← Chapters

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉ အမှန်တရား

ထိုအသက်လတ်ပိုင်းအမျိုးသားက အလွန်ပိန်လှီပြီး အသားညိုမည်းကာ အရာရှိတစ်ဦးထက် ကျေးလက်တောရွာမှ တောသားတစ်ယောက်နှင့် ပိုတူနေသည်။

သူက ထိုနေရာတွင် ထိုင်ကာ ကျန်းကျင့်က သူ့သွေးခုန်နှုန်းကို စမ်းသပ်စစ်ဆေးပေးသည်အား ငြိမ်ခံနေသော်လည်း သူ့မျက်လုံးများကတော့ အငြိမ်မနေဘဲ ဤနေရာကို အလွန်စိတ်ဝင်စားပုံဖြင့် ဟိုဟိုဒီဒီ လျှောက်ကြည့်နေခဲ့သည်။

"ဒီမှာ လူနာဘယ်လောက်တောင် ရှိတာလဲဗျ"

အသက်လတ်ပိုင်းအမျိုးသားက စမေးလိုက်သည်။

"ဒါကို ရှင်က ဘာလို့ လာမေးနေတာလဲ"

ကျန်းကျောက်တိက ဘေးမှ ဝင်ပြောလိုက်သည်။

"ဒါတွေက ရုံးတော်ရဲ့ လျှို့ဝှက်ချက်တွေပါ။ လျှောက်မစပ်စုနဲ့၊ မဟုတ်ရင် ရှင့်အတွက်ရှင် ပြဿနာရှာမိသလို ဖြစ်သွားလိမ့်မယ်"

ပထမဆုံး စကားလှမ်းပြောခဲ့သည့် နူးညံ့သိမ်မွေ့သော အမျိုးသားကတော့ ဦးညွှတ်ကာ ဝင်ပြောလိုက်သည်။

"အားလုံးပဲ စိတ်မရှိကြပါနဲ့ခင်ဗျာ။ ကျွန်တော်တို့က ဒီနေရာမှာ ကူးစက်ရောဂါ အခြေအနေ အရမ်းပြင်းထန်နေတယ်လို့ ကြားခဲ့ရလို့ပါ။ ကျွန်တော်တို့သခင်က ဒီလမ်းကနေ မတော်တဆ ဖြတ်သန်းလာရင်းနဲ့ အရင်ကတော့ ဒီမှာ တစ်ညလောက် နားပြီးမှ ခရီးဆက်ဖို့ ကြံရွယ်ထားတာပါ၊ ဒါပေမဲ့ တစ်ညတည်း တည်းခိုမိတာကပဲ မလိုလားအပ်တဲ့ ပြဿနာတွေကို ဖြစ်စေခဲ့တယ်။ ဒီကူးစက်ရောဂါက တကယ်ကို ကြောက်စရာကောင်းလွန်းလို့... ကျွန်တော်တို့ သခင်က သူ့ရောဂါ အမြန်မပျောက်ကင်းဘဲ နှောင့်နှေးနေမှာကို စိုးရိမ်နေတာပါ၊ အဲ့ဒါဆိုရင် ကျွန်တော်တို့ ဆွေးနွေးရမယ့် ကုန်သွယ်မှု လုပ်ငန်းကြီးကို ထိခိုက်သွားနိုင်လို့ပါ"

"ခင်ဗျားတို့က ဘာစီးပွားရေးလုပ်တာလဲ"

ကျိုးဝမ်ရှူက ဝင်မေးလိုက်သည်။

"ဒီမှာ ကူးစက်ရောဂါ ပြင်းထန်နေတယ်လို့ ကြားထားရက်သားနဲ့ ဘာလို့ မြို့ထဲကို ဝင်ရဲကြတာလဲ။ တကယ်လို့ ခင်ဗျားတို့သာ ဝေးလံတဲ့ ဘေးဘက်လမ်းခွဲတွေကနေ သွားခဲ့ရင် ဒီလို အန္တရာယ်မျိုး ကြုံရမှာ မဟုတ်ဘူး"

"အခု အပြင်က အခြေအနေတွေလည်း မကောင်းဘူးလေ၊ အရင်ကထက် ဓားပြတွေ ပိုများလာတယ်။ တကယ်လို့ ကျွန်တော်တို့က လမ်းခွဲဘက်က သွားရင် အဲ့ဒီမှာ ကူးစက်ရောဂါ မရှိနိုင်ပေမဲ့ ဓားပြတွေ ရှိနေလိမ့်မယ်။ ကျွန်တော်တို့ ကြားတာတော့ ဒီက ခရိုင်အမတ်မင်းက အုပ်ချုပ်ရေးစွမ်းရည်ရှိတဲ့သူဆိုတော့... ဒီလိုအရာရှိမျိုး လက်အောက်မှာ ကူးစက်ရောဂါကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်လိမ့်မယ်လို့ ထင်ခဲ့မိတာပါ"

"ခင်ဗျားတို့ ဒီအချိန်မှာ ဒီကို ရောက်လာတာ ကံကောင်းတာပဲ"

ကျိုးဝမ်ရှူက ထပ်ပြောလိုက်သည်။

"‌ဪ... အရင်က ပြဿနာတစ်ခုခု ရှိခဲ့လို့လား"

အသက်လတ်ပိုင်းအမျိုးသားက ဝင်မေးလာပြန်သည်။

"မရှိပါဘူး၊ ဘာပြဿနာမှ မရှိပါဘူး"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး အမူအရာဖြင့် ဟန့်တားကာ အသံကို နှိမ့်ပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။

"နင် ပြဿနာမတက်ချင်ရင် နင့်ပါးစပ်ကို ပိတ်ထားစမ်း။ ဘာလို့ လူတိုင်းကို လျှောက်ပြောနေရတာလဲ။ နင် အိမ်မပြန်ချင်တော့ဘူးလား"

ကျိုးဝမ်ရှူက စိတ်ပျက်လက်ပျက် အမူအရာဖြင့် “အမ်း"ဟုသာ အသံထွက်လာတော့သည်။

အသက်လတ်ပိုင်းအမျိုးသားနှင့် သိမ်မွေ့သောအမျိုးသားတို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ကျန်းကျောက်တိနှင့် အခြားသူများကလည်း ထိုလူနှစ်ယောက်၏ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းမိသွားကြပြီ ဖြစ်သည်။ သူတို့က စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့ကဲ့သို့ လျှို့ဝှက်ချက်များကို သိမ်းဆည်းထားခြင်း သို့မဟုတ် ထိုသို့သော လှည့်ကွက်များဖြင့် ပြောဆိုခြင်းများ ‌ မလုပ်တတ်ကြသဖြင့် လူပမာများကိုသာ ပြုစုစောင့်ရှောက်ရန် အမြန်ဆုံး ထွက်ခွာသွားကြတော့သည်။

"ရှင့်ရဲ့ ခန္ဓာကိုယ်က ဘာမှ မဖြစ်ပါဘူး၊ ရိုးရိုး အအေးမိတာပဲ ဖြစ်မယ်။ အအေးမိပျောက်ဆေး နှစ်ပတ်လောက် သောက်ရင်တင် လုံလောက်ပါပြီ။ ကျွန်မတို့ ဆေးခန်းက ကူးစက်ရောဂါသည်တွေနဲ့ ပြည့်နေတာဆိုတော့ ဆေးယူချင်ရင် တခြားဆေးခန်းကိုသာ သွားလိုက်ပါ"

ကျန်းကျင့်က တည်တည်ငြိမ်ငြိမ် အဖြေထုတ်ပေးလိုက်သည်။

"ဆေးဆရာမလေး... ကျွန်တော်က တခြားဘယ်ဆေးဆရာကိုမှ မယုံဘူး၊ ဆေးဆရာမလေးကိုပဲ ယုံတာ။ ဆေးဆရာမလေးက ဒီလောက် ကြောက်စရာကောင်းတဲ့ ကူးစက်ရောဂါကြီးကိုတောင် ကုသပေးနိုင်တာပဲ။ ကျွန်တော်တို့သခင်ရဲ့ အအေးမိတာလောက်ကတော့ ဆေးဆရာမလေးအတွက် ဘာမှ မဟုတ်လောက်ပါဘူး။ ဆေးကိုသာ သင့်တော်သလို ညွှန်းပေးပါ၊ ကျွန်တော်တို့ ဒီမှာပဲ နေပြီး သခင်ရဲ့ ရောဂါပျောက်အောင် ကုသပါ့မယ်။ ကျွန်တော်တို့ဆီကို ကူးစက်ရောဂါ ကူးမှာကိုလည်း စိုးရိမ်မနေပါနဲ့၊ ကျွန်တော်တို့ တသီးတခြားဖြစ်တဲ့ နေရာတစ်ခု ရှာပြီး တခြားလူတွေနဲ့ ထိတွေ့မှုကို ရှောင်ကြဉ်ပါ့မယ်၊ ကူးစက်ရောဂါက ကျွန်တော်တို့ကို မထိခိုက်စေရပါဘူး"

"ရှင်တို့နှစ်ယောက်ကတော့ တကယ့်လူထူးလူဆန်းတွေပဲ။ တခြားလူတွေက ဝေးဝေးပြေးချင်နေကြတာကို... ရှင်တို့ကျတော့ ဒီကို ဇွတ်တိုးဝင်လာချင်နေတယ်။ ရှင်တို့က တစ်စုံတစ်ယောက်က လွှတ်လိုက်တဲ့ သူလျှိုတွေလား"

"ကျွန်တော်တို့က ရိုးသားတဲ့ စီးပွားရေးသမားတွေပါဗျာ။ ဘယ်လိုသူလျှိုမျိုးကများ ကူးစက်ရောဂါတွေ ပြည့်နေတဲ့ ရွှံ့နွံအိုင်ထဲကို ဝင်ရဲမှာလဲ။ အဲ့ဒါက သေတွင်းထဲ ဇွတ်တိုးဝင်တာနဲ့ ဘာမှမထူးဘူးလေ"

သိမ်မွေ့သောအမျိုးသားက ဆက်ပြောနေသေးသည်။

"ကျွန်တော်တို့က တခြားဆေးဆရာတွေကို မယုံကြည်ရုံသက်သက်ပါပဲဗျာ"

"ရှင်တို့ သဘောအတိုင်းသာ လုပ်ကြပါ"

စူးယောင်ကွမ်းက ဝင်ပြောလိုက်သည်။

"ရှင်တို့ မြင်တဲ့အတိုင်းပဲ... ကျွန်မတို့ဆီမှာ ရောဂါသည်တွေ အများကြီးရှိနေတာဆိုတော့ ရှင့်တို့ကို သီးသန့် ပြုစုစောင့်ရှောက်ပေးဖို့ အင်အားမရှိတော့ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ဂရုစိုက်ကြပါ"

စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့က နှစ်ဦးသား အကြည့်ချင်း ထပ်ဖလှယ်လိုက်ကြပြီးနောက် တစ်ယောက်ပြီးတစ်ယောက် အခန်းထဲမှ ပြန်ထွက်လာခဲ့ကြသည်။ ထို့နောက် ထုံးစံအတိုင်း လူပမာများအတွက် ဆေးဝါးများ ပြင်ဆင်ခြင်း၊ ရောဂါသက်သာမှု အခြေအနေများကို မှတ်တမ်းတင်ခြင်းနှင့် လူပမာများ နေထိုင်ရာနေရာများကို ဆေးဖက်ဝင်အပင်များ မှိုင်းတိုက်ကာ ပုံမှန် ပိုးသတ်သန့်စင်ခြင်းများကို လုပ်ဆောင်နေကြသည်။

ထိုလူနှစ်ယောက်ကတော့ လူပမာများနှင့် တိတ်တဆိတ် ဆက်သွယ်ကာ ထိူသူများတို့ထံမှ သတင်းအချက်အလက်များကို နှိုက်ထုတ်ရန် ကြိုးပမ်းနေကြသည်။ သူတို့က စူးယောင်ကွမ်း သိစေချင်သော အကြောင်းအရာများကို လျင်လျင်မြန်မြန် စုံစမ်းသိရှိသွားကြသည်။ သူတို့ လိုချင်သော အချက်အလက်များ ရရှိပြီးနောက်တွင်တော့ သူတို့က အကြောင်းပြချက်တစ်ခုပေးကာ ထွက်ခွာသွားကြသည်။ သူတို့က သူတို့ကိုယ့်သူတို့ အကွက်စေ့စေ့ ဖုံးကွယ်နိုင်ခဲ့သည်ဟု ထင်မှတ်နေကြသော်လည်း စူးယောင်ကွမ်းတို့က သူတို့၏ အကြံအစည်ကို အစောကြီးကတည်းက ရိပ်မိထားခဲ့ကြပြီး ဘာမှမသိသလို ဟန်ဆောင်ဆက်ဆံခဲ့ကြခြင်း ဖြစ်သည်။

စူးယောင်ကွမ်းတို့က မတရားသော နည်းလမ်းဖြင့် ရလာသည့် ငွေများကို ကိုယ်ကျိုးအတွက် လက်ခံမည်မဟုတ်ပေ။ သူမတို့က သူမတို့ ရထားသည့် လျန်ထောင့်နှစ်ရာဖြင့် ဆန်နှင့် ဂျုံမှုန့် အမြောက်အမြား ဝယ်ယူကာ ဆင်းရဲနွမ်းပါးသူများ၏ ဘဝအနည်းငယ် ချောင်လည်စေရန် ခွဲဝေလှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြသည်။

စူးယောင်ကွမ်းနှင့် အခြားသူများ အိမ်နီးနားချင်းမြို့မှ ပြည်သူများအား ကူညီပေးနေကြစဉ် အခြားတစ်ဖက်တွင်မှ ရှောင်းယန်ချီကတော့ အားအင်များ ပြန်လည်ပြည့်ဖြိုးလာကာ သူ့စိတ်ကို ပြန်လည်စုစည်းပြီး လာမည့် တော်ဝင်စာမေးပွဲအတွက် စာပေလေ့လာခြင်း၌သာ အာရုံစိုက်ထားခဲ့သည်။

ဝမ်ရှီကတော့ စာသင်ကျောင်းတွင် အလုပ်ဆက်လုပ်နေဆဲ ဖြစ်သည်။ ယခင်က ထွက်ပြေးသွားခဲ့ကြသော နေ့စားအလုပ်သမားများ စာသင်ကျောင်းသို့ ပြန်ရောက်လာကြပြီ ဖြစ်သော်လည်း ဝမ်ရှီကတော့ လုပ်ခလစာကို ငြင်းပယ်ကာ အဝတ်လျှော်၊ ပန်းကန်ဆေး အထွေထွေအလုပ်များကို လုပ်ကိုင်ပေးရန် သူမ၏ ဆန္ဒအလျောက် ဆက်နေခဲ့သည်။ အရေးကြီးဆုံးအချက်က ရှောင်းယန်ချီကိုယ်တိုင် သူမကို ဆက်ထားရန် သဘောတူခဲ့ခြင်းပင်။ ယခုအချိန်တွင် စာသင်ကျောင်းတစ်ခုလုံးက မျှော်လင့်ချက်အားလုံးကို ရှောင်းယန်ချီအပေါ်တွင်သာ ပုံအောထားရသဖြင့် ဤကဲ့သို့သော ကိစ္စအသေးအမွှားလေးနှင့် သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ကြချေ။ ထို့အပြင် ဝမ်ရှီက မည်မျှပင် အလိုက်သိတတ်သည်ဖြစ်စေ သူမက မုဆိုးမတစ်ယောက် ဖြစ်နေသဖြင့် ရှောင်းယန်ချီက ဤကဲ့သို့သော မုဆိုးမတစ်ဦးအပေါ် မည်သည့်အခါမျှ စိတ်ဝင်စားလိမ့်မည်မဟုတ်ဟု သူတို့ သတ်မှတ်ထားခဲ့ကြသည်။

"ဟေ့... ရှောင်းချီ၊ ငါ့ညီမ ပြန်မလာသေးဘူး။ မင်း ငါ့ညီမကို ဘယ်မှာ ဝှက်ထားတာလဲ"

ကျန်းယီဟွေ့က စာသင်ကျောင်းသို့ ပြန်ရောက်လာသည်နှင့် သူ ပထမဆုံးလုပ်သည့်အလုပ်က ရှောင်းယန်ချီကို လာရောက် ပြဿနာရှာခြင်းပင်။

ကျန်းယီဟွေ့က ယခုတလော အပြင်တွင် အလွန်အကျွံ ပျော်ပါးနေခဲ့ပြီး စာသင်ကျောင်းသို့ ပြန်လာရန် စိတ်ကူးပင် မရှိခဲ့ချေ။ သူ့အမြင်တွင် သူ့အမေက ထိုဆိုင်ကို ဖွင့်လှစ်ထားပြီး နေ့တိုင်း ငွေများစွာ ရှာဖွေပေးနေသဖြင့် သူ့အတွက် သုံးမကုန်စွဲမကုန် ငွေကြေးများ ရှိနေပြီးသား ဖြစ်သည်။ ထို့ကြောင့် သူ ဒုက္ခခံပြီး စာသင်နေစရာ မလိုတော့ဟု သတ်မှတ်လိုက်သည်။

သူ စာသင်ကျောင်းသို့ မပြန်ချင်သဖြင့် ဗိုက်အောင့်သည်၊ ခေါင်းကိုက်သည်ဟု အကြောင်းပြကာ အမြဲလိုလို ဟန်ဆောင်နေလေ့ရှိသည်။ ယခုတစ်ကြိမ်တွင်တော့ သူ စာမသင်ဘဲ လေလွင့်နေဆဲဖြစ်သည်ကို မြင်သွားသည့် ကျုံးလန်ဟွာက စိတ်ပိုင်းဖြတ်လိုက်ပြီး သူ စာမသင်လျှင် မုန့်ဖိုး လုံးဝဖြတ်ပစ်မည်ဟု ရာဇသံပေးခဲ့သည်။

ကျန်းယီဟွေ့တစ်ယောက် စာသင်ကျောင်းသို့ ပြန်ရောက်လာချိန်တွင် ကျန်းရိဟွမ်း ရှိမနေသည်ကို တွေ့လိုက်ရသဖြင့် ရှောင်းယန်ချီ၏ အခန်းတံခါးဝသို့ ချက်ချင်း ရောက်လာပြီး သူ့ညီမကို ပြန်ပေးရန် အော်ဟစ်တောင်းဆိုနေခြင်း ဖြစ်သည်။

ရှောင်းယန်ချီကတော့ ဘာမှနားမလည်နိုင်ဘဲ အံ့အားသင့်နေလေသည်။

"မင်းညီမက အိမ်ပြန်သွားတာ ကြာလှပြီမဟုတ်ဘူးလား"

သူ တောင်ပေါ်မှ ဆင်းလာခဲ့သည်မှာ ဤမျှကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ကျန်းရိဟွမ်းက သူ့ထံသို့ တစ်ကြိမ်တစ်ခါမျှ လာရောက်ကြည့်ရှုခြင်း မရှိခဲ့ချေ။ သူ့နှလုံးသားက အေးစက်နေခဲ့သည်မှာ ကြာနေခဲ့ချေပြီ။

'ငါ့ရဲ့ အရင်ဘဝတုန်းက ကျန်းရိဟွမ်းကို ငါ့အသက်ထက်မက ချစ်ခဲ့မိတယ်။ ဒါပေမဲ့ အခုတော့ ငါတို့ရဲ့အချစ်က သူမ ပြောသလို တကယ်ပဲ ခိုင်မြဲရဲ့လားဆိုတာ ငါ သံသယဝင်မိနေပြီ'

'မဟုတ်ရင်... ဒီဘဝမှာ ဘာလို့ သူမက ဝမ်ရှီလို လူတစ်ယောက်လောက်တောင် ငါ့ကို ဂရုမစိုက်ရတာလဲ။ ဒါကိုပဲ သူမက "နက်ရှိုင်းတဲ့အချစ်" လို့ ပြောနေတာလား'

"သူက မင်းနဲ့အတူ တောင်ပေါ်ကို တက်သွားကတည်းက ပြန်မလာတော့တာ။ သူ ဘယ်တုန်းက တောင်ပေါ်က ဆင်းလာလို့လဲ။ နင်း သူ တောင်ပေါ်က ဆင်းသွားတာကို မြင်ခဲ့လို့လား။ သူ ဆင်းသွားပြီလို့ မင်းကို ပြောခဲ့လို့လား"

ကျန်းယီဟွေ့က စားပွဲကို လက်သီးဖြင့် ခပ်ပြင်းပြင်း ထုလိုက်ရင်း ခြိမ်းခြောက်သော လေသံဖြင့် အော်ဟစ်လိုက်သည်။

"ငါ ပြောလိုက်မယ်နော်... တကယ်လို့ ငါ့ညီမသာ တစ်ခုခုဖြစ်ရင် မင်း ပြန်ပေးဆပ်ရမယ်"

ရှောင်းယန်ချီက မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။

"မင်းညီမက အိမ်ကို မပြန်လာဘူးလို့ ပြောချင်တာလား"

"ဒါပေါ့"

ရှောင်းယန်ချီက မတ်တတ်ထရပ်လိုက်ပြီး အလောတကြီး ပြောလိုက်သည်။

"ဒါဆိုရင်တော့ ရုံးတော်ကို သွားပြီး တိုင်ချက်ဖွင့်ကြတာပေါ့"

ထိုအချိန်တွင် ဝမ်ရှီက မုန့်အချို့ကို ယူဆောင်လာပြီး ရှောင်းယန်ချီကို လှမ်းပြောလိုက်သည်။

"သခင်လေးရှောင်း... စာဖတ်ရတာ ပင်ပန်းနေရောပေါ့။ ကျွန်မ သခင်လေးအတွက် မုန့်လေးတွေ လုပ်လာခဲ့တယ်"

ကျန်းယီဟွေ့က ဝမ်ရှီကို အကဲခတ်သည့် အကြည့်ဖြင့် အထက်အောက် ကြည့်လိုက်သည်။

ဝမ်ရှီက ကြမ်းတမ်းသော ချည်ကြမ်းအဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း သူမ၏ ခန္ဓာကိုယ်အချိုးအစားက အမှန်တကယ် လှပပြီး ရုပ်ရည်ကလည်း အလွန် ဆွဲဆောင်မှုရှိလှသည်။ သူမက သူ့ကို ရှက်ကိုးရှက်ကန်း လှမ်းကြည့်လိုက်သည့် အမူအရာတွင် မိန်းမပျိုလေးတစ်ယောက်၏ ရှက်သွေးဖြာမှုနှင့် အမျိုးသမီးငယ်တစ်ဦး၏ ညှို့ဓာတ်တို့ ရောယှက်နေခဲ့သည်။

ကျန်းယီဟွေ့၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးမှ သူက လှမ်းမေးလိုက်သည်။

"မင်းနဲ့ ငါ့ညီမ ရန်ဖြစ်ခဲ့ကြတယ်လို့ ငါ ကြားထားတယ်။ မင်း ငါ့ညီမကို တစ်ခုခု လုပ်လိုက်တာလား"

ဝမ်ရှီက လန့်ဖျန့်သွားသည့် အမူအရာလေးဖြင့် ငြင်းဆိုလိုက်သည်။

"မလုပ်ပါဘူး... ကျွန်မ မိန်းကလေးကျန်းကို မတွေ့ရတာ ကြာလှပါပြီ"

"မင်းက မတွေ့ဘူးလို့ ပြောရုံနဲ့ မတွေ့တာ ဖြစ်သွားရောလား။ မင်း ငါ့ညီမကို တစ်ခုခု လုပ်လိုက်တာ ဖြစ်ရမယ်။ အခုဆို သူ ဘယ်လောက်တောင် အန္တရာယ်ကြီးတဲ့ အခြေအနေနဲ့ ကြုံနေရပြီလဲ မသိဘူး"

"အစ်ကိုရှောင်း... မိန်းကလေးကျန်းက စာသင်ကျောင်းရဲ့ တံခါးဝမှာ မေ့လဲနေလို့ပါ။ ကျောင်းစောင့်က အစ်ကို အမြန်ဆုံး ထွက်ပြီး ဖြေရှင်းပေးဖို့ ပြောနေပါတယ်ခင်ဗျ"

ကျောင်းသားတစ်ယောက်က အပြင်မှ လှမ်းအော်ပြောနေသည်။

ရှောင်းယန်ချီက ခြေလှမ်းကျဲကြီးများဖြင့် ချက်ချင်း ထွက်ခွာသွားရင်း ပြန်မေးလိုက်သည်။

"သူ ဘယ်နားမှာလဲ"

All Chapters