← Chapters

အခန်း ၅၂၂

Vol. 53 Ch. 522

အခန်း ၅၂၂

Vol. 53 Ch. 522

အခန်း (၅၂၂) ခရစ်စတယ် စွမ်းအင်တုံးကို စုပ်ယူနိုင်ခြင်း

​"ကျွန်တော်တို့... ခရစ်စတယ် စွမ်းအင်တုံးကို လူသားတွေ ဘေးကင်းစွာ အသုံးပြုနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာတွေ့သွားပြီ...." ဒု-ညွှန်ကြားရေးမှူးချုပ်ကျိုးက ဖိနှိပ်ထားရသော စိတ်လှုပ်ရှားမှုများဖြင့် ဗုံးတစ်လုံး ဖောက်ချလိုက်သည်။

​"ဘာဗျ..." ကျန်းယဲ့၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွား၏။ "ကျွန်တော်တို့ ကမ္ဘာက လူတွေက... ခရစ်စတယ် စွမ်းအင်တုံးတွေကို တိုက်ရိုက် အသုံးပြုလို့ ရပြီပေါ့..."

​ဤအချက်ကြောင့် သူ အံ့အားသင့်သွားရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

​ဇွန်ဘီကမ္ဘာတွင် လူသားတို့က ကမ္ဘာလုံးဆိုင်ရာ ဗိုင်းရပ်စ် ကူးစက်ခံရမှုကြီးကို ကြုံတွေ့ခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူ အနည်းငယ်သာလျှင် စွမ်းအားရှင်များအဖြစ် ကံကောင်းစွာ နိုးထလာခဲ့ကြကာ ခရစ်စတယ် စွမ်းအင်တုံး၏ စွမ်းအင်ကို စုပ်ယူနိုင်စွမ်း ရှိလာခဲ့ကြခြင်း ဖြစ်သည်။

​သို့သော် ကမ္ဘာမြေပေါ်တွင် ဗိုင်းရပ်စ်ကူးစက်မှုလည်း မရှိခဲ့သလို စွမ်းအားရှင်ဆိုသည့်သူများလည်း မရှိဘဲနဲ့ ဤကြီးမားလှသော ကွာဟချက်ကြီးကို ဘယ်လိုများ ပေါင်းကူးနိုင်ခဲ့ပါသနည်း။

​ဒု-ညွှန်ကြားရေးမှူးချုပ်ကျိုးက ကျန်းယဲ့၏ တုန့်ပြန်မှုကို အလွန်သဘောကျနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူကလည်း ဤသတင်းကို ပထမဆုံး ကြားရစဉ်ကလည်း ထိုအတိုင်းပင် အံ့အားသင့်ခဲ့ရသောကြောင့်ပင်။

​သူက ဘေးသို့ ဖယ်ပေးလိုက်ပြီး အရှေ့တွင် ရပ်နေသော ဆံပင်ဖြူနေပြီဖြစ်သော်လည်း တက်ကြွနေသေးသည့် သုတေသီတစ်ဦးအတွက် နေရာဖယ်ပေးလိုက်လေသည်။ "လောင်ကျန်း... ခင်ဗျားတို့ရဲ့ အောင်မြင်မှု လုပ်ငန်းစဉ်အကြောင်း ရဲဘော်ကျန်းယဲ့ကို အသေးစိတ် ရှင်းပြပေးလိုက်ပါဦး...."

​သုတေသီ ကျန်းဖူက မျက်မှန်ကို ချိန်ညှိလိုက်ပြီး စနစ်တကျ စတင်ရှင်းပြလိုက်သည်။

​"ဒါရိုက်တာကျန်း... ကျွန်တော်တို့ အစပိုင်းမှာ ခရစ်စတယ် စွမ်းအင်တုံးကနေ တည်ငြိမ်တဲ့ စွမ်းအင်ကို အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ပေမဲ့ အဲ့တာကို လူ့ခန္ဓာကိုယ် ဒါမှမဟုတ် တခြားနယ်ပယ်တွေမှာ ထိရောက်စွာ အသုံးချနိုင်ခြင်း မရှိခဲ့ပါဘူး..."

​"ဇွန်ဘီကမ္ဘာမှာ ခရစ်စတယ်စွမ်းအင်တုံးရဲ့ အနှစ်သာရက အချို့သော ဒဏ္ဍာရီတွေထဲက ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆင်တူပြီး စွမ်းအားရှင်တွေက ကျင့်ကြံဖို့အတွက် စုပ်ယူအသုံးပြုကြတယ်ဆိုတဲ့ ကောက်ချက်တစ်ခုကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်..."

​"ဒါကြောင့် လူ့ခန္ဓာကိုယ်ကို ခရစ်စတယ် စွမ်းအင်တုံးရဲ့ စွမ်းအင်တွေကို တိုက်ရိုက်စုပ်ယူခိုင်းကြည့်ဖို့ ကျွန်တော်တို့ အကြံရခဲ့ပါတယ်။ သေချာတာပေါ့... အစောပိုင်း အဆင့်မှာတော့ လူသားတွေနဲ့ စမ်းသပ်ဖို့ လုံးဝ မရဲခဲ့ပါဘူး။ ကြွက်တွေကို နမူနာအနေနဲ့ အသုံးပြုခဲ့တာပါ။ ဒါပေမဲ့ ချွင်းချက်မရှိ အကုန်လုံး ကျရှုံးခဲ့ပါတယ်..."

​"ခရစ်စတယ် စွမ်းအင်တုံးထဲမှာ ပါဝင်နေတဲ့ စွမ်းအင်က အလွန်အမင်းကြီးမားပြီး ကြမ်းတမ်းလွန်းပါတယ်။ ကြွက်တွေရဲ့ခန္ဓာကိုယ်က အဲဒါကို လုံးဝ မခံနိုင်ဘဲ ချက်ချင်းကို ပြိုကျပျက်စီးသွားတာပါ..." ကျန်းဖူ၏ စကားလုံးများတွင် ထိုအချိန်က သူ ခံစားခဲ့ရသော ကူကယ်ရာမဲ့မှုများ ပြည့်နှက်နေ၏။

​"သုတေသနက တစ်ချိန်တုန်းက ရပ်တန့်နေခဲ့ပါတယ်။ စွမ်းအင်ကို အရှိန်လျှော့ချဖို့နဲ့ ပြင်းအားလျှော့ချဖို့ နည်းလမ်းအမျိုးမျိုးကို ကျွန်တော်တို့ ကြိုးစားကြည့်ခဲ့ပေမဲ့ ရလဒ်တွေက မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး..."

​"ဒါပေမဲ့ အလှည့်အပြောင်းက ရှေးဟောင်း သိုင်းပညာ သုတေသန အင်စတီကျုနဲ့ ပူးတွဲကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ ပေါ်လာခဲ့တာပါ..." ကျန်းဖူက အကြောင်းအရာကို ပြောင်းလိုက်ပြီး သူ၏ မျက်ဝန်းများတွင် ဉာဏ်ပညာအလင်းများ တောက်ပနေခဲ့သည်။ "သူတို့က ရှေးဟောင်းစာအုပ်စာတမ်းတွေကို လေ့လာမှုနဲ့ လူသားတွေရဲ့ လျှို့ဝှက်စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှု အပိုင်းမှာ တိုးတက်မှုအသစ်တွေ ရရှိခဲ့ပါတယ်..."

​"ကျွန်တော်တို့ အဖွဲ့ထဲက တစ်ယောက်က ရဲရင့်တဲ့ ယူဆချက်တစ်ခုကို အဆိုပြုခဲ့ပါတယ်။ ကမ္ဘာ့အဆင့်အတန်းအရဆိုရင် ကျင့်ကြံခြင်းယဉ်ကျေးမှုက ဇွန်ဘီယဉ်ကျေးမှု ထက် သေချာပေါက် သာလွန်ပါတယ်။ ဇွန်ဘီယဉ်ကျေးမှုနဲ့ ကျွန်တော်တို့ရဲ့ ရှေးဟောင်း သိုင်းပညာ ယဉ်ကျေးမှုကတော့ အဆင့်တူလောက်မှာ ရှိနိုင်ပါတယ်..."

​"ဒါဆို... ခရစ်စတယ်စွမ်းအင်တုံးရဲ့ စွမ်းအင်ရင်းမြစ်ကို ကျင့်ကြံနေတဲ့ သိုင်းပညာရှင်တွေက အသုံးချလို့ မရနိုင်ဘူးလား...."

​"ဒီအကြံအစည်က ဖြစ်နိုင်ခြေနည်းတယ်လို့ ထင်ရပေမဲ့ သိပ္ပံနည်းကျ သုတေသနဆိုတာ ရဲရင့်တဲ့ ယူဆချက်တွေနဲ့ သေချာတဲ့ စစ်ဆေးအတည်ပြုမှုတွေ လိုအပ်ပါတယ်..."

​"ဒါကြောင့် ကျွန်တော်တို့က ရှေးဟောင်းသိုင်းပညာ သုတေသန အင်စတီကျုနဲ့ ချက်ချင်း ပူးပေါင်းလိုက်ပြီး ကျွန်တော်တို့ရဲ့ အထူးစက်ကိရိယာတွေနဲ့ ပြုပြင်ထားလို့ အတော်လေးပျော့ပျောင်းတဲ့ စွမ်းအင်ထုတ်လွှတ်မှု ဖြစ်သွားပြီဖြစ်တဲ့ ခရစ်စတယ်စွမ်းအင်တုံးကို အဆင့်မြင့် အတွင်းအားရှိတဲ့ သိုင်းပညာရှင်အချို့ကို စမ်းသပ်စုပ်ယူကြည့်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်..."

​"ရလဒ်ကတော့ အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်..." ကျန်းဖူ၏ အသံက အနည်းငယ် ပိုကျယ်လာခဲ့သည်။ "သူတို့ အောင်မြင်ခဲ့တယ်... ကျင့်ကြံနေတဲ့ သိုင်းပညာရှင်တွေက သူတို့ရဲ့ ချီသွေးကြောတွေနဲ့ အတွင်းအားတွေကို သန်စွမ်းလာစေဖို့အတွက် ခရစ်စတယ် စွမ်းအင်တုံးထဲက စွမ်းအင်တွေကို အမှန်တကယ် စုပ်ယူပြီး အသွင်ပြောင်းနိုင်ခဲ့ကြတယ်.."

​"ဒါပေမဲ့ ကန့်သတ်ချက်တွေတော့ ရှိပါတယ်.." ဟု သူက ထပ်ပေါင်းပြောလိုက်၏။ "ရှေးဟောင်း သိုင်းပညာရှင်တွေဟာ ဇွန်ဘီကမ္ဘာက စွမ်းအားရှင်တွေလို ခရစ်စတယ် စွမ်းအင်တုံးတွေကို တိုက်ရိုက် စုပ်ယူလို့ မရပါဘူး။ သူတို့က ခရစ်စတယ်စွမ်းအင်တုံးတွေရဲ့ စွမ်းအင်ကို ယဉ်ပါးသွားအောင်လုပ်ဖို့နဲ့ လမ်းညွှန်ပေးဖို့အတွက် ကျွန်တော်တို့ရဲ့ စက်ကိရိယာတွေကို ကြားခံအဖြစ် အားကိုးရပါတယ်။ အဲဒီလိုလုပ်ပြီးမှသာ သူတို့ ဘေးကင်းစွာ စုပ်ယူနိုင်တာပါ..."

​"နောက်ပိုင်း လေ့လာတွေ့ရှိချက်တွေအရ မတူညီတဲ့ ပါရမီရှိတဲ့ ရှေးဟောင်း သိုင်းပညာရှင်တွေဟာ ခရစ်စတယ် စွမ်းအင်တုံးကို စုပ်ယူနိုင်စွမ်းနဲ့ အသွင်ပြောင်းနိုင်စွမ်းမှာ သိသိသာသာ ကွာခြားမှုတွေ ရှိတာကိုလည်း တွေ့ရှိရပါတယ်..."

​"ဒါဟာ သူတို့ရဲ့ တစ်ဦးချင်း ပါရမီနဲ့ရော သူတို့ရဲ့ ကျင့်စဉ်အရည်အသွေးနဲ့ပါ သက်ဆိုင်နေတယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်..."

​"တိကျတဲ့ လွှမ်းမိုးမှုအကြောင်းရင်းတွေနဲ့ အကောင်းဆုံးဖြစ်အောင် ပြုပြင်နိုင်မယ့် နည်းလမ်းတွေအတွက်တော့ ပိုမိုသိပ္ပံနည်းကျတဲ့ ကောက်ချက်တွေ ဆွဲနိုင်ဖို့ မတူညီတဲ့ ဂိုဏ်းတွေနဲ့ အဆင့်တွေက ရှေးဟောင်းသိုင်းပညာရှင်တွေကို ထပ်မံခေါ်ယူပြီး စမ်းသပ်ဖို့ လိုအပ်နေပါသေးတယ်..."

​ကျန်းဖူ၏ အသေးစိတ် ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျန်းယဲ့က ချီးကျူးလေးစားမှုမှလွဲ၍ အခြားမည်သည်ကိုမျှ မခံစားခဲ့ရချေ။

​ဤကဲ့သို့ ရှုပ်ထွေးပြီး အန္တရာယ်များသော အခြားကမ္ဘာတစ်ခုမှ စွမ်းအင်အသုံးချမှု သုတေသနက ဤမျှ တိုတောင်းသော အချိန်အတွင်း အရေးကြီးသော အောင်မြင်မှုတစ်ခု ရရှိခဲ့ခြင်းမှာ သုတေသီများ၏ နေ့ရောညပါ မမောမပန်း စူးစမ်းလေ့လာမှုများနှင့် နိုင်ငံတော်၏ အားကောင်းသော သယံဇာတ ပေါင်းစပ်နိုင်စွမ်းတို့ကြောင့်သာ ဖြစ်ကြောင်း ရှင်းလင်းလှသည်။

​ဤကဲ့သို့သော အခြေခံကျပြီး ကြီးမားသည့် သိပ္ပံနည်းကျ သုတေသနပရောဂျက်ကြီးများတွင် လူတစ်ဦးတစ်ယောက်၏ စွမ်းအားက ကန့်သတ်ချက်ရှိပြီး နိုင်ငံတော်၏ ခေတ်မီဆန်းပြားသော စက်ယန္တရားကြီးကို အားကိုးမှသာ ထိရောက်စွာ တိုးတက်မှု ရရှိနိုင်မည်ဖြစ်ကြောင်း သူ နောက်တစ်ကြိမ် နက်ရှိုင်းစွာ သဘောပေါက်သွားရသည်။

​သူ၏ စကားကို အဆုံးသတ်ပြီးနောက် သုတေသီ ကျန်းဖူသည် ကျန်းယဲ့ကို မျှော်လင့်ချက်များ ပြည့်နှက်နေသော အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်၏။ "ဒါရိုက်တာကျန်း... နောက်ထပ် နက်နက်ရှိုင်းရှိုင်း သုတေသနတွေ လုပ်ဖို့အတွက် ကျွန်တော်တို့ ခင်ဗျားအပေါ် အများကြီး အားကိုးရလိမ့်မယ်..."

​"အကယ်၍ ကျွန်တော်တို့သာ အင်မော်တယ်ရာချီမြို့ကနေ မတူညီတဲ့ အဆင့်တွေရှိတဲ့ ရှေးဟောင်းသိုင်းပညာ ကျင့်စဉ်တွေကို ပိုပြီး ရရှိနိုင်မယ်ဆိုရင်.... ပြီးတော့ ဇွန်ဘီကမ္ဘာကနေ ခရစ်စတယ် စွမ်းအင်တုံး အများအပြားကို ရရှိနိုင်မယ်ဆိုရင်..."

​"ကျွန်တော်တို့ သုတေသန အင်စတီကျုရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် မကြာခင်မှာ ဒီပရောဂျက်ကို အပြည့်အဝ နားလည်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ကမ္ဘာမြေပေါ်က လူသားတွေနဲ့ သင့်တော်တဲ့ လုံးဝအသစ်ဖြစ်တဲ့ စွမ်းအင်မြှင့်တင်ရေး လမ်းကြောင်းတစ်ခုကိုတောင် ဖန်တီးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်..."

​ပတ်ဝန်းကျင်ရှိ အခြားသုတေသီများကလည်း တူညီသော မျှော်လင့်ချက်များဖြင့် ကြည့်နေကြပြီး သူတို့၏ မျက်လုံးများက မြန်မြန်လေး ပစ္စည်းတွေ သွားရှာပေးပါ... ကျွန်တော်တို့ ထမင်းချက်ဖို့ ဆန်စောင့်နေတယ်ဟု ပြောနေသည့်အလား။

​သိပ္ပံနည်းကျ သုတေသန စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသော မျက်လုံးများစွာ၏ ဖိအားပေးမှုကို ခံလိုက်ရသဖြင့် ကျန်းယဲ့သည် ချောင်းဟန့်လိုက်ပြီး "အင်း... ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။ စီစဉ်ပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်.." ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

​သူက အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလိုက်ပြီး တောင်းဆိုမှုတစ်ခု ပြုလုပ်လိုက်၏။ "ဒါနဲ့... ခင်ဗျားတို့ရဲ့ စွမ်းအင်အသွင်ပြောင်းတဲ့ စက်ကိရိယာကို ကျွန်တော့် မျက်စိနဲ့တပ်အပ် ကြည့်ပါရစေ။ ပြီးတော့ ခရစ်စတယ်စွမ်းအင်တုံးကို စုပ်ယူနေတဲ့ ရှေးဟောင်းသိုင်းပညာရှင်ရဲ့ တိကျတဲ့ အခြေအနေကိုလည်း ကြည့်ချင်ပါတယ်..."

​"ဒီဘက်ကို ကြွပါ..." ကျန်းဖူက ချက်ချင်း တုန့်ပြန်လိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ လမ်းပြခေါ်ဆောင်သွားလိုက်သည်။

​သူတို့အဖွဲ့က မကြာမီ သိုင်းကွင်းတစ်ခုနှင့် တူသော စမ်းသပ်ဧရိယာတစ်ခုသို့ ရောက်ရှိလာကြ၏။

​ကွင်းထဲတွင် ပိန်ပါးသော ရှေးဟောင်းသိုင်းပညာရှင်တစ်ဦးက မျက်လုံးမှိတ်ကာ အာရုံစူးစိုက်နေပြီး စွမ်းအင်ပိုက်လိုင်းများစွာဖြင့် ချိတ်ဆက်ထားသော အထူးသတ္တုစင်မြင့်တစ်ခုပေါ်တွင် သူ၏ လက်များကို တင်ထားချေသည်။ ထိုစင်မြင့်၏ အလယ်ဗဟိုတွင် မှိန်ဖျော့သော အလင်းရောင်ထုတ်လွှတ်နေသည့် ခရစ်စတယ် စွမ်းအင်တုံးတစ်ခုကို မြှုပ်နှံထား၏။

​စက်ကိရိယာ လည်ပတ်နေစဉ် မြင်သာသော အပြာနုရောင် စွမ်းအင်စီးကြောင်းတစ်ခုက သိုင်းပညာရှင်၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းညှင်းစွာ စီးဝင်သွားခဲ့သည်။

​ရုတ်တရက် သိုင်းပညာရှင်က သူ၏ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်ပြီး တိုးညှင်းစွာ အော်ဟစ်လိုက်ကာ သူ၏ ညာလက်ကို ရှေ့သို့ လွှဲယမ်းလိုက်လေသည်။

​"ရွှစ်..."

​ရုတ်တရက်ဆိုသလို အဖြူရောင်အလင်းတန်းများ လင်းလက်နေသော သေးငယ်သည့် လျှပ်စစ်မီးပွားတစ်ခုက သူ၏ လက်ချောင်းထိပ်များမှ မြွေတစ်ကောင်အလား ပစ်ထွက်သွားပြီး လေထဲတွင် အကြိမ်အနည်းငယ် ခုန်ပေါက်သွားကာ တိုးညှင်းသော ပေါက်ကွဲသံလေးတစ်ခု ထွက်ပေါ်လာပြီးနောက် ဖြည်းညှင်းစွာ ပျောက်ကွယ်သွား၏။

​'ဘုရားရေ...'

​ကျန်းယဲ့မှာ မှင်တက်သွားရသည်။

​ဒါက ရှင်းရှင်းလင်းလင်းကို လျှပ်စီးစွမ်းအားပဲ....

​အလွန်မှေးမှိန်နေပုံရသော်လည်း ၎င်းက စွမ်းအားရှင်တစ်ဦး၏ စွမ်းအားထုတ်ဖော်မှု အစစ်အမှန်ပင်။

​ဤမြင်ကွင်းက ကျန်းယဲ့၏ သိချင်စိတ်ကိုလည်း နှိုးဆွပေးလိုက်သည်။ သူက အမည်မဲ့ ကျင့်စဉ်မှ ရရှိသော ဝိညာဉ်စွမ်းအား နှင့် ခရစ်စတယ်စွမ်းအင်တုံးမှ ထွက်ပေါ်လာသော ဤရှေးဟောင်း သိုင်းပညာ စွမ်းအားတို့တွင် မည်သည်က ပို၍ အစွမ်းထက်သလဲဆိုသည်ကို သိချင်သွား၏။

​အတွေးတစ်ခုနှင့်အတူ သူက လေ့ကျင့်ရေးကွင်းထဲသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်ပြီး လျှပ်စီးစွမ်းအားကို ယခုလေးတင် ပြသခဲ့သော ရှေးဟောင်း သိုင်းပညာရှင်အား ပြောလိုက်သည်။ "အစ်ကို... ကျွန်တော်တို့ စမ်းကြည့်ကြမလား..."

​၎င်းကိုမြင်သောအခါ အတွင်းရေးမှူးလီ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး သူ့ကို တားဆီးရန် အလျင်စလို ရှေ့သို့ ထွက်လာလိုက်သည်။ "ဒါရိုက်တာကျန်း... ဒါက အရမ်း အန္တရာယ်များတယ်..."

​သို့သော် နောက်ဆုံး အန္တရာယ်များတယ်ဆိုသော စကားလုံးကို မပြောရသေးမီမှာပင် သူ၏ လည်ချောင်းတွင် တစ်ဆို့သွားရသည်။

​အဘယ်ကြောင့်ဆိုသော် ထိုအခိုက်အတန့်၌... တည်ငြိမ်စွာ တောက်လောင်နေသော သေးငယ်သည့် လိမ္မော်နီရောင်မီးတောက်တစ်ခုက ဆန့်ထုတ်ထားသော ကျန်းယဲ့၏ လက်ဖဝါးထဲတွင် တိတ်ဆိတ်စွာ လွင့်မျောနေခဲ့ချေပြီ။

​ပတ်ဝန်းကျင်ရှိ သုတေသီများက အစပိုင်းတွင် မှင်တက်သွားကြပြီး သူတို့၏ မျက်နှာများပေါ်တွင် အံ့အားသင့်မှုများ ပေါ်လာခဲ့သော်လည်း လျှင်မြန်စွာပင် ငါ သိပြီးသားပဲဟူသော အမူအရာများသို့ ပြောင်းလဲသွားကြသည်။

​ဘာပဲဖြစ်ဖြစ် ကျန်းယဲ့ဆီမှာ ဖြစ်လာတဲ့ ဘယ်လို အံ့ဖွယ်ရာမဆို ယုတ္တိတန်ပုံရသည် မဟုတ်ပါလော။

​အတွင်းရေးအကြောင်းများကို ပိုမို သိရှိထားသော ဒု-ညွှန်ကြားရေးမှူးချုပ်ကျိုးမှာမူ အမှန်တကယ် အံ့အားသင့်သွားခဲ့ပြီး သူ၏ နှလုံးသားထဲတွင် တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်သွားရ၏။

​ကျန်းယဲ့တွင် ဝိညာဉ်အမြစ်မရှိသလို ကျင့်စဉ်ကို ကျင့်ကြံရန်အတွက် မှော်ပညာရှင်လည်း မဟုတ်ကြောင်း သူ သိထားလေသည်။

​'ဒါပေမဲ့ ဒီမီးထိန်းချုပ်တဲ့ ပညာက ဘယ်လိုလုပ် ဖြစ်လာတာလဲ....'

​သို့သော်ငြားလည်း ဒု-ညွှန်ကြားရေးမှူးချုပ်ကျိုးက ထိုအရာကို လျင်မြန်စွာ နားလည်လက်ခံလိုက်လေသည်။

​အမှန်ပင်... ကျန်းယဲ့သည် အချိန်ခရီးသွားခြင်းကဲ့သို့သော ကောင်းကင်ဘုံကို ဆန့်ကျင်သည့် နည်းပညာကို ကျွမ်းကျင်ပိုင်နိုင်ထားပြီးဖြစ်ရာ ရုတ်တရက် ကျင့်ကြံနိုင်လာခြင်းကဲ့သို့သော နောက်ထပ် လျှို့ဝှက်ချက် အနည်းငယ် ရှိနေမည်ဆိုလျှင်တောင် အံ့သြစရာ မဟုတ်ချေ။

​ကွင်းထဲရှိ စွမ်းအားရှင် ရှေးဟောင်းသိုင်းပညာရှင်သည် ကျန်းယဲ့၏ လက်ဖဝါးထဲမှ မီးတောက်များကို မြင်လိုက်ရသောအခါ မည်သည့် အကြောက်တရားမျှ မပြသခဲ့ဘဲ သူ၏ မျက်ဝန်းများထဲတွင် ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်များသာ လောင်ကျွမ်းလာခဲ့၏။

​ထို့နောက် သူက ပြုံးပြလိုက်ပြီး လွယ်ကူစွာ သဘောတူလိုက်သည်။ "ကောင်းပြီ... ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး ဒါရိုက်တာကျန်း.."

​လေ့ကျင့်ရေးကွင်းထဲရှိ လေထုမှာ ချက်ချင်းပင် တင်းမာသွားပြီး စောင့်မျှော်မှုများဖြင့် ပြည့်နှက်သွားရသည်။

​အခန်း ၅၂၂ပြီး၏။

All Chapters