← Chapters

အခန်း ၁၅၁

Vol. 16 Ch. 151

အခန်း ၁၅၁

Vol. 16 Ch. 151

အခန်း ၁၅၁ လှည့်စားမှု

ငါးရက်ကြာပြီးနောက်တွင် ဘုရားကျောင်းအတွင်း၌ ရောဂါသည်ပေါင်း ငါးရာကျော် ရှိနေပြီး ပြည့်ကျပ်နေလေသည်။

စူးယောင်ကွမ်းတစ်ယောက် လူတိုင်း၏ ရှေ့မှောက်၌ မေ့လဲကျသွားခဲ့သည်။

"ယောင်ကွမ်း..."

ကျန်းကျောက်တိက အော်ဟစ်လိုက်သောကြောင့် တခြားသူများလည်း အပြေးအလွှား ရောက်လာကြသည်။

"လူစုခွဲ... လူစုခွဲပေးကြ"

ကျိုးဝမ်ရှူက စူးယောင်ကွမ်းကို ပွေ့ချီကာ ကျန်းကျင့်၏ ဆေးခန်းဘက်သို့ အလောတကြီး ပြေးထွက်သွားတော့သည်။

ထိုအချိန်တွင် ကျန်းကျင့်က ဆေးခန်းထဲ၌ ဆေးဖော်စပ်နေခဲ့သည်။

"ကျန်းကျင့်... ယောင်ကွမ်း မေ့လဲသွားပြီ"

ကျိုးဝမ်ရှူက ဆေးခန်းတံခါးကို ကန်ဖွင့်လိုက်ပြီး စူးယောင်ကွမ်းကို ပွေ့ချီကာ အထဲသို့ ဝင်သွားလိုက်သည်။

ကျန်းကျင့်က သူမ ကိုင်ထားသည့် ဆေးပင်များကို အမြန်ချလိုက်ပြီး စူးယောင်ကွမ်း၏ သွေးခုန်နှုန်းကို စမ်းသပ်ကာ အလောတကြီး ပြန်ပြောလိုက်သည်။

"ဒါက အလုပ်တွေ မတန်တဆ လုပ်မိလို့ ဖြစ်တာ။ သူ့ကို ကောင်းကောင်း အနားယူခိုင်းလိုက်၊ ဘာမှ ထပ်ပြီး အလုပ် မလုပ်ခိုင်းနဲ့တော့"

"တကယ့်ကို မိုက်မဲတဲ့ မိန်းကလေးပဲ"

ကျိုးဝမ်ရှူက ဂရုဏာဒေါသဖြင့် ရေရွတ်နေလေသည်။

"သူ့အတွက် ဘာအကျိုးအမြတ်မှလည်း မရဘူး၊ ပိုက်ဆံတွေ ဆုံးရှုံးနေတာတောင် ဒီလောက် လုပ်ပေးနေရတာလား"

"ယောင်ကွမ်းက အဲ့လိုလူမျိုးလေ။ သူက စိတ်ထားကောင်းလို့ပဲ လူတိုင်းက သူ့ကို ချစ်ခင်ကြတာပေါ့"

ကျန်းကျင့်က မကျေမနပ်ဖြင့် မေးခွန်းထုတ်လိုက်သည်။

"သူသာ စိတ်ထားမကောင်းရင် ရှင်ရော၊ ကျွန်မရော အခုချိန်အထိ အသက်ရှင်နေပါ့မလား"

ကျိုးဝမ်ရှူ : "..."

‘ဟုတ်တယ်.... ငါတို့ အသက်ရှင်နေတာက သူမရဲ့ စိတ်ကောင်းရှိမှုကြောင့်ပဲ’

‘ငါတို့နှစ်ယောက်အပြင် အပြင်ဘက်က လူတွေလည်း အဲ့လိုမျိုးပဲ။ သူမ မကူညီပေးခဲ့ရင် အဲ့လူတွေရဲ့ အသက်က လွန်ခဲ့တဲ့ ကာလတော်တော်ကြာကြာတည်းက ကုန်ဆုံးသွားပြီး သူတို့ရဲ့ မိသားစုတွေနဲ့လည်း ပြန်ဆုံတွေ့ခွင့်ရမှာ မဟုတ်ဘူး။’

တစ်ဖက်တွင် ကျန်းရိဟွမ်းက ဟင်းသီးဟင်းရွက်ခြင်းတောင်းကို ကိုင်ထားပြီး ဟင်းရွက်ခင်းထဲသို့ ဝင်သွားကာ ဟင်းရွက်များ ဆွတ်ခူးနေခဲ့သည်။

ရောဂါလက္ခဏာ သက်သာသူများအားလုံးက တောင်ခါးပန်းဘက်ရှိ ဝါးကျောင်းဆောင်များတွင် ရှိနေကြပြီး သူမနှင့် ရှောင်းယန်ချီတို့လည်း ထိုနေရာသို့ ပြောင်းရွှေ့နေထိုင်နေကြသည်။ ပြီးခဲ့သည့်ရက်အနည်းငယ်က လူအချို့ သက်သာလာသဖြင့် တောင်အောက်သို့ ပြန်ဆင်းသွားကြရာ ဝါးကျောင်းဆောင်တွင် လူ ဆယ့်ငါးဦးသာ ကျန်ရှိနေတော့သည်။

သို့တိုင်အောင် ထိုလူဆယ့်ငါးဦးအနေဖြင့် ဝါးကျောင်းဆောင် သုံးဆောင်တွင် တိုးဝှေ့နေထိုင်နေရပြီး ကြမ်းပြင်ပေါ်၌သာ အိပ်စက်ရသည်။ ကျန်းရိဟွမ်းတွင်လည်း ခုတင်မရှိသဖြင့် ရှောင်းယန်ချီ၏ဘေးတွင်သာ အနားယူရသည်။

"သူဌေးစူးက အလုပ်ပင်ပန်းပြီး ဖျားနေတယ်၊ သူ ပြန်ကောင်းလာအောင် အာဟာရရှိတာ တစ်ခုခု ချက်ကျွေးမှ ဖြစ်မယ်"

ဟင်းချက်သည့် အမျိုးသမီးကြီးနှစ်ဦးက ဟင်းရွက်များ ခူးဆွတ်ရင်း စူးယောင်ကွမ်း မေ့လဲသွားသည့်အကြောင်းကို ဆွေးနွေးနေကြသည်။

"လူပမာတွေကလည်း ပိုပို များလာပြီ၊ တချို့ဆို ပြည်တည်နာတွေတောင် ရှိနေတာ၊ ကြည့်ရတာတောင် ရွံစရာကောင်းတယ်၊ သူဌေးစူးကတော့ အဲ့ဒီလူနာတွေ အကုန်လုံးကို သေသေချာချာ ဂရုစိုက်ပေးနေခဲ့တာ"

"သူဌေးစူးက တကယ့်ကို စိတ်ထားကောင်းတဲ့သူပဲ၊ သူက အသက်ရှင်နေတဲ့ ဘုရားလောင်းပဲ။ ခုနက ငါလာတော့ သတိရှိတဲ့ လူနာတွေ အများကြီးက ဘုရားဆင်းတုတော်ရှေ့မှာ ဒူးထောက်ပြီး သူဌေးစူးအတွက် ဆုတောင်းနေကြတာ။ ကျောင်းထိုင်ဆရာတော်ကလည်း သူဌေးစူးဘေးမှာ တရားဓမ္မတွေ ရွတ်ဖတ်ပေးနေတယ်၊ ဆရာတော်ပြောတာက ဒီလို ဘာသာတရားကိုင်းရှိုင်းတဲ့သူတွေနဲ့ဆိုရင် သူဌေးစူးက လူတိုင်းရဲ့ ကောင်းချီးမင်္ဂလာတွေကို သေချာပေါက် ရရှိမှာတဲ့၊ အားလုံး အဆင်ပြေသွားမယ်လို့လည်း မိန့်တော်မူခဲ့တယ်တဲ့"

ကျန်းရိဟွမ်းက သူမတို့ ပြောနေသည့် စကားများကို နားထောင်ရင်း သူမ၏မျက်ဝန်းများတွင် မနာလိုမှုများ ဖြတ်ပြေးသွားခဲ့သည်။

‘စူးယောင်ကွမ်းက ဘယ်လိုတောင် မြင့်မြတ်တဲ့ သူတော်စင်လိုမျိုး ဟန်ဆောင်နေတာလဲ’

‘တကယ်လို့ ခရိုင်အမတ်မင်းက ဒီအလုပ်ကို ငါ့ဆီ ပေးအပ်ခဲ့ရင် စူးယောင်ကွမ်းထက်တောင် ပိုပြီး ကောင်းကောင်းမွန်မွန် လုပ်ပြနိုင်မှာ သေချာတယ်’

'ခဏနေဦး... အဲ့ဒီမိန်းမ ဖျားနေတာမလား'

ကျန်းရိဟွမ်းက သူမ၏ ဟင်းသီးဟင်းရွက်ခြင်းတောင်းကို ကိုင်ကာ စူးယောင်ကွမ်း၏ အခန်းဆီသို့ လျှောက်သွားလိုက်သည်။ သူမ ပြတင်းပေါက်မှတစ်ဆင့် ချောင်းကြည့်လိုက်ရာ ကျိုးဝမ်ရှူက စူးယောင်ကွမ်း၏ ခုတင်ဘေးတွင် တစ်ယောက်တည်း စောင့်ကြပ်နေသည်ကို မြင်လိုက်ရသည်။ သူက သူမဘေးမှ ခဏလေးတောင် မခွာဘဲ စောင့်ရှောက်နေပုံကို မြင်လိုက်ရသောကြောင့် ကျန်းရိဟွမ်း၏ မျက်ဝန်းများထဲတွင် စိတ်ပျက်မှုများ ဖြတ်ပြေးသွားခဲ့သည်။

"နင် ဒီနားမှာ ဘာလုပ်နေတာလဲ"

ဆေးခွက်ကို ကိုင်ကာ ရောက်ရှိလာသည့် ကျန်းကျောက်တိက တံခါးဝသို့ ရောက်နေသော ကျန်းရိဟွမ်း၏ သံသယဖြစ်ဖွယ် အပြုအမူကို မြင်လိုက်ရသဖြင့် သတိကြီးစွာ လှမ်းမေးလိုက်သည်။

"ဒီတစ်ခါရော ဘာတွေ ကောက်ကျစ်ဖို့ ကြံစည်နေပြန်တာလဲ"

"ကျွန်မ ဒီဘက်ကို ဖြတ်လာရင်း လမ်းမှားသွားလို့ပါ"

ကျန်းရိဟွမ်းက နူးညံ့စွာ ပြန်ဖြေလိုက်သည်။

"အဒေါ်ရယ်... ကျွန်မတို့က ရန်သူတွေ မဟုတ်ပါဘူး။ သိပ်ပြီး တင်းမာမနေပါနဲ့"

"ငါတို့ နှစ်မိသားစုက ရန်သူတွေ မဟုတ်ဘူးလား"

ကျန်းကျောက်တိက မဲ့ပြုံးဖြင့် ထပ်ပြောလိုက်သည်။

"နင် ဘာမှ မဟုတ်တာတွေ လုပ်ဖို့ မကြံနဲ့၊ မဟုတ်ရင် နင့်ကို တောင်ပေါ်က ဝံပုလွေတွေဆီ အစာကျွေးပစ်လိုက်မယ်"

"ကျွန်မ ဘယ်လိုလုပ် လုပ်ရဲမှာလဲ"

ကျန်းရိဟွမ်းက ဟင်းသီးဟင်းရွက်ခြင်းတောင်းကို ဆုပ်ကိုင်ကာ အမြန်ပြေးထွက်သွားခဲ့သည်။

ကျိုးဝမ်ရှူက တံခါးဖွင့်လိုက်ပြီး ထွက်ပြေးသွားသည့် ကျန်းရိဟွမ်းကို လှမ်းမြင်သွားခဲ့သည်။ သူက ကျန်းကျောက်တိကို မေးလိုက်သည်။

"အမေ... ဘာဖြစ်လို့လဲ"

"အဲ့ဒီကောင်မစုတ်လေး ဒီနားမှာ လှည့်ပတ်နေတာ၊ ဘာတွေ ကြံနေလဲ မသိဘူး။ ယောင်ကွမ်းဘေးမှာ လူတစ်ယောက်တော့ အမြဲရှိနေမှ ဖြစ်မယ်၊ တစ်ယောက်ယောက်က သူ့ကို စောင့်ကြည့်ပေးဖို့ လိုတယ်၊ နားလည်လား"

"ကျွန်တော် နားလည်ပါတယ်"

ကျိုးဝမ်ရှူက ကျန်းကျောက်တိလက်ထဲမှ ဆေးခွက်ကို လှမ်းယူလိုက်သည်။

"ကျွန်တော် ယောင်ကွမ်းကို ဆေးတိုက်လိုက်ပါ့မယ်။ အမေ သွားပြီး တစ်ခုခု စားလိုက်ပါဦး၊ အလုပ်တွေလည်း အရမ်းမလုပ်ပါနဲ့"

"အေးပါ"

ကျန်းကျောက်တိက ပြောလိုက်သည်။

"ခဏနေရင် နင့်နေရာမှာ အစားထိုးပေးဖို့ ငါ ပြန်လာမယ်"

"ဟုတ်ကဲ့"

ကျိုးဝမ်ရှူက ဆေးခွက်ကို ကုတင်ဘေးသို့ ယူသွားပြီး စူးယောင်ကွမ်းကို ထိုင်နိုင်အောင် ကူပေးလိုက်သည်။ သူမ၏ကိုယ်လေး အနည်းငယ် မှီထားနိုင်ရန် ခေါင်းအုံးကို သူမကျောနောက်၌ ထားပေးလိုက်သည်။ သူ ဆေးတစ်ဇွန်းကို သူမ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သော်လည်း ဆေးများက ပြန်ဖိတ်စင်ကျလာသည်။

"ခင်ဗျား မသောက်ရင် ကျွန်တော် ခင်ဗျားပါးစပ်ကို အတင်းဟပြီး အကုန် သောက်ခိုင်းရလိမ့်မယ်"

ကျိုးဝမ်ရှူက ခြိမ်းခြောက်လိုက်သည်။

စူးယောင်ကွမ်းက သတိလစ်နေသည်ဖြစ်ရာ သူ့၏ ခြိမ်းခြောက်မှုကို မကြားနိုင်ဘဲ ဆေးသောက်ရန် ငြင်းဆန်နေဆဲပင်။

ကျိုးဝမ်ရှူ အကြိမ်ကြိမ် ကြိုးစားကြည့်သော်လည်း အဆင်မပြေခဲ့ပေ။ နောက်ဆုံးတွင် ဆေးခွက်ကို ကြည့်ပြီးနောက် သူ အကြိမ်ကြိမ် တွန့်ဆုတ်နေမိသည်။ ထို့နောက် သူက ခေါင်းကို မော့ကာ ဆေးတစ်ငုံကို သောက်လိုက်ပြီး သူမပါးစပ်ဆီသို့ ခေါင်းငုံ့လိုက်သည်။

ထိုအချိန်တွင် စူးယောင်ကွမ်းက မျက်လုံးဖွင့်လာခဲ့သည်။ သူမ၏ အနားသို့ တိုးကပ်လာသည့် ချောမောသော မျက်နှာကို မြင်လိုက်ရသောအခါ သူမ အလွန်အံ့အားသင့်သွားပြီး အလိုအလျောက် လက်သီးကို ဝှေ့ယမ်းကာ ထိုးလိုက်မိသည်။

ကျိုးဝမ်ရှူက အလျှင်အမြန် ရှောင်လိုက်သည့်အတွက် ထိုလက်သီးက သူ့မျက်နှာကို မထိသော်လည်း အနည်းငယ်တော့ ပွတ်တိုက်မိသွားသေးသည်။ သို့သော်လည်း ထိုတစ်ချက်က နာကျင်မှုထက်စာလျှင် စနောက်လိုက်သလိုမျိုး ခံစားရစေသည်။

"နင် ဘာလုပ်နေတာလဲ"

စူးယောင်ကွမ်းက ထူးဆန်းသော အမူအရာဖြင့် သူ့ကို မေးလိုက်သည်။

ကျိုးဝမ်ရှူက ခါးသက်သက် ဆေးရည်တွေကို မြိုချလိုက်ပြီးနောက် ဆီးသီးခြောက်တစ်လုံးကို ကောက်ယူကာ ပါးစပ်ထဲ ထည့်လိုက်ရင်း ပြန်ပြောလိုက်သည်။

"ကျွန်တော် ခင်ဗျားကို ဆေးတိုက်ပေးနေတာလေ"

"နင် ဆေးတိုက်ပေးနေတာဆိုရင် ဘာလို့ ဆေးကို နင့်ဘာသာ သောက်လိုက်ရတာလဲ"

စူးယောင်ကွမ်းက သူ့ကို တစ်ကိုယ်လုံး ခြုံငုံကြည့်လိုက်ပြီးမှ 'ငါ နားလည်ပြီ' ဆိုသည့် အမူအရာဖြင့် ပြန်ပြောလိုက်သည်။

"ဒါမှမဟုတ်... နင်က..."

ကျိုးဝမ်ရှူ၏ မျက်နှာက ရဲတက်သွားပြီး အနေရခက်ဟန်ဖြင့် ချက်ချင်း အော်ပြောလိုက်သည်။

"ဘာတွေ လျှောက်ပြောနေတာလဲ..."

"နင်က ဆေး ပူနေရင် ငါ့ရဲ့ ပါးစပ်ပူမသွားအောင် အရင်စမ်းသောက်ပေးတာမလား"

စူးယောင်ကွမ်းက စိတ်လှုပ်ရှားစွာဖြင့် ထပ်ပြောလိုက်သည်။

"မောင်လေးဝမ်ရှူရယ်... နင်က ဘာလို့ ဒီလောက်တောင် ကြင်နာတတ်ရတာလဲ"

သူမက ကျိုးဝမ်ရှူ၏ ပါးပြင်ကိုလည်း အသာလေး ဆွဲညှစ်လိုက်သေးသည်။

"နောက်ဆိုရင် ဒီလောက် ကြင်နာတတ်တဲ့သူကို ဘယ်သူများက ပိုင်ဆိုင်ရမလဲ မသိဘူး"

စူးယောင်ကွမ်းက သက်ပြင်းချလိုက်ပြီး သူ့လက်ထဲမှ ဆေးခွက်ကို ယူကာ တစ်ကျိုက်တည်းနှင့် အကုန်မော့သောက်လိုက်သည်။

ကျိုးဝမ်ရှူ : "..."

'ဟူး... ကံကောင်းပြီး သူမက တုံးအလွန်းတယ်'

‘မဟုတ်ရင်တော့ အခုထက်ပိုပြီး အရှက်ရစရာ အခြေအနေမျိုးနဲ့ ကြုံရမှာ မဟုတ်ဘူးလား’

"အစ်မယောင်ကွမ်း... နင် သတိရလာပြီပဲ"

ကျန်းကျင့်က အခန်းထဲသို့ ဝင်လာခဲ့သည်။

"နင်က ငါတို့ကို တကယ်ပဲ သေတဲ့အထိ ကြောက်သွားအောင် လုပ်ခဲ့တာပဲ"

သူမက စူးယောင်ကွမ်း၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်ပြီးနောက် ထပ်ပြောလိုက်သည်။

"အခုတော့ ကိစ္စမရှိတော့ပါဘူး၊ အဆင်ပြေသွားပြီ။ အလုပ်ကိုလည်း အလွန်အကျွံ မလုပ်နဲ့ဦး"

"ဒီရက်ပိုင်းအတွင်း ဟိုဟိုဒီဒီ ပြေးလွှားမနေနဲ့တော့။ ကျန်တာတွေကို ကျွန်တော်တို့ပဲ တာဝန်ယူလိုက်ပါ့မယ်။ အရင်ဆုံး သက်သာအောင် နားလိုက်ပါ"

ကျိုးဝမ်ရှူက ထပ်ပြောလိုက်သည်။

"ခင်ဗျား သတိရလာပြီဆိုတော့ ကျွန်တော်လည်း တစ်ခုခု သွားစားလိုက်ဦးမယ်။ ခင်ဗျားတို့နှစ်ယောက် စကားပြောကြဦး"

ထိုသို့ပြောပြီးနောက် ကျိုးဝမ်ရှူက အခန်းထဲမှ အမြန် ပြေးထွက်သွားတော့သည်။

ကျန်းကျင့်က သံသယဖြစ်နေဟန်ဖြင့် မေးနေလေသည်။

"ဘာဖြစ်တာလို့လဲ။ သူ ဒီနေ့ ဘာလို့ ဒီလောက် ထူးဆန်းနေတာလဲ"

"ဖြစ်နိုင်တာက... သူ ရေအိမ်သွားချင်နေတာ ဖြစ်မယ်"

စူးယောင်ကွမ်းက ပြန်ဖြေလိုက်သည်။

"သူ ငါ့ကို အကြာကြီး စောင့်ရှောက်ပေးထားရတာ မဟုတ်လား။ ငါ သတိမရခင်အထိ သူ ဘယ်မှ မသွားရဲလို့ အောင့်ထားရတာ ဖြစ်မှာပေါ့။ အခု ငါ သတိရလာပြီဆိုတော့ သူလည်း ရေအိမ်သာသွားမှ ဖြစ်တော့မှာလေ"

"အဲ့လိုလား"

ကျန်းကျင့်က မယုံကြည်သလို ထပ်မေးလိုက်သည်။

"သူ အကူအညီ ခေါ်လိုက်ရင် ရတာပဲလေ။ အပြင်မှာ လူတွေ အများကြီးပဲ။ သူ တစ်ချက်လောက် အော်ခေါ်လိုက်ရင် နင့်ကို ပြုစုပေးဖို့ လူတွေ အများကြီး ရောက်လာမှာပေါ့"

အခန်းထဲမှ ထွက်သွားပြီးနောက် အပြင်ဘက်သို့ ရောက်နေသည့် ကျိုးဝမ်ရှူက ထိုနှစ်ယောက်၏ စကားပြောသံကို ကြားလိုက်ရသဖြင့် မျက်လုံးအစုံကို လှန်ပစ်လိုက်သည်။

'ငါ ရေအိမ်သာသွားချင်နေတာ ဟုတ်လား'

'ကောင်းပြီလေ... ရေအိမ်သွားချင်နေတာဆိုတဲ့ အကြောင်းပြချက်က သူမကို အမှန်တရား ပြောပြရတာထက်စာရင်တော့ ပိုကောင်းပါသေးတယ်'

‘ငါလည်း ခုနက ဘာတွေ ဖြစ်သွားတာလဲ မသိတော့ဘူး၊ ဘာလို့များ ဒီလောက် ရူးမိုက်တဲ့ အကြံမျိုးကို တွေးလိုက်မိရတာလဲ’

'ဒါတွေ အကုန်လုံးက စူးယောင်ကွမ်းကြောင့်ပဲ။ သူမက အချိန်တိုင်း အဲ့ဒီ အနှစ်သာရမရှိတဲ့ ဝတ္ထုတွေကိုပဲ ထိုင်ဖတ်နေတာ။ ငါက မတော်တဆ တစ်ချက်နှစ်ချက် ကြည့်မိရုံနဲ့ အဲ့ဒီစာကြောင်းကို မှတ်မိသွားပြီး အခုလိုမျိုး ဆေးတိုက်ဖို့ ချက်ချင်း တွေးမိသွားတာလေ'

'ကံကောင်းလို့ သူမ သတိရလာတာ၊ မဟုတ်ရင်တော့...'

"ဝမ်ရှူ... ယောင်ကွမ်း သတိရလာပြီဆိုတာ ဟုတ်လား"

ကျန်းယင်းတိက အနားသို့ လျှောက်လာပြီး မေးမြန်းနေလေသည်။

"သူ ဘယ်လိုနေသေးလဲ"

"စိတ်မပူပါနဲ့ ဒေါ်လေး၊ သူ အဆင်ပြေပါတယ်။ အခု ကျန်းကျင့်က သူ့ဘေးမှာ ရှိနေပါတယ်"

"အော့မိသော့ဖော၊ ဒါက တကယ်ကို ဝမ်းသာစရာပဲ၊ တကယ့်ကို ဝမ်းသာစရာပဲ။ ဗုဒ္ဓနဲ့ နတ်ဘုရားတွေက ငါတို့ရဲ့ ဆုတောင်းသံတွေကို ကြားသွားပြီပဲ။ ခုနကပဲ လူပမာတွေ ရာနဲ့ချီပြီး ယောင်ကွမ်း အသက်ရှည်ကျန်းမာဖို့ ဆုတောင်းပေးနေကြတာလေ"

All Chapters