← Chapters

အခန်း ၅၂၁

Vol. 53 Ch. 521

အခန်း ၅၂၁

Vol. 53 Ch. 521

အခန်း (၅၂၁) သုတေသန အောင်မြင်မှု

​"ကာရီယာ... ဒါတွေက မင်းရဲ့ လုပ်ဖော်ကိုင်ဖက်သစ်တွေပဲ...." ကျန်းယဲ့က ကျန်းဟွိုင်မင်နှင့် သူ၏အဖွဲ့ကို လက်ညှိုးထိုးပြလိုက်သည်။ "သူတို့ကလည်း မင်းလိုပဲ အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန်အဖွဲ့ရဲ့ အဖွဲ့ဝင်သစ်တွေပဲ.."

​ကာရီယာ ချက်ချင်း သဘောပေါက်သွားပြီး စိတ်ထဲမှ မနေနိုင်ဘဲ အံ့အားသင့်သွားရသည်။

​'အပြင်ဘက်မှာ လူတစ်ရာက အဲဒီ အများပြည်သူဆီက ခေါ်ယူတဲ့ နေရာတစ်နေရာအတွက် သူသေကိုယ်သေ တိုက်ခိုက်နေကြတာကို... ဒါရိုက်တာကျန်းက အသံတိတ်ပြီး လူဆယ်ယောက်တောင် တစ်ပြိုင်နက်တည်း ခေါ်လိုက်လိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမှာလဲ...'

​သူ၏ စိတ်ထဲတွင် အံ့အားသင့်မှုများ ခေတ္တမျှ လင်းလက်သွားပြီးနောက် လျင်မြန်စွာပင် အပြစ်အနာအဆာကင်းကာ နူးညံ့ပြီး ယဉ်ကျေးသော အပြုံးတစ်ခုကို ဆင်မြန်းလိုက်ပြီး လူတိုင်းကို အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ "အားလုံးပဲ မင်္ဂလာပါ... ကျွန်တော်က ကာရီယာရော့စ်တ်ပါ။ ခင်ဗျားတို့ အားလုံးနဲ့အတူ အလုပ်လုပ်ရမှာဖြစ်လို့ ဝမ်းသာပါတယ်..."

​ကျန်းယဲ့၏ တိုက်တွန်းမှု မပါဘဲ ကျန်းဟွိုင်မင်နှင့် အခြားသူများကလည်း ရှေ့သို့ ထွက်လာကာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်ကြ၏။

​"ကျန်းဟွိုင်မင်ပါ....." လောင်ကျန်းက ပြုံးကာ သူ၏ လက်ကို ကမ်းပေးလိုက်သည်။

​"ကောရွှိုက်ပါ..." ကောရွှိုက်က နဖူးပေါ်မှ ဆံပင်ကို သပ်တင်လိုက်ပြီး တောက်ပစွာ ပြုံးပြလိုက်၏။

​"ချောင်ရန်ကျိ"

​"ကျိုးရှင်းဖူ"

​"ကျန်းခိုင်"

​"နဂါးပြာ"

​"ကျန်းမင်ဟွေ့"

​"လင်ရှောင်"

​ဖန်ဖန်နှင့် ချန်ချင်းတို့ကလည်း သူ့ကို ပြုံးကာ ခေါင်းညိတ်ပြလိုက်ကြသည်။

​ကာရီယာသည် အလွန်ကောင်းမွန်သော မှတ်ဉာဏ်ရှိပြီး လူတိုင်း၏ နာမည်နှင့် မျက်နှာကို ဂရုတစိုက် မှတ်သားထားလိုက်သည်။

​လူတိုင်း မိတ်ဆက်ပြီးသွားသောအခါ ကျန်းယဲ့က သူ၏ မျက်နှာပေါ်တွင် ပေါ့ပါးသော အပြုံးတစ်ခုနှင့်အတူ လက်ခုပ်တီးလိုက်၏။ "ကောင်းပြီ... ကြိုဆိုပွဲ အခမ်းအနား ပြီးဆုံးပါပြီ။ ရီယဲ့ခရီးသွားအေဂျင်စီမိသားစုကနေ အားလုံးကို တရားဝင် ကြိုဆိုပါတယ်။ အနာဂတ်က ခင်ဗျားတို့ အားလုံးအပေါ်မှာ မူတည်နေပြီနော်။ ဒီနေ့က နေ့ကောင်းရက်မြတ်လေးဆိုတော့ လာကြ... ကျွန်တော် ဒကာခံမယ်... အားလုံး အတူတူ ညစာသွားစားကြရအောင်"

​ထို့နောက် ကျန်းယဲ့က အဖွဲ့ကို သူ မကြာခဏ သွားလေ့ရှိသည့် သီးသန့် စားသောက်ဆိုင်တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့ပြီး ထိုနေရာတွင် သီးသန့်အခန်းတစ်ခုကို ကြိုတင်မှာယူထားပြီး ဖြစ်သည်။

​စားပွဲဝိုင်းတွင် လေထုမှာ လျင်မြန်စွာ တက်ကြွလာခဲ့လေသည်။

​ရော့စ်တ်မိသားစုက မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိသည့် အမွေခံတစ်ဦးဖြစ်လာနိုင်ရန် ကာရီယာတွင် အလွန်မြင့်မားသော လူမှုဆက်ဆံရေးစွမ်းရည် နှင့် ဉာဏ်ရည်ဉာဏ်သွေးတို့ရှိပြီး လူများနှင့် ဆက်ဆံရာတွင် အလွန်ကျွမ်းကျင်ကြောင်း ဝန်ခံရမည် ဖြစ်သည်။

​သူက သူ၏ မာနကို ရည်ရွယ်ချက်ရှိရှိ လျှော့ချကာ စေတနာထား၍ ဦးဆောင်ဆက်ဆံသောအခါ အချင်းချင်းကြားရှိ အကွာအဝေးကို လျှော့ချရန် လွယ်ကူလှချေသည်။

​သောက်စားရင်းဖြင့် ကာရီယာ၏ ဟာသဉာဏ်ရွှင်သော စကားပြောဆိုမှုများနှင့် ကျယ်ပြန့်သော အတွေ့အကြုံများက လူတိုင်း၏ သဘောကျမှုကို လျင်မြန်စွာ ရရှိသွားစေခဲ့သည်။

​အထူးသဖြင့် ကျန်းခိုင်နှင့် ကောရွှိုက်တို့ကဲ့သို့ အသက်အရွယ်တူ လူငယ်များနှင့်ဆိုလျှင် သူတို့က စားသောက်၍ပင် မပြီးသေးမီ တစ်ယောက်ပခုံးကို တစ်ယောက်ဖက်ကာ ညီအစ်ကိုများအဖြစ် ခေါ်ဝေါ်နေကြပြီဖြစ်ပြီး သူတို့၏ ဆက်ဆံရေးမှာ လျင်မြန်စွာ နွေးထွေးလာကြသည်။

​ထိုသို့ဖြင့် အလုပ်သင်ကြိုဆိုပွဲ ညစာစားပွဲလေးက ပေါ့ပေါ့ပါးပါးနှင့် သာယာသော လေထုအောက်တွင် အဆုံးသတ်သွားခဲ့သည်။

​ညအချိန်သို့ ရောက်သောအခါ ခရီးသွားလမ်းညွှန် အဟောင်းရော အသစ်ပါ ၁၂ ဦးစလုံး လူစုခွဲသွားကြပြီး ကျန်းယဲ့က အနည်းငယ် တိတ်ဆိတ်နေသော ခရီးသွားအေဂျင်စီဆီသို့ တစ်ယောက်တည်း ပြန်လာလိုက်သည်။

​သူက သူ၏ မိဘများ၏ မှတ်ဉာဏ်များနှင့် သူ၏ လုပ်ငန်းအစပြုရာ နေရာလေးဖြစ်သည့် ဆိုင်ဟောင်းလေးကို ပတ်ကြည့်လိုက်ပြီး သူ၏ အကြည့်က အနည်းငယ် ကျဉ်းကျပ်နေသော အလုပ်ခုံများပေါ်သို့ ဖြတ်သန်းသွားသောအခါ သူ၏ မျက်ဝန်းများထဲတွင် လွမ်းဆွတ်တမ်းတမှု အရိပ်အယောင်တစ်ခု ပေါ်လာရ၏။

​သူ့မိဘများ ခရီးသွားအေဂျင်စီကို လုပ်ကိုင်ခဲ့စဉ်က သူတို့အပါအဝင် စုစုပေါင်း လူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်သာ ရှိခဲ့သည်။

​ယခုအခါ ခရီးသွားလမ်းညွှန် အသစ်ဆယ်ယောက် ထပ်တိုးလာသဖြင့် ကျဉ်းကျပ်နေပြီဖြစ်သော ဆိုင်လေးက လိုအပ်ချက်များကို ဖြည့်ဆည်းရန် ရုန်းကန်နေရချေပြီ။

​ထို့အပြင် အနာဂတ်တွင် ရီယဲ့ခရီးသွားအေဂျင်စီ၏ ဝန်ထမ်းအရေအတွက်မှာ တိုးလာဖို့သာရှိရာ အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားအေဂျင်စီ၏ ဝိသေသလက္ခဏာနှင့် လိုအပ်ချက်များနှင့် ကိုက်ညီသော ဌာနချုပ်အဆောက်အအုံတစ်ခုကို တည်ဆောက်ရန် အချိန်ကျပြီ ဖြစ်သည်။

​ကံကောင်းထောက်မစွာဖြင့် သူ၏ ဘဏ်အကောင့်ထဲမှ ပုံသေပမာဏလို ဖြစ်နေသည့် ဧရာမ ငွေကြေးများအတွက် နောက်ဆုံးတွင် အသုံးဝင်မည့် နေရာတစ်ခု တွေ့ရှိသွားပြီဖြစ်သည်။

​ထို့နောက် မည်သည့် တွေဝေမှုမျှမရှိဘဲ ကျန်းယဲ့က အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုသို့ တိုက်ရိုက် ဆက်သွယ်လိုက်သည်။

​မိနစ်နှစ်ဆယ်အတွင်းမှာပင် အရပ်ရှည်ကာ ထက်မြက်သော မျက်လုံးများရှိသည့် လူငယ်နှစ်ဦးက ခရီးသွားအေဂျင်စီ၏ တံခါးဝတွင် ပေါ်လာကြ၏။ သူတို့မှာ ချန်ချင်းနှင့် လင်ရှောင်တို့၏ နေ့စဉ် ဆက်သွယ်ရေးတာဝန်များကို လွှဲပြောင်းရယူထားသည့် ဂူမင်တာ နှင့် ဝူလဲ့တို့ပင်။

​ထိုနှစ်ဦးက သူတို့၏ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားကာ ခရီးသွားအေဂျင်စီအတွင်းသို့ ဝင်လာလိုက်ကြသည်။

​ဒါရိုက်တာကျန်းနှင့် အနီးကပ် အလုပ်လုပ်ခွင့်ရမည့် ဤရာထူးကို ရရှိရန်အတွက် သူတို့က အထက်တန်းလွှာ ရဲဘော်များစွာကြားမှ အပြင်းအထန် ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်သည်။

​ဤအရာက အနာဂတ် အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန်တစ်ယောက်ဖြစ်လာရန် နိဒါန်းပျိုးခြင်း ဖြစ်နိုင်ကြောင်း လူတိုင်း သိထားကြချေသည်။

​ကျန်းယဲ့က သူတို့ကို ဒုတိယထပ်ရှိ ဧည့်ခန်းဧရိယာဆီသို့ ဖိတ်ခေါ်လိုက်သည်။

​ထိုသုံးဦးက ဆိုဖာပေါ်တွင် ထိုင်လိုက်ကြပြီး သူတို့ရှေ့ရှိ ကော်ဖီစားပွဲပေါ်တွင် လက်ဖက်ရည် သုံးခွက် ရှိနေ၏။

​"ဒါရိုက်တာကျန်း... မစ်ရှင်တစ်ခုခု ရှိလို့လား" ဂူမင်တာက ဦးစွာ မေးလိုက်သည်။

​ဒါရိုက်တာကျန်းက ခေါင်းညိတ်လိုက်ပြီး သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက် ပြောလိုက်လေသည်။ "အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားအေဂျင်စီရဲ့ ဌာနချုပ်တည်ဆောက်ဖို့အတွက် မြေတစ်ကွက် ဝယ်ချင်လို့ပါ..."

​ဂူမင်တာနှင့် ဝူလဲ့တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အထက်လူကြီးများကိုပင် တိုင်ပင်စရာမလိုဘဲ ချက်ချင်း သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ကြ၏။ "ပြဿနာ မရှိပါဘူး.... ဒါရိုက်တာကျန်း... တည်နေရာနဲ့ ပတ်သက်ပြီးတော့ ဟန်ကျိုးမှာပဲ ဆက်လုပ်မှာလား ဒါမှမဟုတ် တခြားမြို့တစ်ခုကို ပြောင်းဖို့ စဉ်းစားထားလား..."

​"ဟန်ကျိုးမှာပဲ...." ဒါရိုက်တာကျန်းက မည်သည့် တွေဝေမှုမျှမရှိဘဲ ပြောလိုက်သည်။

​ဤနေရာက သူ၏အိမ်ဖြစ်ပြီး ထွက်ခွာသွားရန် သူ တစ်ခါမှ မတွေးဖူးခဲ့ချေ။

​"နားလည်ပါပြီ..." ထိုနှစ်ဦးက တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်သည်။ "ကျွန်တော်တို့ အထက်လူကြီးတွေကို ချက်ချင်း အစီရင်ခံပြီး အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်ပေးပါ့မယ်..."

​ဂူမင်တာနှင့် ဝူလဲ့တို့ကို နှုတ်ဆက်ပြီးနောက် သူတို့နှစ်ဦးက ဤကိစ္စကို ချက်ချင်း အစီရင်ခံလိုက်ကြသည်။

​အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရို၏ အဆင့်မြင့်စီမံခန့်ခွဲသူများက ဤကိစ္စကို အလွန်အရေးတယူ သဘောထားကာ ချက်ချင်း အရေးယူဆောင်ရွက်ခဲ့ကြပြီး ဟန်ကျိုးရှိ သင့်လျော်သော မြေလွတ်များနှင့် ဖြိုချမည့် ဧရိယာများ အားလုံးကို စတင်စစ်ထုတ်ကြကာ အဆောက်အအုံဟောင်း အချို့ကို ပြုပြင်မွမ်းမံရန် ဖြစ်နိုင်ခြေကိုပင် ထည့်သွင်းစဉ်းစားခဲ့ကြသည်။

​ဤကိစ္စအတွက် အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုတစ်ခုလုံးက အလွန်အမင်း ထိရောက်စွာ လည်ပတ်နေခဲ့၏။

​ဆန့်ကျင်ဘက်အနေဖြင့် တောင်းဆိုခဲ့သူ ကျန်းယဲ့မှာမူ အသက်သာဆုံး ဖြစ်နေချေသည်။

​နောက်တစ်နေ့ နံနက်တွင် ကျန်းယဲ့ မျက်နှာသစ်နေဆဲမှာပင် သူ၏ ဖုန်းမြည်လာခဲ့သည်။ ခေါ်ဆိုသူ၏ အမည်က အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုမှ ဒု-ညွှန်ကြားရေးမှူးချုပ်ကျိုး ဖြစ်နေ၏။

​ကျန်းယဲ့မှာ အနည်းငယ် အံ့အားသင့်သွားပြီး ဖုန်းကို ကိုင်ပြီးနောက် သူ၏ ပထမဆုံး စကားလုံးများမှာ အံ့သြမှုများဖြင့် ပြည့်နှက်နေရသည်။ "ဒု-ညွှန်ကြားရေးမှူးချုပ်ကျိုး... ခင်ဗျားတို့ ဗျူရိုရဲ့ အလုပ်လုပ်တဲ့အရှိန်က အမြဲတမ်း ဒီလောက်တောင် အံ့သြဖို့ကောင်းနေတာလား..."

​'မနေ့ညကမှ ပြောထားတာကို... ဒီမနက်တင် ရလဒ်ထွက်နေပြီလား...'

​ထိုစကားကို ကြားသောအခါ ဖုန်းတစ်ဖက်ကမ်းရှိ ဒု-ညွှန်ကြားရေးမှူးချုပ်ကျိုးက ရယ်မောလိုက်၏။ "ရဲဘော်ကျန်းယဲ့... ခင်ဗျား နားလည်မှု လွဲနေပြီ။ နေရာရွေးချယ်မှုက အရှိန်အဟုန်နဲ့ လုပ်ဆောင်နေဆဲဖြစ်ပြီး ခင်ဗျားအတွက် ရွေးချယ်စရာ နည်းလမ်းတချို့ ပေးနိုင်ဖို့ အနည်းဆုံး ရက်အနည်းငယ်လောက် အချိန်ယူရဦးမယ်။ ဒီတစ်ခေါက် ကျွန်တော် ဖုန်းဆက်တာက တခြားကိစ္စတစ်ခုကြောင့်ပါ... ခင်ဗျား အရင်က ပေးခဲ့တဲ့ ခရစ်စတယ် စွမ်းအင်တုံးတွေရဲ့ သုတေသနက ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို ရရှိသွားလို့ပါ"

ကျန်းယဲ့မှာ ချက်ချင်း စိတ်ဝင်စားသွားရသည်။ "အိုး... တိတိကျကျ ဘာတွေဖြစ်လာလို့လဲ..."

​ဒု-ညွှန်ကြားရေးမှူးချုပ်ကျိုးက ဖုံးကွယ်မထားနိုင်သော စိတ်လှုပ်ရှားမှုများဖြင့် ပြောလိုက်သည်။ "ဖုန်းထဲကနေ စကားလုံး အနည်းငယ်နဲ့ ရှင်းပြဖို့က ခက်တယ်။ ရလဒ်တချို့က ကိုယ်တိုင်ကိုယ်ကျ ကြည့်ရင် ပိုပြီးတောင် အထင်ကြီးစရာ ကောင်းသေးတယ်။ ခင်ဗျား အခြေစိုက်စခန်းကို ကိုယ်တိုင်လာဖို့ ဘယ်အချိန်လောက် အဆင်ပြေမလဲ...."

​ကျန်းယဲ့က မည်သည့် တွေဝေမှုမျှမရှိဘဲ သဘောတူလိုက်၏။ "ကောင်းပါပြီ... ကျွန်တော် အချိန်တစ်ခု စီစဉ်ပြီး လာခဲ့ပါ့မယ်...."

​ဖုန်းချပြီးနောက် ကျန်းယဲ့၏ မျက်ဝန်းများတွင် မျှော်လင့်ချက်များ တောက်ပနေခဲ့သည်။

​ခရစ်စတယ်စွမ်းအင်တုံး သုတေသန၏ တိုးတက်မှုများက ကမ္ဘာကြီးအတွက် မမျှော်လင့်ထားသော ပြောင်းလဲမှုများကို ယူဆောင်လာပေးနိုင်ချေသည်။

​မျက်နှာသစ်ပြီးနောက် ကျန်းယဲ့က ဟန်ကျိုး ဆင်ခြေဖုံးရှိ အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရို၏ လျှို့ဝှက်သုတေသန အခြေစိုက်စခန်းဆီသို့ ချက်ချင်း ကားမောင်းသွားလိုက်သည်။

​သတ်မှတ်ထားသော ဧရိယာတွင် ကားရပ်လိုက်သည်နှင့် တံခါးဝတွင် စောင့်ဆိုင်းနေကြသော ဝန်ထမ်းများက လာရောက်ကြိုဆိုကြ၏။

​ဒု-ညွှန်ကြားရေးမှူးချုပ်ကျိုး၏ အတွင်းရေးမှူးက ပြုံးလျက် ရှေ့သို့ ထွက်လာလေသည်။ "ဒါရိုက်တာကျန်း... ညွှန်ကြားရေးမှူးကျိုးက ခင်ဗျား လာမယ်ဆိုတာ သိလို့ ဒီမှာ စောင့်နေဖို့ ကျွန်တော့်ကို အထူးတလည် တာဝန်ပေးထားတာပါ..."

​"ပင်ပန်းသွားပါပြီဗျာ... ကျွန်တော့်ကို လာစောင့်နေဖို့ တကယ်တော့ မလိုပါဘူး..." ကျန်းယဲ့က ယဉ်ကျေးစွာ ပြန်လည်ဖြေကြားလိုက်သည်။

​ထို့နောက် သူတို့နှစ်ဦးက အခြေစိုက်စခန်းအတွင်းသို့ လျှောက်သွားရင်း စကားစမြည် ပြောဆိုနေခဲ့ကြ၏။

​အဓိက ဧရိယာအတွင်းသို့ ဝင်ရောက်ရန် တင်းကျပ်သော အထောက်အထား စိစစ်ခြင်းနှင့် လုံခြုံရေး စစ်ဆေးခြင်း အဆင့်များစွာကို ဖြတ်သန်းခဲ့ရသည်။ နောက်ဆုံးတွင် ထိုအဖွဲ့က လုံခြုံရေး အတင်းကျပ်ဆုံးဖြစ်သော ဓာတ်ခွဲခန်း ဧရိယာသို့ ရောက်ရှိသွားကြလေသည်။

​စမ်းသပ်မှု ဧရိယာအတွင်းတွင် ဒု-ညွှန်ကြားရေးမှူးချုပ်ကျိုးနှင့် ဖြူစင်သော ဓာတ်ခွဲခန်းဝတ်စုံများ ဝတ်ဆင်ထားသည့် သုတေသီအဖွဲ့တစ်ဖွဲ့က စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

​ကျန်းယဲ့ ရောက်လာသည်ကို မြင်လိုက်ရသောအခါ လူတိုင်းက သူ့ကို နွေးထွေးသော အပြုံးများဖြင့် နှုတ်ဆက်လိုက်ကြသည်။

​"ဒါရိုက်တာကျန်း..."

​"ဒါရိုက်တာကျန်း လာရောက်လမ်းညွှန်ပေးတာကို ကြိုဆိုပါတယ်..."

​ဒါရိုက်တာကျန်းက ပြုံးပြီး လူတိုင်းကို လက်ဆွဲနှုတ်ဆက်လိုက်ကာ သူ၏ အကြည့်ကို ဒု-ညွှန်ကြားရေးမှူးချုပ်ကျိုးထံသို့ တိုက်ရိုက် လှည့်လိုက်ပြီး သူ အသိချင်ဆုံး မေးခွန်းကို မေးလိုက်လေသည်။ "ညွှန်ကြားရေးမှူးကျိုး... ဖုန်းထဲမှာ ပြောခဲ့တဲ့ အောင်မြင်မှုဆိုတာ တိတိကျကျ ဘာကိုဆိုလိုတာလဲ..."

အခန်း ၅၂၁ပြီး၏။

All Chapters