အခန်း ၁၅၂
Vol. 16 Ch. 152
အခန်း ၁၅၂ သဲလွန်စများ
စူးယောင်ကွမ်း ဖျားနာနေခြင်းက လူတိုင်း၏ အထူးဂရုစိုက်မှုကို ချက်ချင်း ရရှိသွားစေခဲ့သည်။ လူတိုင်းက သူမကို အခန်းပြင်သို့ပင် ထွက်ခွင့်မပေးဘဲ ငါးရက်တိုင်တိုင် အနားယူစေခဲ့သည်။
သူမ နားနေရသည့်ရက်များအတွင်း လူတိုင်းက အလှည့်ကျ စောင့်ရှောက်ပေးခဲ့ကြသည်။
ဤတစ်ကြိမ်တွင်တော့ ကျိုးဝမ်ရှူ၏ အလှည့်ဖြစ်သည်။ သူက အနေရခက်စွာဖြင့် လူနာကို စောင့်ရှောက်ပေးချင်ကြောင်း ကမ်းလှမ်းလိုက်ပြီး အခြားသူများကို အနားယူခိုင်းလိုက်သည်။
ကျန်းညီအစ်မများကလည်း ထိုလူငယ်နှစ်ဦးအား အချိန်ပိုပေးချင်နေကြပြီး သူမတို့၏ အလှည့်များကို ကျိုးဝမ်ရှူကို ပေးချင်နေကြသည်။
‘ဘယ်လိုလုပ် သူ့ကို ဒီလောက်ဝေးဝေးမှာ နေခွင့်ပြုနိုင်တာလဲ’
ကျိုးဝမ်ရှူက ထိုနေ့က ဆေးတိုက်ပေးလိုက်မိသည့်ကိစ္စကြောင့် အနည်းငယ် အနေရခက်နေခဲ့သည်။ စူးယောင်ကွမ်းက အတော်လေး တုံးအပြီး သူ့အပြုအမူများ ထူးဆန်းနေသည်ကို သတိမထားမိသော်လည်း သူကိုယ်တိုင်ကတော့ ထိုအဖြစ်အပျက်ကို မေ့မရနိုင်ဖြစ်နေခဲ့သည်။
စူးယောင်ကွမ်းက သူ့ကို မောင်ငယ်တစ်ယောက်လို သဘောထားကြောင်း အမြဲပြောနေပြီး သူကလည်း သူမ ပြောသလိုပဲ မိသားစုဝင်တစ်ယောက်လို သဘောထားရန် ကြိုးစားခဲ့သည်။ သို့သော် သူ၏ မသင့်လျော်သည့် အပြုအမူက သူတို့၏ ' သဟဇာတဖြစ် လှသော' မောင်နှမဆက်ဆံရေးကို ပျက်စီးလုနီးပါး ဖြစ်သွားစေခဲ့သည်။ သန်းခေါင်ယံအချိန်တွင်ပင် သူ စိတ်အနှောင့်အယှက် ဖြစ်ရပြီး သူ့ကိုယ်သူ ပြန်ရိုက်ချင်စိတ်ပေါက်နေရသည်။
"အဒေါ်ကြီး ဘာတွေ သယ်လာတာလဲ"
ကျိုးဝမ်ရှူက အဝတ်အစားများ အပြည့်ပါသော ခြင်းတောင်းကြီးကို သယ်လာသည့် အမျိုးသမီးကြီးတစ်ဦးအား မြင်လိုက်ရသဖြင့် လှမ်းမေးလိုက်သည်။
အဝတ်လျှော်ပေးရန် တာဝန်ယူထားသည့် ထိုအမျိုးသမီးကြီးက ကျိုးဝမ်ရှူ၏ မေးခွန်းကို ချက်ချင်း ပြန်ဖြေလိုက်သည်။
"သခင်လေးကျိုး... ဒါတွေက သူဌေးစူးရဲ့ ကိုယ်ပိုင်ပစ္စည်းတွေပါ။ ကျွန်မ လျှော်ပြီး အခြောက်ခံထားလို့ အခု သူဌေးစူးဆီ သွားပို့မလို့ပါ"
စူးယောင်ကွမ်း၏ အဝတ်အစားများ ဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် ကျိုးဝမ်ရှူက ချက်ချင်း စစ်ဆေးရန် ပြင်လိုက်သည်။ သို့သော် အဝတ်စကို မထိရသေးခင်မှာပင် သူက သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။
"ဒါဆို... သွားပို့လိုက်ပါ"
ထို့နောက်တွင် ကျိုးဝမ်ရှူက လေထဲမှ အနံ့တစ်ချက် ရှူရှိုက်လိုက်ပြီး ခြင်းတောင်းဆီသို့ အကြည့်ရောက်သွားကာ ထိုအမျိုးသမီးကြီးကို ပြန်ခေါ်လိုက်သည်။
"ခဏနေဦး..."
ကျိုးဝမ်ရှူက အဝတ်အစားများကို ကောက်ကိုင်ပြီး အနံ့ခံနေသောကြောင့် ထိုအမျိုးသမီးက သူ့ကို ဇဝေဇဝါဖြင့် ကြည့်နေလေသည်။
‘အခုမှ လျှော်ထားတဲ့ အဝတ်တွေမှာ ဘာများထူးဆန်းစရာရှိမှာလဲ။ သခင်လေးကျိုးက အဝတ်တွေ မသန့်ရှင်းဘူးလို့ ထင်နေတာလား’
ထိုအမျိုးသမီးကြီးက အနည်းငယ် မကျေမနပ် ဖြစ်သွားပုံရသည်။
ကျိုးဝမ်ရှူကတော့ ထူးဆန်းသော အနံ့တစ်ခုကို ရလိုက်သဖြင့် သူမကို ပြန်မေးလိုက်သည်။
"ဒီအဝတ်တွေကို လျှော်ထားတယ်ဆိုရင် ဘာလို့ အနံက ဒီလောက် ဆိုးနေရတာလဲ"
ထိုအမျိုးသမီးကြီးကလည်း အဝတ်များကို ကောက်ကိုင်ပြီး အနံ့ခံကြည့်လိုက်ရာ အနံ့သင်းသင်းလေး တစ်ခုသာ ရလိုက်သည်။ အမှန်တကယ်တွင် ဤနေရာက လူနာများနှင့် ပြည့်နေသည့်အတွက် လေထဲတွင် ဆေးနံ့များ စွဲနေခြင်းပင်။ သို့သော် ကျိုးဝမ်ရှူ ပြောသလောက်တော့ အနံ့ဆိုးမနေပေ။
"သခင်လေးကျိုးရယ်... ကျွန်မတို့က လူနာတွေကြားထဲပဲ အမြဲသွားလာနေရတာလေ၊ အနံ့ နည်းနည်းပါမှာပေါ့။ သခင်လေး ထောက်ပြမှပဲ ကျွန်မ သတိထားမိတော့တယ်။ သခင်လေးက တင်းကျပ်လွန်းနေပြီ မဟုတ်ဘူးလား"
"ခင်ဗျား ပြောတာလည်း ဟုတ်တာပဲ"
ကျိုးဝမ်ရှူက ခြင်းတောင်းကြီးကို လှမ်းယူလိုက်သည်။
"ဒါတွေ ကျွန်တော့်ဆီပဲ ပေးခဲ့လေ၊ ကျွန်တော်လည်း အခန်းထဲ ဝင်မှာဆိုတော့ ကျွန်တော်ပဲ သယ်သွားပေးလိုက်ပါ့မယ်"
"ဟုတ်ကဲ့ပါ"
ထိုအမျိုးသမီးကြီးက ဝါးခြင်းတောင်းကို ကျိုးဝမ်ရှူလက်ထဲသို့ ထည့်ပေးလိုက်သည်။
ထိုအမျိုးသမီး ထွက်သွားပြီးနောက် ကျိုးဝမ်ရှူက အခန်းတံခါးမှတစ်ဆင့် စူးယောင်ကွမ်းကို သူ အပြင်ခဏ သွားစရာရှိပြီး ခဏနေမှ ပြန်လာမည်ဖြစ်ကြောင်းနှင့် အခန်းထဲတွင်သာ နေရန်၊ သူ သူမကြောင့် အဆူမခံရစေရန် မှာကြားလိုက်သည်။ စူးယောင်ကွမ်းက အခန်းထဲမှ စိတ်ရှုပ်ဟန်ဖြင့် ပြန်အော်ပြောလိုက်ပြီး သူမ လက်ထဲမှ ဆေးစာအုပ်ကိုသာ ဆက်လက် ဖတ်ရှုနေလိုက်သည်။
‘ဘာပဲဖြစ်ဖြစ် အပြင်မထွက်ရမှာတော့ ဒီအချိန်ကို အသုံးချပြီး နောက်ပိုင်း ကုန်ပစ္စည်းအသစ်တွေ ထုတ်လုပ်တဲ့အခါ အသုံးဝင်မယ့် အသိပညာတွေကို လေ့လာထားလိုက်တာကမှ ပိုကောင်းဦးမယ်’
ခြင်းတောင်းကို သယ်သွားသည့် ကျိုးဝမ်ရှူကတော့ ကျန်းကျင့်ကို သွားရှာဖွေခဲ့သည်။
"ဒီအဝတ်အစားတွေမှာ တစ်ခုခုမှားနေလားဆိုတာ ကြည့်ပေးပါဦး"
ထိုအဝတ်အစားများကို မြင်လိုက်ရချိန်တွင် ကျန်းကျင့်လည်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ထိုအရာများက စူးယောင်ကွမ်း၏ အဝတ်အစားများ ဖြစ်နေမှန်း သူမ သိထားပြီး ဖြစ်သည်။ သူမက ကျိုးဝမ်ရှူ နောက်သို့ လိုက်သွားခဲ့ပြီး ဆေးခန်းထဲသို့ ဝင်ကာ အဝတ်အစားများကို သေချာစစ်ဆေးလိုက်သည်။ သူမက သူ အနံ့ခံသလိုမျိုး အနံ့ခံကြည့်ခဲ့သေးသည်။
"ဒါကို ဘယ်ကရလာတာလဲ။ ဒီအနံ့က ရောဂါသည်တွေဆီကလာတဲ့ အနံ့ပဲ။ ရောဂါသည်တွေရဲ့ အဝတ်အစားတွေနဲ့ ရောနှောထားတာ သေချာတယ်။ တကယ်လို့များ ဒီအတိုင်း ဝတ်လိုက်ပြီး အရေပြားနဲ့ ထိမယ်ဆိုရင် ရောဂါကူးစက်နိုင်ခြေ အရမ်းများတယ်။ အခု ယောင်ကွမ်းက ဖျားနေတာဆိုတော့ သာမန်လူတွေထက်တောင် ရောဂါကူးစက်ဖို့ ပိုလွယ်နေသေးတယ်"
"အဝတ်လျှော်ဖို့ တာဝန်ယူထားတဲ့ အဒေါ်ကြီးဝမ်က ကျွန်တော့်ကို လာပေးသွားတာ။ ဒါပေမဲ့ ယောင်ကွမ်းက အဒေါ်ကြီးဝမ်ရဲ့ အသက်ကို ကယ်ထားဖူးတော့ အဒေါ်ကြီးက ယောင်ကွမ်းကို အမြဲတမ်း လေးစားနေခဲ့တာ။ သူက ယောင်ကွမ်း ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး၊ တခြားတစ်ယောက်ယောက်က ဒီလိုလုပ်လိုက်တာ ဖြစ်ရမယ်"
"ဘယ်သူလုပ်လုပ် ဒီအဝတ်အစားတွေကတော့ ဝတ်လို့ မရတော့ဘူး။ ကံကောင်းလို့ ရှင် အချိန်မီ သိလိုက်တာ၊ တကယ်လို့ ယောင်ကွမ်းသာ ဝတ်လိုက်မိရင်တော့ အရမ်း ဒုက္ခရောက်သွားမှာ သေချာတယ်။ ဒီက ရောဂါသည်အသစ်တွေကို ကြည့်လေ၊ သူတို့ကိုယ်ခန္ဓာတွေမှာ အနာတွေ အများကြီးပဲ၊ မျက်နှာပေါ်မှာတောင် ပြည်တည်နာတွေ ပေါက်နေတာ။ ပျောက်သွားရင်တောင် အမာရွတ်တွေ ကျန်ခဲ့မှာ"
"ဘယ်သူလဲဆိုတာ မသိသေးရင်တော့ သူတို့ဘာသာ ပေါ်လာအောင်ပဲ စောင့်ရမှာပေါ့"
ကျိုးဝမ်ရှူက အံ့ကြိတ်သံဖြင့် ထပ်ပြောလိုက်သည်။
"ကျွန်တော် ဒီအဝတ်တွေကို အရင် ပြန်ယူသွားလိုက်မယ်"
"လက်ကို အရင် ဆေးလိုက်ဦး"
ကျန်းကျင့်က သူ့အတွက် ဆေးရည်တစ်ခွက်ကို ယူလာပေးခဲ့သည်။
ကျန်းကျောက်တိတို့အဖွဲ့က ထိုဆေးရည်နှင့် နေ့တိုင်း ရေချိုးခဲ့ကြသည်။ သူတို့၏ အဝတ်အစားများကိုပင် ညတိုင်း ဆေးရည်စိမ်ထားပြီး နောက်နေ့ကျမှ လျှော်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့၏ အဝတ်အစားများတွင် ဆေးဖက်ဝင်အပင်နံ့လေးများ စွဲနေသည်မှာ ပုံမှန်ဖြစ်သည်။ အခြားအနံ့များ ရောနှောနေခြင်းကသာ မူမမှန်ခြင်းပင်။
စူးယောင်ကွမ်းက ကျိုးဝမ်ရှူတစ်ယောက် ဝါးခြင်းတောင်းအား ကိုင်ပြီး ပြန်လာသည်ကို မြင်သွားသောကြောင့် လှမ်းယူရန် ကြိုးစားလိုက်သည်။ သို့သော် ကျိုးဝမ်ရှူက ရှောင်တိမ်းလိုက်သည်။
"နင် ဘာလုပ်နေတာလဲ"
"ဒီအဝတ်တွေမှာ တစ်ခုခု မှားနေတယ်၊ မထိနဲ့"
ကျိုးဝမ်ရှူက ဝါးခြင်းတောင်းကို ပြတင်းပေါက်နားတွင် ချထားလိုက်သည်။
စူးယောင်ကွမ်းက သူမ၏ အတွင်းခံအဝတ်အစားများကို မြင်သွားခဲ့ပြီး သူမ၏ မျက်နှာလေး အနည်းငယ် ရဲတက်သွားကာ အနေရခက်ဟန်ဖြင့် ပြောလိုက်သည်။
"ဒါတွေ အကုန်လုံးက ကျွန်မအဝတ်တွေလေ၊ ဘာတွေ ဖြစ်နေလို့လဲ"
"ပြဿနာကြီးကြီးမားမား ဖြစ်နေတာ"
ကျိုးဝမ်ရှူက ထပ်ရှင်းပြလိုက်သည်။
"ကျွန်တော် ခုနကပဲ ကျန်းကျင့်ကို သွားပြပြီးပြီ၊ သူ ပြောတာက ဒီအဝတ်တွေကို ရောဂါသည်တွေရဲ့ အဝတ်တွေနဲ့ ရောထားတာတဲ့။ တစ်ယောက်ယောက်က ခင်ဗျား ကပ်ရောဂါခံစားရအောင် လုပ်ချင်နေတာပဲ"
"ဘယ်သူလုပ်တာလဲ"
"မသိဘူး။ ဒါပေမဲ့ ဒီအလုပ်ကို လုပ်တဲ့သူက ခင်ဗျား ဒုက္ခရောက်တာကို မြင်ချင်နေတာ သေချာတယ်။ ခင်ဗျားသာ ဖျားနေသလိုမျိုး ဟန်ဆောင်နေရင်တော့ အဲ့ဒီလူက သူ့ဘာသာသူ ပေါ်လာလိမ့်မယ်"
"ကောင်းပြီလေ။ ဒီလို အနောက်ကနေ ဓားနဲ့ထိုးတဲ့ လူယုတ်မာက ဘယ်သူလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"
ကျန်းရိဟွမ်းက ဝါးတဲအိမ်ထဲသို့ အပြေးလေး ဝင်သွားခဲ့သည်။ အိမ်ထဲသို့ ရောက်သည်နှင့် ဝမ်ရှီက ရှောင်းယန်ချီအား ယာဂုတိုက်နေသည်ကို သူမ မြင်လိုက်ရသည်။ သူမ၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး ဒေါသတကြီး လှမ်းအော်လိုက်သည်။
သူမ ယာဂုပန်းကန်ကို မှောက်ချလုနီးနီး ဖြစ်သွားချိန်မှာပင် ရှောင်းယန်ချီက သံသယဖြစ်နေဟန်ဖြင့် လှမ်းကြည့်လိုက်သည်။ သူမကို မြင်လိုက်ရသည့်အချိန်တွင် သူ့မျက်နှာပေါ်မှ အပြုံးများလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်တွင် ကျန်းရိဟွမ်းကလည်း သူမ၏စိတ်ကို ပြန်ထိန်းနိုင်ခဲ့သည်။
ရှောင်းယန်ချီက အပြစ်ကင်းစင်ပြီး စိတ်သဘောထား ဖြူစင်သည့် မိန်းကလေးမျိုးကို သဘောကျတတ်မှန်း သူမ နားလည်ထားခဲ့သည်။ သို့သော် ဝမ်ရှီ၏ ဆေးဝါးကိစ္စကြောင့် သူမ၏ပုံရိပ် အကြီးအကျယ် ထိခိုက်သွားခဲ့ရသည်။ ထို့အပြင် သူမ မစင်တွင်းထဲသို့ ပြုတ်ကျပြီးနောက် ပုံပျက်ပန်းပျက် အခြေအနေကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသဖြင့် သူမ၏ အပြစ်ကင်းစင်သော ပုံရိပ်များက အစအနပင် မကျန်တော့ချေ။ ထို့ကြောင့် သူ၏မျက်ဝန်းထဲမှ အရိပ်အယောင်များ မှိန်ဖျော့သွားခဲ့ပြီး သူမအပေါ် ထားရှိခဲ့သည့် ချစ်ခင်မြတ်နိုးမှုများလည်း ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
မစင်တွင်းထဲသို့ ပြုတ်ကျရသည်မှာ ကံဆိုးခြင်းဟု ဆိုနိုင်သော်လည်း ဝမ်ရှီ၏ ဆေးဝါးကိစ္စကတော့ သူမအတွက် မမျှတမှုတစ်ခု ဖြစ်ခဲ့သည်။ သူမ ဘာအမှားအယွင်းမှ မလုပ်ခဲ့သော်လည်း လူတိုင်းက သူမတွင်သာ တာဝန်ရှိသည်ဟု သတ်မှတ်ကြခြင်းကို သူမ နားမလည်နိုင်ခဲ့ချေ။
‘ဆေးကို ငါ့အိတ်ထဲမှာ တွေ့ခဲ့ရတာကလည်း ထင်ရှားလွန်းတဲ့ ချောက်ချမှုတစ်ခုဆိုတာ ဘယ်သူမှ မမြင်နိုင်ကြဘူးလား။ ဒီလူတွေက အားလုံး ဝက်တွေလား။ ပြီးတော့ ရှောင်းယန်ချီ... သူကရော ဘာကြောင့် ငါ့ထက်စာရင် အဲ့ဒီ မိန်းမယုတ်မ ဝမ်ရှီကို ပိုယုံကြည်နေရတာလဲ။ သူ ငါ့အပေါ်ထားတဲ့ ချစ်ခင်မှုက ဒီလောက်တောင် လွယ်လွယ်နဲ့ ကျိုးပဲ့သွားရတာလား’
"အစ်ကိုရှောင်း... ကျွန်မ ဘုရားကျောင်းဆောင်ဘက် သွားရင်းနဲ့ စာအုပ်အချို့ ရခဲ့တယ်။ အစ်ကို သဘောကျမလားတော့ ကျွန်မ မသိဘူး၊ အချိန်ဖြုန်းဖို့ အသုံးဝင်မယ် ထင်လို့ ယူလာခဲ့မိတယ်"
ကျန်းရိဟွမ်း ယူလာပေးသည့် စာအုပ်များကို မြင်လိုက်ရချိန်တွင် ရှောင်းယန်ချီ၏ မျက်ဝန်းများက ပြန်နူးညံ့သွားသည်။
"ဟိုဘက်မှာ ရှိနေတာက အသည်းအသန်ဖြစ်နေတဲ့ ရောဂါသည်တွေချည်းပဲ၊ မင်း ဘာလို့ အဲ့ဒီနား သွားနေတာလဲ"
"အစ်ကို ဒီရက်ပိုင်း စိတ်ညစ်နေတာကို ကျွန်မ သတိထားမိလို့ပါ၊ အစ်ကို ပျင်းနေမလားလို့လည်း တွေးမိတယ်။ တောင်ပေါ်ကနေ ဘယ်တော့ ပြန်ဆင်းနိုင်မယ်ဆိုတာလည်း မသိရသေးဘူး၊ ဒီအတိုင်းသာ ဆက်သွားနေရင် ဘယ်လောက်တောင် ပင်ပန်းဆင်းရဲလိုက်မလဲ။ ကျွန်မကတော့ ဘာမှမဖြစ်ပါဘူး။ အစ်ကိုသာ ပျော်ရွှင်မယ်ဆိုရင် ကျွန်မ ဘာမဆို လုပ်ပေးဖို့ ဝန်မလေးပါဘူး"
ကျန်းရိဟွမ်းက ရှက်ရွံ့ဟန်လေးဖြင့် ပြောနေခဲ့သည်။
"ဟွမ်းအာ.... ရှင်က အရမ်း ကြင်နာတတ်တာပဲ၊ သခင်လေးရှောင်းကတော့ ဒီလောက် စိတ်ကောင်းရှိတဲ့ ချစ်သူလေးရထားတာ တကယ့်ကို ကံကောင်းတာပဲနော်"
ဝမ်ရှီက ဝင်ပြောလာပြန်သည်။
"ရှင်တို့ မကြာခင် မင်္ဂလာဆောင်တော့မှာ မဟုတ်လား။ ကျွန်မရဲ့ ပန်းထိုးလက်ရာက တော်တော်လေး ကောင်းပါတယ်၊ ကျွန်မဘက်ကလည်း ပါဝင်ကူညီတဲ့အနေနဲ့ မင်္ဂလာဝတ်စုံ ဒါမှမဟုတ် တခြားတစ်ခုခုကို ပန်းထိုးပေးပါရစေ"
သူမက ပြောနေရင်းဖြင့် မျက်လုံးများ နီရဲလာကာ ရှောင်းယန်ချီကို ဝမ်းနည်းကြေကွဲနေသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။