အခန်း ၁၆၃
Vol. 17 Ch. 163
အခန်း ၁၆၃ ဂုဏ်သတင်း
နောက်တစ်နေ့တွင် ထောင်ယောင်ဖန့်၏ ဆိုင်တံခါး ဖွင့်လိုက်သည်နှင့် ပုံမှန်ဖောက်သည်ဟောင်းများ ချက်ချင်း ရောက်ရှိလာကြသည်။
ကျိုးဝမ်ရှူနှင့် စူးယောင်ကွမ်းတို့က ထိုဖောက်သည်ဟောင်းများကို ကြိုဆိုဧည့်ခံရန် တာဝန်ယူထားကြသည်။ သို့သော်လည်း ကြိုတင်သဘောတူထားသည့်အတိုင်း လာမည့် လဝက်အတွင်း ဆိုင်ကို အရောင်းအဝယ်အတွက် ဖွင့်လှစ်ဦးမည် မဟုတ်ပေ။ လက်ကျန်ပစ္စည်းအချို့ကိုသာ ရောင်းချပေးနိုင်မည်ဖြစ်ပြီး ယင်းတို့ ရောင်းကုန်သွားပါက ထပ်မံဝယ်ယူလိုလျှင် နောက်ထပ် လဝက်ခန့် စောင့်ဆိုင်းရမည် ဖြစ်သည်။ သို့သော် ဖောက်သည်များအနေဖြင့် အမှာစာ ကြိုတင်ထားနိုင်ပြီး လဝက်ပြည့်ပါက အမှာသာ တင်သည့် အစဉ်လိုက်အတိုင်း ကုန်ပစ္စည်းများကို ပို့ဆောင်ပေးမည် ဖြစ်သည်။
"ကျွန်မ အမာရွတ်ပျောက်ဆေးပုလင်းတစ်ရာ လိုချင်တယ်"
ကျိုးဝမ်ရှူက အမှာစာ စာရင်းကို မှတ်တမ်းတင်ရန် ပြင်လိုက်သော်လည်း တစ်ဖက်လူက ပုလင်းတစ်ရာဟု ပြောလိုက်သည်ကို ကြားလိုက်ရသဖြင့် စကားဖြတ်ကာ ဝင်ပြောလိုက်သည်။
"စိတ်မရှိပါနဲ့ခင်ဗျာ၊ ကျွန်တော်တို့ဆိုင်မှာ စည်းကမ်းရှိပါတယ်၊ တစ်ယောက်ကို အများဆုံး ငါးပုလင်းပဲ ဝယ်လို့ရမှာပါ၊ အဲ့ဒီထက် ပိုပြီးတော့ မရောင်းပေးနိုင်ပါဘူး"
"ဆိုင်ရှင်က တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။ ကျွန်မက လာပြီး အားပေးတာကို စီးပွားရေးလုပ်နေတဲ့သူက ဘာလို့ ဧည့်သည်ကို ငြင်းလွှတ်နေရတာလဲ"
ထိုအမျိုးသမီးက မချိပြုံး ပြုံးရင်း ထပ်ပြောလာခဲ့သည်။
"ခင်ဗျားက အမာရွတ်ပျောက်အလှဆီတွေကို ဒီလောက်အများကြီး ဝယ်တာ ကိုယ်တိုင်သုံးဖို့ မဟုတ်ဘဲ တခြားနေရာမှာ ပြန်ရောင်းဖို့မလား။ တကယ်လို့ မူရင်းဈေးအတိုင်း ပြန်ရောင်းမယ်ဆိုရင်တော့ ထားပါတော့၊ ဒါပေမယ့် ခင်ဗျားရဲ့ လောဘတကြီးဖြစ်နေတဲ့ ပုံစံကို ကြည့်ရတာ ဈေးတင်ပြီး ပြန်ရောင်းဖို့ ကြံစည်နေတာ ထင်ရှားနေတာပဲ"
ကျိုးဝမ်ရှူက သူ့လက်ထဲမှ စာရေးစုတ်တံကို လှည့်ပတ်ကစားရင်း သူ့ရှေ့မှ ပါးနပ်ပုံရသော အမျိုးသမီးကို အကဲခတ်ကာ ပြန်ပြောလိုက်သည်။
"ကျွန်တော်တို့ ခင်ဗျားနဲ့ အရောင်းအဝယ် မလုပ်ချင်ပါဘူး၊ ပြန်နိုင်ပါပြီ"
"ကဲပါ... ကဲပါ... ဒါဆိုရင်လည်း ငါးပုလင်းပဲ ရောင်းပေးပါတော့"
"အခုတော့ ငါးပုလင်းတောင် မရောင်းပေးနိုင်တော့ဘူး"
ကျိုးဝမ်ရှူက အေးအေးဆေးဆေး ပြန်ပြောလိုက်ပြီး အော်ပြောလိုက်သည်။
"နောက်တစ်ယောက်..."
"ဆိုင်ရှင်စူး... ရှင့်ယောကျာ်းက ဘာဖြစ်နေတာလဲ။ စီးပွားရေးလုပ်နေပြီးတော့ လူကို ဒီလိုမျိုး ဘယ်လိုလုပ် ငြင်းလွှတ်နိုင်ရတာလဲ"
ထိုအမျိုးသမီးက စူးယောင်ကွမ်းဘက်သို့ လှည့်ကာ ဒေါသတကြီး လှမ်းအော်လိုက်သည်။
စူးယောင်ကွမ်းက စင်ပေါ်မှ ပစ္စည်းများကို သပ်သပ်ရပ်ရပ် ပြန်စီနေရင်း လှမ်းပြောလိုက်သည်။
"သူ့ရဲ့သဘောက ကျွန်မရဲ့ သဘောပါပဲ။ သူက ရှင့်ကို မရောင်းချင်ဘူးဆိုရင် ကျွန်မဆီ လာပြောလည်း အပိုပါပဲရှင်"
"ကောင်းပြီလေ... မရောင်းလည်း လမ်းတစ်ဖက်ခြမ်းက ဖုန်းဟွာကော့ကိုပဲ သွားဝယ်တော့မယ်။ အဲ့ဒီက ပစ္စည်းတွေက အာနိသင် နည်းနည်းညံ့ပေမယ့် ဈေးတော့ ပိုသက်သာတယ်၊ ရှင့်တို့လို စီးပွားရေးကို ဂရုမစိုက်တဲ့ပုံစံမျိုး မဟုတ်ဘူး"
ထိုအမျိုးသမီး ထွက်သွားသည်နှင့် နောက်မှ ကျန်ခဲ့သော ဖောက်သည်တစ်ဦးက စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့ကို သတိပေးစကား ဆိုလာခဲ့သည်။
"ဆိုင်ရှင်စူး... တာဝန်ခံကျိုး၊ အခုတလော ဖုန်းဟွာကော့က အပြစ်အနာအဆာတွေကို ထိထိရောက်ရောက် ဖုံးကွယ်ပေးနိုင်တဲ့ ပါးနီမှုန်နဲ့ မျက်နှာချေမှုန့်အသစ်တွေ ထုတ်နေကြတယ်။ ပြီးတော့ ဖုန်းဟွာကော့ရဲ့ သခင်မလေး ကျန်းရိဟွမ်းကလည်း ပါးပြင်ပေါ်မှာ နှင်းဆီပွင့်ဖတ်လေးတွေကို တမင်တကာ ကပ်ထားတဲ့ နှင်းဆီမျက်နှာချေ ဆိုတဲ့ ပုံစံအသစ်ကို ဖန်တီးလိုက်သေးတယ်၊ အဲ့ဒါက အခု အရမ်းလူကြိုက်များနေတာနော်"
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မရယ်။ ဒါပေမယ့် ကျွန်မအမြင်ကတော့ ဘယ်လောက်ပဲ ကောင်းတဲ့ အလှကုန်ပစ္စည်း ဖြစ်ပါစေဦးတော့ အရေပြားကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ ပစ္စည်းတွေလောက် အရေးမကြီးပါဘူး။ ကျွန်မတို့အနေနဲ့ အရင်ဆုံး ကိုယ့်အရေပြားကို ကောင်းမွန်အောင် ထိန်းသိမ်းရမယ်လေ။ အဲ့ဒီနောက်မှ အလှကုန်တွေကို သုံးပြီး ပိုလှအောင် ပြင်ဆင်ရမှာပါ။ အဲ့ဒါမှသာ အပြင်ပန်းရော အတွင်းပိုင်းပါ အမြစ်ပြတ် ကုသတဲ့ အကောင်းဆုံးနည်းလမ်း ဖြစ်လိမ့်မယ်။ ဒါနဲ့ အစ်မကို ကြည့်ရတာ အခုတလော ရုပ်ရည်က သိပ်မကောင်းလှဘူးနော်၊ ကျန်းမာရေးကို ဂရုမစိုက်မိလို့ သွေးနဲ့ ချီတွေ လျော့နည်းနေတာလား"
စူးယောင်ကွမ်းက ထိုအမျိုးသမီးအား စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"ဟား... ဟား... ညီမတို့ မရှိတဲ့အတောအတွင်း အစ်မရဲ့ ခါးက တဖြည်းဖြည်း ပိုတုတ်လာလို့လေ။ တကယ်ကို ကြည့်မကောင်းတော့တာနဲ့ ကျေးလက်က ရှေးရိုးနည်းလမ်းတွေ သုံးပြီး ကိုယ်အလေးချိန် ချဖို့ ကြိုးစားကြည့်ခဲ့သေးတယ်။ ဒါပေမယ့် ပိန်မလာတဲ့အပြင် မျက်နှာအသားအရေပါ ပျက်စီးသွားတယ်"
ထိုအမျိုးသမီးက အပြစ်မကင်းသလို ခံစားနေရသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
"ကျင့်အာ... ကျင့်အာ..."
စူးယောင်ကွမ်းက နောက်ဖေးခြံဘက်သို့ လှမ်းခေါ်လိုက်ရင်း ဆက်ပြောနေလေသည်။
"အပြင်ထွက်လာပြီး အစ်မဖန်းကို တစ်ချက်လောက် စစ်ဆေးပေးပါဦး"
ကျန်းကျင့်က သူမ၏ ဆေးသေတ္တာကို သယ်ဆောင်ကာ ထွက်လာပြီး ကောင်တာပေါ်သို့ တင်လိုက်ကာ မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
"ဆိုင်ရှင်စူး... သမားတော်ကျန်းရဲ့ မျက်နှာက မွေးရာပါအမှတ်က တော်တော်လေး မှိန်သွားသလိုပဲနော်"
ဖောက်သည်တစ်ဦးက စူးယောင်ကွမ်းကို လှမ်းမေးလိုက်သည်။
စူးယောင်ကွမ်းကလည်း ထိုအရာကို သတိထားမိပြီးသား ဖြစ်သည်။ သူမက ကျန်းကျင့်ကို မေးမြန်းကြည့်ရာတွင် ထိုလူနာများကို ဆေးကုသပေးနေသည့် အချိန်အတွင်း ဆေးဖက်ဝင်အပင်တစ်မျိုးကို မတော်တဆ စမ်းသပ်သောက်သုံးမိခဲ့ကြောင်း၊ ထိုအထဲမှ ဆေးပင်တစ်မျိုးက သူမ၏ ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များကို ဖယ်ရှားရန်အတွက် အလွန်အရေးပါသော ပါဝင်ပစ္စည်း ဖြစ်နေကြောင်း သိရှိခဲ့ရသည်။
ယခုအချိန်တွင် ကျန်းကျင့်က ထိုဆေးပင်ဖြင့် ဆေးဖော်ကာ ဖြေဆေးကို နေ့စဉ်သောက်သုံးနေပြီး အဆင်ပြေချောမွေ့ပါက နောက်ထပ် လဝက်အတွင်း သူမ၏ ကိုယ်ခန္ဓာထဲ၌ ကျန်ရှိနေသော အဆိပ်အတောက်များအားလုံး လုံးဝ စင်ကြယ်သွားမည် ဖြစ်သည်။ ထို့နောက်တွင်တော့ သူမလည်း စင်ကြယ်ပြီး လှပချောမောသော မိန်းမပျိုလေးတစ်ဦး ပြန်လည်ဖြစ်လာနိုင်တော့မည် ဖြစ်သည်။
"မှန်းကြည့်လေ"
စူးယောင်ကွမ်းက လျှို့ဝှက်ဆန်းကြယ်သော အမူအရာဖြင့် တုံ့ပြန်လိုက်သည်။
"ဆိုင်ရှင်စူးကတော့ တကယ်ကို နောက်ပြောင်တတ်တာပဲ။ ဒီလိုအချိန်မျိုးကျမှပဲ ရှင်က မိန်းမပျိုလေးတစ်ယောက်ဆိုတာ သတိရတော့တယ်။ ခါတိုင်းဆိုရင်တော့ အရမ်း ရင့်ကျက်တည်ငြိမ်နေတော့ ယောကျာ်းတော်တော်များများထက်တောင် အားကိုးရသေးတယ်"
ကျန်းကျင့်က ဖန်းမျိုးရိုး အမျိုးသမီးကို စစ်ဆေးပေးပြီးနောက် သတိပေးလိုက်သည်။
"အစ်မဖန်း... အခုတလော ကိုယ်အလေးချိန် ချဖို့ မကြိုးစားသင့်တော့ဘူးနော်"
"ဘာလို့လဲ။ ညီမတို့ ပြန်ရောက်လာပြီဆိုတော့ အစ်မက ကိုယ်အလေးချိန်ချတဲ့ဝန်ဆောင်မှုတစ်ခုတောင် ယူတော့မလို့ စဉ်းစားထားတာ။ ဟိုဝမ်ချွမ်းဟွာဆိုရင် ဒီမှာ ကိုယ်အလေးချိန် ချလိုက်တာ ခဏလေးအတွင်း ကျင်းလေးဆယ်တောင် ကျသွားပြီ။ အခုဆို လူသစ်တစ်ယောက်လို ပြောင်းလဲသွားတာ ဖြတ်ခနဲပဲ။ ဒါနဲ့ ညီမတို့က အခုမှ ပြန်ရောက်တာဆိုတော့ သိဦးမှာ မဟုတ်သေးဘူး၊ ဝမ်ချွမ်းဟွာက အခု ချမ်းသာတဲ့ ယောကျာ်းတစ်ယောက်ကို ရှာတွေ့သွားပြီး မကြာခင် လက်ထပ်တော့မှာလေ။ သူရဲ့ ငယ်ချစ်ဦးဆိုရင် နောင်တတွေရပြီး စိတ်ပြောင်းပေးဖို့ ငိုယိုတောင်းပန်နေပြီ"
"သူ့ရဲ့ ငယ်ချစ်ဦးက တခြားလူနဲ့ လက်ထပ်သွားပြီ မဟုတ်ဘူးလား"
ဘေးနားရှိ အမျိုးသမီးက ဝင်ပြောလိုက်သည်။
"အဲ့ဒါကို ကျွန်မတို့တွေအားလုံး သိကြတာပဲလေ"
"အခုတလော ကူးစက်ရောဂါ အခြေအနေက ပြင်းထန်နေတော့ ညီမတို့အားလုံး မိဘအိမ်တွေမှာပဲ နေနေကြပြီး မြို့ထဲကို ပြန်မလာဖြစ်ကြဘူးလေ။ အဲ့ဒီနောက်ပိုင်း ဘာတွေဖြစ်ခဲ့လဲဆိုတာ ညီမတို့ မသိကြသေးဘူး"
အစ်မဖန်းက လျှို့ဝှက်သော အမူအရာဖြင့် ဆက်ပြောပြနေသည်။
"အဲ့ဒီ လူယုတ်မာရဲ့ ဇနီးက သူ့ရဲ့ ဝမ်းကွဲအစ်ကိုနဲ့ ဖောက်ပြန်နေပြီး ကိုယ်ဝန်တောင် ရနေပြီလေ။ သူ တောင်ပေါ်ကို အမဲလိုက်ရာကနေ ပြန်လာတဲ့အချိန်မှာ ကွက်တိမိသွားတာ။ အဲ့ဒီဖောက်ပြန်တဲ့ကောင်ဆိုရင် အတွင်းခံဘောင်းဘီတောင် ဝတ်ဖို့ အချိန်မရလိုက်ဘူး၊ နောက်ဖေးတံခါးကနေ အဝတ်မပါဘဲ ထွက်ပြေးတာကို ရွာသားတွေက လက်ပူးလက်ကျပ် မိသွားကြတာ။ အဲ့ဒီ လူယုတ်မာက သူ့ဇနီးကို ချက်ချင်း ကွာရှင်းလိုက်ပြီး ဝမ်ချွမ်းဟွာဆီ သွားပြီးတော့ စိတ်ပြောင်းပေးဖို့ ငိုယိုတောင်းပန်တော့တာပဲ။ ဝမ်မိသားစုကလည်း သူတို့သမီးကို အမြဲ အလိုလိုက်ထားတာဆိုတော့ သမီးဖြစ်သူကို ဒီလို ဒုက္ခတွေ ထပ်မခံစေချင်တော့တာနဲ့ အဲ့ဒီလူကို မောင်းထုတ်လိုက်ကြတယ်။ ကူးစက်ရောဂါဖြစ်နေတုန်းက ငါတို့လည်း မြို့ထဲကို မလာရဲကြပေမယ့် ရွာထဲမှာတော့ သူ့ဟာနဲ့သူ စည်ကားနေတာပဲ။ အတိုချုပ်ပြောရရင်တော့ တကယ့်ကို ပြဇာတ်တစ်ခုပဲ"
ကျန်းကျင့်နှင့် အခြားအမျိုးသမီးများ ကောလာဟလများကို အားရပါးရ ပြောဆိုပြီးကြသည့်နောက်တွင်မှ ကျန်းကျင့်က အစ်မဖန်း အဘယ်ကြောင့် ကိုယ်အလေးချိန်မချသင့်သည့် အကြောင်းအရင်းကို သတိရကာ သူမကို ပြောပြလိုက်သည်။
"အစ်မရဲ့ ခါး တုတ်လာတာက ဝလာလို့ မဟုတ်ဘူး၊ အစ်မမှာ ကိုယ်ဝန်ရှိနေလို့ပါ"
အစ်မဖန်းက ကျန်းကျင့်ကို အံဩတကြီး စိုက်ကြည့်နေပြီးမှ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြန်မေးလိုက်သည်။
"ညီမ... ဘာပြောလိုက်တာလဲ"
ကျန်းကျင့်က ထပ်မံအတည်ပြုပေးလိုက်သည်။
"အစ်မမှာ ကိုယ်ဝန်ရှိနေတာပါ၊ အခုဆို သုံးလထဲ ရောက်နေပြီ"
"ကျွန်မမှာ... ကိုယ်ဝန်ရှိနေပြီတဲ့... ဟုတ်လား"
အစ်မဖန်းက သူမ၏ ဘေးနားမှ အဒေါ်ကြီး၏လက်ကို လှမ်းဆွဲကိုင်ရင်း ဝမ်းသာအားရ မေးလိုက်သည်။
"အဒေါ်... ကြားလိုက်တယ်မလား၊ ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီတဲ့"
ထိုအဒေါ်ကြီးကလည်း ဝမ်းသာအားရဖြင့် ကောင်းချီးပေးလိုက်လေသည်။
"မျှော်လိုက်ရတဲ့ နေ့လေး၊ နောက်ဆုံးတော့လည်း ရောက်လာခဲ့ပြီပဲ။ နင် ဒီနှစ်တွေထဲမှာ ဆေးတွေ အမျိုးမျိုးသောက်ပြီး ဒုက္ခတွေ အများကြီး ခံခဲ့ရတာ၊ အခုတော့ ဆန္ဒပြည့်ဝခဲ့ပြီပေါ့"
"ဒီတစ်ခါကျမှ ဘာလို့ ဒီလောက် အဆင်ပြေသွားရတာလဲ။ အစွမ်းထက်တဲ့ နတ်ဆေးတမျိုးမျိုးများ သောက်လိုက်လို့လား"
ဘေးနားရှိ အမျိုးသမီးတစ်ဦးက စပ်စုချင်ဟန်ဖြင့် မေးမြန်းလာခဲ့သည်။
"ကျွန်မရဲ့ ချွေးမဆိုရင် အိမ်ထောင်ကျတာ သုံးနှစ်ရှိပြီ၊ အခုထိ ကိုယ်ဝန်မရသေးဘူး"
"ကူးစက်ရောဂါ မဖြစ်ခင်တုန်းက ကျွန်မက ကျွန်မရဲ့ ခန္ဓာကိုယ်ကို ပြုပြင်ထိန်းသိမ်းဖို့ သမားတော်ကျန်းနဲ့ လာပြခဲ့သေးတယ်လေ။ အဲ့ဒီတုန်းက သမားတော်ကျန်းက ကျွန်မရဲ့ အခြေအနေအတိုင်း ဆေးလုံးတွေ ဖော်စပ်ပေးခဲ့လို့ အချိန်မှန်မှန် သောက်ခဲ့တာ"
အစ်မဖန်းက စိတ်လှုပ်ရှားစွာ ဆက်ပြောနေသေးသည်။
"မဖြစ်ဘူး... ကျွန်မ အိမ်ကို ပြန်ပြီး ဒီသတင်းကောင်းကို အမြန်သွားပြောရမယ်"
"ခဏနေပါဦးရှင်..."
ကျန်းကျင့်က သူမကို လှမ်းတားလိုက်သည်။
"အခုတလော အစ်မက အစ်မကိုယ်အစ်မ ဂရုစိုက်ဖို့ ပျက်ကွက်နေခဲ့တာ။ ဒါကြောင့် ခန္ဓာကိုယ်ကို သေသေချာချာ ထိန်းသိမ်းရမယ်။ ကျွန်မ စားသောက်ရမယ့် အစားအစာ စာရင်းကို ရေးပေးမယ်၊ အဲ့ဒီအတိုင်းပဲ စားပါ၊ နောက်ပိုင်း ကိုယ်အလေးချိန်ချဖို့ ပေါ့ပေါ့တန်တန် မကြိုးစားပါနဲ့တော့နော်"
"ကောင်းပါပြီ၊ သမားတော်ကျန်း ပြောတဲ့အတိုင်း နားထောင်ပါ့မယ်"
အစ်မဖန်း ထွက်သွားပြီးနောက်တွင်မှ လူတိုင်းက ကူးစက်ရောဂါအခြေအနေကို သတိရသွားကြတော့သည်။ တစ်မြို့လုံးရှိ မည်သည့်သမားတော်မျှ မကုသနိုင်သော ရောဂါဆိုးကြီးကို ကျန်းကျင့်က ဖြေရှင်းပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအရာကို တွေးမိသွားကြချိန်တွင် သူမတို့အားလုံး ကျန်းကျင့်ကို ကြည့်သည့် အကြည့်များက ပြောင်းလဲသွားခဲ့သည်။
ကျန်းကျင့်က အလွန်ငယ်ရွယ်နုပျိုနေသောကြောင့် ကလေးတစ်ယောက်ဟု အလွယ်တကူ ထင်မှတ်မှားနိုင်သော်လည်း ယခုအချိန်တွင်တော့ သူမက သာမန်မိန်းမပျိုလေးတစ်ဦး မဟုတ်ဘဲ ထူးချွန်ပြောင်မြောက်သော ဆေးပညာအရည်အချင်းကို ပိုင်ဆိုင်ထားသည့် သမားတော်တစ်ဦးဖြစ်ကြောင်း သူမတို့အားလုံး နားလည်သွားကြချေပြီ။
အတိတ်ကာလများတွင် အမျိုးသမီးများက ဆေးကုသမှုခံယူရန် အမြဲတမ်း ဝေခွဲမရ တွန့်ဆုတ်နေတတ်ကြသည်။ လက်ရှိကာလတွင် ကျား၊ မ ကွဲပြားမှုများ ရှိနေသည့်အပြင် သမားတော်များကလည်း အမျိုးသားများသာ ဖြစ်ကြသဖြင့် ထုတ်ဖော်ပြောဆိုရန် ရှက်ရွံ့စရာကောင်းသော ဝေဒနာအမျိုးမျိုးကို မြိုသိပ်ထားခဲ့ကြရသည်။ သို့သော် ယခုအခါ ဆေးပညာကျွမ်းကျင်သော အမျိုးသမီးသမားတော်တစ်ဦး ရှိနေပြီဖြစ်ရာ မည်သည့်ရောဂါဝေဒနာကိုမဆို လာရောက်ပြသနိုင်ကြပြီ ဖြစ်သည်။ ထို့ကြောင့် ရောဂါကို ဖုံးကွယ်ထားခြင်းဖြင့် ရောဂါအသေးအဖွဲလေးများမှ စတင်ကာ အသက်အန္တရာယ်စိုးရိမ်ရသည့် ရောဂါကြီးများအထိ ဖြစ်ပွားလာမည့်အရေးကို ပူပန်နေစရာ မလိုတော့ပေ။
"သမားတော်ကျန်း... ကျွန်မရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ပြီး ကျန်းမာရေးကို တစ်ချက်လောက် စစ်ဆေးပေးပါဦး"
"ကျွန်မကိုလည်း ကြည့်ပေးပါဦးရှင်"