အခန်း ၁၅၄
Vol. 16 Ch. 154
အခန်း ၁၅၄ ထင်းထပ်ထည့်ပေးခြင်း
ကျန်းရိဟွမ်းတစ်ယောက် သူမ၏ နာကျင်ကိုက်ခဲနေသော လည်ပင်းကို ပွတ်သပ်ရင်း ထထိုင်လိုက်သည်။
"ငါ ဘယ်ရောက်နေတာလဲ"
သူမက သူမ၏ရှေ့တွင် ရှိနေသော စုတ်ပြတ်နေသည့် ဝါးတဲအိုလေးကို ကြည့်ရင်း ဇဝေဇဝါ ရေရွတ်နေလေသည်။ သူမ သတိမေ့မလဲသွားမီ ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်မှတ်မိသွားချိန်တွင်တော့ သူမ ပျဉ်ပြားအစုတ်ကြီးပေါ်မှ ခပ်သွက်သွက် လူးလဲထကာ တံခါးဆီသို့ ပြေးသွားလိုက်သည်။ သို့သော် တံခါးကတော့ လုံးဝ ဖွင့်မရခဲ့ချေ။
"အပြင်မှာ လူရှိလား၊ တစ်ယောက်ယောက် ကူညီကြပါ၊ တံခါးဖွင့်ပေးပါ။ တံခါးကို မြန်မြန်ဖွင့်ပေးကြပါရှင့်"
ကျန်းရိဟွမ်းက အော်ဟစ်အကူအညီတောင်းနေခဲ့သည်။
"စူးယောင်ကွမ်း... ဒါက နင်ဆိုတာ ငါသိတယ်နော်။ ငါ့ကို လွှတ်ပေး... ဒါက ရာဇဝတ်မှုမြောက်တယ်"
"ကယ်ကြပါဦး။ နင် ဘာလုပ်မလို့လဲ... ကယ်ကြပါဦး"
"စူးယောင်ကွမ်း... ငါ မှားသွားပါတယ်၊ နောက်တစ်ခါ မလုပ်တော့ပါဘူး၊ နောက်တစ်ခါ လုံးဝ မလုပ်တော့ပါဘူး။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ၊ စူးယောင်ကွမ်း..."
"အစ်ကိုရှောင်း... ကျွန်မကို ကယ်ပါဦး၊ ကူညီပါဦး... ကျွန်မ ဒီမှာ ပိတ်မိမနေချင်ဘူး"
ကျန်းရိဟွမ်းက တံခါးကို တဒုန်းဒုန်း ထုရိုက်ရင်း ဆက်တိုက် အော်ဟစ်နေခဲ့သည်။ ရလဒ်အနေဖြင့် နောက်ဆုံးတွင် သူမ၏ အသံများ တဖြည်းဖြည်း အက်ကွဲဝင်ကာ လည်ချောင်းပင် အလွန်အမင်း နာကျင်လာရသည်။
"အမေ... အမေ... သမီးကို ကယ်ပါဦး၊ အမေ..."
ကျန်းရိဟွမ်းက နောက်တကြိမ် အားယူထလိုက်ပြီး ပြတင်းပေါက်ကို ဖွင့်ရန် ကြိုးစားလိုက်သော်လည်း ထိုနေရာကိုပင် သံမှို ရိုက်ကာ ပိတ်ထားခဲ့ချေပြီ။
ဤအခန်းအတွင်း၌ ပျဉ်ချပ်ခုတင်အပြင် ကျန်ရှိနေသည့်အရာဟူ၍ ဟောင်းနွမ်းနေသော ဝါးအသုံးအဆောင်ပစ္စည်း တချို့သာ ရှိသည်။ ထိုအရာများက အလေးချိန်မရှိသဖြင့် တံခါးကို ဖျက်ဆီးရန်အတွက် အသုံးပြု၍ မရနိုင်ပေ။ ထို့အပြင် နံစော်နေသော အဝတ်အစားအချို့လည်း ရှိနေသေးရာ ထိုအနံ့ဆိုးကြောင့် သူမ အသက်ရှူကျပ်လုနီးပါး ဖြစ်နေရသည်။
‘နေပါဦး...
အဝတ်အစားတွေလား...
ဒီစုတ်ပြတ်နေတဲ့ ဝါးတဲအိုကြီးက လူမနေတာ ကြာလှပြီမှန်း သေချာနေတယ်၊ အဲ့ဒါကို ဘာလို့ ဒီလောက် နံစော်နေတဲ့ အဝတ်အစားတွေ အများကြီး ရှိနေရတာလဲ’
ကျန်းရိဟွမ်းတစ်ယောက် ထိုအဝတ်အစားများကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်ရင်း အော်ဟစ်လိုက်မိပြန်သည်။
"စူးယောင်ကွမ်း... နင်က တကယ်ကို ရက်စက်လွန်းတယ်"
.....။.....။.....
ဝမ်ရှီက ရှောင်းယန်ချီကို ကြက်စွပ်ပြုတ် တိုက်ကျွေးနေခဲ့သည်။ ရှောင်းယန်ချီက တစ်ပန်းကန်လုံး ကုန်အောင် သောက်လိုက်သည်ကို မြင်ရပြီးမှသာ သူမက ညင်ညင်သာသာ လှမ်းပြောလိုက်သည်။
"သခင်လေး အစားအသောက် ပြန်စားဝင်လာတာ ကြာပြီပဲ၊ ကြည့်ရတာ မကြာခင် တောင်ပေါ်က ဆင်းနိုင်တော့မယ့် ပုံပဲနော်"
"ဒီနေရာက မြင့်မြတ်တဲ့ ဗုဒ္ဓနယ်မြေလေ။ မင်း ဒီမှာ ကြက်စွပ်ပြုတ် လုပ်တာက မသင့်တော်ဘူး မဟုတ်လား"
ရှောင်းယန်ချီက ထိုသို့ မေးမြန်းလိုက်သောကြောင့် ဘေးနားရှိ ကျောင်းသားများက တစ်ယောက်ကို တစ်ယောက် မျက်မှောင်ကုတ် စိုက်ကြည့်လိုက်ကြပြီး သူတို့၏မျက်နှာများပေါ်တွင် စက်ဆုပ်ရွံရှာမှုများ ပြိုင်တူထွက်ပေါ်လာခဲ့သည်။
'တကယ်လို့ သူသာ မကောင်းဘူးလို့ ထင်ခဲ့ရင် မစားခင်ကတည်းက ပြောသင့်တာပေါ့၊ ပြီးတော့ လုံးဝ မစားသင့်ဘူးလေ။ အခုတော့ ကြက်သားကော စွပ်ပြုတ်ကော ကုန်အောင် သောက်ပြီးမှ ကြက်သားစားမိတာကို နောင်တရချင်ယောင် ဆောင်နေတယ်'
"ဒါက တောင်ပေါ်က တောကြက်ပါ၊ ကျွန်မ မုဆိုးတစ်ယောက်ဆီကနေ ဝယ်ခဲ့တာ၊ ပြီးတော့ ဘုရားကျောင်း မီးဖိုချောင်ကို မသုံးဘဲ တောင်ပေါ်က မြေကျင်းထဲမှာပဲ ချက်ပြုတ်ပြီး ယူလာခဲ့တာပါ"
ဝမ်ရှီက ဆက်ရှင်းပြနေရှာသည်။
"သခင်လေးက နေမကောင်းဖြစ်နေတာ ကြာပြီဆိုတော့ သေသေချာချာ ဂရုစိုက်ပေးဖို့ လိုအပ်လို့ပါ"
"မင်း တကယ်ကို တွေးပေးတတ်ပြီး အလိုက်သိတာပဲ"
"ဒါက ကျွန်မ လုပ်သင့်လုပ်ထိုက်တဲ့ အရာပါပဲ"
ထိုနောက် ဝမ်ရှီက တံခါးဝဆီသို့ ဇဝေဇဝါ အမူအရာဖြင့် လှမ်းကြည့်လိုက်ရင်း ရေရွတ်လိုက်သည်။
"ထူးဆန်းတယ်။ ကျန်းမိန်းကလေးကို မတွေ့မိပါလား၊ သခင်လေး... ကျန်းမိန်းကလေး လမ်းပျောက်သွားတာများလားဟင်၊ ကျွန်မ သွားရှာလိုက်ဦးမယ်"
"သူ ဒီတောင်ပေါ်မှာ နေလာတာ တော်တော်ကြာပြီပဲ၊ ပြီးတော့ ဒီနေရာက ရှာရတာလည်း မခက်ပါဘူး၊ ဘယ်လိုလုပ် လမ်းပျောက်နိုင်မှာလဲ။ သူ့စိတ်က ကလေးစိတ်ပဲ ရှိသေးတော့ တစ်စုံတစ်ယောက်ကို ပြုစုရတဲ့ ဒုက္ခကို ခံနိုင်ရည်မရှိလို့ ဖြစ်မှာပါ။ ခနနေလို့ သူ့ကို တွေ့ရင် အချိန်ဖြုန်းသလို မဖြစ်အောင် တောင်အောက်ကိုပဲ ပြန်ဆင်းခိုင်းလိုက်တော့မယ်"
"ကျန်းမိန်းကလေးက သခင်လေးအပေါ် တကယ် စိတ်ရင်းမှန်တာပါ။ သခင်လေးအနားမှာနေပြီး ပြုစုစောင့်ရှောက်ပေးချင်လို့ ဒီမှာ နေခဲ့တာပေါ့။ ဒါပေမယ့် သူက ငယ်သေးတော့ လူပမာကို မပြုစုတတ်ရုံတင်ပါ။ ကျွန်မ သူ့ကို သင်ပေးပါ့မယ်၊ သူက ဉာဏ်ကောင်းတော့ အမြန်ဆုံး သင်ယူနိုင်မှာပါ"
ဝမ်ရှီက ထပ်ပြောနေသောကြောင့် ရှောင်းယန်ချီက ခဏတာ တွန့်ဆုတ်နေပြီးမှ သူမ၏အကြံပြုချက်ကို သဘောတူ လက်ခံလိုက်သည်။
ကျန်းရိဟွမ်းက သူ့ကို ချစ်နေတုန်းပဲဟု သူ ယုံကြည်နေဆဲပင်။
'တကယ်လို့ သူမသာ ငါ့ကို တကယ်မချစ်ရင် အရင်ဘဝတုန်းက ဘာဂုဏ်ပုဒ်မှ မရှိဘဲ ငါ့နောက်ကို နှစ်ပေါင်းများစွာ လိုက်နေပါ့မလား... ပြီးတော့ ဒီလောက် ချစ်စရာကောင်းတဲ့ ကလေးကို မွေးပေးပါ့မလား'
သို့သော်လည်း ကျန်းရိဟွမ်းတစ်ယောက် ညဦးပိုင်းအထိ ပေါ်မလာခဲ့ချေ။
ဝမ်ရှီ သွားစုံစမ်းခဲ့သော်လည်း ကျန်းရိဟွမ်း ဘယ်ရောက်သွားသည်ကို မည်သူမျှ မသိကြချေ။ သူမ ပြန်လာပြီးနောက် ရှောင်းယန်ချီအား အခြေအနေ ရှင်းပြလိုက်ချိန်တွင် ရှောင်းယန်ချီက ဒေါသတကြီးဖြင့် ကြမ်းပြင်ကို လက်သီးဖြင့် ထုရိုက်နေလေသည်။
"သခင်လေး... ကျွန်မ ထင်တာတော့ ကျန်းမိန်းကလေးက..."
"သူ့ဘက်ကနေ ကာကွယ်မပြောနဲ့တော့"
ရှောင်းယန်ချီ၏ မျက်ဝန်းထဲတွင် စက်ဆုပ်ရွံရှာမှုများ ဖြတ်ပြေးသွားသည်။
"ဒါက သူပြောတဲ့ သံယောဇဉ်လို့ ခေါ်တဲ့အရာလား... ဟက်... ရယ်စရာကောင်းလိုက်တာ"
ဝမ်ရှီ၏ မျက်ဝန်းများထဲတွင်တော့ အောင်နိုင်သူတစ်ယောက်၏ အပြုံးတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
'အဲ့ဒီကောင်မစုတ်လေး... နောက်ဆုံးတော့ မရှိတော့ဘူးပဲ'
‘သူ့အပေါ် တကယ် စိတ်ရင်းနဲ့ ဂရုစိုက်တာက ငါတစ်ယောက်ပဲ ရှိတာကို ရှောင်းယန်ချီ သိအောင် ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ အရယူရမယ်’
.....။.....။.....
ထိုအချိန်တွင် စုတ်ပြတ်နေသည့် ဝါးတဲအိုအတွင်း၌ ကျန်းရိဟွမ်းတစ်ယောက် ဆာလောင်လွန်းသဖြင့် အော်ဟစ်ရန်ပင် အားအင်မရှိတော့ချေ။ ထိုလူများက သူမကို ဤနေရာတွင် ပိတ်လှောင်ထားပြီး အငတ်ထားကာ သတ်ပစ်တော့မည်ဟု သူမ ထင်နေခဲ့သော်လည်း ရုတ်တရက် အစားအစာ၏ ရနံ့တစ်ခုကို ရရှိလိုက်သည်။
ချက်ချင်းဆိုသလိုပင် ပြောင်းဖူးယာဂု အပြည့်ထည့်ထားသည့် ပန်းကန်လုံးအသေးလေးတစ်ခုက သူမဘေးနားရှိ အပေါက်ငယ်လေးမှတစ်ဆင့် အထဲသို့ ရောက်ရှိလာခဲ့သည်။
သူမက ပန်းကန်လုံးကို အမြန်ဖမ်းကိုင်လိုက်ပြီး အစားအစာ လာပို့သည့်လူကို ဖမ်းဆွဲရန် အပေါက်မှတစ်ဆင့် လက်လှမ်းလိုက်သော်လည်း ထိုလူက အနောက်သို့ ခပ်သွက်သွက် ဆုတ်ခွာသွားသဖြင့် သူမ အခွင့်အရေး မရလိုက်ချေ။
သူမ ကြမ်းပြင်ပေါ်တွင် လဲလျောင်းရင်း ထိုအပေါက်မှတစ်ဆင့် အပြင်သို့ ချောင်းကြည့်ကာ အော်ဟစ်လိုက်သည်။
"မသွားပါနဲ့"
သူမ မြင်လိုက်ရသည်က အမျိုးသားတစ်ဦး၏ ခြေထောက်တစ်ဖက်သာ ဖြစ်သည်။
"ကျေးဇူးပြုပြီး စူးယောင်ကွမ်းကို ပြောပေးပါ။ ငါ မှားခဲ့ပါတယ်၊ နောက်တစ်ခါ လုံးဝ မလုပ်ရဲတော့ပါဘူး၊ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ။ ကျေးဇူးပြုပြီး..."
ကျိုးဝမ်ရှူက အတွင်းမှ ထွက်ပေါ်လာသည့် အသံကို နားထောင်ရင်း လက်ပိုက်ကာ သူမကို လှောင်ပြုံးဖြင့် စိုက်ကြည့်နေသည်။
'ဒီမိန်းမက ကမ္ဘာပေါ်မှာ အလိမ်ညာတတ်ဆုံး မိန်းမပဲ... အခု ဘယ်လောက်ပဲ သနားစရာကောင်းအောင် ဟန်ဆောင်နေပါစေ၊ နောက်ပိုင်းကျရင် သူမရဲ့ ကလဲ့စားချေမှုက ပိုပြီး ရက်စက်ကြမ်းကြုတ်လာမှာ သေချာတယ်'
‘စူးယောင်ကွမ်းကတော့ သူမကို ခြောက်လှန့်ဖို့အတွက် ရောဂါသည်အဝတ်အစားတွေကိုပဲ ပေးဝတ်ထားဖို့ ပြောခဲ့တာ။ ဒါပေမယ့် အဲ့ဒါက သူမအတွက် သက်ညှာလွန်းရာကျတယ်။ ငါကတော့ ဘယ်အချိန်မှာ ဘာဖြစ်လာမလဲဆိုတဲ့ ထိတ်လန့်ခြောက်ခြားမှုကို သူမ အပြည့်အဝ ခံစားစေချင်သလို ရောဂါကူးစက်ခံရတဲ့အခါ ဖြစ်ပေါ်လာမယ့် စူးရှပြင်းထန်ပြီး မခံမရပ်နိုင်ဖြစ်ရတဲ့ နာကျင်မှုကိုလည်း မြည်းစမ်းစေချင်တယ်'
"ရှင် မထွက်သွားသေးဘူးဆိုတာ ကျွန်မ သိတယ်။ ရှင်က ကျိုးဝမ်ရှူ မဟုတ်လား။ ကျွန်မကို လွှတ်ပေးပါ၊ ရှင် ခိုင်းတာမှန်သမျှ အကုန်လုပ်ပေးပါ့မယ်။ ကျွန်မ... ကျွန်မက တကယ်တော့ ရှင့်ကို အရမ်းသဘောကျတာပါ။ ရှင် ကျွန်မကို တကယ်ပဲ ဒီမှာ ပိတ်လှောင်ထားတော့မှာလား"
ကျိုးဝမ်ရှူက နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်ပြီးမှ ပြန်ပြောလိုက်သည်။
"ဘယ်လို အညစ်အကြေးမျိုးက ငါ့နားကို ကပ်ဖို့ ကြိုးစားနေတာလဲ။ မင်းရဲ့ အချစ်က အရမ်းတန်ဖိုးရှိလှပြီလို့ မင်း ထင်နေတာလား၊ ရှောင်းချီလို လူအမျိုးကပဲ မင်းလို မာကျောတဲ့ ကျောက်ခဲနှလုံးသားနဲ့ မိန်းမရဲ့ လှည့်စားမှုကို ခံမှာ။ သေချာနားထောင်စမ်း... မင်းလို မိန်းမမျိုးက ယောင်ကွမ်းရဲ့ ဖိနပ်ကို သယ်ပေးဖို့တောင် မတန်ဘူး။ ယောင်ကွမ်း ဘာမှမဖြစ်လို့သာ မင်း ကံကောင်းသွားတယ်မှတ်၊ တကယ်လို့ သူသာ တစ်ခုခု ထိခိုက်သွားခဲ့ရင် မင်းကို ဒီမှာ ပိတ်လှောင်ထားရုံတင် ပြီးသွားမှာ မဟုတ်ဘူး။ ဒီထက်မက ပိုဆိုးသွားလိမ့်မယ်။ ဒီမှာ နာနာခံခံ နေပြီး မင်းအပြစ်တွေကို သေချာ ဆင်ခြင်နေလိုက်၊ ငါ စိတ်ကျေနပ်တဲ့အခါကျမှ မင်းကို လွှတ်ပေးချင်စိတ်ပေါက်လာရင် လွှတ်ပေးမယ်"
"ကျိုးဝမ်ရှူ... ရှင် ဒီလောက်အထိ ရက်စက်တတ်မှန်း စူးယောင်ကွမ်း သိရဲ့လား"
ကျန်းရိဟွမ်းက မကျေမနပ်ဖြင့် ပြန်အော်ဟစ်လိုက်သည်။
"စူးယောင်ကွမ်းက ရှင် ကျွန်မကို ပိတ်လှောင်ထားမှန်းတောင် သိမှာမဟုတ်ဘူး... ဟုတ်တယ်မလား"
ကျိုးဝမ်ရှူက ခပ်တိုးတိုး ရယ်မောလိုက်ရင်း ပြန်ပြောလိုက်သည်။
"ဟုတ်တယ်... သူ မသိဘူး။ ဒီလို ညစ်ပတ်တဲ့အလုပ်တွေကို ငါ့ဘာသာငါ လုပ်လို့ ရတယ်၊ သူ သိဖို့ မလိုဘူး"
"ရှင်က အရမ်းရက်စက်တာပဲ၊ ကျွန်မ စူးယောင်ကွမ်းကို သွားပြောပြလို့ သူ ရှင့်ကို မုန်းသွားမှာကို ရှင် မကြောက်ဘူးလား"
"ဒါဆိုရင်တော့ မင်း ဒီထဲကနေ အသက်ရှင်လျက် ထွက်နိုင်အောင် အရင်လုပ်သင့်တယ်။ ကျန်းမိန်းကလေး.... အခုအချိန်မှာ ငါ့ဒေါသကို ဆွပေးနေတာက ပညာရှိတဲ့သူတွေ လုပ်မယ့်အလုပ်မျိုး မဟုတ်ဘူးနော်။ ဒီနေရာက တောနက်ထဲမှာ ရှိတာ... ဘုရားကျောင်းက ဘုန်းကြီးတွေတောင် ဒီနေရာကို လုံးဝ မေ့နေကြပြီ။ တကယ်လို့ ငါသာ မင်းကို ရက်အနည်းငယ်လောက် အစာ မကျွေးဘဲ ထားလိုက်ရင် မင်း ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ဖူးလား"
"ကျိုးဝမ်ရှူ... ကျွန်မ မှားသွားပါပြီ၊ ကျွန်မ စူးယောင်ကွမ်းကို လုံးဝ သွားမပြောပါဘူး။ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ။ ကျေးဇူးပြုပြီး... ကျွန်မ အပြင်ရောက်ရင်တောင် စူးယောင်ကွမ်းကို မြင်တာနဲ့ ဝေးဝေးကနေ ရှောင်သွားပါ့မယ်"
"ဒါကတော့ မင်းရဲ့ အပြုအမူပေါ်ပဲ မူတည်တယ်"
ကျိုးဝမ်ရှူက တည်ငြိမ်စွာ ထပ်ပြောလိုက်သည်။
"တစ်ရက်ကို 'ငါက ရက်စက်ပြီး အတ္တကြီးတဲ့၊ အောက်တန်းကျတဲ့ မိန်းမပါ... စူးယောင်ကွမ်းရဲ့ ဖိနပ်ကို သယ်ပေးဖို့တောင် မတန်ပါဘူး' လို့ အကြိမ်တစ်သောင်းတိတိ အော်ပြောနေမယ်ဆိုရင်... ငါရဲ့ စိတ်ခံစားချက်တွေ ကောင်းသွားပြီး မင်းကို ပြန်လွှတ်ပေးတာမျိုး ဖြစ်လာနိုင်တယ်"
"အား..."
ကျန်းရိဟွမ်းတစ်ယောက် စိတ်ပျက်အားပျက်စွာ လဲပြိုသွားရသည်။
ကျိုးဝမ်ရှူက ပျော်ရွှင်စွာ ရယ်မောလိုက်ရင်း ထပ်ပြောလိုက်သည်။
"ထပ်ပြီး အော်ပါဦး... အဲ့ဒီအသံက နားထောင်လို့ တော်တော်ကောင်းတာပဲ"
.....။......။.....
နောက်ဆုံးတွင် စူးယောင်ကွမ်းတစ်ယောက် အပြင်သို့ ထွက်လာနိုင်ခဲ့ပြီ ဖြစ်သည်။
သူမက နေရောင်ခြည်ကို မော့ကြည့်ရင်း ကျေကျေနပ်နပ် ရေရွတ်နေလေသည်။
"အထဲမှာ ပိတ်မိပြီး ရောဂါဝေဒနာ ခံစားရတာက ဒီလိုမျိုးပါလား... လူနာတွေလည်း တရားထိုင်တဲ့ အခန်းထဲမှာ တစ်လလုံးလုံး နေခဲ့ရတာဆိုတော့ သူတို့ တော်တော်လေး ပင်ပန်းခဲ့ကြမှာပဲ"
"သခင်မလေးစူး... နေကောင်းသွားပြီလား"
လူမမာများကို ကူညီပြုစုပေးနေသည့် လူများက သူမ ပေါ်လာသည်ကို မြင်သည်နှင့် ဝမ်းသာအားရ နှုတ်ဆက်လာကြသည်။
"ဟုတ်ကဲ့... အခု အကုန်လုံး ပြန်ကောင်းသွားပါပြီ၊ လွန်ခဲ့တဲ့ ရက်ပိုင်းတွေမှာ အားလုံးပဲ တော်တော်လေး ပင်ပန်းသွားကြပြီ"
စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။