အခန်း ၁၅၆
Vol. 16 Ch. 156
အခန်း ၁၅၆ ကြောက်ရွံ့မှု
စူးယောင်ကွမ်းက ဂျုံခိုးစားသည့် ကြွက်ကလေးတစ်ကောင်လို ဖျပ်ဖျပ်လတ်လတ် လှုပ်ရှားကာ အလွန် အလျင်အမြန် ပြေးထွက်သွားသဖြင့် ကျန်းကျောက်တိတစ်ယောက် သူမကို ဖမ်းမမိခဲ့ချေ။ သူမက သူမ၏လက်ထဲမှ ဓားကို ဝှေ့ယမ်းရင်း ဘေးနားရှိ လူများကိုသာ ဒေါသတကြီး စိုက်ကြည့်နေတော့သည်။
"ဟေ့... နင်တို့အားလုံး အလုပ်မရှိလို့ အားအင်တွေ ပြည့်နေကြတာလား။ နောက်တခါ အပိုတွေ ထပ်ပြောရဲရင်တော့ ငါ့လက်ထဲက ဓားက မျက်နှာသာပေးနေမှာ မဟုတ်ဘူးနော်"
"ကျွန်မတို့ မှားသွားပါတယ်၊ နောက်ခါ မပြောတော့ပါဘူး"
အမျိုးသမီးကြီးများက ချက်ချင်း အလျင်အမြန် တောင်းပန်လိုက်ကြသည်။
"ကျွန်မတို့ကလည်း ယောင်ကွမ်းကို တကယ်ခင်လို့ပါ၊ ပြီးတော့ သူက ဒီလောက် ငယ်ငယ်ချောချောလေးနဲ့ တနေကုန် တစ်ယောက်တည်း ဖြတ်သန်းနေရတာကို မတရားဘူးလို့ ထင်မိလို့ပါ။ သခင်လေးကျိုးက မကောင်းလို့ ပြောတာ မဟုတ်ပါဘူး"
"နင်တို့က ဘာသိလို့လဲ။ ယောကျာ်းဆိုတာ ငယ်တဲ့သူကို ရှာယူရတယ်ဟဲ့။ အသက်ကြီးတဲ့လူကို ယူရင် နောက်ပိုင်းကျ ဘာမှ အသုံးမကျတော့ဘူး။ လူငယ်တွေကမှ ပိုကောင်းတာ... စွမ်းအင်တွေအပြည့်နဲ့ ခွန်အားတွေက ကုန်ခမ်းသွားတယ်လို့ မရှိဘူး"
ကျိုးဝမ်ရှူ : "..."
'အမေက ငါ့ဘက်ကနေ ကာကွယ်ပြောပေးနေတာဆိုပေမယ့် နားထောင်ရတာကတော့ တစ်မျိုးကြီး ဖြစ်နေသလိုပဲ'
ထိုအမျိုးသမီးကြီးများကလည်း ကျိုးဝမ်ရှူကို အမှန်တကယ် ထူးဆန်းသော မျက်လုံးများဖြင့် ဝိုင်းကြည့်လာကြသည်။
ကျိုးဝမ်ရှူတစ်ယောက် စိတ်မသက်မသာ ဖြစ်လာသဖြင့် ထိုနေရာမှ ချက်ချင်း လစ်ထွက်လာခဲ့သည်။
.....။.....။.....
ကျန်းကျောက်တိ၏ ဒေါသအောက်မှ လွတ်မြောက်လာခဲ့ပြီးနောက် စူးယောင်ကွမ်းက သူမ၏ ခြေလှမ်းများကို ပြန်နှေးလိုက်သည်။ ထိုအချိန်တွင် မျက်နှာချင်းဆိုင်ဘက်မှ လျှောက်လှမ်းလာသော ကျန်းကျီချမ့်ကို သူမ တွေ့လိုက်ရသည်။ သူမက ကျန်းကျီချမ့်ကို မြင်လိုက်ရသလို ကျန်းကျီချမ့်ကလည်း သူမကို မြင်သွားခဲ့သည်။
သူတို့နှစ်ယောက်က တစ်ဦးဆီသို့ တစ်ဦး ပြိုင်တူ လျှောက်လှမ်းလိုက်ကြပြီး အပြန်အလှန် ပြုံးပြရင်း အတူတူ ဆက်လျှောက်လာခဲ့ကြသည်။
စူးယောင်ကွမ်းက ကျန်းကျီချမ့်၏ အနောက်ဘက်ကို လှမ်းကြည့်ကာ စမေးလိုက်သည်။
"ဒီနေ့ တောင်ပေါ်ကို ရောဂါသည်အသစ်တွေ ထပ်မရောက်လာတော့ဘူးပဲ။ ကြည့်ရတာ ကူးစက်ရောဂါ အခြေအနေက အလှည့်အပြောင်းသစ်တစ်ခု ဖြစ်လာပြီ ထင်တယ်"
"ရောဂါသည်တွေ ထပ်မတိုးလာတာ မဟုတ်ဘူး။ တကယ်တော့ နန်းတော်က စေလွှတ်လိုက်တဲ့ တော်ဝင်သံတမန်ကြီးက အရပ်ဝတ်လဲပြီး တိတ်တဆိတ် လိုက်စစ်ဆေးနေတယ်ဆိုတဲ့ ကောလာဟလတစ်ခု ထွက်နေလို့လေ။ အိမ်နီးနားချင်းမြို့က ဟိုဦးနှောက်မရှိတဲ့ အရာရှိက အခု တောင်ပေါ်ကို လူနာတွေ ထပ်မပို့ရဲတော့ဘဲ ကြိတ်မှိတ်သည်းခံနေရပြီ။ အဲ့ဒီမြို့က ပြည်သူတွေကလည်း ဆူပူမှုတွေ စလုပ်နေကြပြီ၊ တကယ်လို့ အဲ့ဒီခေါင်းမာတဲ့ အရာရှိကသာ ပြည်သူတွေရဲ့ ဒေါသကို ငြိမ်သက်အောင် မလုပ်နိုင်ရင် သူ့ရဲ့ ရာထူးပြုတ်ရုံတင်မကဘူး... သူ့ခေါင်းပါ ပြတ်ကျသွားနိုင်တယ်"
ကျန်းကျီချမ့်က အခြေအနေကို ရှင်းပြလိုက်ရာ စူးယောင်ကွမ်းက စိုးရိမ်တကြီးဖြင့် ပြန်မေးလိုက်သည်။
"ဒါဆိုရင် အဲ့ဒီဖျားနာနေတဲ့ လူနာတွေကျတော့ရော... အဲ့ဒီဦးနှောက်မရှိတဲ့ အရာရှိက သူတို့ကို အကုန်လုံး သတ်ပစ်လိုက်ပြန်ဦးမှာလား။ ဒါက လူ့အသက်တွေလေ။ ကိုယ့်အိမ်နောက်ဖေးမှာ ကိုယ်ဘာသာ စိတ်ကြိုက် မွေးထားပြီး ဆန္ဒရှိသလို သတ်ပစ်လို့ရတဲ့ ကြက်တွေ၊ ဘဲတွေ၊ ငါးတွေ မဟုတ်ဘူး"
"သူ အဲ့ဒီလောက်အထိတော့ မလုပ်ရဲပါဘူး။ ကျွန်တော် ထင်တာတော့ သူ ကျွန်တော်တို့ဆီကို သေချာပေါက် ရောက်လာပြီး အကြံဉာဏ်တောင်းလိမ့်မယ်။ ပြီးရင်တော့ သူ့မြို့က လူနာတွေကို သူ့ခရိုင်အတွင်းမှာပဲ သေချာစောင့်ရှောက်ပေးဖို့ စီစဥ်လိမ့်မယ် ထင်တယ်"
"တကယ်လို့ အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့"
စူးယောင်ကွမ်းက ဆက်ပြောလိုက်သည်။
"ရှင် တောင်ပေါ်ကို ရိက္ခာတွေ လာထပ်ပို့ပေးတာလား။ တကယ်တော့ ရှင်လည်း အလုပ်တွေ အရမ်းများနေတာလေ။ တောင်ပေါ်ကို ကိုယ်တိုင်ကိုယ်ကျ လာပို့ပေးနေဖို့ မလိုပါဘူး"
"ကျွန်တော်က ဒီသတင်းကို ခင်ဗျားဆီ အရောက်ပို့ပေးချင်ရုံတင်မကဘူး။ အားလုံးရဲ့ အခြေအနေကိုလည်း လာကြည့်ပေးချင်လို့ပါ။ ဘာပဲဖြစ်ဖြစ် အခု ကူးစက်ရောဂါက ပြင်းထန်နေပြီး မြို့တိုင်းက အဝင်အထွက် ပိတ်ထားကြတယ်လေ။ စီးပွားရေးကလည်း သိပ်မကောင်းတော့ ကျွန်တော်တို့လည်း ဘာမှမလုပ်နိုင်ဘဲ ဒီတိုင်း ထိုင်နေရတာနဲ့ အတူတူပါပဲ"
ကျန်းကျီချမ့်က သူ့စကားကို အဆုံးသတ်လိုက်ပြီးနောက် စနောက်သည့် လေသံဖြင့် ထပ်ပြောလိုက်သည်။
"ကျွန်တော်က မိန်းခလေးစူးကို မိတ်ဆွေတစ်ယောက်လို သတ်မှတ်ထားတာ... ဒါပေမယ့် မိန်းခလေးစူးကတော့ ကျွန်တော်ကို သဘောမကျတဲ့ ပုံပဲနော်"
"မဟုတ်ပါဘူး... ရှင် အထင်လွဲနေတာပါ"
ကျိုးဝမ်ရှူက စူးယောင်ကွမ်းကို လိုက်ရှာရင်း ထိုနေရာသို့ ရောက်လာကာ သူမ ကျန်းကျီချမ့်နှင့် မြို့ထဲမှ ကိစ္စများအကြောင်း စကားစမြည် ပြောဆိုနေသည်ကို မြင်သွားခဲ့သည်။ သူတို့နှစ်ဦးက အကြောင်းအရာ တော်တော်များများတွင် အမြင်ချင်း တူညီနေကြပြီး ကြည့်ရသည်မှာ စိတ်ဝိညဥ်ချင်း နီးစပ်သည့် စိတ်တူကိုယ်တူလူနှစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။
သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဘေးဘက်ရှိ လမ်းကြားလေးအတိုင်း လှည့်ထွက်သွားတော့သည်။
ထိုအချိန်တွင် ပျက်စီးယိုယွင်းနေသော ဝါးအိမ်လေး၏ ထောင့်တစ်နေရာမှ ကျန်းရိဟွမ်းကတော့ ကွေးကွေးလေး ထိုင်နေရင်း တိုးတိုးလေး ရေရွတ်နေလေသည်။
“ငါက ယုတ်မာတယ်၊ ငါက အောက်တန်းကျတယ်၊ ငါက အရှက်မရှိဘူး၊ ငါက အတ္တကြီးပြီး သစ္စာဖောက်တစ်ယောက်ပဲ၊ စူးယောင်ကွမ်းရဲ့ ဖိနပ်ကို သယ်ပေးဖို့တောင် မတန်တဲ့လူ၊ ငါ မှားခဲ့ပါတယ်၊ ငါ စူးယောင်ကွမ်း ထိခိုက်အောင် မလုပ်ခဲ့သင့်ဘူး၊ ငါ အပြင်ကို ထွက်ချင်တယ်၊ ငါ့ကို အပြင်ပေးထွက်ပါတော့...”
သူမ၏ မျက်နှာတစ်ခုလုံးတွင် ပြည်တည်နာများ ပြည့်နှက်နေပြီး အသားအရေကလည်း ဖြူဖျော့ဝါကြင်နေကာ ကြည့်ရရုံဖြင့်ပင် ရက်အနည်းငယ်ထက် ပိုပြီး အသက်ရှင်နိုင်တော့မည့် ပုံမပေါ်မှန်း သိသာနေသည်။
ထိုအချိန်တွင် ကြွက်တွင်းပေါက်လေးထဲမှ ပန်းကန်လုံးတစ်လုံး ထွက်ပေါ်လာခဲ့သည်။
ထိုပန်းကန်လုံးကို မြင်လိုက်ရသည်နှင့် ကျန်းရိဟွမ်းက ထိုနေရာသို့ အငမ်းမရ ပြေးကပ်သွားပြီး လှမ်းဆွဲလိုက်သည်။ ပန်းကန်လုံးထဲတွင် မည်းမှောင်ပြီး ပျစ်ချွဲနေသည့် အနှစ်များ ပြည့်နေသည်ကို မြင်နေရသော်လည်း သူမက ထိုပန်ကန်လုံးကို အလောတကြီး ကောက်ယူကာ မော့သောက်လိုက်သည်။
သူမ စားသောက်ပြီးသွားသောအခါ နောက်ထပ် ပန်းကန်လုံးတစ်လုံး ထပ်မံ ဝင်ရောက်လာပြန်သည်။
"ဒါက ဘာလဲ"
"ဆေးလေ။ တကယ်လို့ သေချင်တယ်ဆိုရင်တော့ မသောက်ဘဲ ထားလိုက်လို့ ရတယ်"
"ကျွန်မ မသေချင်ဘူး... ကျွန်မ သောက်မယ်"
ကျန်းရိဟွမ်းက ဆေးရည်များကိုလည်း တစ်ကျိုက်တည်း အကုန် မော့သောက်လိုက်သည်။
သူမက ကျိုးဝမ်ရှူတစ်ယောက် ဤမျှလောက်အထိ စိတ်ကောင်းရှိမည်ဟု မယုံကြည်သော်လည်း လက်ရှိအချိန်တွင် သူမ သူ့ကို ယုံကြည်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။ သူမ၏ လက်ရှိအခြေအနေအရ မည်သည့်အရာမှ မသောက်သုံးရလျှင် ရက်အနည်းငယ်ထက် ပိုပြီး အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။ သူမ၏ အနီးအနားတွင် မှန်မရှိသော်လည်း လတ်တလောတွင် ရောဂါပိုး အနည်းငယ် ကူးစက်ခံရသူများ၊ ပြင်းထန်စွာ ကူးစက်ခံရသူများ စသည့် လူနာပေါင်းစုံကို တွေ့မြင်ခဲ့ရသည်။ ထို့ကြောင့် သူမ လက်ရှိတွင် မည်မျှအထိ ရုပ်ပျက်ဆင်းပျက် ဖြစ်နေမည်ကို သူမ အလိုအလျောက် တွေးတောမှန်းဆနိုင်နေချေပြီ။
‘ဘာပဲဖြစ်ဖြစ် ငါ အသက်ရှင်ရမယ်။ တကယ်လို့ သေဆုံးသွားရင် ဘာမှ ရနိုင်တော့မှာ မဟုတ်ဘူး။ ငါ ကောင်းမွန်တဲ့ ဘဝတစ်ခုကိုတောင် မဖြတ်သန်းရသေးဘဲနဲ့ ဘာလို့ ဒီလိူမျိုး သေဆုံးသွားရမှာတုန်း’
ကျိုးဝမ်ရှူက နံရံကို မှီထားရင်း အထဲမှ ပျာပျာသလဲ အသံများကို စိတ်ဝင်တစား နားထောင်နေခဲ့သည်။
ကျန်းရိဟွမ်းကို သူ့လက်ဖြင့် သတ်ပစ်ရန်မှာ အလွန်လွယ်ကူလှသော်လည်း သူက သူမကို ဤနေရာ၌သာ ပစ်ထားခဲ့သည်။ သူ သူမကို သတ်ပစ်ရန် တစ်ခါမျှ မတွေးခဲ့ဖူးချေ။ သူမကို သတ်ပစ်လိုက်ခြင်းက စိတ်ဝင်စားစရာ မကောင်းသောကြောင့် ဖြစ်သည်။
အကယ်၍ သူမ ဤကဲ့သို့ သေဆုံးသွားပါက ရှောင်းယန်ချီ၏ နှလုံးသားထဲတွင် သူမက အမြဲတမ်း စင်ကြယ်သန့်ရှင်းသော မိန်းကလေးတစ်ဦးအဖြစ်သာ ကျန်ရစ်နေပေလိမ့်မည်။ သူ့၏အိပ်မက်ထဲတွင် ရှောင်းယန်ချီက ဤအမျိုးသမီးအတွက်ကြောင့်နှင့် စူးယောင်ကွမ်းကို ထိခိုက်နာကျင်အောင် လုပ်ခဲ့သည်ဟူသော အတွေးက ကျိုးဝမ်ရှူကို အထူး စိတ်မသက်မသာ ဖြစ်စေသည်။ သူတို့နှစ်ဦး၏ တစ်ဦးအပေါ်တစ်ဦး ထားရှိသော သံယောဇဥ်က ဤမျှအထိ နက်ရှိုင်းနေသောကြောင့် သူက ကြားထဲမှ ခွဲခွာပေးမည့်သူ မဖြစ်ချင်ပေ။ သူက သူတို့ကို ပြန်လည်ဆုံဆည်းပေးပြီး သူတို့၏ အချစ်က မည်မျှအထိ ပိုမိုနက်ရှိုင်းလာမည်ကို စောင့်ကြည့်ရန်သာ ပိုဆန္ဒရှိနေခဲ့သည်။
ကျိုးဝမ်ရှူက တည်ငြိမ်သော လေသံဖြင့် ထပ်ပြောလိုက်သည်။
"ဒီနေ့တော့ မင်း အပြုအမူ ကောင်းတယ်။ တကယ်လို့ မင်းက နေ့တိုင်း ဒီနေ့လိုမျိုး လိမ္မာမယ်ဆိုရင်တော့ ငါ မင်းအတွက် ဆေးလာပို့ပေးမယ်။ မဟုတ်ရင်တော့..."
"ကျွန်မ နာခံပါ့မယ်၊ ကျွန်မ သေချာပေါက် နောင်တရပါပြီ၊ အကောင်းဆုံး ပြုပြင်ပါ့မယ်"
ကျန်းရိဟွမ်းက ငိုယိုရင်း ပြန်ပြောနေရှာသည်။
"မင်း နာခံမယ်ဆိုရင် ငါ မင်းကို အသက်ရှင်လျက် အပြင်ထွက်ခွင့်ပေးမယ်။ မင်း ဒီနေရာကနေ ထွက်သွားပြီးရင်တော့ လတ်တလော ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက..."
"ကျွန်မ နေမကောင်းလို့ ဘုရားကျောင်းမှာ ခဏတာ ဆေးကုသမှု ခံယူနေတာပါ။ ရှင်တို့ အားလုံးက အတိတ်က ရန်ငြိုးတွေကို စိတ်ထဲမထားဘဲ ကျွန်မကို ဆေးကုသပေးဖို့ ကူညီပေးခဲ့ကြတာပါ"
"အရမ်းကောင်းတယ်၊ မင်းက တကယ့်ကို အခြေအနေသိတတ်တာပဲ"
ကျိုးဝမ်ရှူက တိုးတိုးလေး ရယ်မောလိုက်ရင်း ထပ်ပြောလိုက်သည်။
"မှတ်ထား၊ ရှောင်းယန်ချီမှာ တောက်ပတဲ့ အနာဂတ်တယ်။ သူ့ကို ကာကွယ်တာက အခြားအရာအားလုံးထက် ပိုကောင်းတယ်။ ယောင်ကွမ်းကို စောင့်ကြည့်နေမယ့်အစား မင်းရဲ့ ယောကျာ်းကိုပဲ သေသေချာချာ စောင့်ကြည့်ထားလိုက်စမ်းပါ။ မဟုတ်ရင် အခြားလူက သူ့ကို လုယူတာနဲ့ မင်း ဘာမှ ရလိုက်မှာ မဟုတ်တော့ဘူး"
"ဟုတ်ကဲ့... ကျွန်မ နားလည်ပါပြီ"
"မင်း မရှိတဲ့အချိန်အတွင်းမှာ ဝမ်ရှီဆိုတဲ့ တစ်ယောက်က အဲ့ဒီနေရာကို အရင်ဆုံး ရောက်သွားမလားလို့တောင် ငါ တွေးနေမိတယ်။ မင်း အကောင်းဆုံး ပြုမူပြီး ဒီနေရာကနေ အမြန်ဆုံး ထွက်သွားနိုင်အောင် ကြိုးစားတာက ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင်တော့..."
ကျိုးဝမ်ရှူ ပျက်စီးယိုယွင်းနေသော ဝါးအိမ်လေးရှေ့မှ ထွက်လာခဲ့ပြီး ဘုရားကျောင်း၏ အနီးအနားသို့ ရောက်ရုံရှိသေးချိန်တွင် စူးယောင်ကွမ်းက သူ့ကို နေရာအနှံ့ လိုက်ရှာနေသည်ကို တွေ့လိုက်ရသည်။ သူ့ရင်ထဲတွင် အနည်းငယ် အပြစ်မကင်းသလို ဖြစ်သွားသဖြင့် တိတ်တဆိတ် ထွက်သွားရန် ပြင်လိုက်သော်လည်း စူးယောင်ကွမ်းက သူ့ကို မြင်သွားခဲ့သည်။
"နင်... ကောင်စုတ်လေး၊ နင်က ငါ့အပေါ် တမင်တကာ လှည့်ကွက်ဆင်ရဲတယ်ပေါ့လေ"
စူးယောင်ကွမ်းက အပြေးအလွှား ရောက်လာပြီး သူ့နားရွက်ကို လှမ်းလိမ်ဆွဲရင်း ဆူပူနေသည်။
"ကျိုးဝမ်ရှူ... အခု ဒီနေရာမှာ ငါ့အမေလည်း မရှိတော့ဘူး၊ ဘယ်သူက နင့်ဘက်ကနေ ကာကွယ်ပေးမလဲဆိုတာ ကြည့်ရသေးတာပေါ့"
ကျိုးဝမ်ရှူက နောက်သို့ လှည့်လိုက်ပြီး သူမကို နက်ရှိုင်းသော မျက်ဝန်းများဖြင့် စိုက်ကြည့်လာခဲ့သည်။
သူ့မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲနေသည်ကို မြင်လိုက်ရချိန်တွင်တော့ စူးယောင်ကွမ်းက လှမ်းဆွဲထားသော သူမ၏လက်ကို ချက်ချင်း လျှော့ပေးလိုက်ပြီး အားနာသွားသော လေသံဖြင့် မေးမြန်းလာခဲ့သည်။
"ငါ အဲ့ဒီလောက်အထိ အပြင်းအထန် မဆွဲမိပါဘူး၊ ဟုတ်တယ်မလား။ ကဲပါ... ငါ နင့်ကို အပြစ်မတင်တော့ပါဘူး"
စူးယောင်ကွမ်းက ဆက်ပြောလိုက်သည်။
"စောစောက နင် ဘာဖြစ်နေတာလဲ။ ဘာလို့ အဲ့ဒီအဒေါ်ကြီးတွေနဲ့ ငြင်းခုံနေရတာလဲ"
"တကယ်လို့ ကျွန်တော်သာ သူတို့နဲ့ တကယ် ငြင်းခုံချင်တယ်ဆိုရင် အမေ့ဆီ တည့်တည့်သွားပြီး သူတို့ပြောတဲ့ စကားတွေကို တိုင်လိုက်မှာပေါ့။ သူတို့ ဘာတွေ ပြောနေကြလဲဆိုတာ ခင်ဗျား မမြင်ဘူးလား။ သူတို့က ကျွန်တော်က အရမ်းငယ်သေးတယ်၊ ပြီးတော့ ခင်ဗျားနဲ့ မလိုက်ဖက်ဘူးလို့ ပြောနေကြတာလေ။ အဲ့ဒါက သူတပါးရဲ့ အိမ်ထောင်ရေးကို ဖျက်ဆီးနေတာ မဟုတ်ဘူးလား။ တကယ်လို့ သူတို့ စေတနာနဲ့ ပြောနေမှန်း ကျွန်တော် သိနေတာကြောင့်သာ မဟုတ်ရင် ဒီလောက်အထိ ယဥ်ကျေးနေမှာ မဟုတ်ဘူး"
စူးယောင်ကွမ်းက သူ့ကို ထူးဆန်းသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ရင်း ထပ်မေးလိုက်သည်။
"သူတို့ ပြောတာ မှားလို့လား။ နင်နဲ့ ငါနဲ့က တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲလို့ နင် ထင်နေတာလား"
ကျိုးဝမ်ရှူ : "ကျွန်တော်တို့က လိုက်ဖက်လား၊ မလိုက်ဖက်ဘူးလားဆိုတာ သူတို့ ဆုံးဖြတ်ရမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ပြင်ပလူတွေရဲ့ မျက်စိထဲမှာတော့ ကျွန်တော်တို့က လင်မယားတွေပဲလေ။ သူတို့က ကျွန်တော့်အကြောင်းကို ဘယ်လိုလုပ်ပြီး အဲ့လို ပြောရဲရတာလဲ။ ကျွန်တော့်မှာရော သိက္ခာ ဆိုတာ မရှိတော့ဘူးလား"
သူ့စကားကို ကြားလိုက်ရမှသာ စူးယောင်ကွမ်းလည်း သဘောပေါက်သွားခဲ့သည်။
‘ကောင်ငယ်လေးက ခေါင်းမာပြီး မခံချင်စိတ် ဖြစ်နေတာပဲ။ အေးလေ တွေးကြည့်ရင်လည်း သူက အသက်ငယ်သေးပေမယ့် တခြားလူဆီကနေတော့ ဝေဖန်ခံချင်မှာ မဟုတ်ဘူးပေါ့’