← Chapters

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂ မိုးလင်းလို့ အလင်းရောင်မြင်ရပြီ

ဘေးနားရှိမြို့တွင် လူနာအရေအတွက် လျော့နည်းလာသည်နှင့်အမျှ စူးယောင်ကွမ်းနှင့် သူမ၏ မိသားစုလည်း နောက်ဆုံးတွင် အနားရကာ အားလပ်ချိန် အနည်းငယ် ရရှိလာခဲ့သည်။

စူးယောင်ကွမ်းက တာဝန်ရှိ အရာရှိများထံ သွားရောက်ကာ ဤနေရာမှ ကူးစက်ရောဂါ အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရှင်းပြလိုက်သည်။ လူနာများက ကျန်းကျင့်၏ ဆေးညွှန်းအတိုင်း ဆေးကို အချိန်မှန်သောက်ရုံဖြင့် ကျန်ရှိနေသော လူနာများအားလုံး လုံးဝပြန်လည်သက်သာလာမည် ဖြစ်သည်။

သူမ ပြောချင်သည့် အဓိကအချက်က သူတို့အဖွဲ့ ဤနေရာတွင် ဆက်နေရန် မလိုအပ်တော့ခြင်းပင်။ ပြင်ပမြို့မှ လူများကို ဤနေရာတွင် ဆက်ထားပြီး ကောင်းမှုပြုလုပ်ခိုင်းနေမည့်အစား သူတို့၏ ယုံကြည်စိတ်ချရသော လူယုံများကိုသာ ထိုသို့လုပ်ဆောင်ရန် စီစဉ်ပေးခြင်းက ပိုကောင်းမွန်ပေလိမ့်မည်။ ဤနည်းဖြင့် ဧကရာဇ်၏ အထူးကိုယ်စားလှယ်ဖြစ်သည့် တော်ဝင်သံတမန်ကလည်း ခရိုင်အမတ်မင်းအား ပြည်သူကို ငဲ့ညှာတတ်သော ကြင်နာတတ်သည့် အရာရှိတစ်ဦးအဖြစ် ပိုမိုယုံကြည်လာပေလိမ့်မည်။

ထိုအကြောင်းများကြောင့် သူမ၏စကားကို ကြားရချိန်တွင် ခရိုင်အမတ်မင်းကလည်း အမှန်တကယ် စိတ်လှုပ်ရှားသွားပြီး သူမတို့ကို နေရပ်သို့ ပြန်ခွင့်ပြုလိုက်သည်။

ခရိုင်အမတ်မင်းက သဘောတူလိုက်သည်နှင့် တပြိုင်နက် စူးယောင်ကွမ်းနှင့် သူမ၏ မိသားစုက ပစ္စည်းများကို ချက်ချင်း သိမ်းဆည်းကာ ထိုမြို့မှ အလျင်စလို ထွက်ခွာလာခဲ့ပြီး အိမ်သို့ ဦးတည်မောင်းနှင်လာခဲ့ကြသည်။

ကျန်းကျောက်တိက ရထားလုံးနံရံကို မှီကာ သူမ၏လက်မောင်းများကို နှိပ်နှယ်ရင်း ညည်းညူနေသည်။

"ပင်ပန်းလိုက်တာ၊ တကယ့်ကို ပင်ပန်းတာပဲ။ အိမ်ပြန်ရောက်ရင်တော့ ကောင်းကောင်း အနားယူရမယ်။ ဆိုင်ကိုလည်း ရက်အနည်းငယ်လောက် ပိတ်ထားဦးမယ်"

"ဆိုင်ရှင်စူး... အလှူဒါန ရက်ရောတဲ့ ဆိုင်ရှင်စူး..."

"သခင်မကြီးကျန်း..."

"သမားတော်မလေးကျန်း... သမားတော်မလေးကျန်း ရထားလုံးထဲမှာ ရှိလား"

သူမတို့ မြို့တံခါးဝသို့ ရောက်သွားချိန်တွင် သူမ၏ရထားလုံး ပိတ်ဆို့ခြင်း ခံလိုက်ရသည်။

စူးယောင်ကွမ်းက လိုက်ကာကို ပင့်မကာ အပြင်ဘက်ရှိ လူအုပ်ကြီးကို လှမ်းကြည့်လိုက်ရာ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များစွာကို မြင်လိုက်ရသောကြောင့် အသံကျယ်ကျယ်ဖြင့် လှမ်းမေးလိုက်သည်။

"ဘာဖြစ်လို့လဲရှင်"

ရထားလုံးကို ကျိုးဝမ်ရှူနှင့် ဝမ်ဟွမ်ကျစ်တို့က မောင်းနှင်လာခြင်း ဖြစ်သည်။ လူများက ထိုမျက်နှာနှစ်ခုကို မှတ်မိကြသဖြင့် ဤရထားလုံးက မည်သူ့၏ ရထားလုံးဖြစ်ကြောင်းနှင့် အတွင်း၌ မည်သူရှိနေမည်ကို သိနေကြသောကြောင့် လူအုပ်ကြီး ဝိုင်းလာခြင်းပင်။

"ဆိုင်ရှင်စူး... အိမ်ပြန်တော့မလို့လားဗျာ"

စူးယောင်ကွမ်းက ထိုလူများကို သေသေချောချာ ကြည့်လိုက်ပြီး သူမ ယခင်က ပြုစုစောင့်ရှောက်ခဲ့ဖူးသည့် လူနာများဖြစ်ကြောင်း မှတ်မိသွားခဲ့သည်။ သူတို့၏ မျက်နှာများပေါ်တွင် မတူညီသော ပြည်တည်နာ အမာရွတ်ကဲ့သို့သော အမှတ်အသားများ ရှိနေကြဆဲပင်။

"ဟုတ်တယ်၊ ကျွန်မတို့ အခု အိမ်ပြန်ရတော့မယ်။ အားလုံးပဲ အားတဲ့အခါ လာလည်ကြပါဦးနော်၊ ကျွန်မတို့ ဆုံတွေ့ရတာက ရေစက်ရှိလို့ပဲ၊ နောက်တစ်ခါ ဆုံရင်လည်း မိတ်ဆွေတွေ ဖြစ်လာကြလိမ့်မယ်"

စူးယောင်ကွမ်းက အပြုံးဖြင့် ပြန်အော်ပြောလိုက်သည်။

"မျက်နှာက အမာရွတ်တွေကိုလည်း စိတ်မပျက်ကြပါနဲ့။ ကျွန်မတို့ မိသားစုက မျက်နှာချေဆိုင် ဖွင့်ထားတာပါ၊ အမာရွတ်တွေကို ဖုံးကွယ်ပေးနိုင်တဲ့ မျက်နှာလိမ်းအလှဆီတွေလည်း ရှိတယ်။ တကယ်လို့ လာလည်မယ်ဆိုရင် အဲ့ဒီအမာရွတ်တွေကို ကြည့်တာနဲ့တင် မိတ်ဆွေဟောင်းတွေဆိုတာ ချက်ချင်းသိမှာမို့လို့ အရင်းဈေးအတိုင်းနဲ့ ရောင်းပေးပါ့မယ်ရှင်"

"ဆိုင်ရှင်စူး၊ သမားတော်မလေးကျန်း၊ သခင်မကြီးကျန်း... မင်းတို့လို ကြင်နာတတ်တဲ့ နတ်ဘုရားတွေရဲ့ ကျေးဇူးကို ကျွန်တော်တို့ တစ်သက်လုံး မမေ့ပါဘူး။ မင်းတို့က ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာပါ"

"ဒါက ကျွန်မတို့မိသားစုမှာ လုပ်ထားတဲ့ သိုးသားမုန့်ပေါင်းလေးတွေပါ။ လမ်းခရီးမှာ သုံးဆောင်ဖို့ ယူသွားပါဦးရှင့်။ ကျွန်မတို့ လက်ရာက သိပ်မကောင်းရင် စိတ်မရှိပါနဲ့နော်"

"ဒါကတော့ ကျွန်တော်တို့ ခြံထဲမှာ ကိုယ်တိုင်စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေပါ။ ဒါကိုလည်း ယူသွားပါဦး၊ အိမ်ပြန်ရောက်ရင် ဟင်းလျာထဲမှာ ဟင်းသီးဟင်းရွက်လေးတွေ ထည့်ချက်စားပေါ့"

"ဒါက ကျွန်တော်ကိုယ်တိုင် မွေးထားတဲ့ သိုးတွေပါ။ အိမ်ကို တစ်ကောင်လောက် ယူသွားပြီး သိုးသားချက်စားပါနော်"

အခြေအနေများ ပိုမိုရုန်းရင်းဆန်ခတ် ဖြစ်လာသည်ကို မြင်လိုက်ရသဖြင့် စူးယောင်ကွမ်းက လူတိုင်း၏ စေတနာကို အလျင်အမြန် လက်ခံကာ ကျေးဇူးတင်စကား ပြောလိုက်သည်။

"အားလုံးပဲ... လူတိုင်းရဲ့ စေတနာကို ကျွန်မတို့ တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အားလုံးက ရောဂါအပြင်းအထန် ဖြစ်ခဲ့ပြီး အခုမှ ပြန်ကောင်းခါစဆိုတော့ ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ လိုအပ်နေသေးတယ်။ ဒါကြောင့် ဒီပစ္စည်းတွေကို အိမ်ပြန်ယူသွားပြီး ကိုယ်တိုင်ပဲ အာဟာရဖြစ်အောင် စားကြပါရှင်။ အားလုံးလည်း လုံးဝ ကျန်းမာရေး ပြန်ကောင်းလာပြီး မိသားစုစီးပွားရေးတွေ အဆင်ပြေလာတဲ့အခါကျမှ ကျွန်မတို့ဆီကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ ကဲ... ကျွန်မတို့လည်း ခရီးဆက်ရဦးမှာမို့လို့ပါ၊ မဟုတ်ရင် လမ်းမှာ မိုးချုပ်သွားပါလိမ့်မယ်"

ကျိုးဝမ်ရှူက နှင်တံကို လွှဲရိုက်လိုက်ရင်း အော်ပြောလိုက်သည်။

"ကဲ... လမ်းလေး နည်းနည်းလောက် ဖယ်ပေးကြပါဦးခင်ဗျာ။ မြင်းက လန့်နေလို့ပါ၊ ကန်မိမှာစိုးလို့ သတိထားကြပါဦး"

အမှန်စင်စစ်တွင် မြင်းက လန့်နေခြင်း မဟုတ်သော်လည်း ကျိုးဝမ်ရှူက လန့်စေချင်သောကြောင့် မြင်းကလည်း တကယ်လန့်သွားလိုဖြစ်သွားကာ ခွာများကို မြှောက်လျက် ရုန်းကန်ပြလာသည်။ လူအုပ်ကြီးက စူးယောင်ကွမ်းနှင့် အခြားသူများ ထိခိုက်မိမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြပြီး ရထားလုံး မောင်းထွက်သွားသည်ကို ငေးကြည့်ကျန်ရစ်ခဲ့ကြသည်။

သူတို့ မြို့ပြင်သို့ ရောက်ရှိသွားချိန်တွင် မိသားစုဝင်တိုင်း၏ မျက်နှာများပေါ်တွင် အပြုံးများ ပွင့်လန်းလာကြသည်။

ကျားချွန်းနီက ကျန်းဖန့်တိ၏ ပေါင်ပေါ်တွင် မှီအိပ်လိုက်ရင်း ပျော်ရွှင်စွာဖြင့် မျက်လုံးများကို မှိတ်ထားခဲ့သည်။

သူမအတွက်တော့ ယခုဘဝက အမှန်တကယ် နေပျော်စရာ ကောင်းလွန်းလှသည်။

ယခုတလောတွင် သူမ ဖခင်နှင့် အဖွားဖြစ်သူတို့၏ ရိုက်နှက်ကြိမ်းမောင်းခြင်း ခံရသည့် အိပ်မက်ဆိုးများကို မက်လေ့မရှိတော့ပေ။

လက်ရှိအချိန်တွင် သူမ အလုပ်အများကြီး လုပ်နေရဆဲ ဖြစ်သော်လည်း ယခင်တုန်းက ပင်ပန်းဆင်းရဲလှသော အလုပ်ကြမ်းမှန်သမျှကို လုပ်ခဲ့ရရုံတင်မကဘဲ 'ငွေရှုံးစေသည့် ဝန်ထုပ်ဝန်ပို' ဟု အမြဲတမ်း အဆဲဆိုခံခဲ့ရပြီး ဤကမ္ဘာပေါ်တွင် မတည်ရှိသင့်သလိုမျိုး အမြဲတမ်း အနှိမ်ခံ၊ အရိုက်ခံခဲ့ရသည်။ သူမက မိသားစုထဲတွင် အညံ့ဖျင်းဆုံးစားစရာကို စားခဲ့ရပြီး ကြီးပြင်းလာသည်အထိ ကောင်းမွန်သော အဝတ်အစားဟူ၍ တစ်ခါမျှ မဝတ်ဆင်ခဲ့ဖူးချေ။ သို့သော် ယခုအခါတွင်တော့ အရာရာ ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။ ယခုလည်း အလုပ်အများကြီး လုပ်ရသည်မှာ မှန်သော်လည်း လူတိုင်းက သူမကို သက်ရှိဘုရားလောင်းလေး၊ လိမ္မာတဲ့မိန်းကလေး၊ နတ်သမီးလေးစသည်ဖြင့် ချီးမွမ်းကြသည်။ သူမ နေ့တိုင်း ဗိုက်ပြည့်အောင် စားနိုင်သည့်အပြင် အသားများကိုလည်း အဝစားခွင့် ရရှိနေပြီ ဖြစ်သည်။ ထို့အပြင် သူမနှင့် မလိုက်ဖက်သော အဝတ်အစားနှင့် ဖိနပ်အစုတ်များကို ဝတ်ဆင်ကာ ခေါင်းမဖော်ရဲဘဲ နေခဲ့ရသည့် ဘဝမျိုး မဟုတ်တော့ဘဲ အဝတ်အစားအသစ်များကိုလည်း ဝတ်ဆင်ခွင့် ရနေခဲ့ချေပြီ။

"ဝမ်ရှူ... နင်နဲ့ နင့်ဦးလေးတို့ တစ်ယောက်တစ်လှည့်စီ မောင်းကြလေ၊ ပင်ပန်းရင်လည်း နားကြဦး"

ကျန်းကျောက်တိက လှမ်းအော်ပြောလိုက်သည်။

"စိတ်မပူပါနဲ့ အမေ၊ ကျွန်တော် သိပါတယ်"

ကျိုးဝမ်ရှူက ပြန်ပြောလိုက်သည်။

"ဒေါ်လေးတို့ နှစ်ယောက်လည်း ခဏလောက် အိပ်လိုက်ကြဦး၊ ရောက်ခါနီးရင် ကျွန်တော်တို့ နှိုးလိုက်ပါ့မယ်"

ဝမ်ဟွမ်ကျစ်က ကျိုးဝမ်ရှူကို လှည့်ပြောလိုက်သည်။

"အိမ်ပြန်ရောက်ပြီးရင် မင်း စာသင်ကျောင်းကို ပြန်သွားတော့မှာလား"

"ဟုတ်ကဲ့၊ ကျွန်တော်လည်း အဲ့လိုပဲ စဉ်းစားထားပါတယ်"

"မင်း တော်ဝင်စာမေးပွဲကို ဝင်ဖြေမှာလား"

"ဟုတ်ကဲ့၊ ဖြေမှာပါ"

"မင်း... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရဲ့လား"

ကျိုးဝမ်ရှူက ပြုံးလိုက်ရင်း ပြန်မေးလိုက်သည်။

"ကျွန်တော့်ရဲ့ မပြောပလောက်တဲ့ ပညာအရည်အချင်းနဲ့ဆိုရင်တော့ တကယ်ပဲ ယုံကြည်မှု သိပ်မရှိပါဘူး။ ဦးလေးရော... ဦးလေးရဲ့ အတွေးက ဘယ်လိုရှိလဲ"

"ငါ့ကို မရယ်နဲ့ဦး၊ အခုတလော ငါ့ခန္ဓာကိုယ်ကလည်း တော်တော်လေး သက်သာလာပြီ၊ ငါ တစ်ကြိမ်လောက် ကြိုးစားကြည့်ဖို့ စီစဥ်ထားတယ်"

ဝမ်ဟွမ်ကျစ်က သက်ပြင်းတစ်ချက်ချရင်း ဆက်ပြောလိုက်သည်။

"ငါ့ဇနီးက ငါနဲ့အတူ ဒုက္ခတွေ အများကြီး ခံခဲ့ရရှာတယ်။ သူ့အတွက် ခေါင်းမော့နိုင်မယ့် နေ့တစ်နေ့ ဖြစ်လာအောင် တစ်ခုခုတော့ လုပ်ပေးချင်တယ်"

"ဦးလေးရဲ့ ပါရမီနဲ့ အရည်အချင်းကို ကျွန်တော် ကြားဖူးတာ ကြာပါပြီ။ ဦးလေးရဲ့ ကျန်းမာရေးသာ နောက်ကနေ ပြန်မဆွဲခဲ့ရင် အောင်စာရင်းမှာ ဦးလေးရဲ့ နာမည် သေချာပေါက် ပါပြီးသား ဖြစ်နေမှာပါ။ ဦးလေး သေချာပေါက် အောင်မြင်မှာပါ"

ကျိုးဝမ်ရှူက ယုံကြည်မှုအပြည့်ဖြင့် အားပေးစကား ဆိုလိုက်သည်။

ရထားလုံး ခရိုင်မြို့တံခါးဝသို့ ရောက်ရှိချိန်တွင် မြို့တံခါးကို ပိတ်ထားပြီး ဖြစ်နေခဲ့သည်။

မြို့ရိုးပေါ်ရှိ ကင်းစောင့်စစ်သည်များက ရထားလုံးတစ်စီး လာနေသည်ကို မြင်သောအခါ အော်ဟစ်တားမြစ်လိုက်ကြသည်။

"ဒီနေ့အတွက် မြို့တံခါး ပိတ်သွားပြီ။ မြို့ထဲဝင်ချင်ရင် မနက်ဖြန်မှ လာကြ"

"နားလည်ပါပြီ။ ဒါဆိုရင်တော့ နားနားနေနေ နားခိုလို့ရမယ့် နေရာတစ်ခုပဲ ရှာလိုက်ကြရအောင်"

ကျိုးဝမ်ရှူက လှမ်းပြောလိုက်သည်။

"ခဏနေဦး... ဒီအသံက ညီလေးကျိုးရဲ့ အသံနဲ့ တူလှချည်လား"

ရဲမက်ခေါင်းဆောင်ချန်က ဇဝေဇဝါ လှမ်းမေးလိုက်သည်။

"မင်းတို့က ထောင်ယောင်ဖန့်က လူတွေလား"

ကျိုးဝမ်ရှူက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"အစ်ကိုချန်... ကျွန်တော်တို့ပါပဲ။ ကျွန်တော့်အသံကိုတောင် မမှတ်မိတော့ဘူးလား"

"တံခါးဖွင့်၊ တံခါးဖွင့်ပေးလိုက်ကြစမ်း။ သူတို့က ထောင်ယောင်ဖန့်က လူတွေပဲ။ ခရိုင်အမတ်မင်းက ထောင်ယောင်ဖန့်က လူတွေ ပြန်လာရင် ချက်ချင်း မြို့ထဲပေးဝင်ဖို့ အမိန့်‌ပေးထားတယ်"

မြို့တံခါးကြီး ပွင့်လာသည်နှင့်တပြိုင်နက် ရဲမက်ချန်က အခြားရဲမက်အချို့ကို ခေါ်ဆောင်ကာ သူတို့အဖွဲ့ကို ကြိုဆိုရန် အပြင်သို့ အပြေးထွက်လာခဲ့သည်။

"ညီလေးကျိုး... ဆိုင်ရှင်စူး...မင်းတို့ ပြန်လာကြပြီပဲ"

စူးယောင်ကွမ်းက လိုက်ကာကို ပင့်မလိုက်ပြီး အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"ဟုတ်ပါတယ်ရှင့်။ အပြင်မှာ ဘယ်လောက်ပဲ ကောင်းကောင်း ကိုယ့်အိမ်ကိုယ်ရာလို ဘယ်မှီပါ့မလဲ။ တကယ်လို့ အိမ်ကိုသာ မြန်မြန် ပြန်မလာရရင်တော့ ကျွန်မတော့ ရူးသွားတော့မှာပဲ"

"ခရိုင်အမတ်မင်းကလည်း တစ်နေ့လုံး ခင်ဗျားတို့အတွက်ပဲ တွေးတောပူပန်နေပြီး ခင်ဗျားတို့ ဘယ်ရောက်နေလဲဆိုတာ စုံစမ်းဖို့ လူတွေတောင် လွှတ်ခဲ့သေးတယ်"

ရဲမက်ခေါင်းဆောင်ချန်က စိတ်သက်သာရာရသွားဟန်ဖြင့် ဆက်ပြောနေသည်။

"ကဲ... စကားတွေ အများကြီး ပြောမနေတော့ပါဘူး၊ အိမ်ပြန်ပြီး ကောင်းကောင်း အနားယူကြဦး။ နောက်မှပဲ အေးအေးဆေးဆေး ဆုံကြတာပေါ့"

"ကောင်းပါပြီ၊ နောက်မှ ဆုံကြတာပေါ့ရှင်"

နောက်ဆုံးတွင် စူးယောင်ကွမ်းနှင့် အခြားသူများ ထောင်ယောင်ဖန့်သို့ ပြန်ရောက်လာခဲ့ကြသည်။

ကူးစက်ရောဂါ အခြေအနေ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် မြို့တော်က ယခင်ကကဲ့သို့ ပြန်လည်စည်ကားနေကာ အုန်းအုန်းကြွပ်ကြွပ် ဖြစ်နေချေပြီ။

သူတို့၏ ရထားလုံး အိမ်ဝင်းထဲသို့ မောင်းဝင်လာစဉ် လမ်းတစ်ဖက်ခြမ်းရှိ ဖုန်းဟွာကော့ထဲသို့ ဧည့်သည်အများအပြား ဝင်ထွက်သွားလာနေသည်ကို မြင်တွေ့လိုက်ရသည်။

"ဟက်... ငါတို့ မရှိတဲ့အချိန် အခွင့်ကောင်းယူပြီး အမြတ်ထုတ်သွားကြတာပဲ"

ကျန်းကျောက်တိက မကျေမနပ်ဖြစ်နေသော မျက်နှာအမူအရာဖြင့် စောင်းမြောင်းပြောလိုက်သည်။

"မနက်ဖြန် ဆိုင်ကို ချက်ချင်းဖွင့်ရမယ်၊ ငါတို့ရဲ့ ဖောက်သည်တွေကို သူတို့ဆီ လုယူခွင့် လုံးဝ မပေးနိုင်ဘူး"

"အမေကလည်း... အမေပဲ အိမ်ပြန်ရောက်ရင် ပင်ပန်းလို့ ရက်အနည်းငယ်လောက် အနားယူချင်တယ်လို့ ပြောခဲ့တယ်လေ"

စူးယောင်ကွမ်းက အပြုံးဖြင့် ဝင်ပြောလိုက်သည်။

"ငါက ကျုံးလန်ဟွာ အဲ့လောက်အထိ ဘဝင်ခိုက်နေတာကို ကြည့်မရလို့ပါဟဲ့"

"သူ ရှာနိုင်သလောက် ရှာပါစေ၊ သမီးတို့လည်း သမီးတို့ဘာသာ ရှာမှာပဲလေ။ ဘာပဲဖြစ်ဖြစ် သူတို့က သမီးတို့ ဖောက်သည်တွေကို လုလို့ ရမှာ မဟုတ်ပါဘူး။ အဲ့ဒါအပြင် သမီးတို့ ပြန်ရောက်ရောက်ချင်း ဆိုင်ချက်ချင်း ဖွင့်လိုက်ရင် လူတွေက သမီးတို့ အပြင်ကို သွားပြီး ပျော်ပါးနေခဲ့တယ်လို့ ထင်ကုန်ကြလိမ့်မယ်။ ကျွန်မတို့က ကောင်းမှုတွေ လုပ်ဖို့ သွားခဲ့တာလေ၊ အဲ့ဒီတော့ ကျွန်မတို့ရဲ့ ဂုဏ်သတင်းကို သေသေချာချာလေး ကြော်ငြာရမှာပေါ့။ မနက်ဖြန် ဆိုင်ဖွင့်မယ်... ဒါပေမယ့် လူတိုင်းကို ကျွန်မတို့ အခုမှ ပြန်ရောက်တာမို့လို့ ဆိုင်ကို လဝက်လောက် ပိတ်ထားဦးမယ်၊ ဒါပေမယ့် ကြိုတင်အော်ဒါတွေတော့ မှာလို့ရတယ်လို့ ပြောလိုက်မယ်လေ"

စူးယောင်ကွမ်းက သူမ၏ အစီအစဉ်ကို ရှင်းပြလိုက်သည်။

ထောင်ယောင်ဖန့်ဘက်မှ ဆူညံသံများက လမ်းတစ်ဖက်ခြမ်းရှိ ဖုန်းဟွာကော့အထိ ပျံ့လွင့်သွားခဲ့သည်။

ကျုံးလန်ဟွာက ဆိုင်တံခါးဝတွင် ရပ်နေရင်း ထောင်ယောင်ဖန့်၏ ရထားလုံး အထဲသို့ ဝင်သွားသည်ကို စိုက်ကြည့်ကာ တံတွေးတစ်ချက် ထွေးလိုက်ရင်း ကျိန်ဆဲလိုက်သည်။

All Chapters