← Chapters

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း ၁၅၇ တံခါးဝအထိ ရောက်ရှိလာခြင်း

ကျိုးဝမ်ရှူက နာကျင်နေသော သူ့နားရွက်ကို ပွတ်သပ်လိုက်ရင်း ဝမ်းနည်းကြေကွဲနေကာ အလွန် မခံမရပ်နိုင်ဖြစ်နေသည့် မျက်လုံးများဖြင့် ကြည့်လာခဲ့သည်။

သူ့မျက်ဝန်းများက ခွေးပေါက်လေးတစ်ကောင်၏ မျက်လုံးများကဲ့သို့ တစ်ဖက်လူကို တည့်တည့်စိုက်ကြည့်နေပြီး စိတ်နှလုံးနူးညံ့သည့် မည်သူမဆို မိမိကိုယ်ကို စိတ်ထဲမှ အကြိမ်ပေါင်းများစွာ ပြန်လည်အပြစ်တင်မိစေလိမ့်မည်။

"ကဲပါ... ငါ့အမှားပါ၊ စိတ်မဆိုးပါနဲ့တော့"

စူးယောင်ကွမ်းက သူ့လက်မောင်းကို လှမ်းဆွဲကာ လှုပ်ယမ်းလိုက်ရင်း ချော့မော့လိုက်သည်။

"အခု အလုပ်ရှုပ်တဲ့ကာလလေး ပြီးသွားတာနဲ့ နင် တစ်ခါမျှ မမြည်းစမ်းဖူးသေးတဲ့ မုန့်အသစ်လေးတွေကို ငါ သေချာပေါက် လုပ်ပေးမယ်လေ... ဟုတ်ပြီလား"

ကျိုးဝမ်ရှူက "အင်း" ဟုသာ တိုးတိုးလေး ပြန်ပြောလိုက်ပြီး ထိုကိစ္စကို လျောချလိုက်သည်။

"သူဌေးစူး... ခရိုင်အမတ်မင်းချန်က အခြားအရာရှိတစ်ယောက်ကို ခေါ်ပြီး တောင်ပေါ်ကို ထပ်တက်လာပြန်ပြီ၊ သူဌေးစူး သွားကြည့်ဦးမှ ဖြစ်မယ်"

အဒေါ်ဝမ်က အသက်ကို လုရှူရင်းနှင့် ပြေးလွှားနေကာ နောက်ဆုံးတွင် လူငယ်စုံတွဲကို ရှာတွေ့သွားခဲ့သည်။

ကျန်းကျီချမ့်၏ စကားများကို သတိရသွားသော စူးယောင်ကွမ်းကလည်း ကျိုးဝမ်ရှူကို ဆွဲခေါ်ပြီး ဘုရားကျောင်း၏ ပင်မခန်းမဆောင်ကြီးဆီသို့ ဦးတည် ပြေးလာခဲ့သည်။

သူတို့ ပင်မခန်းမဆောင်ကြီးဆီ ရောက်ခါနီးတွင် ရဲမက်များစွာ စောင့်ကြပ်နေသည်ကို တွေ့လိုက်ရပြီး ရဲမက်များကလည်း သူတို့ကို မြင်သည်နှင့် တားဆီးလိုက်ကြသည်။

"အမတ်မင်းချန်..."

စူးယောင်ကွမ်းက ခရိုင်အမတ်မင်းချန် ရှိနေသည့်ဘက်သို့ လှမ်းအော်ခေါ်လိုက်သည်။

ခရိုင်အမတ်မင်းချန်က လှည့်ကြည့်လိုက်ပြီး စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့ကို မြင်သွားကာ ဘေးနားရှိ ရဲမက်တစ်ဦးကို တစ်စုံတစ်ခု ပြောလိုက်သည်။ ထိုလူက လက်ဝှေ့ယမ်းပြလိုက်မှသာ ရဲမက်များက သူတို့ကို သွားခွင့်ပြုလိုက်သည်။

"အမတ်မင်း... ဘာကိစ္စရှိလို့ တောင်ပေါ်ကို ကြွလာရတာလဲရှင့်"

စူးယောင်ကွမ်းက ဘာမှမသိသလိုမျိုး ဟန်ဆောင်ကာ မေးလိုက်သည်။

"ဒါက အမတ်မင်းဝမ်ပဲ"

ခရိုင်အမတ်မင်းချန်က မိတ်ဆက်ပေးလိုက်သည်။

"အမတ်မင်းဝမ်က အိမ်နီးနားချင်းမြို့ရဲ့ ခရိုင်အမတ်မင်းလေ။ သမားတော်ကျန်းရဲ့ ဆေးပညာက ထူးချွန်ပြောင်မြောက်ပြီး ကပ်ရောဂါနဲ့ပတ်သက်ရင် ထူးခြားတဲ့အမြင်တွေ ရှိတယ်လို့ သူ ကြားသိထားလို့ သမားတော်ကျန်းကို သူ့မြို့က လူနာတွေကို ကုသပေးဖို့ ဖိတ်ခေါ်ချင်နေတာ။ ဒါပေမဲ့ သမားတော်ကျန်း တစ်ယောက်တည်းနဲ့တော့ ဘယ်လိုမှ မတတ်နိုင်ဘူးလေ၊ အဲ့ဒါကြောင့် သူဌေးစူးတို့ရဲ့ ပူးပေါင်းကူညီမှုလည်း လိုအပ်တယ်။ သူဌေးစူးအနေနဲ့ မိသားစုကို ခေါ်ပြီး အိမ်နီးနားချင်းမြို့ကို လိုက်သွားပေးလို့ ရမလား။ ဒီနေရာမှာ လူနာတွေကို ပြုစုစောင့်ရှောက်တာက အတူတူပဲဆိုပေမဲ့ အဲ့ဒီမြို့က လူနာတွေကို ဒီဘက်အထိ ပို့နေရတာက လူအင်အားရော ရိက္ခာပါ ဖြုန်းတီးရာကျတယ်။ သူတို့မြို့မှာတင် ကုသပေးတာက ပိုကောင်းပါလိမ့်မယ်"

"အမတ်မင်းချန်... ကျွန်မ အရှင်နဲ့ သီးသန့် စကားပြောလို့ ရမလားရှင့်"

စူးယောင်ကွမ်းက ဘေးဘက်သို့ ခြေဟန်လက်ဟန်ပြကာ တောင်းဆိုလိုက်သည်။

ခရိုင်အမတ်မင်းချန်က ခေါင်းညိတ်ပြလိုက်ပြီး ခရိုင်အမတ်မင်းဝမ်ဘက်သို့ လှည့်ပြောလိုက်သည်။

"ခွင့်ပြုပါဦး"

ခရိုင်အမတ်မင်းဝမ်က မာနထောင်လွှားသော အရှိန်အဝါများ ပြည့်နှက်နေကာ စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့ကို တချက်ပင် လှည့်မကြည့်ခဲ့ချေ။ စူးယောင်ကွမ်းက ခရိုင်အမတ်မင်းချန်ကို သီးသန့်စကားပြောချင်သည်ဟု ပြောနေသည်ကို မြင်လိုက်ရချိန်တွင်တော့ သူ့၏ မျက်ခုံးများက မကျေမနပ်ဖြစ်မှုကြောင့် တွန့်ချိုးသွားခဲ့သည်။

စူးယောင်ကွမ်းက ခရိုင်အမတ်မင်းချန်ကို လူကွယ်ရာထောင့်တစ်ခုသို့ ခေါ်ဆောင်လာပြီးနောက် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"နန်းတွင်းက တော်ဝင်သံတမန်တစ်ယောက် လူမသိအောင် ရုပ်ဖျက်ပြီး လှည့်လည်စစ်ဆေးနေတယ်လို့ ကျွန်မ ကြားထားတယ်။ အဲ့ဒီအမတ်မင်းဝမ်က ဒါကို သိနေလို့ အရှင်ရဲ့ အောင်မြင်မှုတွေကို လုယူချင်နေတာဖြစ်နိုင်တယ်"

ခရိုင်အမတ်မင်းချန်က သက်ပြင်းချကာ ပြန်ပြောလာခဲ့သည်။

"ငါ သိတာပေါ့။ ဒါပေမဲ့ အောင်မြင်မှု ဂုဏ်ဒြပ်ဆိုတာက မကုန်သွားပါဘူး၊ လူတွေရဲ့ အသက်ဘေးကသာ အရေးအကြီးဆုံးပါ။ သူက လူတွေရဲ့ အသက်ကို ကယ်တင်ဖို့အတွက် သူကိုယ်တိုင် အစပြုပြီး လုပ်ဆောင်ပေးတယ်ဆိုရင်ပဲ ဒါက ပြည်သူတွေအတွက် ကံကောင်းခြင်းတစ်ရပ်လေ"

"ဒါပေမဲ့ အရှင်က ပြည်သူတွေအတွက် ရပ်တည်ပေးတဲ့ အရာရှိကောင်းတစ်ယောက်လေ။ သူလို သရဲဘောကြောင်တဲ့သူက ဘာအခွင့်အ‌ရေးရှိလို့ ဒီအောင်မြင်မှုကို လုယူချင်နေရတာလဲ။ ကျွန်မကတော့ ဒါကို လုံးဝ လက်မခံနိုင်ဘူး၊ မတရားဘူးလို့ မြင်တယ်"

"စိတ်မဆိုးပါနဲ့တော့ မိန်းခလေးစူးရယ်၊ ငါက ဒီလိုအရာတွေကို တကယ် ဂရုမစိုက်ပါဘူး"

ခရိုင်အမတ်မင်းချန်က လေသံအေးအေးဖြင့် ဖျောင်းဖျပြောဆိုနေလေသည်။

"ပြည်သူတွေအတွက် ငဲ့ညှာတွေးတောပေးတဲ့အကြောင်း ပြောရမယ်ဆိုရင် မိန်းခလေးစူးတို့ကသာ အဓိကကျတာပါ။ မင်းတို့လို ကြင်နာတတ်တဲ့သူတွေ မရှိရင်၊ ပြီးတော့ တခြားကုန်သည်တွေရဲ့ ပူးပေါင်းကူညီမှုသာ မပါရင် ရိက္ခာလည်းမရှိ၊ ငွေလည်းမရှိ၊ ဆေးဝါးလည်းမရှိတဲ့ ငါ့လိုအရာရှိတစ်ယောက်က ဘာလုပ်နိုင်မှာလဲ။ အခု အိမ်နီးနားချင်းမြို့ကို သွားပြီး လူနာတွေကို ကုသပေးဖို့ ဖိတ်ခေါ်တာက အောင်မြင်မှုရဲ့ ဂုဏ်ဒြပ်ကို သူ ရသွားမှာ မှန်ပေမဲ့ ပြည်သူတွေကတော့ သူတို့ကို တကယ်ကယ်တင်ပေးခဲ့တာ ဘယ်သူလဲဆိုတာ သိကြပါတယ်။ ပြည်သူတွေရဲ့ စိတ်ထဲမှာ သူဌေးစူးတို့ရဲ့ ရုပ်ရည်ကို မှတ်မိနေပေးရင်တင်ပဲ လုံလောက်ပါပြီ"

"အမတ်မင်းချန်... အရှင်က ချီးကျူးလွန်းနေပါပြီ"

"မိန်းခလေးစူး... ဒီတစ်ခေါက် ခရီးကို သွားပေးလို့ ရမလား"

"ကောင်းပါပြီ... အမတ်မင်းရဲ့ မျက်နှာကြောင့်ရော၊ ပြည်သူတွေက ကျွန်မတို့ကို လိုအပ်နေလို့ရောကြောင့် ဒီအလုပ်ကို အဆုံးအထိ သေချာပေါက် ကူညီပေးပါ့မယ်"

ခရိုင်အမတ်မင်းချန်က စူးယောင်ကွမ်းနှင့်အတူ ပြန်လျှောက်လာခဲ့ပြီး ခရိုင်အမတ်မင်းဝမ်ကို ပြောလိုက်သည်။

"သူဌေးစူးက သဘောတူလိုက်ပါပြီ။ အမတ်မင်းဝမ်... သူဌေးစူးတို့ မိသားစုကို အမတ်မင်းလက်ထဲ စိတ်ချလက်ချ အပ်လိုက်ပြီနော်၊ သူတို့ကို သေချာလေး စောင့်ရှောက်ပေးပါဦး။ သူတို့က ပြည်သူတွေအတွက် ငွေကုန်ကြေးကျခံပြီး ပင်ပင်ပန်းပန်း လုပ်ပေးထားကြတာဆိုတော့ ပြည်သူတွေရဲ့ စိတ်ထဲမှာ ကျေးဇူးရှင်တွေလို ဖြစ်နေကြပြီ။ တကယ်လို့ သူတို့ တစ်ခုခုဖြစ်အောင် လုပ်မိရင် ဒီကပြည်သူတွေက ရာနှုန်းပြည့် ကန့်ကွက်ဆန္ဒပြကြလိမ့်မယ်"

ခရိုင်အမတ်မင်းဝမ်က အပြုံးကြီးကြီးဖြင့် ပြန်ပြောလာခဲ့သည်။

"အမတ်မင်းချန်ကလည်း ဘာတွေ ပြောနေတာလဲ၊ ကျွန်တော်က သူတို့ကို ဂရုမစိုက်ပဲနေပါ့မလား။ ဒီကိစ္စ ပြီးသွားရင် သူတို့ကို ထိုက်တန်တဲ့ ဆုလာဘ်တွေ အများကြီး ပေးမှာပါ"

'ကုန်သည်ဆိုတာ အမြတ်အစွန်းနောက်ပဲ လိုက်ပြီး လောဘကြီးတတ်ကြတာ မဟုတ်ဘူးလား။ ပြည်သူတွေအတွက် အသက်စွန့်ပါတယ်ဆိုတာတွေကလည်း နောက်ဆုံးတော့ အကျိုးအမြတ်အတွက်ပဲလေ။ အမြတ်အစွန်းသာ အလုံအလောက်ရရင် နောက်ဆုံးကျရင် ငါတို့ဘက်ကပဲ ရှေ့ထွက် စကားပြောပေးကြမှာပါပဲ'

"ဒီမှာရှိတဲ့ လူနာတွေက အခုထိ လုံးဝ မသက်သာသေးဘူး၊ သူတို့ကို ဘယ်လိုလုပ်မှာလဲ"

"သူတို့က ငါတို့ခရိုင်ကလူတွေလေ၊ သူတို့ကို ပြန်ခေါ်သွားပြီး ဆက်ကုသပေးရမှာပေါ့"

"ဒါပေမဲ့ သူတို့က အရင်က ကျွန်မတို့ခရိုင်ရဲ့ ဆေးဖက်ဝင်အပင်တွေကို သုံးစွဲခဲ့ကြတာလေ။ အဲ့ဒီဆေးပင်တွေကို ဆေးဆိုင်ပိုင်ရှင်က ထောက်ပံ့ပေးထားတာ ဆိုပေမဲ့ ရုံးတော်က ပိုက်ဆံပြန်ပေးရမှာ။ အမတ်မင်းဝမ်ရဲ့ ခရိုင်ရုံးတော်ဘက်ကနေ ဒီကုန်ကျစရိတ်ကို ကျခံပေးသင့်တယ် မဟုတ်ဘူးလားရှင့်"

"ဘယ်လောက်လဲ"

"အကြမ်းဖျင်း တွက်ချက်ထားတာကတော့ ငွေလျန်တစ်ထောင်လောက်ပါပဲ"

စူးယောင်ကွမ်းက ဆက်ပြောလိုက်သည်။

"စျေးကွက်ပေါက်စျေးအတိုင်း ပေးရမယ်ဆိုရင်တော့ ဘယ်လိုမှ မတတ်နိုင်လောက်ဘူး၊ ဒါပေမဲ့ ဆေးဆိုင်ပိုင်ရှင်က အရင်းစျေးအတိုင်းပဲ တွက်ပေးထားတာပါ"

"ကောင်းပြီ... ငါတို့ခရိုင်ရုံးတော်ကနေ ဒီကုန်ကျစရိတ်ကို ကျခံပေးမယ်"

ခရိုင်အမတ်မင်းချန်က စိတ်ထဲတွင် အနည်းငယ် အပြစ်မကင်းသလို ဖြစ်သွားခဲ့ရသည်။ အမှန်တကယ်တွင် သူကိုယ်တိုင်လည်း ငွေတစ်ပြားတစ်ချပ်မျှ ထုတ်မပေးခဲ့ရဘဲ ဆေးဆိုင်ပိုင်ရှင်များကို အခွန်ကင်းလွတ်ခွင့် လျှောက်ထားပေးမည်ဟုသာ ကတိပေးခဲ့ခြင်း ဖြစ်သည်။ မည်သူက ပိုပြီး လှူဒါန်းမှုပြုခဲ့သည့်ဆိုသည့် အချက်အပေါ်မူတည်ပြီး အခွန်ကင်းလွတ်ခွင့် သက်တမ်းကို ပိုတိုးပေးမည်ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။ တိတိကျကျ ပြောရမည်ဆိုလျှင် ထိုငွေများက နန်းတွင်းဘဏ္ဍာတိုက်သို့ ရောက်ရှိရမည့်ငွေများ ဖြစ်သည်။

စူးယောင်ကွမ်းက သူ့ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်ရာ သူလည်း ဘာမှမပြောဘဲ ငြိမ်နေလိုက်ရသည်။

ယခု ရမည့်ငွေများကတော့ ခရိုင်ရုံးတော်ထဲသို့ ရောက်လာသည်နှင့် ပြည်သူ့ဘဏ္ဍာစာရင်းထဲ ဝင်သွားမည်ဖြစ်သည်။ သူတို့ခရိုင်ရုံးတော်က မူလကတည်းက အတော်လေး ဆင်းရဲလှသဖြင့် ဤငွေလျန်တစ်ထောင်က ပြည်သူများအတွက် အများကြီး အသုံးချနိုင်ပေလိမ့်မည်။

စူးယောင်ကွမ်းက လူတိုင်းကို စုစည်းပြီး အခြေအနေကို ရှင်းပြလိုက်ကာ ဘုန်းကြီးများကို တရားဝင် နှုတ်ဆက်စကား ဆိုလိုက်သည်။

"ဆရာတော်တို့... ဒီအတောအတွင်း ကူညီပေးခဲ့ကြတဲ့အတွက် တပည့်တော်မ အများကြီး ကျေးဇူးတင်ပါတယ်ဘုရား။ ဗုဒ္ဓရဲ့ ကရုဏာတော်ကြောင့်ပဲ ဆရာတော်တို့က သတ္တဝါအပေါင်းကို ကယ်တင်ဖို့ ကြွရောက်လာခဲ့ကြတာပါ။ ဒီကပ်ဘေးကြီး ပြီးဆုံးသွားရင်တော့ ကျောင်းတော်ရဲ့ အလှူအတန်းတွေနဲ့ ဆွမ်းဆန်တွေ သေချာပေါက် ပိုများလာပြီး ဘုရားဖူးတွေလည်း စည်းကားလာမှာပါ"

"ဒါက ကိုယ်တော်တို့ လုပ်ဆောင်ရမယ့် အရာတွေပါ ဒကာမကြီး။ ကိုယ်တော်တို့ ဆုတောင်းတာကတော့ လောကကြီး ငြိမ်းချမ်းဖို့နဲ့ ပြည်သူတွေရဲ့ ဘဝတွေ အဆင်ပြေချောမွေ့ဖို့ပါပဲ"

ကျောင်းထိုင်ဆရာတော်က တည်တည်ငြိမ်ငြိမ် မိန့်ကြားနေခဲ့သည်။

"တကယ်လို့ ကုသိုလ်ကံနဲ့ ကောင်းချီးမင်္ဂလာတွေ စုဆောင်းတာကို ပြောရမယ်ဆိုရင်တော့ ဒကာမကြီးကသာ အဓိကပါပဲ။ ဒကာမကြီးရဲ့ ကံကြမ္မာက အသစ်ပြန်လည် ရေးထိုးခံထားရပြီဆိုတော့ ဒီတစ်ကြိမ်မှာတော့ ဒကာမကြီးရဲ့ ဆန္ဒတွေ ပြည့်ဝပြီး အရာရာ အဆင်ပြေချောမွေ့ပါလိမ့်မယ်"

"ဆရာတော်က ဘာကို ဆိုလိုတာလဲဟင်... နင် နားလည်လား"

ကျန်းကျောက်တိက သူမဘေးနားရှိ ကျိုးဝမ်ရှူကို တိုးတိုးလေး မေးလိုက်သည်။

ကျိုးဝမ်ရှူက ထိုအိပ်မက်ကို ပြန်အမှတ်ရသွားပြီး ဆရာတော်ကြီး ဘာကိုဆိုလိုနေမှန်း အကြမ်းဖျင်း ခန့်မှန်းမိသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ဆရာတော်က ကျိုးဝမ်ရှူဘက်သို့ လှမ်းကြည့်လိုက်ပြီး ထိုအကြည့်တွင် အဓိပ္ပာယ်များပြည့်နှက်နေခဲ့သည်။

"ဒကာကြီးက ရက်စက်တာတွေ လုပ်ခဲ့တယ်... ဒကာကြီးရဲ့ မူလကံကြမ္မာအရ စောစောစီးစီး သေဆုံးဖို့ ကံကြမ္မာ ရှိခဲ့တယ်။ ဒါပေမဲ့ ဒကာမကြီးက ဒကာကြီးကို ရွေးချယ်ခဲ့ပြီး ဒီကောင်းချီးကပဲ ဒကာကြီးကို အဲ့ဒီဘေးဒုက္ခကနေ လွတ်မြောက်စေခဲ့လို့ အခုလို အသက်ရှင်နေနိုင်တာ။ ဒကာကြီးအနေနဲ့ အတိတ်ကအရာတွေကို လက်လွှတ်ဖို့ သင်ယူရမယ်၊ လက်လွှတ်လိုက်နိုင်တာနဲ့ အသစ်တစ်ဖန် ပြန်မွေးဖွားလာလိမ့်မယ်"

"ဆရာတော် မိန့်ကြားတာတွေကို တပည့်တော် သိပ်တော့ နားမလည်ပါဘူးဘုရား"

ကျိုးဝမ်ရှူက အပြုံးဖြင့် ပြန်လျှောက်တင်လိုက်သည်။

"ဒါပေမဲ့ တပည့်တော် သေချာသိတာ တစ်ခုကတော့ တပည့်တော်က ယောင်ကွမ်းကြောင့် အသက်ရှင်ခွင့်ရခဲ့တာပါ။ ယောင်ကွမ်းက တပည့်တော်ကို ကာကွယ်ပေးထားသရွေ့ အရာရာ အဆင်ပြေနေမှာပါဘုရား"

ခရိုင်အမတ်မင်းဝမ်က လူတိုင်းကို ခေါ်ဆောင်ကာ ထွက်ခွာလာခဲ့သည်။

ကျိုးဝမ်ရှူက အခြားလူတစ်ယောက်ကို သတိရသွားပြီး အားလုံး ပစ္စည်းသိမ်းဆည်းနေကြစဥ်အတွင်း ဘေးနားရှိ ကိုရင်လေးထံသို့ ဆေးဖက်ဝင်အပင်များကို ကမ်းပေးလိုက်ကာ စကားအချို့ကို တိုးတိုးလေး မှာကြားလိုက်သည်။

"အဲ့ဒီလူနာက ကျွန်တော်တို့ခရိုင်က လူပဲ။ သူ့ရဲ့ စိတ်ဓာတ်မကောင်းတဲ့ ပုံစံကြောင့် ပြဿနာရှာမှာ စိုးရိမ်လို့ ကျွန်တော် သူ့ကို ဟောင်းနွမ်းနေတဲ့ ဝါးတဲအိုလေးထဲမှာ ပိတ်လှောင်ထားခဲ့တယ်။ သူ့အတွက် ဆေးနဲ့ စားစရာအချို့ကို နေ့တိုင်း သွားပို့ပေးပါဦး၊ ဒါပေမဲ့ သူ့ကို စကားမပြောပါနဲ့။ သူ နေကောင်းလာတဲ့အခါကျမှ လွှတ်ပေးလိုက်ပါ"

ထိုကိုရင်လေးက စူးယောင်ကွမ်းကို အမြဲတမ်း လေးစားနေသူဖြစ်ရာ ထိုမိန်းမက စူးယောင်ကွမ်းအား ဒုက္ခပေးခဲ့ဖူးသည်ဟု ကြားလိုက်ရသဖြင့် ချက်ချင်း သဘောတူလိုက်သည်။

"ကိုရင် သူ့ကို သိပါတယ်၊ သူက အဲ့ဒီ မုန်းစရာကောင်းပြီး ရက်စက်တဲ့ မိန်းမကြီးမလား"

ကိုရင်လေးက ကတိထပ်‌ပေးလိုက်သည်။

"စိတ်မပူပါနဲ့ ဒကာကြီးကျိုး... ကိုရင် ဒကာကြီးပြောတဲ့အတိုင်း လုပ်ပါ့မယ်။ ဒီကိစ္စကို ဘယ်သူ့ကိုမှ အသိပေးမှာ မဟုတ်ပါဘူး"

All Chapters