗျားကို နောက်နေတာပါဗျာ.. ကျွန်တော် ဒီနေရာကိုလာတာ ပိုက်ဆံလာယူမလို့... ကျွန်တော့်ဆီမှာ ပိုက်ဆံပြတ်သွားပြီလေ..."

"မင်း ဘယ်လောက်ချေးချင်လို့လဲ..."

ချန်ဟုန်ယွင်က မဆိုင်းမတွပင် မေးလိုက်သည်။

သူ၏ဖခင်မှာ ရိုးသားဖြောင့်မတ်ပြီး လာဘ်မစားသော်လည်း ထိုအချက်က သူတို့မိသားစု ချမ်းသာကြွယ်ဝခြင်းကို အဟန့်အတား မဖြစ်စေခဲ့ပေ။

ဤချန်ဟုန်ယွင်က မှောင်ခိုဈေးကွက်ကို စီမံအုပ်ချုပ်လေသည်။ သူသည် ဝင်ကြေးမကောက်သော်လည်း ဈေးကွက်အတွင်းရှိ ပစ္စည်းများကို ဝယ်ယူကာ ပြန်လည်ရောင်းချလေ့ရှိသဖြင့် ငွေအတော်အတန် ရရှိထားသည်။

လျူအာကျူးက လက်ကာပြလိုက်ပြီး ပြောလေသည်။

"ငွေချေးမလို့ မဟုတ်ပါဘူး... ခင်ဗျားကို တစ်ခုခု ရောင်းချင်လို့ပါ... အခုတစ်ခေါက် ပေကျင်းမြို့မှာ အဆက်အသွယ်တစ်ခုရလို့ ကောက်ပဲသီးနှံ တစ်သုတ် ရလာတယ်လေ..."

"မင်း ပေကျင်းမြို့ကို သွားတာ နှစ်ရက်ပဲ ရှိသေးတယ်... ကောက်ပဲသီးနှံ ဝယ်ဖို့ လမ်းကြောင်းတောင် ရလာပြီလား..."

ချန်ဟုန်ယွင်မှာ အံ့အားသင့်သွားသည်။

"ခင်ဗျား မသိဘူးလား... ပေကျင်းမြို့က မှောင်ခိုဈေးကွက်မှာ ကောက်ပဲသီးနှံတွေ အများကြီး သိုလှောင်ထားပေမဲ့ အခုတလော စစ်ဆေးမှုတွေ တင်းကျပ်နေလို့ သူတို့က မရောင်းရဲကြဘူးလေ..."

"ကျွန်တော် နယ်ကလာတာလို့ ပြောလိုက်တော့မှ သူတို့က ကျွန်တော့်ကို တစ်သုတ် ရောင်းရဲသွားတာ... ခင်ဗျားရော ယူရဲလား..."

"ခင်ဗျားမယူရဲရင်တော့ ကျွန်တော် တခြားစက်ရုံတွေကို သွားမေးကြည့်ရမှာပေါ့..."

လျူအာကျူးက ပြုံးကာ ပြောလိုက်သည်။

ချန်ဟုန်ယွင်မှာ အလွန်ဝမ်းသာသွားပြီး ပြောလိုက်၏။

"ယူမှာပေါ့... ဘာလို့ မယူရမှာလဲ... ဒါက ကောက်ပဲသီးနှံတွေလေ..."

"ခင်ဗျားယူမယ်ဆိုရင်တော့ ပြီးတာပဲ... ဒီနေ့ည အသံတိတ်တဲ့ ကားနှစ်စီးသုံးစီးလောက်ရှာပြီး ကျွန်တော်နဲ့အတူ သွားသယ်ကြတာပေါ့..."

လျူအာကျူးက ပြောလိုက်သည်။

"ဘုရားရေ... ကားနှစ်စီးသုံးစီးတောင်လား... မင်း ဘယ်လောက်တောင် ရလာတာလဲ..."

ချန်ဟုန်ယွင်က မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

"ကျင်း သုံးထောင်လေ..."

လျူအာကျူးသည် ပေကျင်းမြို့ရှိ မှောင်ခိုဈေးကွက်ကို အပြည့်အဝ မယုံကြည်နိုင်သေးသဖြင့် ပမာဏများလွန်းပါက သူတို့ စွန့်စားလုပ်ကိုင်လာမည်ကို စိုးရိမ်နေမိသည်။

သို့သော် ချန်ဟုန်ယွင်ကမူ ထိုသို့လုပ်မည် မဟုတ်ပေ။ ကောက်ပဲသီးနှံ မည်မျှပင် များပြားနေပါစေ သူသည် စွန့်စားမည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ဖခင်သည် လက်ရှိရာထူးတွင် နောက်ထပ် နှစ်နှစ်ခန့် နေနိုင်သေးသောကြောင့်ဖြစ်သည်။ အနာဂတ်တွင် သူသည် အနည်းဆုံး ဒုတိယညွှန်ကြားရေးမှူးအဆင့်ရှိသူတစ်ဦး ဖြစ်လာနိုင်ပြီး အကယ်၍ ကိစ္စရပ်များကို ကောင်းမွန်စွာ စီမံနိုင်ပါက ထို့ထက်ပင် ပို၍ မြင့်မားသော နေရာသို့ တက်လှမ်းနိုင်သေးသည်။

သူ့သားသည်လည်း အနာဂတ်တွင် နိုင်ငံရေးလောကသို့ မလွဲမသွေ ဝင်ရောက်လာမည်ဖြစ်ပြီး အရေးပါသော အရာရှိတစ်ဦး ဖြစ်လာပေမည်။ ထို့နောက် သူ၏မြေး... ဤသည်မှာ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းနိုင်သော သံထမင်းပန်းကန်တစ်ခုပင် ဖြစ်သည်။

ကောက်ပဲသီးနှံ ကျင်းသုံးထောင်ကို ထားလိုက်ပါ။ ကျင်းသုံးသောင်းအတွက်ပင်လျှင် သူသည် ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်မည့် အန္တရာယ်ကို စွန့်စားမည်မဟုတ်ပေ။

ထင်ထားသည့်အတိုင်းပင် ချန်ဟုန်ယွင်သည် အလွဲသုံးစားလုပ်ရန် မတွေးမိသည့်အပြင် သူသည် စိုးရိမ်တကြီးဖြင့် တံခါးဆီသို့ ပြေးသွားကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ မည်သူမျှ ခိုးနားထောင်နေခြင်း မရှိကြောင်း သေချာသွားပြီးနောက် သူက အသံတိုးတိုးဖြင့် မေးလိုက်၏။

"ကျူးဇီ... မင်း ဘယ်လိုလုပ် အများကြီး ရလာတာလဲ... ပစ္စည်းတွေမှာ ပြဿနာ တစ်ခုခုများ ရှိနေလား... အလိမ်မခံရစေနဲ့နော်..."

"စိတ်မပူပါနဲ့... ကျွန်တော် အဲ့ဒီမှောင်ခိုဈေးကွက်က သူဌေးကို အကြိမ်ကြိမ် စမ်းသပ်ကြည့်ပြီးပါပြီ... ကျွန်တော်က တမင်တကာ ပိုက်ဆံရှိကြောင်း ကြွားပြခဲ့တာတောင် သူက ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မပြပါဘူး..."

"ပြီးတော့ သူ တကယ် စိုးရိမ်နေတာကိုလည်း ကျွန်တော်မြင်တယ်လေ... ဘာလို့လဲဆိုတော့ အဲ့ဒီကောက်ပဲသီးနှံတစ်သုတ်က ပေကျင်းမြို့မှာ တကယ့်ကို ရောင်းလို့မရလို့ပဲ... အခုတလော အဲ့ဒီမှာ စစ်ဆေးမှုတွေက အရမ်းတင်းကျပ်နေတာ..."

မည်သို့ပင်ဖြစ်စေ ချန်ဟုန်ယွင်သည် ပေကျင်းမြို့တွင် မရှိသကဲ့သို့ ယခုအချိန်တွင် ဆက်သွယ်ရေးမှာလည်း အဆင်မပြေပေ။ ပေကျင်းမြို့တွင် စစ်ဆေးမှုများ တင်းကျပ်နေသလားဟု သူက ကြေးနန်းရိုက်၍ မေးမြန်းနိုင်မည် မဟုတ်ပေ။

ပေကျင်းမြို့ရှိ စစ်ဆေးမှု တင်းကျပ်မှုအကြောင်းကို အဘယ်ကြောင့် မေးမြန်းရသနည်းဟုဆိုကာ စာတိုက်နှင့် ကြေးနန်းရုံးမှ မထွက်ခွာမီကပင် သူ့ကို ရဲများက ဖမ်းဆီးသွားပေလိမ့်မည်။

ချန်ဟုန်ယွင်သည် လျူအာကျူးကို သိကျွမ်းထားပြီး သူသည် အရည်အချင်းရှိကာ အလွန် ယုံကြည်စိတ်ချရသူတစ်ဦး ဖြစ်ကြောင်းကိုလည်း သိထားလေသည်။

လျူအာကျူးက ဤမျှလေးနက်နေသည်ကို မြင်သောအခါ ချန်ဟုန်ယွင်က များစွာစိတ်အေးသွားပြီးနောက် ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

"ကျူးဇီ... မင်း ငါ့ကို တကယ် ကျေးဇူးကြီးကြီး ပြုလိုက်တာပဲ... အကယ်၍ ဒီကောက်ပဲသီးနှံတစ်သုတ်သာ ငါ့လက်ထဲရောက်လာရင် ငါ အနည်းဆုံး ဒုတိယညွှန်ကြားရေးမှူးတောင် ဖြစ်သွားနိုင်တယ်ဆိုတာ မင်းသိလား..."

လျူအာကျူး၏ မျက်နှာပေါ်တွင် မေးခွန်းထုတ်ချင်နေသည့် အရိပ်အယောင်များ အပြည့်ဖြစ်သွားကာ မေးလိုက်သည်။

"ခင်ဗျား ဘာလုပ်မလို့လဲ..."

"ငါ့ကို ပြဇာတ်တစ်ပုဒ်ကပြဖို့ ကူညီပေး..."

ချန်ဟုန်ယွင်က လျူအာကျူး၏ နားနားသို့ ကပ်ကာ စကားအနည်းငယ်ကို တီးတိုး ပြောလိုက်သည်။

လျူအာကျူးက ချန်ဟုန်ယွင်အား မယုံကြည်နိုင်စွာဖြင့် ကြည့်ကာ ပြောလိုက်၏။

"ဒါက အဆင်ပြေပါ့မလား... မရှုပ်စေနဲ့နော်... မဟုတ်ရင် ကျွန်တော်တို့နှစ်ယောက်စလုံး ဒုက္ခရောက်ကုန်လိမ့်မယ်..."

"ဘာမှမဖြစ်ပါဘူးကွာ... အတွင်းရော အပြင်မှာပါ အားလုံးက ငါတို့လူတွေချည်းပဲ... ဘာကို ကြောက်နေရဦးမှာလဲ..."

"ဘာပဲဖြစ်ဖြစ် ငါ မင်းကို ပိုက်ဆံပေးမှာပါ... မင်း ဒီအကူအညီကို ကူညီမှာလား မကူညီဘူးလားဆိုတာပဲ းပြော..."

ချန်ဟုန်ယွင်က ယုံကြည်မှုအပြည့်ဖြင့် မေးလိုက်သည်။

ပြဿနာတစ်စုံတစ်ရာ ရှိလာမည်မဟုတ်ကြောင်းကို သူက အလွန် သေချာနေသည်ကို လျူအာကျူး မြင်လိုက်ရသည်။ သူသည် ဤကိစ္စ၏ အတွင်းရေးများကို စဉ်းစားကြည့်လိုက်ရာ အကယ်၍ အောင်မြင်သွားပါက သူသည် ထိုအချိန်မှစ၍ ခရိုင်မြို့တွင် ခေါင်းမော့ကာ လျှောက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။

သူက အံကိုကြိတ်ကာ ပြောလိုက်လေသည်။

"ကောင်းပြီ... လုပ်ကြတာပေါ့..."

All Chapters