← Chapters

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈ တော်ဝင်သံတမန်

ဘေးနားရှိ ခရိုင်သို့ ခေါ်ဆောင်ခြင်းခံရပြီးနောက် စူးယောင်ကွမ်းနှင့် သူမ၏ မိသားစုက အနားပင် မယူနိုင်သေးဘဲ ကပ်ရောဂါခံစားနေရသည့် ဘေးဒုက္ခသည်များကို ကယ်တင်သည့် လုပ်ငန်းခွင်ထဲသို့ ချက်ချင်း ဝင်ရောက်လုပ်ကိုင်ကြရသည်။

ဒေသခံ ခရိုင်အစိုးရရုံးတော်က သူမတို့ကို လူနာများ ထားရှိရန် ကျယ်ဝန်းပြီး သန့်ရှင်းသော အိမ်ဂေဟာများ စီစဉ်ပေးသည့်အပြင် ရိက္ခာနှင့် ဆေးဝါးအမြောက်အမြားကိုလည်း ထောက်ပံ့ပေးခဲ့သည်။ ထို့အပြင် အခြားအရာများကို စိတ်ပူမနေဘဲ လူ့အသက်များကို ကယ်တင်ရန်သာ အာရုံစိုက်လုပ်ဆောင်ပေးရန် ညွှန်ကြားထားသည်။

ဤဘေးနားရှိ ခရိုင်က သူမတို့၏ ခရိုင်ထက် ပိုမိုကြီးမားကြောင်း စူးယောင်ကွမ်း သိထားသော်လည်း ကိုယ်တိုင်ကိုယ်ကျတော့ တစ်ခါမျှ မရောက်ဖူးခဲ့ချေ။ ယခု ဤနေရာသို့ ခြေချလိုက်မိမှသာ ဤနေရာက သူမတို့ခရိုင်ထက် ကြီးမားရုံသာမက အဆမတန် ပိုမိုချမ်းသာကြွယ်ဝကြောင်း သတိပြုမိလာရသည်။ ဤမျှ ပြည့်စုံကြွယ်ဝသော အရင်းအမြစ်များ ရှိနေပါလျက်နှင့် ကပ်ရောဂါဖြစ်ပွားစဥ်က ရောဂါသည်အမြောက်အမြားကို ဒီအတိုင်း ပစ်ထားပြီး အသေခံခဲ့ကြခြင်းက ကနဦးကတည်းက လူ့အသက်များကို မည်မျှအထိ ပေါ့ပေါ့တန်တန် သဘောထားခဲ့ကြကြောင်း ပေါ်လွင်နေသည်။ ယခု သူတို့က နန်းတော်မှ ရောက်ရှိလာမည့် တော်ဝင်သံတမန်ကို မျက်နှာလိုမျက်နှာရ လုပ်ရန်အတွက် လူကြီးလူကောင်း ကတ်ပြားကို အကြီးအကျယ် ထုတ်သုံးပြနေခြင်းပင် ဖြစ်သည်။

"သူဌေးစူး... ဒီဘက်ကို ခဏလောက် လာခဲ့ပါဦး"

ရုံးတော်စာရေးကြီးက အရာရှိတစ်ဦးနှင့် ရဲမက်များကို ဦးဆောင်ကာ စူးယောင်ကွမ်းထံသို့ လမ်းပြခေါ်ဆောင်လာရင်း ပြောလိုက်သည်။

စူးယောင်ကွမ်းက သူမလက်ထဲမှ အလုပ်များကို ဘေးနားရှိ ကျန်းဖန့်တိထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး စာရေးကြီး၏နောက်မှ အတွင်းခန်းထဲသို့ လိုက်ပါသွားခဲ့သည်။ သူမက အချိန်မဆွဲဘဲ သူမဘက်မှ စမေးလိုက်သည်။

"စာရေးကြီး... ကျွန်မ ဒီမှာ အလုပ်တွေ အရမ်းများနေလို့ပါ၊ လူပမာတွေလည်း အများကြီး ရှိနေသေးတယ်။ ရှင်တို့လည်း ရောဂါကူးစက်မခံရအောင် သတိထားကြဦးနော်"

ဤကြောက်တတ်ပြီး သူရဲဘောကြောင်သည့် လူများက အရေးကြီးကိစ္စမရှိလျှင် ဤကဲ့သို့ နေရာမျိုးသို့ လုံးဝ ခြေဦးလှည့်ကြမည့်သူများ မဟုတ်ပေ။ သူတို့ ရောက်လာပြီဆိုလျှင်လည်း ပြဿနာတစ်ခုခု အမြဲပါလာတတ်သည်။ သူမအနေဖြင့် သူတို့နှင့် အချိန်ဖြုန်းကာ ပြောဆိုဆက်ဆံနေရခြင်းကို အမှန်တကယ် စိတ်မပါတော့ချေ။

"သူဌေးစူး... ဒီရက်ပိုင်းတွေမှာ တကယ်ပဲ ပင်ပန်းသွားရပြီ"

စာရေးကြီးက ဘေးနားရှိ လူများကို မျက်စိတစ်ချက် မှိတ်ပြရင်း စပြောလိုက်သည်။

ထို့နောက် ဘေးမှ ရဲမက်နှစ်ဦးက သေတ္တာအကြီးကြီး တစ်လုံးစီကို သယ်ဆောင်လာကြသည်။ သူတို့က သေတ္တာများကို တစ်ပြိုင်နက်တည်း ဖွင့်လှစ်လိုက်ရာ အတွင်း၌ စီစီရီရီ ထည့်ထားသော ငွေတုံးကြီးများကို မြင်တွေ့လိုက်ရသည်။

၎င်းငွေတုံးများက တစ်တုံးလျှင် ငွေဆယ်လျန် တန်ဖိုးရှိသည့် ငွေတုံးကြီးများ ဖြစ်နေလေသည်။

စူးယောင်ကွမ်းက တစ်ချက်လှမ်းကြည့်လိုက်ပြီး သေတ္တာတစ်လုံးစီ၏ အလွှာတစ်လွှာတွင် ငွေတုံး သုံးဆယ်ခန့် ရှိကာ နှစ်ထပ်ခွဲပြီး စီထားသဖြင့် စုစုပေါင်း ငွေတုံး ခြောက်ဆယ်ခန့် ရှိမည်ဟု ခန့်မှန်းလိုက်သည်။ တစ်တုံးလျှင် ဆယ်လျန်နှုန်းဖြင့် တွက်ပါက ထိုငွေတုံး ခြောက်ဆယ်က ငွေလျန်ခြောက်ရာခန့် တန်ဖိုးရှိသည်။ ဤကဲ့သို့ သေတ္တာမျိုးက အနောက်ဘက်တွင် နောက်ထပ်နှစ်လုံး ရှိနေသေးသဖြင့် စုစုပေါင်းတန်ဖိုးက လျန်ထောင်နှစ်ရာအထိ ရှိနိုင်သည်။

သူမ ယခင်က ငွေကြေးအမြောက်အမြား ရှာဖွေစုဆောင်းနိုင်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ ငွေတုံးကြီးများကို တပြိုင်နက်တည်း အများအပြား မြင်တွေ့လိုက်ရချိန်တွင် မျက်စိပင် ကျိန်းစပ်ပြီး မူးနောက်သွားသလို ခံစားလိုက်ရသည်။

"စာရေးကြီး... ဒါက ကျမတို့ဘာသာ ဆေးနဲ့ ရိက္ခာတွေ သွားဝယ်ဖို့ ပိုက်ဆံပေးနေတာလား"

စူးယောင်ကွမ်းက ညှိုးငယ်နေသော အမူအရာလေးဖြင့် ပြောလိုက်သည်။

"ဒါပေမယ့် ကျမတို့က ဒီဒေသနဲ့ စိမ်းနေတော့ ဘာကို ဘယ်လို ဝယ်ရမယ်ဆိုတာ တကယ်ပဲ မသိပါဘူးရှင်။ အဲ့ဒီအစား အခုတလော လုပ်ပေးနေသလိုမျိုး ဆေးဖက်ဝင်အပင်တွေနဲ့ လိုအပ်တဲ့ ရိက္ခာပစ္စည်းတွေကိုပဲ တိုက်ရိုက် ပို့ပေးရင် မကောင်းဘူးလား... ဒါဆိုရင် ကျမတို့အတွက်လည်း အလုပ်ရှုပ် သက်သာတာပေါ့"

စူးယောင်ကွမ်းက ခရိုင်ရုံးတော်ဘက်မှ သဘောထားကို တမင်သက်သက် နားမလည်ချင်ယောင် ဆောင်နေခဲ့ခြင်း ဖြစ်သည်။

"သူဌေးစူးက အမြဲတမ်း ပါးနပ်ခဲ့တာလေ... အခုကျမှ ဘာဖြစ်လို့ ဒီလို အမှားကြီး မှားနေရတာလဲ"

စာရေးကြီးက သဘောကျဟန်ဖြင့် ရယ်မောရင်း ပြန်ရှင်းပြနေသည်။

"ဒါက ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မင်းတို့တွေ ကြိုးစားပမ်းစား လုပ်ကိုင်ပေးခဲ့လို့ ခရိုင်အမတ်မင်းက ချီးမြှင့်တဲ့ ဆုလာဘ်တွေပါ"

"အို... မဖြစ်ပါဘူး၊ ဒါက လုံးဝ မသင့်တော်ပါဘူးရှင်။ ကျွန်မတို့က ဘာမှ ထူးထူးခြားခြား မလုပ်ရသေးပါဘူး"

စူးယောင်ကွမ်းက ချက်ချင်း ငြင်းဆန်လိုက်သည်။

"စာရေးကြီး... ကျေးဇူးပြုပြီး ဒီပိုက်ဆံတွေကို ပြန်သိမ်းသွားပေးပါ။ ပြီးတော့ ခရိုင်အမတ်မင်းကိုလည်း ကျွန်မတို့က တော်ဝင်နန်းတော်အတွက် အမှုထမ်းခွင့် ရရုံနဲ့တင် ဂုဏ်ယူမဆုံး ဖြစ်နေရပါပြီလို့ ပြောပေးပါဦး။ ကျွန်မတို့ ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ငွေတွေကို လက်ခံနိုင်ပါ့မလဲရှင်"

"သူဌေးစူး... ကျေးဇူးပြုပြီး လက်ခံလိုက်ပါ။ ငါတို့ ခရိုင်အမတ်မင်းက မင်းကို အလကား အလုပ်လုပ်ခိုင်းမှာ မဟုတ်ပါဘူး။ ငါတို့ရဲ့ အရှင်က ပြည်သူတွေကို သူ့ရဲ့ ရင်သွေးတွေလို ချစ်မြတ်နိုးသလို ထူးချွန်တဲ့ ပါရမီရှင်တွေကိုလည်း အလေးအမြတ် ထားတတ်တဲ့သူပါ။ သူဌေးစူးလိုမျိုး ကြင်နာတတ်ပြီး ဖြောင့်မတ်မှန်ကန်တဲ့လူတွေကို ဆိုရင် ပိုပြီးတော့တောင် တန်ဖိုးထားပါသေးတယ်။ တကယ်လို့ မင်းသာ ငါတို့ခရိုင်ထဲကို ပြောင်းရွှေ့နေထိုင်ချင်တယ်ဆိုရင် ဘယ်အချိန်မဆို လာခဲ့လို့ ရပါတယ်။ ငါတို့ ခရိုင်အမတ်မင်းဆီကိုသာ လာခဲ့ပါ၊ အရှင်က မင်းအတွက် အရာအားလုံး အဆင်ပြေအောင် စီစဥ်ပေးပြီး ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးပါလိမ့်မယ်"

"စာရေးကြီးကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒါက အရမ်းများလွန်းတော့ ကျွန်မတို့ လက်ခံဖို့ မထိုက်တန်ပါဘူး"

"သိမ်းထားလိုက်ပါ၊ ဒါက ခင်ဗျားတို့ ရသင့်ရထိုက်တဲ့ အရာပါ။ သူဌေးစူးက ဒီလောက် ပါးနပ်တာပဲ... ဘာပြောရမယ်၊ ဘာမပြောရဘူးဆိုတာကို ကောင်းကောင်းသိမှာပါ၊ ဟုတ်တယ်မလား။ အပြင်ကို တစ်ခုခု ပေါက်ကြားသွားရင် ဘာလုပ်ရမလဲဆိုတာ သူဌေးစူး သိပြီးသားဖြစ်မှာပါ"

"စာရေးကြီး... ခရိုင်အမတ်မင်းက ပြည်သူတွေရဲ့ ရောဂါဝေဒနာအတွက် ကျွန်မတို့ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖိတ်ခေါ်ခဲ့တာပါ။ အရှင်က ပြည်သူတွေကို တန်ဖိုးထားပြီး တိုင်းပြည်နဲ့ ပြည်သူတွေအပေါ် အလေးအနက် ထားမှန်း သိသာထင်ရှားနေပြီးသားပါ။ အရှင်က ပြည်သူတွေကို သားသမီးလို ချစ်မြတ်နိုးတဲ့ အရာရှိကောင်းတစ်ယောက်ပါရှင့်"

"သူဌေးစူးက တကယ်ကို လိမ္မာပါးနပ်တဲ့သူပါပဲ။ ဒါဆိုရင်တော့ ခင်ဗျားတို့ အလုပ်ဆက်လုပ်ကြပါဦး၊ ကျွန်တော်လည်း ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး၊ အခုပဲ ပြန်လိုက်ပါဦးမယ်"

စာရေးကြီးက ခရိုင်အမတ်မင်းဝမ် မှာကြားလိုက်သည့် ကိစ္စရပ်များကို အောင်မြင်စွာ လုပ်ဆောင်ပြီးနောက် စိတ်ကျေနပ်စွာဖြင့် ထွက်ခွာသွားခဲ့သည်။

စာရေးကြီး ထွက်သွားပြီးနောက် ကျန်းကျောက်တိနှင့် အခြားသူများက အခြေအနေကို လာရောက်မေးမြန်းကြသည်။

ကျန်းကျောက်တိက စားပွဲပေါ်ရှိ ငွေတုံးများကို မြင်သွားပြီး သူမ၏မျက်လုံးများ အရောင်တောက်လာခဲ့သည်။ သူမက ငွေတုံးတစ်တုံးကို ကောက်ယူကာ ကိုက်ကြည့်ပြီးနောက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"ဒါ... ဒါက တကယ့်ငွေတွေပဲ၊ ဘာလို့ ဒီလောက်တောင် များနေရတာလဲ"

ဝမ်ဟွမ်ကျစ်က ဝင်ပြောလိုက်သည်။

"ဒါက နှုတ်ပိတ်ခပဲ"

"နှုတ်ပိတ်ခ ဟုတ်လား"

ကျန်းကျောက်တိက နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်သည်။

"ဘာကို ဆိုလိုတာလဲ"

"တော်ဝင်သံတမန်က လူမသိသူမသိ တိုင်းခန်းလှည့်လည်နေတာ၊ သူက ခရိုင်မြို့ထဲကိုတောင် ရောက်နေလောက်ပြီ။ ကျွန်တော်တို့ထဲက ဘယ်သူမှ တော်ဝင်သံတမန်က ဘယ်သူလဲဆိုတာ မသိကြဘူး။ ကျွန်တော်တို့ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ လူတွေရဲ့ ပါးစပ်ကို ပိတ်ထားဖို့နဲ့ တော်ဝင်သံတမန်ဘက်က မကြားသင့်တာတွေကို မကြားသွားစေဖို့ပဲ။ ဒီမှာနေတဲ့ အခြားလူတွေက ခရိုင်အမတ်မင်းကို မပြစ်မှားရဲကြဘူးလေ။ နည်းနည်းလောက် ခြောက်လှန့်လိုက်ရုံနဲ့တင် သူတို့တွေ ငြိမ်သွားကြမှာပဲ။ ကျွန်တော်တို့ကတော့ မတူဘူးလေ။ ကျွန်တော်တို့က အိမ်နီးနားချင်းမြို့က လာတာ၊ ပြီးတော့ ပြည်သူတွေကို ကူညီတဲ့နေရာမှာလည်း ပါဝင်ခဲ့ကြတယ်။ ကျွန်တော်တို့ဆီက ထွက်လာတဲ့ စကားတစ်ခွန်းက ပြည်သူတွေရဲ့ စကားဆယ်ခွန်းထက် ပိုပြီး ထိရောက်မှုရှိတယ်။ ဒါကြောင့် ခရိုင်အမတ်မင်းအနေနဲ့ ကျွန်တော်တို့ ပါးစပ်ကို ပိတ်ထားနိုင်သရွေ့၊ ပြီးတော့ ကျွန်တော်တို့ကလည်း သူစိမ်းတွေကို ဘာမှမပြောသရွေ့တော့ သူ့ရဲ့ အပြစ်အနာအဆာတွေကို ဖုံးကွယ်ထားနိုင်မှာပဲ"

"ဒါက လိမ်ညာလှည့်ဖြားနေတာ မဟုတ်ဘူးလား"

"တကယ်လို့ သူက လူတွေကို လိမ်ဖို့ မကြံရွယ်ထားဘူးဆိုရင် ကျွန်တော်တို့ကို ဒီနေရာကို လုံးဝ ဖိတ်ခေါ်မှာ မဟုတ်ဘူး။ သူက အဲ့ဒီလူနာတွေကို သတ်ဖြတ်ပြီး မီးရှို့ပစ်တာ ဒါမှမဟုတ် ကျွန်တော်တို့ နယ်မြေဘက်ကို မောင်းထုတ်ပြီး ရောဂါပိုးတွေ ပြန့်ပွားအောင် လုပ်လိမ့်မယ်။ ကျွန်တော်တို့ ခရိုင်ကို ငရဲခန်းတစ်ခုအဖြစ် ပြောင်းလဲပစ်ပြီးမှ သူ့ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေကို ပေါ်လွင်အောင် စလုပ်မှာလေ"

ကျိုးဝမ်ရှူက ဝင်ပြောလိုက်သည်။

"အဲ့ဒီလို အရာရှိမျိုးသာ ဒီရာထူးမှာ ဆက်ရှိနေရင် ဒုက္ခရောက်မှာက သာမန်ပြည်သူတွေပဲ။ ဒါက သူ့ကို ရာထူးကနေ ဖြုတ်ချဖို့ အခွင့်ကောင်းပဲ"

"ငါတို့က ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်သင့်တာ မဟုတ်ဘူးလား"

ကျန်းဖန့်တိက ဝင်ပြောလာပြီး ထပ်ရှင်းပြနေသေးသည်။

"ငါတို့က သာမန်ပြည်သူတွေလေ၊ သူက အရာရှိကြီး။ သာမန်ပြည်သူက အရာရှိကြီးတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ရာထူးက ဖြုတ်ချနိုင်မှာလဲ။ အဲ့ဒါအပြင် အဲ့ဒီ သံတမန်ကြီးကရော သူ့လိုလူမျိုး ဟုတ်၊ မဟုတ် ဘယ်သူသိနိုင်မှာလဲ"

အကယ်၍ တော်ဝင်သံတမန်က ခရိုင်အမတ်မင်းဝမ်ကဲ့သို့ အကျင့်ပျက်ခြစားသည့် အရာရှိတစ်ယောက်ဖြစ်နေလျှင် သူတို့လည်း ဘာမှ တတ်နိုင်တော့မည် မဟုတ်ချေ။ သူတို့အနေဖြင့် လူများ၏ အသက်ကို ကယ်တင်ရန်အတွက် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ပေးခဲ့ပြီးပြီ ဖြစ်သည်။ ပြည်သူများ အသက်ရှင်ကျန်ရစ်သရွေ့ အခြားကိစ္စများထဲ၌ သူတို့ ဝင်ရောက်မစွက်ဖက်သင့်တော့ချေ။

"ဒုတိယဒေါ်လေး စိတ်မပူပါနဲ့။ ကျွန်မတို့ ဘာမှ လုပ်စရာမလိုပါဘူး၊ တော်ဝင်သံတမန်က ဘယ်လိုလူပဲဖြစ်ဖြစ် သူ့ဘာသာ စုံစမ်းပါလိမ့်မယ်"

စူးယောင်ကွမ်းက ဝင်ပြောလိုက်သည်။

"ဒီမှာ လူနာတွေ အများကြီးရှိနေတာလေ။ တကယ်လို့ ဒုတိယဒေါ်လေးသာ တော်ဝင်သံတမန်ကြီးဆိုရင် ဒီကပ်ဘေးကြီးကို ကိုယ်တိုင်ကိုယ်ကျ လာပြီး မကြည့်ဘဲ နေမလား"

"သူက တော်ဝင်သံတမန်ကြီးလေ၊ ရာထူးကြီးတဲ့ အရာရှိကြီး။ ဒီလို အန္တရာယ်များတဲ့နေရာမျိုးကို ကိုယ်တိုင်စွန့်စားပြီး လာပါ့မလား"

"တကယ်လို့ သူက အရာရှိကောင်းတစ်ယောက်ဆိုရင်တော့ ကိုယ်တိုင်ကိုယ်ကျ စွန့်စားပြီး လာမှာပဲ။ တကယ်လို့ သူက အရာရှိကောင်းမဟုတ်ဘဲ သေမှာကြောက်တဲ့သူဆိုရင်တော့ ဒီနေရာကို ခြေဦးလှည့်မှာ မဟုတ်ဘူး။ ဒါကြောင့် သူ ဒီနေရာကို လာခြင်း၊ မလာခြင်းကပဲ 'အမှန်တရား' ပေါ်ပေါက်လာဖို့အတွက် စံနှုန်းတစ်ခု ဖြစ်လိမ့်မယ်။ သူ ဒီထဲကို ဝင်လာတာနဲ့ အမှန်တရားကို သိသွားလိမ့်မယ်"

စူးယောင်ကွမ်းက ဆက်ရှင်းပြလိုက်သည်။

"ဒါကြောင့် ဒီကိစ္စက ထင်သလောက် မရှုပ်ထွေးပါဘူး၊ အားလုံးလည်း စိတ်ပူမနေကြပါနဲ့။ လူတိုင်း ကိုယ်လုပ်စရာရှိတာကိုပဲ လုပ်ကြပါ၊ ကျန်တဲ့လူတွေမှာလည်း သူတို့ ကိုယ်ပိုင်အတွေးအမြင်တွေ ရှိကြတာပဲလေ"

"ယောင်ကွမ်း ပြောတာ မှန်တယ်"

ဝမ်ဟွမ်ကျစ်က ထောက်ခံလိုက်သည်။

"ဒီကိစ္စရဲ့ ရွေးချယ်မှုက တော်ဝင်သံတမန်ကြီးရဲ့ လက်ထဲမှာပဲ ရှိတာ။ တော်ဝင်သံတမန်ကြီးက ဘယ်လိုအမှန်တရားမျိုးကို သိချင်လဲ။ အထက်က လူကြီးတွေလည်း အဲ့ဒီအမှန်တရားကိုပဲ သိခွင့်ရကြလိမ့်မယ်"

အမျိုးသမီးများကတော့ ထိုသို့သော အရေးကိစ္စများကို သိပ်နားမလည်ကြချေ။ သူမတို့ သိသည်က လူနာများ ရောဂါသက်သာပြီး အိမ်ပြန်နိုင်ရန်အတွက် အမြန်ဆုံး ပြုစုစောင့်ရှောက်ပေးရန်သာ ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူမတို့ အပြင်၌ လေလွင့်နေပြီး ရှေ့ဆက် ဘာဖြစ်လာမည်ကို မည်သူမျှ သိနိုင်တော့မည်မဟုတ်ပေ။

အရေးကြီးဆုံးအချက်က ဤနေရာမှ ခရိုင်အမတ်မင်းက လူကောင်းတစ်ယောက် မဟုတ်ခြင်းပင်။ ထိုကဲ့သို့သော လူမျိုးနှင့် ပတ်သက်မိခြင်းက ကျားအရေခွံ နွှာရန် ကျားကို ချော့မြှူနေရသကဲ့သို့ အန္တရာယ်ကြီးလှသည်။

"ခွင့်ပြုပါဦး... ဒီမှာ ဆေးဆရာ ရှိပါသလားခင်ဗျာ"

ထိုအခိုက်အတန့်တွင် နူးညံ့သော အသံတစ်ခုက လှမ်းမေးလိုက်သည်။

"ကျွန်တော်တို့ သခင်က ချောင်းဆိုးနေလို့ပါ၊ အခုတလော သတင်းကြီးပြီး ကူးစက်မြန်နေတဲ့ ရောဂါဆိုးကြီး ကူးစက်ခံလိုက်ရတာလားဆိုတာလည်း မသိနိုင်လို့ပါ။ ဆေးဆရာတစ်ယောက်လောက် လာပြီး စစ်ဆေးပေးနိုင်ရင် ကျေးဇူးတင်မိမှာပါ"

စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

All Chapters