← Chapters

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း ၁၆၁ နင် ရူးနေတာလား

ဘေးနားရှိ မြို့တွင်တော့ စူးယောင်ကွမ်းက လူနာများ၏ ပြန်လည်ကောင်းမွန်လာမှု အခြေအနေများကို စာရင်းမှတ်နေပြီး ကျိုးဝမ်ရှူ ပြောလိုက်သည့် စကားကို သတိမထားမိလိုက်ပေ။ သူမက ပေါ့ပေါ့ပါးပါး ပြန်မေးလိုက်သည်။

"နင် ဘာပြောလိုက်တာလဲ။ ငါ သေချာမကြားလိုက်လို့... နောက်တစ်ခေါက်လောက် ပြန်ပြောပေးဦး"

ကျိုးဝမ်ရှူက သူမဘေးရှိ ထိုင်ခုံ၏ လက်ရန်းကို မှီလိုက်ရင်း စူးယောင်ကွမ်း၏ မျက်ဝန်းများကို စိုက်ကြည့်ကာ အလေးအနက် ထပ်မေးလိုက်သည်။

"ခင်ဗျား ထိပ်တန်းပညာရှင်ရဲ့ ဇနီး ဖြစ်ချင်လား"

စူးယောင်ကွမ်းက လုပ်လက်စအလုပ်များကို ရပ်လိုက်ပြီး ကျိုးဝမ်ရှူကို မော့ကြည့်ကာ သူ့နဖူးကို လှမ်းစမ်းလိုက်သည်။

"နင် နေလို့မကောင်းဘူးလား။ ပင်ပန်းနေရင်လည်း နားလို့ရမယ့်နေရာတစ်ခု သွားရှာလိုက်လေ၊ ကိုယ့်ကိုယ်ကိုယ် အတင်းကြီး ဖိအားမပေးနဲ့။ နင်က အရင်က ကြည့်ကောင်းနေတာလေ၊ အခုလို ရူးကြောင်ကြောင် ဖြစ်သွားရင်တော့ မိန်းမရဖို့တောင် လွယ်တော့မှာ မဟုတ်ဘူး"

"ဒါဆိုရင်လည်း ကျွန်တော် ခင်ဗျား ဘေးနားမှာပဲ နေပြီး ခင်ဗျား ရှာကျွေးတာကိုပဲ တစ်သက်လုံး ထိုင်စားတော့မယ်"

"နင်က အဲ့စကားနဲ့ ငါ့ကို ခြောက်လှန့်နိုင်မယ်လို့ ထင်နေတာလား။ ဘာပဲဖြစ်ဖြစ် ငါက ယောက်ျားယူဖို့ အစီအစဉ် မရှိဘူး။ အသင့်သုံးလို့ရတဲ့ ဒိုင်းကာတစ်ခု ရှိနေတာကလည်း တော်တော်လေး ကောင်းတာပဲလေ"

"ခင်ဗျားက ဘာလို့ ယောက်ျားမယူချင်ရတာလဲ။ ယောက်ျားတွေကို မကြိုက်လို့လား၊ ဒါမှမဟုတ် ယောက်ျားတွေက ခင်ဗျားကို နာကျင်အောင် လုပ်ခဲ့လို့လား"

စူးယောင်ကွမ်းက ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ယောက်ျားတွေမှာ ဘာကောင်းတာ ရှိလို့လဲ။ ငါသာ ပိုက်ဆံရှာနိုင်ရင် ယောက်ျားတွေကို လိုချင်သလောက် ရနိုင်တာပဲ။ အဲ့ဒါက ယောက်ျားတစ်ယောက်တည်းနဲ့ပဲ တစ်သက်လုံး ရိုးအီသွားအောင် နေရတာထက် ပိုမကောင်းဘူးလား"

ကျိုးဝမ်ရှူ : "..."

'ဒါဆို ခင်ဗျားက ယောက်ျားတွေကို မုန်းနေတာ မဟုတ်ဘဲ ယောက်ျား "တစ်ယောက်တည်း" နဲ့ပဲ တူတူနေရမှာကို မုန်းနေတာပေါ့'

ထိုသို့ တွေးမိပြီးနောက် သူက သူ့လက်ထဲမှ မျက်နှာသုတ်ပုဝါကို စားပွဲပေါ်သို့ ဘုတ်ခနဲ ဆောင့်ချလိုက်ပြီး နှာခေါင်းရှုံ့ကာ လှည့်ထွက်သွားတော့သည်။

စူးယောင်ကွမ်း : "..."

'ယောက်ျားတွေရဲ့ စိတ်က ဘာလို့ ဒီလောက်တောင် နားလည်ရခက်နေရတာလဲ။ သူတို့တွေ အရွယ်ရောက်လာပြီးရင် ကိုယ်ပိုင်အကြံအစည်လေးတွေ ရှိလာကြလို့လား'

ကျန်းကျောက်တိက စူးယောင်ကွမ်း၏ အနားသို့ လျှောက်လာပြီး စားပွဲကို ဒုန်းကနဲ မြည်အောင် ရိုက်ချလိုက်ကာ သူမကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း ပြောလာခဲ့သည်။

"နင် စောစောက ဝမ်ရှူကို ဘာလုပ်လိုက်တာလဲ"

စူးယောင်ကွမ်းတစ်ယောက် ဘာမှန်းပင် မသိလိုက်ရဘဲ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

"သမီးတို့ စကားနည်းနည်းပဲ ပြောခဲ့တာပါ၊ ဘာမှ မလုပ်ပါဘူး။ အမေကလည်း... အခု ဘာဖြစ်နေလို့လဲ"

"နင် သူ့ကို အနိုင်ကျင့်လိုက်တာလား။ ဒါမှမဟုတ် ဆူလိုက်လို့လား။ အဲ့လိုမှမဟုတ်ရင် သူ့မျက်လုံးတွေက ဘာလို့ ဒီလောက်တောင် နီရဲနေရတာလဲ။ သူ ငိုထားတာ အသိသာကြီးပဲ"

ကျန်းကျောက်တိက သမီးဖြစ်သူကို ဆူပူကြိမ်းမောင်းပြီးနောက် အလေးအနက် ထပ်ပြောလိုက်သည်။

"ယောင်ကွမ်း... ဝမ်ရှူက စာဖတ်တဲ့နေရာမှာ ရှောင်းအိမ်က ကောင်လေးလောက် မတော်တာတော့ အမှန်ပဲ၊ ဒါကြောင့် နောက်ပိုင်းမှာ သူ တော်ဝင်စာမေးပွဲ အောင်မြင်ဖို့အတွက် မျှော်လင့်လို့ မရနိုင်ဘူး။ ဒါပေမဲ့ သူက ရုပ်ရည်ချောမောပြီး နင့်အပေါ်မှာလည်း အစွဲအလမ်းကြီးရှာတယ်။ နင့်ကို သူ့လက်ထဲ အပ်ရမှာမို့ ငါ တော်တော်လေး စိတ်အေးရတယ်။ သူက ရိုးသားလွန်းလို့ဆိုပြီး နင်က အနိုင်မကျင့်ရဘူးလေ။ နင် နေ့တိုင်း ထိတွေ့ဆက်ဆံနေရတဲ့ အမျိုးသားလူနာတွေ ဘယ်လောက်တောင် များလဲ၊ နင် အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ကို မြင်တွေ့ခဲ့ရတာကရော... ဘယ်နှယောက်ရှိပြီလဲ၊ ဒါကို ဝမ်ရှူက နင့်အပေါ် မကောင်းတဲ့ စကားတစ်ခွန်း ပြောဖူးလို့လား။ ဒီလို နားလည်ပေးနိုင်တဲ့ ယောက်ျားမျိုးကို ဘယ်မှာ သွားရှာလို့ ရဦးမှာလဲ"

ကျန်းကျောက်တိ၏ အဆုံးမရှိသော ဆုံးမသြဝါဒများကို နားထောင်ရင်း စူးယောင်ကွမ်းက စားပွဲတစ်ဖက်ရှိ ကျန်းကျင့်ကို တိတ်တဆိတ် အကူအညီလှမ်းတောင်းလိုက်သည်။

အချက်ပြမှုကို လက်ခံရရှိသွားသည့် ကျန်းကျင့်က ချက်ချင်း အပြေးအလွှား ရောက်လာပြီး ကျန်းကျောက်တိကို လှမ်းပြောလိုက်သည်။

"မွေးစားအမေ... ကျွန်မအလုပ်တွေ အရမ်းများနေလို့ အမေ့ရဲ့ အကူအညီ လိုအပ်နေတယ်"

"အေးအေး... ငါ ဘာလုပ်ပေးရမလဲ။ ပြောသာ ပြော၊ ငါ ကူညီပေးမယ်"

ကျန်းကျောက်တိတစ်ယောက် ကျန်းကျင့်နောက်သို့ လိုက်ပါသွားမှသာ စူးယောင်ကွမ်းလည်း တိုးတိုးလေး သက်ပြင်းချနိုင်သွားခဲ့သည်။

သူမက စာရင်းစာအုပ်ကို ပိတ်လိုက်ပြီး ကျိုးဝမ်ရှူ ရှိရာဘက်သို့ လှမ်းကြည့်ကာ စောစောက သူမတို့ပြောခဲ့သည့် စကားများအကြောင်း ပြန်စဉ်းစားနေမိသည်။

‘ငါ ဘာမှလည်း လွန်လွန်ကဲကဲ မပြောမိပါဘူး... ဟုတ်တယ်မလား’

‘ထားပါတော့။ အချိန်ကုန်မခံတော့ဘူး။ ဘယ်လောက် စဉ်းစားစဉ်းစား အဖြေထွက်မှာ မဟုတ်မှတော့ သူ့ကို ချော့မော့လိုက်တာကပဲ အကောင်းဆုံး ဖြစ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒီကောင်လေးက ချော့ရလွယ်တယ်။ ငါ အကြောင်းပြချက်များကို လိုက်ရှာမနေတော့ဘဲ ပြဿနာကိုသာ တည့်တည့်ရင်ဆိုင်လိုက်မယ်’

‘နေဦး... သူ ပြီးခဲ့တဲ့တစ်ခေါက်က မုန့်စားချင်တယ်လို့ ပြောခဲ့သလိုပဲ’

ကျိုးဝမ်ရှူကတော့ သူ့အလုပ်နှင့်သူ အလုပ်ရှုပ်နေခဲ့သည်။ အလုပ်များ ပြီးသွားသည့်အခါမှသာ သူ စိတ်ငြိမ်သွားပြီး သူ့ကိုယ်သူ ပြန်ဆင်ခြင်မိတော့သည်။

‘ငါ ဘာတွေဖြစ်နေတာလဲ’

‘ဘာပဲဖြစ်ဖြစ် ငါက အနှေးနဲ့အမြန် ဒီကနေ ထွက်သွားရမယ့်သူလေ။ သူမက တော်ဝင်စာမေးပွဲ အောင်မြင်တဲ့ ထိပ်တန်းပညာရှင်နဲ့ပဲ လက်ထပ်လက်ထပ်၊ သာမန်လူတစ်ယောက်နဲ့ပဲ လက်ထပ်လက်ထပ် ငါနဲ့ ဘာဆိုင်လို့လဲ’

‘အလွန်ဆုံးရှိလှ သူမရဲ့မောင်တစ်ယောက်အနေနဲ့ မင်္ဂလာလက်ဆောင်တစ်ခု ပို့ပေးပြီး လင်မယားနှစ်ယောက် သက်ဆုံးတိုင် ပေါင်းဖက်နိုင်ပါစေ၊ သားသမီးတွေ အများကြီး မွေးဖွားနိုင်ပါစေလို့ပဲ ဆုတောင်းပေးရုံပေါ့...’

ထိုသို့တွေးမိသော်လည်း သူက ဘုရားကျောင်းတွင် မက်ခဲ့သော အိပ်မက်ကို ပြန်သတိနေမိသေးသည်။

ထိုအရာက အိပ်မက်တစ်ခုမဟုတ်ဘဲ အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် အရာတစ်ခုကဲ့သို့ သူ အခုထိ ခံစားနေရဆဲပင်။

ယခင်ဘဝတုန်းက သူမက ရှောင်းယန်ချီနှင့် လက်ထပ်ကာ ထိပ်တန်းပညာရှင်၏ ဇနီးဖြစ်လာခဲ့သော်လည်း အခြားသူများ၏ လေးစားမှုကို မရရှိခဲ့ပေ။ ကျေးလက်တောရွာမှ မိန်းကလေးတစ်ဦးဘဝမှ မြင့်မြတ်သော သခင်မတစ်ဦးအဖြစ် ပြောင်းလဲသွားသည့် လမ်းခရီးတစ်လျှောက်တွင် သူမ ဆင်းရဲဒုက္ခများနှင့် အရှက်ခွဲမှုများစွာကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း ထိုသို့ဖြစ်နေသည့်တိုင် သူမက လက်မလျှော့ခဲ့ပေ။ သူ စောစောက သူမကို လှမ်းမေးခဲ့ခြင်းမှာ သူမ ထိပ်တန်းပညာရှင်၏ ဇနီး အမှန်တကယ်ဖြစ်ချင်သလားဆိုသည်ကို သိလို၍ ဖြစ်သည်။ အကယ်၍ မဖြစ်ချင်ဘူးဆိုလျှင် ထိုကဲ့သို့ လူမဆန်သော နှိပ်စက်ညှဉ်းပန်းမှုများကို သူမ အဘယ်ကြောင့် သည်းခံနေရသည်ကို သူ နားမလည်နိုင်ဖြစ်နေရသည်။

ထိုစဉ် မွှေးပျံ့သော အနံ့တစ်ခုက သူ့နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။

သူ အနံ့ရှိရာသို့ လှည့်ကြည့်လိုက်ရာ စူးယောင်ကွမ်းက မုန့်ပန်းကန်တစ်ခုကို ကိုင်ပြီး လျှောက်လာနေသည်ကို မြင်လိုက်ရသည်။

စူးယောင်ကွမ်းက မုန့်များကို သူ့ထံ ကမ်းပေးရင်း ပြောလာခဲ့သည်။

"ငါ မကြာသေးခင်က အလုပ်တွေ အရမ်းများနေလို့ နင့်ကို မုန့်လုပ်ပေးမယ်ဆိုတဲ့ ကတိကို အခုမှပဲ ဖြည့်ဆည်းပေးနိုင်တော့တယ်။ ငါတို့ရဲ့ သခင်လေးကျိုးက စိတ်မဆိုးဘူးမလားဟင်"

ကျိုးဝမ်ရှူက သူ့ရှေ့ရှိ မုန့်များကို ကြည့်လိုက်ပြီး သူ့၏မျက်နှာအမူအရာက ပြောင်းလဲသွားပြန်သည်။

ထိုပန်းကန်ထဲတွင် အရောင်အသွေး စုံလင်လှပြီး ပန်းပွင့်ပုံစံအမျိုးမျိုး ပြုလုပ်ထားသော မုန့်ဆယ့်နှစ်ခု ရှိနေသည်။ ထိုအထဲတွင် ပျိုနီပန်း၊ ဇီးပန်း၊ ကြာပန်း၊ ရေနတ်သမီးပန်း စသည်ဖြင့် စုံလင်လှပြီး ပန်းပွင့်တစ်ခုချင်းစီက တကယ့်ပန်းအစစ်အတိုင်း သက်ဝင်လှုပ်ရှားနေပုံရသည်။

ထိုမုန့်များက အနုပညာလက်ရာတစ်ခုကဲ့သို့ အလွန် လက်ရာမြောက်လှသဖြင့် ပျောက်ကွယ်သွားမည်ကို နှမြောတသ ဖြစ်စေပြီး စားရန်ပင် တွန့်ဆုတ်စေသည်။ သို့သော် ဤအရာက ကျေးလက်တောရွာ၌ ကြီးပြင်းလာခဲ့သော စူးယောင်ကွမ်း လုပ်နိုင်မည့် အရာမျိုး မဟုတ်ပေ။ ထိုမုန့်များက သူမ၏ ယခင်ဘဝတွင် သူမ ထိပ်တန်းပညာရှင်၏ ဇနီးဖြစ်လာပြီးနောက် မြင့်မြတ်သော မှူးမတ်မျိုးနွယ်များ၏ တည်ခင်းဧည့်ခံပွဲ အမျိုးမျိုးကို တက်ရောက်ခဲ့ရပြီး မုန့်ပုံစံအမျိုးမျိုးကို လေ့လာကာ သူမကိုယ်တိုင် အကြိမ်ကြိမ် စမ်းသပ်ဖန်တီးထားသည့် မုန့်အမျိုးအစားအသစ် ဖြစ်သည်။ ထိုမုန့်ကြောင့်ပင် သူမ မြင့်မြတ်သော သခင်မများထံမှ မရေမတွက်နိုင်သော ချီးမွမ်းမှုများကို ရရှိခဲ့ပြီး ရက်အနည်းငယ်မျှ ဂုဏ်သရေ တောက်ပခဲ့ဖူးသေးသည်။

စူးယောင်ကွမ်းက ယခုအချိန်တွင် ဤမုန့်မျိုး လုပ်ပြလာခြင်းက ပုံမှန်အခြေအနေ လုံးဝ မဟုတ်ချေ။

သူမတွင် ယခင်ဘဝက မှတ်ဉာဏ်များ ရှိနေခဲ့ချေပြီ။

သူမလည်း သူလိုမျိုး ဘုရားကျောင်းတွင် ဉာဏ်အလင်းရရှိခဲ့ပြီး ထိုကဲ့သို့ အိပ်မက်မျိုး မက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကျိုးဝမ်ရှူ တွေးနေခဲ့သည်။

"အူကြောင်ကြောင်နဲ့ ဘာတွေ စိုက်ကြည့်နေတာလဲ... စားလေ"

စူးယောင်ကွမ်းက မုန့်တစ်ဖဲ့ကို ဖဲ့ယူကာ ကျိုးဝမ်ရှူ၏ ပါးစပ်ထဲသို့ အတင်းထိုးထည့်ပေးလိုက်ရင်း ဆက်ပြောနေသည်။

"မြည်းကြည့်၊ ငါ ဒီမုန့်ကို လုပ်ဖို့ တော်တော်လေး အားစိုက်ခဲ့ရတာ။ အခု ဒါလေးစားပြီးရင်တော့ စိတ်မဆိုးနဲ့တော့နော်"

အမှန်တကယ်တွင် သူမအနေဖြင့် ထိုကောင်လေး အဘယ့်ကြောင့် စိတ်ဆိုးနေသည်ကို လုံးဝ ရိပ်မိခြင်းမရှိခဲ့ပေ။

ကျိုးဝမ်ရှူက သူ့ပါးစပ်ထဲမှ မုန့်ကို ဝါးလိုက်ရင်း ချိုမြိန်ပြီး ခပ်စိမ့်စိမ့် အရသာကို မြိန်ယှက်စွာ ခံစားလိုက်သည်။

သူ သူမနောက်သို့ ဝိညာဉ်တစ်ခုအဖြစ် လိုက်ပါနေခဲ့စဉ်တုန်းက သူမက မုန့်လုပ်နည်းများကို စပ်းသပ်ရန် အချိန်များစွာ ပေးခဲ့ရသည်ကို သူ မြင်တွေ့ခဲ့ဖူးသည်။ အကောင်းဆုံးနှင့် အနှစ်သက်ဆုံး မုန့်တစ်ခု ဖြစ်လာစေရန်အတွက် သူမဘာသာ နေ့တိုင်း မြည်းစမ်းရင်း အမျိုးအစားပေါင်း ဒါဇင်နှင့်ချီ ပြုလုပ်ခဲ့ရရှာသည်။ ထိုအချိန်တုန်းက ဤမုန့်က မည်မျှအထိ အရသာရှိမည်ကို သူကိုယ်တိုင် မြည်းစမ်းကြည့်ချင်ခဲ့ဖူးသည်။

ထိုအိပ်မက်က အလွန် လက်တွေ့ဆန်လွန်းလှသဖြင့် သူ အမြဲတမ်း စိတ်ထဲစွဲလန်းနေခဲ့ပြီး ဤမုန့်၏ အရသာကို သိချင်နေခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ယခုအခါ သူ အမှန်တကယ် မြည်းစမ်းခွင့်ရရှိလာပြီ ဖြစ်သလို သူ စိတ်ကူးယဉ်ခဲ့ဖူးသည့်အတိုင်း အမှန်တကယ် အရသာရှိနေလေသည်။

"ဘယ်လိုလဲ... အရသာ ရှိရဲ့လား"

စူးယောင်ကွမ်းက မျှော်လင့်ချက်အပြည့်ဖြင့် သူ့ကို စိုက်ကြည့်ကာ မေးမြန်းနေသည်။

‘အရာရာကို စေ့စေ့ပေါက်ပေါက် အပြစ်ရှာနိုင်လွန်းတဲ့ ရှောင်းယန်ချီလို လူမျိုးတောင် ဒီမုန့်ကို အလွန်အမင်း ချီးကျူးခဲ့ရတာပဲ၊ ငါ ကျိုးဝမ်ရှူကို မချော့နိုင်စရာ အကြောင်းမရှိလောက်ပါဘူး’

ကျိုးဝမ်ရှူက မုန့်ကို စားရင်း အကဲခတ်သည့် လေသံဖြင့် လှမ်းမေးလိုက်သည်။

"ဒါကို ခင်ဗျားကိုယ်တိုင် တကယ်လုပ်ခဲ့တာလား"

"ငါကိုယ်တိုင်မလုပ်လို့ ဘယ်သူလုပ်‌ပေးရမှာလဲ"

စူးယောင်ကွမ်းက မကျေမနပ်ဖြစ်သွားဟန်ဖြင့် မေးခွန်းထုတ်လိုက်သည်။

"နင် လုပ်ပေးထားလို့လား"

"ဒီလောက်အထိ လက်ရာမြောက်ပြီး ရှုပ်ထွေးတဲ့ မုန့်မျိုးကို ခရိုင်မြို့ထဲက အကြီးဆုံး မုန့်ဆိုင်ကြီးတောင် မလုပ်နိုင်ဘူး။ ခင်ဗျားက ဘယ်လိုလုပ်လိုက်တာလဲ"

စူးယောင်ကွမ်း : “ငါလည်း မသိဘူး။ မုန့်လုပ်နေတုန်းမှာ ဒီလို လုပ်ရမယ်လို့ စိတ်ထဲကနေ အလိုလို သိနေတာ။ ဖြစ်နိုင်တာကတော့ ငါ အရင်ဘဝတုန်းက မုန့်ဖုတ်ဆရာတစ်ယောက် ဖြစ်ခဲ့လို့ အခုလို ကျွမ်းကျင်နေတာ နေမှာပေါ့”

ထိုစကားကို ကြားလိုက်ရပြီးနောက် ကျိုးဝမ်ရှူ၏ စူးယောင်ကွမ်းအပေါ် သံသယဖြစ်မှုများက အနည်းငယ် လျော့ပါးသွားခဲ့သည်။

အကယ်၍ ထိုစကားက အမှန်ဖြစ်နေလျှင် စူးယောင်ကွမ်းက သူမ၏ အတိတ်ဘဝကို မှတ်မိနေခြင်းမျိုး မဟုတ်ဘဲ မုန့်လုပ်ခြင်းက သူမ၏ အသွေးအသားထဲအထိ ဗီဇတစ်ခုလို စွဲထင်နေခဲ့သောကြောင့် ယခုဘဝတွင်လည်း အလိုလို တတ်မြောက်နေခြင်း ဖြစ်ပေလိမ့်မည်။

"ခင်ဗျား... ဒီမုန့်ကို တခြားတစ်ယောက်ယောက်အတွက် လုပ်ပေးဖူးသေးလား"

"မလုပ်ပေးဖူးပါဘူး၊ ငါ့မှာ မုန့်လုပ်ဖို့ အချိန်ရှိလို့လား"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ နဖူးကို လက်ညှိုးလေးဖြင့် တို့လိုက်ရင်း ဆက်ပြောလိုက်သည်။

"နင် အခုတလော ဘာဖြစ်နေမှန်းကို မသိဘူး၊ ရူးကြောင်ကြောင်နဲ့ ငါ နားမလည်တဲ့ မေးခွန်းတွေကိုပဲ လာလာမေးနေတယ်။ နေဦး... နောက်မှ ကျန်းကျင့်ကို နင့်ဆီ ခေါ်လာပြီး စစ်ဆေးခိုင်းရမယ်၊ နင် အခုတလော အလုပ်တွေ အရမ်းများပြီး ပင်ပန်းသွားလို့ စိတ်လွတ်နေပြီလား မသိဘူး"

All Chapters