အခန်း ၅၂၈
Vol. 53 Ch. 528
အခန်း (၅၂၈) ဝပ်ကျင်းနဂါးနဲ့ ဖီးနစ်ငှက်ပေါက်စ
တကယ်တမ်းတွင် ပြင်ပကမ္ဘာက ကျန်းယဲ့ ကိုယ်တိုင်က ခရီးသွားလမ်းညွှန် ဆယ့်နှစ်ယောက် စာရင်းထဲတွင် မပါဝင်ကြောင်းကို မသိရှိကြချေ။
အကယ်၍ သူတို့သာ အမှန်တရားကို သိသွားမည်ဆိုလျှင် ထိုထက်မက ပို၍ ကျယ်လောင်စွာ အော်ဟစ်ကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ၎င်းက ကြိုတင်ရွေးချယ်ထားသော နေရာအရေအတွက်က ရှစ်နေရာမဟုတ်ဘဲ အပြည့်အဝ ကိုးနေရာ ဖြစ်နေသောကြောင့်ပင်။
【အင်တာနက် အသုံးပြုသူ (F)】: ဒါရိုက်တာကျန်းက မတရားဘူးဗျာ... နောက်တစ်ခါကျရင် နေရာလေးတွေ ပိုချပေးပါဦး.... တစ်နေရာတည်းဆိုတော့ ဘယ်သူမှ လုလို့တောင် မလောက်ဘူး.... တခြားကမ္ဘာတွေကသာ ဒါကို မြင်သွားရင် ကျွန်တော်တို့ ကမ္ဘာမြေသားတွေက ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူးလို့ ထင်သွားကြလိမ့်မယ်ဗျ....
【အင်တာနက် အသုံးပြုသူ (G)】: ဒါရိုက်တာကျန်းဆီကနေ အလုပ်ခေါ်ယူမှု လုပ်ငန်းစဉ် ပိုမို ပွင့်လင်းမြင်သာမှု ရှိလာစေဖို့ တရားဝင် တောင်းဆိုပါတယ်။ နောက်တစ်ခါကျရင် ကျွန်တော့်ကို ထောက်ခံပေးပါဦးဗျ....
【အင်တာနက် အသုံးပြုသူ (H)】: ဝါး... သန်း ၁၀၀ လောက် ဆုံးရှုံးသွားသလို ခံစားနေရတယ်ကွာ... မဟုတ်ဘူး... သန်း ၈၀၀ လောက် ဆုံးရှုံးသွားတာ...
ဒါရိုက်တာကျန်း နှမြောတွန့်တိုသည်ဟု ဆန္ဒပြကာ နေရာပိုပေးရန် တောင်းဆိုနေကြသော ကမ္ဘာမြေတစ်ဝှမ်းရှိ အင်တာနက်အသုံးပြုသူများ၏ ဆူညံသံများကြားတွင် အခြားသော ကြီးကျယ်ခမ်းနားသည့် နိုင်ငံလုံးဆိုင်ရာ စုံထောက် လှုပ်ရှားမှုကြီးတစ်ခုလည်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။
အဓိက မီဒီယာဌာနများ၊ သီးခြားမီဒီယာများနှင့် လေ့လာဆန်းစစ်သူ အမျိုးမျိုးတို့က အခြားသော လျှို့ဝှက်ဆန်းကြယ် ကြိုတင်ရွေးချယ်ခံရသူ ရှစ်ဦး၏ အစစ်အမှန် သရုပ်မှန်များကို ဖော်ထုတ်နိုင်ရန်အတွက် ဘက်စုံ ရှာဖွေမှုများကို စတင်လှုပ်ရှားလာကြသည်။
【ဘဏ္ဍာရေး အမြင်】: အတွင်းသတင်းတွေအရ... ကြိုတင်ရွေးချယ်ထားတဲ့ ဝန်ထမ်းတွေက အဖွဲ့အစည်းအသီးသီးရဲ့ အကျိုးစီးပွားမျှတမှုကို ထည့်သွင်းစဉ်းစားထားပြီး တရုတ်အစိုးရ နောက်ခံရှိသူတွေ အများအပြား ပါဝင်နေပါတယ်။ ဒီလုပ်ရပ်က အဓိက မဟာဗျူဟာမြောက် သယံဇာတတွေအပေါ် ထိန်းချုပ်မှု သေချာစေဖို့ ရည်ရွယ်တာ ဖြစ်နိုင်ပါတယ်။
【အတွင်းလူ၏ အမြင်】: ကျွန်တော် ကြားတာတော့ သူတို့ထဲက အများစုက ဒါရိုက်တာကျန်းရဲ့ ကိုယ်ပိုင်လူတွေ၊ အစောပိုင်း လုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ် ရင်းနှီးတဲ့ ဆွေမျိုးသူငယ်ချင်းတွေချည်းပဲတဲ့... အကုန်လုံးက နီးစပ်ရာတွေချည်းပါပဲ....
【သမိုင်း ရှေးဟောင်းသုတေသနပညာရှင်】: မတူညီတဲ့ ကမ္ဘာတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့အတွက် ရှေးဟောင်းသိုင်းပညာ အမွေဆက်ခံသူတွေ ဒါမှမဟုတ် လျှို့ဝှက်ပညာရပ်ကျွမ်းကျင်သူတွေလိုမျိုး အထူးစွမ်းရည်ရှိတဲ့သူတွေ ပါဝင်နိုင်တယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်။
【အတင်းအဖျင်း ရှေ့တန်း】: အရမ်းချမ်းသာတဲ့ လူတချို့က သူတို့ရဲ့ ကိုယ်ပိုင်ငွေနဲ့ အဲဒီနေရာကို ဝယ်သွားတယ်ဆိုတာ ကျွန်တော် လောင်းရဲတယ်။ သိတဲ့သူတွေ သိကြပါတယ်....
အင်တာနက်ပေါ်တွင် ထင်မြင်ချက်များနှင့် ခန့်မှန်းချက်များ အမျိုးမျိုး ထွက်ပေါ်နေပြီး အမှားနှင့် အမှန်ကို ခွဲခြားရခက်နေကာ ဤအကြောင်းအရာ၏ ရေပန်းစားမှုကို အမြင့်ဆုံးအဆင့်အသစ်တစ်ခုသို့ တွန်းပို့ပေးခဲ့လေသည်။
အင်တာနက် အသုံးပြုသူများကြားတွင် ခန့်မှန်းမှုများနှင့် ဆွေးနွေးမှုများစွာ ပြုလုပ်ခံနေရသည့် ကြိုတင်ရွေးချယ်ခံရသူများဖြစ်ကြသော ကျန်းဟွိုင်မင်၊ ချောင်ရန်ကျိ၊ ကျိုးရှင်းဖူ၊ ကောရွှိုက်၊ ကျန်းခိုင်၊ ချန်လုံ၊ ကျန်းမင်ဟွေ့၊ လင်ရှောင်နှင့် ထိုက်ရွှီဆရာတော်တို့မှာမူ သူတို့၏ ဖုန်းများကို ကြည့်ကာဖြစ်စေ၊ သူတို့၏ လက်ထောက်များထံမှ အစီရင်ခံစာများကို နားထောင်ကာဖြစ်စေ... သူတို့၏ တုန့်ပြန်မှုများမှာ အံ့သြစရာကောင်းလောက်အောင် တစ်သမတ်တည်း ဖြစ်နေ၏။
သူတို့က နားလည်မှုရှိစွာ ပြုံးလိုက်ကြပြီး အချင်းချင်း သဘောပေါက်ထားကြကာ မည်သည့်အခြေအနေတွင်မဆို ဘာကိုမှ ထုတ်မပြောဘဲ တိတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ တနင်္ဂနွေနေ့ မွန်းတည့်ချိန်တွင် ခရီးစဉ်ကို တရားဝင် စတင်ရောင်းချလိုက်သည်နှင့် သူတို့၏ ခရီးသွားလမ်းညွှန်များဟူသော အထောက်အထားများမှာ သဘာဝကျကျပင် အများပြည်သူသိရှိအောင် ထုတ်ပြန်ပြီးသား ဖြစ်သွားပေလိမ့်မည်။
ယခုအချိန်တွင်တော့ ဖုန်လုံးများ ငြိမ်သက်သွားအောင် စောင့်နေပြီး အင်တာနက် အသုံးပြုသူများကို နောက်ထပ် ခဏလောက် ခန့်မှန်းခွင့် ပေးထားလိုက်မည်။
ဤကမ္ဘာလုံးဆိုင်ရာ သိချင်စိတ်နှင့် ဆူညံမှုကြီးက မကြုံစဖူးသော လမ်းကြောင်း ဆယ့်နှစ်ခု တစ်ပြိုင်နက်တည်း စတင်ခြင်းအတွက် ပြီးပြည့်စုံသော နိဒါန်းတစ်ခု ဖြစ်လာခဲ့တော့သည်။
တနင်္ဂနွေနေ့၊ နံနက် ၁၁:၅၈ နာရီ။
ရီယဲ့ခရီးသွားအေဂျင်စီ၏ ပထမထပ် ရုံးခန်းဧရိယာအတွင်းရှိ လေထုမှာ လေးနက်ပြီး တင်းမာနေချေသည်။
အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန်ဆယ့်နှစ်ယောက်စလုံး နေရာယူထားကြပြီး မစ်ရှင်အတွက် သူတို့ သင့်တော်သည်ဟု ယူဆထားသော ဝတ်စုံများကို ဝတ်ဆင်ထားကာ သူတို့၏ မျက်နှာအမူအရာများမှာ လေးနက်မှုနှင့် စိတ်အားထက်သန်စွာ စောင့်မျှော်နေမှုတို့ ရောယှက်နေခဲ့၏။
မမြင်ရသော ဖိအားများနှင့် မျှော်လင့်ချက်များက လဟာပြင်ထဲတွင် ရောယှက်နေချေသည်။
ကျန်းယဲ့သည် သူတို့ရှေ့တွင် မတ်တတ်ရပ်ကာ ခရီးထွက်တော့မည့် သူ၏ ရဲဘော်ရဲဘက်များအပေါ်သို့ သူ၏ အကြည့်များကို ဝေ့ကြည့်လိုက်သည်။ မလိုအပ်သော စကားများကို မပြောတော့ဘဲ သူက အသံနက်ကြီးဖြင့် ရိုးရှင်းစွာ ပြောလိုက်၏။ "အားလုံးပဲ ကံကောင်းကြပါစေ။ ခင်ဗျားတို့ရဲ့ အောင်ပွဲခံ ပြန်အလာကို ကျွန်တော် စောင့်နေပါ့မယ်..."
သူ၏ စကားသံများ ပျောက်ကွယ်သွားရုံသာ ရှိသေးသည်......
ဝှစ် ....
ရှေးဟောင်း ဓလေ့ထုံးတမ်းတစ်ခုခုကို ချက်ချင်း အသက်သွင်းလိုက်သည့်အလား တောက်ပသော ရွှေရောင်အလင်းတန်းတိုင်လုံးကြီး ဆယ့်နှစ်ခုက မည်သည့် သတိပေးချက်မျှမရှိဘဲ ဟင်းလင်းပြင်ထဲမှ ဆင်းသက်လာပြီး ခရီးသွားလမ်းညွှန်တစ်ဦးစီကို တိကျစွာ လွှမ်းခြုံသွားခဲ့သည်။
အလင်းရောင်က အလွန်စူးရှလွန်းသဖြင့် သူတို့၏ ပုံရိပ်များကိုပင် ဝေဝါးသွားစေ၏။
နောက်တစ်စက္ကန့်တွင် ရွှေရောင်အလင်းတန်းများ ရုတ်တရက် ပြန်လည်ဆုတ်ခွာသွားပြီး ၎င်းအတွင်းရှိ ပုံရိပ်များမှာလည်း အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ချေပြီ။
ရုံးခန်းဧရိယာလေးမှာ ဗလာကျင်းသွားပြီး ပြတင်းပေါက်မှ ဝင်ရောက်လာသော သာမန် နေရောင်ခြည်သာ ရှိနေတော့ကာ လွန်ခဲ့သော မိနစ်ပိုင်းက ဖြစ်ပျက်ခဲ့သည့် တုန်လှုပ်ဖွယ် မြင်ကွင်းကြီးမှာ တစ်ခါမှ မဖြစ်ပျက်ခဲ့သည့်အလား။
တစ်ချိန်တည်းမှာပင် အလင်းရောင်နှင့် ဒြပ်ဝတ္ထုအားလုံးကို ဝါးမျိုပစ်လိုက်မည်ဟု ထင်ရသော ထိုမှောင်မိုက်ပြီး နက်ရှိုင်းလှသည့် အချိန်နှင့် ဟင်းလင်းပြင် ဥမင်လှိုဏ်ခေါင်းကြီး အတွင်း၌။
ထာဝစဉ် တိတ်ဆိတ်နေသော လဟာပြင်ကြီးသည် ရိုက်ချိုးခံလိုက်ရသည်။
လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသည့် သတ္တုဝေလငါးကြီးများအလား ချောမွေ့သော ငွေဖြူရောင် အချိန်နှင့် ဟင်းလင်းပြင် ခရီးသွား ဘတ်စ်ကား ဆယ့်နှစ်စီးက ဥမင်လှိုဏ်ခေါင်း၏ ထူးဆန်းပြီး အရောင်အသွေး စုံလင်လှသော စွမ်းအင်စီးကြောင်းများကြားတွင် ယှဉ်တွဲလျက် လွင့်မျောနေခဲ့ကြ၏။
ဘတ်စ်ကား ဆယ့်နှစ်စီးက အရွယ်အစားနှင့် အရောင်အသွေး မတူညီကြဘဲ မတူညီသော လောကများ၏ ဩဒိနိတ်များကို ကိုယ်စားပြုသည့် အဝေးမှ အလင်းစက် ဆယ့်နှစ်ခုဆီသို့ ဦးတည် နေရာယူထားကြလေသည်။
နောက်တစ်ခဏတွင် သူတို့က မြှားများအလား ပစ်ထွက်သွားကြပြီး ငွေရောင်အလင်းတန်း ဆယ့်နှစ်ခုအဖြစ် ပြောင်းလဲသွားကာ သူတို့၏ သက်ဆိုင်ရာ ပစ်မှတ်များဆီသို့ အပြေးအလွှား သွားလိုက်ကြတော့သည်။
ခရီးသွားအေဂျင်စီအတွင်း၌မူ ကျန်းယဲ့၏ ရှေ့တွင် ဧရာမ ပုံရိပ်ယောင်မျက်နှာပြင်ကြီးတစ်ခုကို တပ်ဆင်ထားချေသည်။
စနစ်၏ ဆက်သွယ်ရေး လုပ်ဆောင်ချက်များကို အပြည့်အဝ ဖွင့်လှစ်ထားပြီး တိုက်ရိုက်ထုတ်လွှင့်နေသော မြင်ကွင်း ပြတင်းပေါက်ဆယ့်နှစ်ခုကို မျက်နှာပြင်ပေါ်တွင် လေးထောင့်ကွက်ငယ်များအဖြစ် သပ်ရပ်စွာ စီစဉ်ထား၏။
ချန်ချင်း၏ ရှေ့တွင် ကမ္ဘာပျက်လွန်ကာလ၏ လူသူကင်းမဲ့ပြီး ဟောင်းနွမ်းပျက်စီးနေသော မြင်ကွင်းတစ်ခု ရှိနေခဲ့သည်။
ဖန်ဖန်သည် ရှေးဟောင်း တရုတ်ပြည်၏ မြို့တော်တစ်ခုဖြစ်သော ပျောင်ကျင်း၏ စည်ကားလှသော လမ်းမများပေါ်တွင် ရောက်ရှိနေ၏။
နဂါးပြာက ကားပြတင်းပေါက်မှတစ်ဆင့် သုံးပြည်ထောင်ခေတ်၏ စစ်စခန်းကို အကဲခတ်နေချေသည်။
ထိုက်ရွှီဆရာတော်မှာမူ မြူခိုးများ ဖုံးလွှမ်းနေပြီး ရှေးဟောင်းအငွေ့အသက်များ ထုတ်လွှတ်နေသည့် အင်မော်တယ်ရာချီမြို့တော်၏ အဝင်ဝတွင် ရောက်ရှိနေပြီ ဖြစ်သည်။...
မျက်နှာပြင်ငယ် တစ်ခုချင်းစီ၏ နောက်ကွယ်တွင် လုံးဝ အသစ်ဖြစ်သော ကမ္ဘာကြီးတစ်ခုစီက ပွင့်ဟလာနေခဲ့သည်။
ကျန်းယဲ့သည် ကုလားထိုင်ပေါ်သို့ နောက်မှီချလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်၏။
သူက အနောက်ဘက်တန်းတွင် နေခဲ့ပြီး စစ်သေနာပတိချုပ်တစ်ဦး၏ ရှုထောင့်မှနေ၍ ရှေ့တန်းဆယ့်နှစ်ခုလုံးရှိ စစ်ပွဲအခြေအနေကို စောင့်ကြည့်နေရခြင်းမှာ ၎င်းက သူ၏ ပထမဆုံးအကြိမ် ဖြစ်လေသည်။
ဤသည်မှာ အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားအေဂျင်စီ စတင်တည်ထောင်ကတည်းက စီစဉ်ခဲ့သမျှ အကြီးဆုံး အဖွဲ့လိုက် ခရီးစဉ်ကြီးပင်။
စုစုပေါင်း ခရီးသွား ၅၀၀က လုံးဝ ကွဲပြားခြားနားသော အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်း ဆယ့်နှစ်ခုတွင် တစ်ပြိုင်နက်တည်း ခရီးသွားလာနေကြခြင်း ဖြစ်သည်။
ကျန်းယဲ့ကဲ့သို့ တည်ငြိမ်သော လူတစ်ယောက်ပင် ယခုအခိုက်အတန့်၌ အနည်းငယ် ဂနာမငြိမ်ဖြစ်မှုကို မနေနိုင်ဘဲ ခံစားနေရ၏။
လူငါးရာ...
ဤမျှ များပြားသော လူဦးရေနှင့်အတူ ခရီးသွားများ၏ ပါဝင်ဖွဲ့စည်းမှုမှာ ပိုမိုရှုပ်ထွေးလာပြီး မျိုးစိတ်ကွဲပြားမှု... အာ... မဟုတ်ဘူး... လူမျိုးစုံ ကွဲပြားမှုက ထပ်ကိန်းပုံစံမျိုး မြင့်တက်လာခဲ့သည်။
ထိုလူ ၅၀၀ အုပ်စုထဲတွင် ဝပ်ကျင်းနဂါးနဲ့ ဖီးနစ်ငှက်ပေါက်စတွေ ဘယ်လောက်တောင် ခိုးဝင်လာသလဲဆိုတာ ဘယ်သူကများ သိနိုင်မှာလဲ.....
( NT- သူတို့ကိုယ်သူတို့ အထင်ကြီးလွန်းနေပြီး ကောင်းကင်သားတော်၊သမီးတော်လို့ ထင်မှတ်နေကျသူများ....)
ခရီးသွား အရေအတွက် မြင့်တက်လာမှုနှင့်အတူ... ပြဿနာရှာရန် ဝါသနာပါပြီး ထူးဆန်းသော စိတ်ကူးများရှိကာ ညွှန်ကြားချက်များကို မလိုက်နာဘဲ လျှို့ဝှက် မစ်ရှင်များကို ရှာဖွေတွေ့ရှိနိုင်သည် သို့မဟုတ် ဘော့စ်များကို တစ်ယောက်တည်း ရှင်းလင်းနိုင်သည်ဟု အမြဲထင်နေတတ်သည့် ပါရမီရှင်အမျိုးအစား ခရီးသွားများ၏ အချိုးအစားက ယခင်ကထက် ပိုမိုများပြားလာလိမ့်မည်ဟု သူ သေချာပေါက်နီးပါး ယုံကြည်ထားချေသည်။
တကယ်တမ်းတွင် ခရီးသွားများအားလုံးက ခရီးသွားလမ်းညွှန်၏ ညွှန်ကြားချက်များကို တင်းကျပ်စွာ လိုက်နာပြီး သူတို့၏ အလွန်အမင်း ပြင်းထန်လှသော ကိုယ်ပိုင် ထင်မြင်ချက်များ နှင့် စူးစမ်းလိုစိတ်များကို ဘေးဖယ်ထားနိုင်မည်ဆိုပါက... အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားခြင်း၏ ဘေးကင်းလုံခြုံရေး အချက်က နိမ့်ကျမနေချေ။
တကယ့် အန္တရာယ်မှာ လွတ်လွတ်လပ်လပ်နှင့် ပေါ့ပေါ့ပါးပါး နေလေ့ရှိသူများ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေပြီး အချိန်နှင့် ဟင်းလင်းပြင်ခရီးသွားခြင်းကို အလေးအနက် မထားသူများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်၏။
ဤကံကောင်းသူ ၅၀၀ ထဲတွင် ဝပ်ကျင်းနဂါးနဲ့ ဖီးနစ်ငှက်ပေါက်စများ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အရေးပါလှသည်ဟု ထင်မှတ်ပြီး မှန်ကန်သည်ဟု ယူဆထားသော ဆရာကြီးများ အရမ်းများပြားမနေစေရန် ကျန်းယဲ့ တိတ်တခိုး ဆုတောင်းနေရုံသာ တတ်နိုင်တော့သည်။
ထိုသို့မဟုတ်ပါက မည်သည့် အသေးအမွှား မတော်တဆမှုလေးကမဆို ကြီးမားသော ပြဿနာကြီး တစ်ရပ်အဖြစ်သို့ ကြီးထွားသွားနိုင်ချေသည်။
"အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်ဖို့ မျှော်လင့်ပါတယ်..." သူက မျက်နှာပြင်ပေါ်ရှိ တည်ငြိမ်နေသော မျက်နှာပြင်ငယ် ဆယ့်နှစ်ခုကို စိုက်ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ကျန်းယဲ့ စကားပြောပြီးသည်နှင့် သူ၏ မျက်ခွံများက ရှင်းပြ၍မရနိုင်အောင် အကြိမ်အနည်းငယ် လှုပ်ခတ်သွား၏။
တစ်ပြိုင်နက်တည်းနီးပါးပင်... စောင့်ကြည့် မျက်နှာပြင် ဆယ့်နှစ်ခုအနက် အင်မော်တယ်ရာချီမြို့တော်ကို ကိုယ်စားပြုသည့် ပြတင်းပေါက်ငယ်လေးသည် ရုတ်တရက် စူးရှသော အနီရောင် သတိပေး ဘောင်တစ်ခု လင်းလက်သွားပြီး လျင်မြန်သော "ဘီ ဘီ" ဟူသည့် အသံတစ်ခု ထွက်ပေါ်လာချေသည်။
'မဖြစ်နိုင်တာ.. ဒီလောက် မြန်မြန်ကြီးလားဟ...'
ကျန်းယဲ့၏ နှလုံးသားမှာ တစ်ချက်ခုန်သွားပြီး သူ၏ ကြိုတင်ခံစားချက်က အမှန်တကယ် ဖြစ်လာသဖြင့် ရုတ်တရက် နိမိတ်မကောင်းသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
သူက ချက်ချင်း လက်လှမ်းလိုက်ပြီး ထိုက်ရွှီဆရာတော် ရောက်ရှိနေသော အင်မော်တယ်ရာချီမြို့တော်၏ ပုံရိပ်ကို မျက်နှာပြင်၏ တစ်ဝက်ခန့်အထိ နေရာယူသွားအောင် လျင်မြန်စွာ ချဲ့ကြည့်လိုက်၏။
မျက်နှာပြင်ပေါ်တွင် ပြသနေသည်ကို မြင်လိုက်ရသောအခါ သူမှာ မနေနိုင်ဘဲ ကျိန်ဆဲလိုက်မိတော့သည်။
'ချီးတဲ့မှပဲဟေ့....'
အခန်း ၅၂၈ပြီး၏။