← Chapters

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း ၁၅၅ သူက ငယ်ပါသေးတယ်

စူးယောင်ကွမ်း အားအင်ပြန်ပြည့်လာပြီးနောက် ဘုရားကျောင်းအတွင်း၌ ရယ်မောသံများနှင့် အောင်ပွဲခံသံများ တစ်ကျော့ပြန် လွှမ်းမိုးသွားခဲ့သည်။

ကျိုးဝမ်ရှူက တံခါးဝကို မှီရပ်ရင်း စိတ်အားထက်သန်နေသည့် လူအုပ်ကြီး၏ ဝိုင်းအုံခြင်းကို ခံနေရသော စူးယောင်ကွမ်းကို ငေးကြည့်နေလေသည်။ လူတိုင်းက သူမ၏ လက်ထဲသို့ စားစရာများနှင့် အသုံးအဆောင်ပစ္စည်းများ အတင်းထိုးထည့်ပေးနေကြသည်။ ထိုလူများ၏ စိတ်အားထက်သန်မှုကို မခံနိုင်တော့သည့်အဆုံးတွင် စူးယောင်ကွမ်းတစ်ယောက် လူအုပ်ကြားထဲမှ တိုးဝှေ့ရုန်းထွက်ကာ ထွက်ပြေးသွားတော့သည်။

"သခင်မလေးစူးက ရှက်တတ်လွန်းတယ်၊ ဒါကတော့ မဖြစ်သေးပါဘူး"

အသက်ကြီးကြီး အမျိုးသမီးတစ်ဦးက အပြုံးဖြင့် ဝင်ပြောလိုက်သည်။

"မိန်းမပျိုလေးတွေက ငါတို့လို အသက်ကြီးတဲ့လူတွေလောက် အရေမထူသေးဘူးလေ။ နောက်ကျရင် သခင်လေးကျိုးနဲ့ ကလေးတွေ မွေးပြီး မိခင်တစ်ယောက် ဖြစ်လာတဲ့အခါ အခုလိုမျိုး အလွယ်တကူ ရှက်နေတော့မှာ မဟုတ်ဘူး"

"ဟဲ့... အဲ့ဒါက လိုပါသေးတယ်အေ၊ သခင်လေးကျိုးက ငယ်လွန်းသေးတယ်။ ငါ့အထင်တော့ သူတို့တွေ လင်မယားအရာမြောက်တဲ့အထိတောင် မရင်းနှီးသေးဘူး ထင်တယ်"

"အသေအချာပဲပေါ့၊ သူတို့ရဲ့ အိမ်ထောင်‌ရေး ပြီးမြောက်ပြီလားဆိုတာ တစ်ချက်ကြည့်လိုက်ရုံနဲ့ သိသာနေတာပဲ။ ဒါနဲ့ စကားမစပ်... သခင်လေးကျိုးက ငယ်လွန်းတော့ အဲ့ဒီကိစ္စက ဘယ်တော့မှ ဖြစ်လာမှာလဲ။ ငါ့အမြင်အရ ပြောရရင်တော့ သခင်မလေးစူးအနေနဲ့ အသက်ကြီးတဲ့ ယောကျာ်းတစ်ယောက်ကို ရှာသင့်တာ၊ အသက်ကြီးတဲ့ ယောကျာ်းတွေက လူကို ဘယ်လိုချော့ရမလဲဆိုတာ ပိုသိကြတယ်။ သခင်လေးကျိုးက ရုပ်ချောတာကလွဲရင် သခင်မလေးစူးနဲ့ သိပ်မလိုက်ဖက်ဘူးလို့ ငါ ထင်တယ်။ စဉ်းစားကြည့်လေ... သူက အရမ်းငယ်တော့ သခင်မလေးစူးကပဲ သူ့ကို ပြန်ချော့နေရတာလေ"

"အဒေါ်ဝမ်က တကယ့်ကို အစ်မကြီးပီသပါပေတယ်၊ ပြောတာက ကွက်တိပဲ။ ပြီးခဲ့တဲ့တစ်ခေါက်က သခင်လေးကျိုး စိတ်ကောက်နေတာကို ကျွန်မ မြင်လိုက်သေးတယ်၊ သခင်မလေးစူးက သူ့နောက်ကနေ လိုက်ပြီး သကြားလုံးလေးတွေနဲ့ အသည်းအသန် ချော့နေရတာ"

ကျိုးဝမ်ရှူ : "..."

'အဲ့တုန်းက အဖြစ်အပျက်က ငါက ရှောင်းယန်ချီကို တောင်ပေါ်ကနေ ပစ်ချပစ်ဖို့ အတင်းအကျပ် လုပ်နေခဲ့ပေမယ့် စူးယောင်ကွမ်းက ငြင်းဆန်ခဲ့တာလေ။ သူမဘက်က မှားနေမှန်း သိလို့ ငါ စိတ်ကျေနပ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့တာလေ။ ငါ့ကို ထန်ဟုလူတောင် ပေးခဲ့သေးတယ်'

'ငါက ငယ်တယ် ဟုတ်လား၊ ငါက ဘယ်နားမှာ ငယ်နေလို့လဲ။ ရုပ်ချောတာကလွဲရင် ဘာမှမလိုက်ဖက်ဘူးဆိုတာကရော ဘာသဘောလဲ၊ ငါ့ရဲ့ ရုပ်ရည်က ငါ့ရဲ့ အကြီးမားဆုံး အားသာချက်ပဲကွ။ တကယ်လို့ စူးယောင်ကွမ်းသာ ငါ့လို ရုပ်ချောတဲ့လူကို မရွေးရင်... တခြား ဘယ်သူ့ကို သွားရွေးရမှာလဲ။ အသက်ကြီးပြီး ရုပ်ဆိုးတဲ့လူကိုလား'

'မဟုတ်သေးပါဘူး... သူမ ဘယ်သူ့ကိုပဲ ရွေးရွေး ငါက ဘာလို့ စိတ်ပူနေရတာလဲ၊ ငါတို့က မောင်နှမတွေပဲလေ။ ငါတို့နှစ်ယောက် မလိုက်ဖက်ဘူးဆိုတာက ပုံမှန်ပဲပေါ့။ တကယ်လို့ လိုက်ဖက်နေရင်မှ မူမမှန်တာ ဖြစ်ရမှာလေ'

ကျိုးဝမ်ရှူတစ်ယောက် တစ်ကမ္ဘာလုံးက သူ့ကို ရန်လုပ်နေသကဲ့သို့ ခံစားချက်ဖြင့် ဒေါသတကြီး လှည့်ထွက်သွားခဲ့ပြီး လမ်းတစ်လျှောက်ရှိ ကျောက်ခဲများကို နာကြည်းချက်အပြည့်ဖြင့် ကန်ကျောက်နေလေသည်။

ရက်အနည်းငယ် ကြာပြီးနောက် နယ်ခံလူပမာများအနက် နောက်ဆုံးအသုတ် ဖြစ်သော လူပမာများ ရောဂါပြန်လည် သက်သာလာခဲ့ကြသည်။ ဘုရားကျောင်းမှ ဘုန်းကြီးများက သူတို့ကို တောင်အောက်သို့ လိုက်လံပို့ဆောင်ပေးရန် တာဝန်ယူခဲ့ကြပြီး ထိုလူများထဲတွင် ရှောင်းယန်ချီလည်း ပါဝင်နေသည်။

ရှောင်းယန်ချီက ကျန်းရိဟွမ်းကို မတွေ့ရသဖြင့် သူမတစ်ယောက်တည်း တောင်အောက်သို့ အရင်ဆင်းသွားပြီဟု ထင်မှတ်ကာ စိတ်ပျက်မှုများ ပိုမိုတိုးပွားနေခဲ့သည်။ သူက ရထားလုံးပေါ်တွင် ထိုင်နေရင်း ဘုရားကျောင်းရှိရာ ဘက်သို့ ရံဖန်ရံခါ လှမ်းကြည့်နေကာ စူးယောင်ကွမ်းနှင့် အခြားအမျိုးသမီးအချို့ ဘေးမှ ဖြတ်လျှောက်သွားသည်ကို မြင်သွားခဲ့သည်။

"မိန်းခလေးစူး..."

ကျန်းရွှယ်ကျီက စူးယောင်ကွမ်းကို လှမ်းခေါ်လိုက်သည်။

စူးယောင်ကွမ်းက လှည့်ကြည့်လိုက်ပြီး အပြုံးလေးဖြင့် ပြန်မေးလိုက်သည်။

"တောင်အောက် ဆင်းတော့မလို့လား"

"ဟုတ်ကဲ့... ဒီနေ့မနက်တင် သမားတော်ကျန်းက ကျွန်တော်တို့ကို နောက်ဆက်တွဲ စစ်ဆေးမှုတွေ လုပ်ပေးပြီး တောင်အောက်ဆင်းလို့ရပြီလို့ ပြောပါတယ်။ မိန်းခလေးစူးတို့ အားလုံးကို အများကြီး ကျေးဇူးပါတယ်ခင်ဗျာ၊ မဟုတ်ရင် ကျွန်တော်တို့တွေ အသက်ရှင်ဖို့ ကံပါလာမှာ မဟုတ်ပါဘူး။ ဒီကြီးမားတဲ့ ကြင်နာမှုနဲ့ ကျေးဇူးတရားတွေကို ကျွန်တော်တို့ တစ်သက်လုံး မေ့မှာ မဟုတ်ပါဘူး"

"ဒီတစ်ခေါက် ရှင် စာသင်ကျောင်းကို ပြန်ရောက်ရင် တော်ဝင်စာမေးပွဲအတွက် ပြင်ဆင်ရတော့မှာ မလား။ ဝမ်ရှူကတော့ တောင်ပေါ်မှာ ကျွန်မကို ကူညီပေးနေတုန်းပဲဆိုတော့ ဆရာနဲ့ ကျောင်းအုပ်ကြီးဆီမှာ သူ့အတွက် ခွင့်တိုင်ပေးပါဦး။ ကျွန်မတို့တွေက နေ့တိုင်း လူနာတွေ အများကြီးကို ကြည့်ပေးနေရတာဆိုတော့ နောက်ဆုံးလူနာ လုံးဝပြန်ကောင်းပြီး ထွက်သွားတဲ့အထိ ဝမ်ရှူ့ကို တောင်အောက် ပေးမဆင်းရဲသေးဘူးလို့ ပြောပေးပါ၊ သူ့မှာ ရောဂါပိုးတွေ ကပ်ကျန်နေဦးမှာ စိုးရိမ်လို့ပါ"

စူးယောင်ကွမ်းက မှာကြားလိုက်သည်။

ကျန်းရွှယ်ကျီကလည်း ချက်ချင်း သဘောတူလိုက်လေ၏။

"ဒါက ကိစ္စမရှိပါဘူး။ မိန်းခလေးစူးက လူ့အသက်တွေကို ကယ်တင်ပေးပြီး ကြီးမားတဲ့ ကြင်နာမှုကို ပေးခဲ့တာပါ။ ကျောင်းအုပ်ကြီးနဲ့ ဆရာတွေက ညီအစ်ကိုဝမ်ရှူကို သေချာပေါက် ချီးကျူးကြမှာပါ။ အစ်ကိုဝမ်ရှူကိုလည်း ပြောပေးပါ၊ ကျွန်တော်တို့ သူ စာသင်ကျောင်းကို ပြန်လာမယ့်အချိန်ကို စောင့်နေပြီး တော်ဝင်စာမေးပွဲကို အတူတူ သွားဖြေကြမယ်လို့"

"ကောင်းပါပြီရှင့်... လမ်းခရီးမှာ ဂရုစိုက်ကြပါဦး၊ ကျွန်မတို့ လိုက်မပို့တော့ဘူးနော်"

စူးယောင်ကွမ်းက သူ့ကို တစ်ချက်ကလေးမျှ သေချာမကြည့်ဘဲ ထွက်ခွာသွားသည်ကို မြင်လိုက်ရသောကြောင့် ရှောင်းယန်ချီတစ်ယောက် ရုတ်တရက် ရင်ဘတ်ထဲမှ မွန်းကျပ်လာသလို ခံစားလိုက်ရပြီး အသက်ရှူပင် ခက်ခဲသွားရသည်။

အတိတ်ဘဝတုန်းကဆိုလျှင် သူက စူးယောင်ကွမ်းကို သူနှင့် ဝေးဝေးတွင် ရှိနေစေချင်ခဲ့ပြီး သူမက သူ့ကို ဘယ်တော့မှ လာမနှောင့်ယှက်လျှင် အကောင်းဆုံးဟု တွေးခဲ့ဖူးသည်။ သို့သော်လည်း တကယ်တမ်း ထိုနေ့ရက်များသို့ ရောက်ရှိလာချိန်တွင်တော့ သူ ဤအခြေအနေကို လုံးဝ လက်မခံနိုင်ဖြစ်နေရပြန်သည်။

‘သူမက ငါ့အပေါ် ဘာလို့ ဒီလောက်တောင် အေးစက်သွားရတာလဲ။ ဒီဘဝမှာ သူမ ငါ့ကို ကြည့်တဲ့အကြည့်တွေက အရမ်းကို စိမ်းကားလွန်းနေတယ်။ ငါတစ်ယောက်တည်းအတွက် ဖြစ်သင့်တဲ့ သီးသန့်မျက်နှာသာပေးမှုတွေကလည်း 'ကျိုးဝမ်ရှူ' ဆိုတဲ့ လူဆီကို ရောက်ရှိသွားခဲ့ပြီ။’

ရှောင်းယန်ချီက အတိတ်ဘဝတုန်းက သူ ထိပ်တန်းပညာရှင် ဖြစ်လာခဲ့ပြီး သူမက ထိပ်တန်းပညာရှင်၏ ဇနီးဖြစ်လာခဲ့ပုံကို ပြန်တွေးနေမိသည်။

'ဒီဘဝမှာတော့ သူမ ထိပ်တန်းပညာရှင်ရဲ့ ဇနီးဖြစ်ခွင့် ရှိတော့မှာ မဟုတ်ဘူး။ အဲ့ဒီအချိန်ကျရင်တော့ သူမ အတိတ်တုန်းက မျက်စိကန်းခဲ့မိတာကို သူမ သေချာပေါက် နောင်တရရလိမ့်မယ်'

ထိုသို့ တွေးတောရင်း ရှောင်းယန်ချီတစ်ယောက် တော်ဝင်စာမေးပွဲအတွက် ပြင်ဆင်ရန် စာသင်ကျောင်းသို့ အခုချက်ချင်း အပြေးအလွှား ပြန်သွားရန် ဆုံးဖြတ်လိုက်တော့သည်။

ရထားလုံး ထွက်ခွာသွားပြီးနောက်မှသာ စူးယောင်ကွမ်းဘေးရှိ အမျိုးသမီးက လှမ်းပြောလိုက်သည်။

"အဲ့ဒီ ရှောင်းမျိုးရိုးစာသင်သားရဲ့ နင့်ကို ကြည့်တဲ့ အကြည့်က ဘာလို့ ထူးဆန်းနေရတာလဲမသိဘူး။ ကြည့်ရတာ တစ်ဖက်သတ်အချစ်ကို ခံစားနေရတဲ့ ပုံစံမျိုးပဲ"

"ဖူး..."

ဘေးနားရှိ လူများကလည်း ဝိုင်းဝန်းရယ်မောလိုက်ကြသည်။

"လုံးဝ မဖြစ်နိုင်ဘူး။ အဲ့ဒီ ရှောင်းမျိုးရိုးလူက မိန်းမတွေ အများကြီးနဲ့ ပတ်သက်ပြီး ရှုပ်ထွေးနေတာ။ သူက လူကောင်း မဟုတ်ဘူး။ ငါတို့ရဲ့ သခင်မလေးစူးက ဒီလောက်ကောင်းတဲ့လူလေ... စိတ်ရင်းကောင်းပြီး ရိုးသားတဲ့ ယောကျာ်းကောင်းတစ်ယောက်နဲ့ပဲ ထိုက်တန်တာ"

"အမှန်ပဲ"

"ဒါပေမယ့် ငါကတော့ သခင်လေးကျိုးက ငယ်လွန်းသေးတယ်လို့ ထင်နေတုန်းပဲ။ သခင်မလေးစူး... နင် ငါရဲ့ ဝမ်းကွဲကို စဉ်းစားကြည့်ပါလား၊ သူက ကုန်သည်တစ်ယောက်လေ... ရုပ်လည်း တော်တော်ချောတယ်။ သွားကြည့်လိုက်ရင် နင် သဘောကျတဲ့လူ တွေ့ရင် တွေ့မှာပေါ့"

"ဒါပေမယ့် သခင်မလေးစူးက အိမ်ထောင်ပြုပြီးပြီလေ"

"အဲ့ဒါက ဘာအိမ်ထောင်ပြုတာလဲ၊ သူတို့တွေ လင်မယားအရာတောင် မမြောက်ရသေးတာကို။ အလွန်ဆုံးရှိလှ စေ့စပ်ထားတဲ့ သဘောမျိုးပဲ ရှိသေးတာပါ"

"အမေ..."

ထိုအခိုက်အတန့်တွင် ကျိုးဝမ်ရှူ၏ အော်သံကြီး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ရုတ်တရက် ထွက်လာသော အသံကြောင့် အားလုံး တုန်လှုပ်သွားကြပြီး ကျိုးဝမ်ရှူရှိရာ ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ကျိုးဝမ်ရှူ၏ အသံထွက်လာသည်နှင့် တပြိုင်နက် ကျန်းကျောက်တိကလည်း ဓားတစ်လက်ကို ကိုင်ကာ အခန်းထဲမှ ပြေးထွက်လာလေသည်။

"ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲ... ငါ ဟင်းသီးဟင်းရွက်တွေ လှီးနေတာဟဲ့"

"ယောင်ကွမ်းက ကျွန်တော်က အရမ်းငယ်သေးလို့ဆိုပြီး ကျွန်တော့်ကို ကွာရှင်းပြီး အသက်ကြီးတဲ့လူကို ရှာချင်နေတာတဲ့"

ကျိုးဝမ်ရှူက မခံမရပ်နိုင်ဖြစ်နေသော အမူအရာဖြင့် ကျန်းကျောက်တိကို ကြည့်ရင်း လှမ်းပြောလိုက်သည်။

ကျန်းကျောက်တိက သူမ၏ လက်ထဲမှ ဟင်းချက်ဓားကို ဝှေ့ယမ်းလိုက်ရင်း ဒေါသထွက်နေသော အကြည့်များဖြင့် အော်ဟစ်လိုက်သည်။

"နင်ကတော့ တကယ့်ကို သတ္တိကောင်းလှချည်လား"

စူးယောင်ကွမ်းတစ်ယောက် အလန့်တကြားဖြင့် ချက်ချင်း ရှင်းပြလိုက်ရသည်။

"မဟုတ်ဘူး... ကျွန်မ အဲ့လို မပြောခဲ့ပါဘူး"

"သူ နှုတ်ကနေ မပြောပေမယ့် စိတ်ထဲကနေ အဲ့လို တွေးနေတာ"

ကျိုးဝမ်ရှူက ထပ်ပြောလိုက်သည်။

"ဒါကြောင့်မလို့လည်း သူ ခုတလော ကျွန်တော့်ကို လျစ်လျူရှုထားတာပေါ့။ အမေ... အမေပဲ ပြောခဲ့တယ်မလား။ ကျွန်တော်က အိမ်ပါသမက်အဖြစ် ဝင်လာပြီးပြီဆိုတော့ ကျွန်တော့်ကို သားအရင်းတစ်ယောက်လို ဆက်ဆံမယ်ဆိုတာလေ။ အခုတော့ ယောင်ကွမ်းက စိတ်ပြောင်းသွားပြီ၊ အမေကတော့ ကျွန်တော့်ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးရမယ်နော်"

"စူးယောင်ကွမ်း..."

ကျန်းကျောက်တိက လက်ထဲမှ ဓားကို ဝေ့ယှမ်းရင်း ရှေ့သို့ ဒေါသတကြီး ပြေးဝင်လာသည်။

"နင်... နင်ကတော့လေ ပိုက်ဆံနည်းနည်းလေး ရလာတာနဲ့ ဇနီးကို ပစ်ပယ်တတ်တဲ့ ဟိုအောက်တန်းကျတဲ့ ယောကျာ်းတွေအတိုင်းပဲ။ ငါ နင့်ကို ပိုက်ဆံ လုံးဝ မရှာခိုင်းခဲ့သင့်ဘူး၊ နင့်ကို တစ်သက်လုံး ဆင်းရဲမွဲတေအောင် ထားခဲ့ရမှာ။ အခုတော့ နင်က ဝမ်ရှူကိုတောင် အထင်သေးရဲနေပြီပေါ့လေ။ ဒီနေ့တော့ ငါ နင့်ကို သေသေချာချာ သင်ခန်းစာပေးမှ ဖြစ်တော့မယ်"

ဘေးနားရှိ ပြဿနာရှာမိသွားသော တရားခံ အဒေါ်ကြီးအချို့ကလည်း အခြေအနေ မဟန်တော့သည်ကို မြင်လိုက်ရသောကြောင့် ကျန်းကျောက်တိကို အသည်းအသန် ဝိုင်းတားကြတော့သည်။

"ယောင်ကွမ်းအမေရယ်... အဲ့လို မဟုတ်ပါဘူး၊ ကျွန်မတို့တွေက စနောက်ပြီး ပြောလိုက်ရုံတင်ပါ"

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်... ကျွန်မတို့တွေက စနောက်မိတာပါ။ သခင်လေးကျိုးနဲ့ သခင်မလေးစူးတို့က တကယ့်ကို လိုက်ဖက်လွန်းလို့ နတ်ဖက်တဲ့စုံတွဲပါပဲ။ ကွမ်ရင်မယ်တော်ရဲ့ ပလ္လင်အောက်က ရွှေရောင်ကောင်လေးနဲ့ ငွေရောင်ကောင်မလေးတောင် ဒီလောက်အထိ ပြီးပြည့်စုံမှာ မဟုတ်ဘူး။ သူတို့က အလိုက်ဖက်ဆုံးဆိုတော့ သူတို့ထက် ကျိကျူက်ဖက်တဲ့သူ မရှိတော့ပါဘူး။ စိတ်လျှော့ပါဦး... ကိုယ့်ကိုယ်ကိုယ် ထိခိုက်မိပါဦးမယ်"

"ကျိုးဝမ်ရှူ... နင် ငါ့အမေကို ချက်ချင်း ရှင်းပြစမ်း"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို လှမ်းဆွဲကာ ကျန်းကျောက်တိရှိရာဘက်သို့ အတင်းတွန်းပို့လိုက်ရင်း ပြောလိုက်သည်။

"နင်... ကောင်စုတ်လေး၊ ငါ ဒုက္ခရောက်အောင် တမင်တကာ လုပ်နေတာမလား"

"အစ်မကြီးရယ်... ကျွန်တော်က ဘယ်လိုလုပ်ပြီး အစ်မကို ဒုက္ခပေးရဲမှာလဲဗျာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က အိမ်ပါသမက်အဖြစ် ဝင်လာရုံတင်မကဘဲ အသက်ကလည်း ငယ်သေးတယ်လေ"

ကျိုးဝမ်ရှူက ပြုံးစိစိဖြင့် ပြန်ပြောလိုက်သည်။

စူးယောင်ကွမ်းက သူ့ခါးမှ အသားနုနုလေးကို လှမ်းဆိတ်လိုက်ပြီး ဆူပူလိုက်သည်။

"နင်... ကောင်စုတ်လေး၊ နင် တမင်တကာ လုပ်တာပဲ"

"အား... ယောင်ကွမ်း၊ မဆိတ်ပါနဲ့တော့... နာတယ်ဗျ"

ကျိုးဝမ်ရှူက မခံမရပ်နိုင်ဖြစ်ဟန်ဖြင့် တွန့်လိမ်ရင်း တောင်းပန်နေသည်။

"စူးယောင်ကွမ်း... နင်က သူ့ကို ထပ်ပြီး ဆိတ်ရဲသေးတယ်ပေါ့လေ"

ကျန်းကျောက်တိက ပိုဒေါသထွက်သွားပြီး သူ့လက်ထဲမှ ဓားကို ဝှေ့ယမ်းရင်း ပြေးဝင်လာပြန်သည်။

ထိုအခြင်းအရာကို မြင်သောအခါ စူးယောင်ကွမ်းတစ်ယောက် ချက်ချင်း ထွက်ပြေးသွားတော့သည်။

"အမေ... ကျင့်အာက သမီးကို ရှာနေတယ်၊ သမီး လူနာတွေကို သွားကြည့်ပေးလိုက်ဦးမယ်"

All Chapters