အခန်း ၁၆၀
Vol. 16 Ch. 160
အခန်း ၁၆၀ နောင်တစိတ်
ဖုန်းဟွာကော့....
ကျုံးလန်ဟွာက ရှောင်းယန်ချီကို ဆဲဆိုကြိမ်းမောင်းရင်း တွန်းထိုးရိုက်နှက်နေလေသည်။ အစပိုင်းတွင် သူက လက်သီးချက်အချို့ကို အောင့်အီးသည်းခံနေခဲ့သော်လည်း သူမဘက်မှ ရပ်တန့်မည့် အရိပ်အယောင်မပြသဖြင့် သူ့၏စိတ်ရှည်မှုတို့ ကုန်ဆုံးလာကာ သူမကို အားဖြင့် တွန်းဖယ်ပစ်လိုက်သည်။
ကျုံးလန်ဟွာတစ်ယောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ရှောင်းယန်ချီကို ဒေါသတကြီး ကြည့်ကာ မှင်တက်နေလေသည်။
"ကောင်းလိုက်တာ... ငါက နင့်ကို အစားအသောက်တွေ ပေးခဲ့တယ်၊ အဝတ်အစား ဆင်ယင်ပေးပြီး ကျောင်းထားပေးခဲ့တာတောင် နင်က ငါ့ကို ပြန်ရိုက်ရဲတယ်ပေါ့ဟုတ်လား။ နင်ကတော့ တကယ့် ကျေးဇူးမသိတဲ့ကောင်ပဲ။ အစကတည်းက နင့်ကို ကျောင်းမထားပေးခဲ့သင့်ဘူး၊ နင်က တစ်သက်လုံး နိမ့်ကျတဲ့ ကျွန်တစ်ယောက်ပဲ ဖြစ်နေသင့်တာ"
ကျန်းယီဟွေ့ကလည်း ဘေးမှ ဝင်ထောက်ခံနေသည်။
"ဟုတ်တယ်၊ သူ့ရဲ့ အိမ်ထောင်စုစာရင်းကို ကျွန်အဖြစ် ပြန်ပြောင်းပစ်ရမယ်၊ ဒါမှ သူ ကျွန်အလုပ်ကို ဆက်လုပ်ရမှာ။ အမေ... သူ စာသင်ကျောင်းမှာ ဘယ်လောက်တောင် မောက်မာနေလဲဆိုတာ အမေ မသိဘူး၊ သူက သခင်ဖြစ်တဲ့ ကျွန်တော့်ကိုတောင် နည်းနည်းလေးမှ မလေးစားတော့ဘူး"
ရှောင်းယန်ချီက ထိုသားအမိနှစ်ဦး၏ ရုပ်ဆိုးအကျည်းတန်လှသော မျက်နှာများကို ကြည့်နေခဲ့ပြီး သူ့မျက်ဝန်းများထဲတွင် စက်ဆုပ်ရွံရှာမှုများ ဖြတ်ပြေးသွားခဲ့သည်။
‘အရင်ဘဝတုန်းကတော့ သူတို့က ငါ့အပေါ် ဒီလို မဆက်ဆံခဲ့ကြဘူး။ အဲ့တုန်းက ကျန်းရိဟွမ်းက ဘာတရားဝင်အဆင့်အတန်းမှ မရှိဘဲ ငါ့နောက်သို့ လိုက်ခဲ့တယ်။ ငါကလည်း ကျန်းမိသားစုအပေါ် အားနာမိလို့ ကျန်းယီဟွေ့အတွက် အလုပ်အကိုင်တစ်ခု တိတ်တဆိတ် စီစဥ်ပေးခဲ့တဲ့အပြင် ကျုံးလန်ဟွာ ဆိုင်ဖွင့်နိုင်ဖို့အတွက်လည်း ငွေကြေးတွေ ထောက်ပံ့ပေးခဲ့ဖူးတယ်။ ကျန်းယီဟွေ့က ဘာမှအသုံးမကျတဲ့ လူတစ်ယောက်ဖြစ်နေလို့ သက်တောင့်သက်သာရှိတဲ့ ရာထူးနေရာကို ရရှိထားတာတောင် အရာရာကို ရှုပ်ပွအောင် လုပ်လေ့ရှိတယ်။ ဒါပေမယ့် ငါက ကျန်းရိဟွမ်းရဲ့ မျက်နှာကို ထောက်ထားပြီး အဲ့ကိစ္စတွေကို အမြဲတမ်း လိုက်လံဖြေရှင်းပေးခဲ့တယ်။ ကျုံးလန်ဟွာရဲ့ စီးပွားရေးကလည်း အဆင်မပြေဘဲ အမြဲတမ်း အရှုံးပေါ်နေလို့ ငါကပဲ ထပ်ခါတလဲလဲ ငွေကြေးစိုက်ထုတ်ပေးခဲ့ရတယ်။ အဲ့ဘဝတုန်းကတော့ ကျန်းမိသားစုတစ်ခုလုံးက ငါ့အပေါ် အလိုက်သိပြီး ဂရုစိုက်မှုတွေ၊ ကြင်နာမှုတွေ ပြခဲ့ကြပေမယ့် အခုတော့ သူတို့ရဲ့ ရုပ်ဆိုးပြီး လောဘကြီးတဲ့ မောက်မာရိုင်းစိုင်းတဲ့ အစစ်အမှန်စရိုက်တွေ ပေါ်ထွက်လာကြပြီ’
'ဒါကပဲ သူတို့ရဲ့ သရုပ်မှန် ဖြစ်လိမ့်မယ်...'
ယခင်ဘဝတွင် သူက ရာထူးအာဏာ ရရှိထားပြီးသား ဖြစ်သဖြင့် သူတို့က သူ့ကို မြှောက်ပင့်ကာ ကပ်စားခဲ့ကြခြင်း ဖြစ်သည်။ ယခု သူက ဘာမှမရှိသေးသည့် ဆင်းရဲသား ပညာသင်တစ်ဦးသာ ဖြစ်နေသေးသောကြောင့် သူတို့က ဤမျှအထိ သရော်လှောင်ပြောင်ကာ ရက်စက်နေကြခြင်းပင်။
အကယ်၍ ကျန်းရိဟွမ်းသာ ရှိမနေခဲ့လျှင် သူ လှည့်ထွက်သွားခဲ့သည်မှာ ကြာနေလောက်ချေပြီ။ သူတို့က သူ့၏ အိမ်ထောင်စုစာရင်းကို ကျွန်အဖြစ် ပြန်ပြောင်းချင်နေကြသော်လည်း ထိုအရာက ကျောင်းအုပ်ကြီးနှင့် ဆရာများ သဘောတူ၊ မတူဆိုသည့်အပေါ်တွင်သာ တည်မှီနေတော့သည်။
"ဟင်း..."
ကျန်းရိဟွမ်းက တိုးတိုးလေး ညည်းတွားလိုက်သည်။
ကျန်းရိဟွမ်း၏ အသံကို ကြားလိုက်ရသည်နှင့် ကျုံးလန်ဟွာက ရှောင်းယန်ချီအပေါ် ထားရှိသည့် အာဃာတများကို ဘေးဖယ်ထားလိုက်ကာ ချက်ချင်း ပြေးသွားတော့သည်။
"ဟွမ်းအာ... သမီးလေး၊ သမီး သတိရလာပြီပဲ"
အကယ်၍ သမီးဖြစ်သူသာ တစ်ခုခုဖြစ်သွားပါက သူမ၏ ငါးများကို ထိန်းချုပ်နိုင်တော့မည်မဟုတ်ဘဲ နှစ်ပေါင်းများစွာ ခံစားခဲ့ရသည့် အကျိုးကျေးဇူးအားလုံး ဆုံးရှုံးသွားပေလိမ့်မည်။
နှစ်ပေါင်းများစွာတိုင်အောင် သူမတို့ စားသောက်နေထိုင်သမျှ အရာအားလုံးနီးပါးကို ထိုငါးများက ပံ့ပိုးပေးထားခြင်းဖြစ်သဖြင့် သူမတို့အနေဖြင့် ငွေအမြောက်အမြား သုံးစွဲခဲ့ရခြင်း မရှိပေ။ ကျန်းရိဟွမ်းက အလွန် တန်ဖိုးရှိလှသဖြင့် ကျုံးလန်ဟွာအနေဖြင့် သမီးဖြစ်သူကို တစ်ခုခု အဖြစ်ခံရန် လုံးဝမဖြစ်နိုင်ချေ။
ကျန်းရိဟွမ်းက ကျုံးလန်ဟွာ၏ နောက်ကွယ်တွင် ရှိနေသော ရှောင်းယန်ချီကို လှမ်းကြည့်လိုက်ပြီးနောက် ရုတ်တရက် ထိတ်လန့်တုန်လှုပ်စွာဖြင့် သူမ၏မျက်နှာကို ဖုံးအုပ်ကာ ငိုကြွေးလိုက်သည်။
"ကျွန်မနားကို မလာပါနဲ့၊ ကျွန်မကို မကြည့်ပါနဲ့နော်... အခု ကျွန်မက အရမ်းရုပ်ဆိုးနေပြီ"
သူမ ဤကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် ရှောင်းယန်ချီ၏ ရင်ထဲတွင် နာကျင်သွားရပြီး ကြင်ကြင်နာနာ လှမ်းပြောလိုက်သည်။
"ရုပ်မဆိုးပါဘူး။ ဟွမ်းအာ... မကြောက်နဲ့နော်"
"ဒါတွေက အလိမ်အညာတွေချည်းပဲ။ အစ်ကိုက ကျွန်မကို ရုပ်ဆိုးသွားပြီလို့ ထင်ပြီး ဆက်မတွေ့ချင်တော့တာမလား"
ကျန်းရိဟွမ်းက စောင်ထဲသို့ တိုးဝင်ကာ ငိုကြွေးရင်း တိုးတိုးလေး မေးခွန်းထုတ်နေခဲ့သည်။
"ကျွန်မ အပြင်းဖျားတုန်းက တခြားလူတွေလိုပဲ ပြည်တည်နာတွေ ပေါက်ခဲ့တာ။ အခု ရောဂါပျောက်သွားပေမယ့် မျက်နှာမှာ အမာရွတ်တွေ ကျန်ခဲ့ပြီး ဒီလောက်တောင် ရုပ်ဆိုးသွားခဲ့ပြီ။ ထွက်သွားပါ... အစ်ကို့ကို ကျွန်မရဲ့ ဒီလိုပုံစံမျိုး မမြင်စေချင်ဘူး၊ ထွက်သွားပေးပါ"
ရှောင်းယန်ချီက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"မင်း ဘယ်လိုဖြစ်လို့ ဖျားရတာလဲ။ ပြီးတော့ ဒီရက်ပိုင်းအတွင်း ဘယ်တွေရောက်နေခဲ့တာလဲ။ မင်း တောင်ပေါ်က ဆင်းသွားပြီလို့ ကိုယ် ထင်နေခဲ့တာ"
"အဲ့ဒီနေ့က အစ်ကို့အဝတ်တွေကို သွားလျှော်ပေးရင်း လမ်းမှာ မူးလဲသွားခဲ့တာပါ။ ကျွန်မ ပြန်နိုးလာတော့ ဖျားနေပြီး အခန်းတစ်ခန်းထဲမှာ ပိတ်လှောင်ခံထားရတယ်။ အဲ့ဒီတုန်းက မူးဝေနောက်ကျိနေလို့ ဘာမှ မသိခဲ့ရဘူး။ သတိပြန်ရလာတော့ ကျွန်မကို ဆေးနဲ့ အစားအစာ လာပေးတဲ့ ကိုရင်လေးတစ်ပါးကိုပဲ တွေ့ရတော့တယ်။ တခြားလူတွေကတော့ လူနာတွေကို ကူညီပေးဖို့ ဘေးမြို့ကို သွားကြပြီလို့ ကြားခဲ့ရတယ်။ ကိုရင်လေးပြောတာက ကျွန်မက အဲ့ဒီမှာ တစ်ဦးတည်းသော လူနာဖြစ်နေလို့ ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်ရဘူးတဲ့။ သူကလည်း နေ့တိုင်း အချိန်မှန် အစားအစာနဲ့ ဆေးလာပေးပြီးရင် ပြန်ထွက်သွားတယ်။ ကျွန်မ အဲ့ဒီမှာပဲ သေရတော့မယ်လို့ တွေးနေခဲ့တာ။ ကျွန်မ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူးပေါ့။ ကျွန်မ အစ်ကိုရှောင်းကို အရမ်းလွမ်းနေခဲ့တာ။ ဒါပေမယ့် အခု ကျွန်မ တကယ့်ကို ရုပ်ဆိုးနေလောက်ပြီ၊ မကြည့်ပါနဲ့နော်... တောင်းပန်ပါတယ်... ဟင့်... ဟင့်..."
ကျုံးလန်ဟွာက ရှောင်းယန်ချီကို စူးစိုက်ကြည့်ကာ လှမ်းပြောလိုက်သည်။
"ရှောင်းချီ... နင် ကြားတယ်မလား။ ငါ့သမီးက နင့်အဝတ်တွေကို လျှော်ပေးရင်း ဖျားသွားခဲ့တာ။ တကယ်လို့ နင်သာ ငါ့သမီးကို နှာခေါင်းရှုံ့ရဲရင် ငါ နင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး"
ကျန်းရိဟွမ်း၏ မျက်နှာပေါ်တွင် အမာရွတ်အချို့ ရှိနေသည်မှာ အမှန်ပင် ဖြစ်သော်လည်း အများကြီးတော့ မဟုတ်ချေ။ လောလောဆယ်တွင် အမာရွတ်များက အနည်းငယ် မြင်သာနေပုံရသော်လည်း အချိန်အတန်ကြာလျှင် မှိန်ဖျော့သွားပေလိမ့်မည်။ သူတို့က လူနာများစွာကို မြင်ဖူးထားသဖြင့် ဤအခြေအနေက ဘာကိုဆိုလိုမှန်း ကောင်းကောင်း နားလည်နေကြသည်။
ကျန်းရိဟွမ်းက စောင်ကို ခြုံကာ အလွန် ဝမ်းနည်းပက်လက်ဖြစ်နေဟန်ဖြင့် ငိုကြွေးနေခဲ့သည်။
"ခံပေါ့"
ကျန်းယီဟွေ့က စိတ်ပျက်လက်ပျက်ဖြင့် တိုးတိုးရေရွတ်ကာ ထွက်ခွာသွားခဲ့သည်။
သူ စာသင်ကျောင်းမှ မနည်းရုန်းထွက်လာခဲ့ရခြင်း ဖြစ်သဖြင့် ကျန်းရိဟွမ်း၏ ငိုညည်းသံများကို နားထောင်ရင်း အချိန်မဖြုန်းချင်ပေ။ သူက သူ၏ ပျော်တော်ဆက်မလေးဆီသို့ အမြန်ဆုံး သွားရန်သာ ဆန္ဒရှိနေလေသည်။
အမှန်တကယ်တွင် ကျန်းရိဟွမ်းက တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဟန်ဆောင်နေခြင်း ဖြစ်သည်။
သူမ၏ မျက်နှာပေါ်မှ အမာရွတ်များက အများကြီးမဟုတ်ကြောင်း သူမ ကိုယ်တိုင်လည်း ကောင်းကောင်းသိနေခဲ့သည်။ ထိုအမာရွတ်များ များပြားနေလျှင်ပင် အလှပြင်ပစ္စည်းများဖြင့် ဖုံးအုပ်နိုင်သောကြောင့် သူမ၏ ရုပ်ရည်ကို မည်သို့မျှ ထိခိုက်စေမည်မဟုတ်ချေ။ သို့သော် သူမက ရှောင်းယန်ချီ၏ ရင်ထဲတွင် နောင်တစိတ်များ ဖြစ်ပေါ်လာစေရန်၊ သူ၏ ယခင်မကျေနပ်မှု အားလုံးကို မေ့ပျောက်သွားစေရန်၊ သူမအပေါ် သနားဂရုဏာ သက်လာစေရန်နှင့် ယခုအချိန်မှစပြီး သူ့၏နှလုံးသားထဲတွင် သူမတစ်ယောက်တည်းသာ ရှိနေစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ ငိုကြွေးပြနေခြင်း ဖြစ်သည်။
သူမအနေဖြင့် အမှန်တကယ် ရုပ်ဆိုးသွား၍ မဖြစ်ချေ။ အကယ်၍ သူမသာ အမှန်တကယ် ရုပ်ဆိုးသွားခဲ့လျှင် အမျိုးသားတစ်ယောက်၏ စစ်မှန်သော အချစ်ကို ဘယ်တော့မှ ရရှိတော့မည်မဟုတ်ဘဲ စက်ဆုပ်ရွံရှာမှုကိုသာ ရရှိပေလိမ့်မည်။ အမျိုးသမီးတစ်ယောက်အပေါ် ထားရှိသည့် အမျိုးသားတစ်ဦး၏ အချစ်ဆိုသည်မှာ ထိုအမျိုးသမီးက ချစ်ခင်မြတ်နိုးဖွယ်ကောင်းသည်ဟူသော အချက်အပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သည်။ အကယ်၍ သူမသာ အမှန်တကယ် ရုပ်ဆိုးသွားခဲ့ပါက မည်သည့်အမျိုးသားက ဤကဲ့သို့သော အမျိုးသမီးမျိုးကို သနားကြင်နာချင်တော့မည် မဟုတ်ချေ။
ကျန်းရိဟွမ်းက သူ့အဝတ်များကို လျှော်ပေးရင်း ဖျားနာခဲ့ရခြင်းဖြစ်ကြောင်း ကြားလိုက်ရသဖြင့် ရှောင်းယန်ချီလည်း သူမ၏ ကုတင်ဘေးတွင် ရှိနေပေးကာ ချော့မော့ပြောဆိုနေခဲ့သည်။
"ဟွမ်းအာ... ကိုယ်က အဲ့လိုလူမျိုး မဟုတ်ပါဘူး။ မင်း ကိုယ့်ကို မယုံဘူးလား။ မင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့ ခံစားချက်တွေက ဒီလိုအရာတွေကြောင့် ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး"
"ဒါဆို... အစ်ကို ကျွန်မကို လက်ထပ်မှာလား"
ကျန်းရိဟွမ်းက စောင်ထဲမှ ခေါင်းလေးပြူထွက်လာပြီး ဝမ်းနည်းရိပ်ယှက်သန်းနေသော မျက်ဝန်းတစ်စုံဖြင့် လှမ်းမေးလိုက်သည်။
ရှောင်းယန်ချီက ချက်ချင်း ပြန်မဖြေဘဲ တွေဝေသွားခဲ့သည်။
အမှန်ဆိုလျှင် သူ ချက်ချင်း သဘောတူလိုက်သင့်သည်။
ယခင်ဘဝတုန်းက သူ ကျန်းရိဟွမ်းကို လက်ထပ်ရန်၊ သူမကို သူ၏ တရားဝင်ဇနီးအဖြစ် ထားရှိရန်နှင့် သူတို့၏ ကလေးကို တရားဝင် အဆင့်အတန်းတစ်ခု ပေးနိုင်ရန် သူ မည်မျှ မျှော်လင့်ခဲ့ရဖူးသည်ကို သူကိုယ်တိုင် အသိဆုံး ဖြစ်သည်။ သို့သော် စောစောက အခိုက်အတန့်လေးတွင်တော့ သူ တွေဝေသွားခဲ့ရပြီး စူးယောင်ကွမ်းကို သတိရမိသွားခဲ့သည်။
စူးယောင်ကွမ်း ခြံဝင်းတံခါးဝတွင် ညစဉ်ညတိုင်း စောင့်ဆိုင်းနေခဲ့ပုံများ၊ စူးယောင်ကွမ်းက သူ့အတွက် အပ်ချုပ်အလုပ်များ လုပ်ပေးခဲ့သည့် အခိုက်အတန့်တိုင်းနှင့် သူ့အတွက် အနုစိတ်လှသော မုန့်အမျိုးမျိုးကို လုပ်တတ်အောင် သင်ယူနေခဲ့သည့် စူးယောင်ကွမ်း၏ ပုံရိပ်များကို သူ ပြန်လည် မြင်ယောင်လာမိသည်။
"အစ်ကို မလိုချင်ဘူးပေါ့ဟုတ်လား"
ကျန်းရိဟွမ်း၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
သူမက ရှောင်းယန်ချီ၏ သဘောထားကို စမ်းသပ်ရန်အတွက် လက်ထပ်မည့်ကိစ္စကို တမင်တကာ ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။ ယခုကြည့်ရသည်မှာ ရှောင်းယန်ချီက ဝမ်ရှီကြောင့် အမှန်တကယ် စိတ်လှုပ်ရှားနေပုံရသည်ဟု သူမ ယူဆလိုက်သည်။
'ဒါက အမှန်ပဲ...'
‘ငါက မကြာသေးခင်အချိန်အတွင်း သူ့နားကနေ ခွဲခွာနေခဲ့ရတယ်၊ အဲ့ဒီဝမ်မျိုးရိုး မြေခွေးမက သူ့ကို မြှူဆွယ်ဖျားယောင်းဖို့အတွက် နည်းလမ်းမျိုးစုံ သုံးခဲ့လောက်တယ်။ ယောက်ျားဆိုတာက မိန်းမတစ်ယောက်ရဲ့ မြှူဆွယ်မှုကို ဘယ်လို ခံနိုင်ရည်ရှိပါ့မလဲ။ အထူးသဖြင့် ရုပ်ရည်အနည်းငယ်ရှိသော ဝမ်ရှီလို မြေခွေးမမျိုးရဲ့ အပြုအမူတွေကိုပေါ့’
"မဟုတ်ပါဘူး၊ မင်း အခုလောလောဆယ် စိတ်လိုက်မာန်ပါ ဖြစ်နေတယ်လို့ ကိုယ် ထင်လို့ပါ။ မင်း စိတ်ငြိမ်သွားတဲ့အခါမှ ဒါကို ဆက်ပြောကြတာပေါ့။ အဲ့ဒီအချိန်ကျလို့ မင်းဘက်က လိုလိုလားလား ရှိနေသေးရင် ကိုယ် မင်းကို အသေအချာ လက်ထပ်မှာပါ"
ရှောင်းယန်ချီက ကျန်းရိဟွမ်းကို ချော့မော့လိုက်သည်။
"ငါ ဒီမှာ ရှိနေသေးတာကို နင်တို့က လက်ထပ်ဖို့အထိ ပြောနေကြပြီပေါ့ဟုတ်လား။ ငါ သဘောတူ၊ မတူဆိုတာကိုရော နင်တို့ ထည့်စဉ်းစားမိကြရဲ့လား"
ကျုံးလန်ဟွာက ဒေါသသံဖြင့် ဝင်ပြောလိုက်သည်။
"အမေရယ်... သမီးနဲ့ အစ်ကိုရှောင်းတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါနော်"
ကျန်းရိဟွမ်းက ကျုံးလန်ဟွာ၏ လက်ကို ဆွဲကိုင်ကာ ငိုယိုတောင်းပန်လိုက်သည်။
"သမီး သူ့ကို တကယ် ချစ်တာပါ။ သူ မရှိရင် သမီး အသက်မရှင်ချင်တော့ဘူး"
ကျုံးလန်ဟွာက နှာခေါင်းရှုံ့လိုက်ရင်း ပြန်ပြောလိုက်သည်။
"ကောင်းပြီလေ... ဒါဆိုရင်လည်း သွားသေလိုက်ပေါ့။ နင်ကတော့ တကယ့်ကို သနားဖို့ကောင်းတဲ့ မိန်းကလေးပဲ၊ ယောက်ျားတစ်ယောက်အတွက်နဲ့ နင့်အသက်ကို စွန့်စားရဲတယ်ပေါ့။ နင်က ငါ့သမီး ဟုတ်သေးရဲ့လား။ ဟေ့... ရှောင်းမျိုးရိုး... နင် ငါ့သမီးကို လက်ထပ်ချင်တယ်ဆိုရင် အနည်းဆုံးတော့ တော်ဝင်စာမေးပွဲကို အောင်မြင်အောင် ဖြေရလိမ့်မယ်"
"စိတ်မပူပါနဲ့၊ တကယ်လို့ ကျွန်တော် တော်ဝင်စာမေးပွဲ မအောင်ရင် ဟွမ်းအာကို ကျွန်တော်နဲ့အတူ ဆင်းရဲဒုက္ခ ခံခိုင်းရက်မှာ မဟုတ်ပါဘူး"
ရှောင်းယန်ချီက ဆက်ပြောလိုက်သည်။
"ကျွန်တော် တော်ဝင်စာမေးပွဲ အောင်မြင်ရုံတင်မကဘဲ အမြင့်ဆုံးအဆင့်နဲ့ အောင်မြင်တဲ့ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်လာစေရမယ်၊ ပြီးတော့ ဟွမ်းအာကို ထိပ်တန်းပညာရှင်ရဲ့ ဇနီး ဖြစ်လာစေရပါမယ်"