← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄ ကမ္ပည်းဆိုင်းဘုတ်

အပြင်ဘက်မှ အစိုးရအရာရှိများ ခရီးထွက်လာသည့်အခါတွင်သာ ကြားရလေ့ရှိသော တဒေါင်ဒေါင်တဒင်ဒင် ကြေးမောင်းသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ထိုဆူညံသံများကို ကြားလိုက်ရသဖြင့် ထောင်ယောင်ဖန့်အတွင်းရှိ လူများက အခြေအနေကို စူးစမ်းကြည့်ရှုရန် တံခါးဝဆီသို့ အပြေးအလွှား ထွက်လာခဲ့ကြသည်။

အစိုးရအရာရှိတစ်ဦး ဦးဆောင်လာသည့် စီတန်းလှည့်လည်အဖွဲ့က တဖြည်းဖြည်း နီးကပ်လာခဲ့ပြီး နောက်ဆုံးတွင် ထောင်ယောင်ဖန့်၏ ရှေ့၌ ဆိုက်ဆိုက်မြိုက်မြိုက် ရပ်တန့်လိုက်သည်။

"ဆိုင်ရှင်စူး... အမြန်ထွက်လာခဲ့ပါဦး"

အသက်ကြီးကြီး အမျိုးသမီးတစ်ဦးက ဆိုင်ထဲသို့ ပြေးဝင်လာပြီး စင်များဘေးတွင် အလုပ်ရှုပ်နေသော စူးယောင်ကွမ်းကို လှမ်းပြောလိုက်သည်။

"အမတ်မင်း ကိုယ်တိုင် ရောက်လာတာ၊ ရှင့်ဆိုင်ရဲ့ တံခါးဝမှာတောင် မတ်တပ်ရပ်နေပြီ"

"အမတ်မင်းချန် ရောက်လာတာလား"

စူးယောင်ကွမ်းက အံ့ဩတကြီး ရေရွတ်လိုက်ရင်း ခြေလှမ်းကျဲကြီးများဖြင့် အပြင်သို့ လှမ်းထွက်ခဲ့သည်။

သူမ အပြင်သို့ ရောက်သည်နှင့် ထောင်ယောင်ဖန့်၏ အဝင်ဝတွင် ခရိုင်အမတ်မင်းချန်နှင့် အစိုးရအမှုထမ်းတစ်စု ရပ်နေသည်ကို မြင်လိုက်ရသောကြောင့် အလျင်အမြန် ဦးညွှတ် နှုတ်ဆက်လိုက်သည်။

"အရှင့်ကို ဂါရဝပြုပါတယ်"

ခရိုင်အမတ်မင်းချန်က သူမကို အမြန် ထူမပေးလိုက်ပြီး ဖော်ဖော်ရွေရွေ ပြောလာခဲ့သည်။

"ဆိုင်ရှင်စူး... အလှူရှင်ကြီးစူး... လူသားတွေရဲ့ အသက်ကို ကယ်ပေးတဲ့ သူတော်စင်စူး... အမြန် ထပါ၊ အခုဆိုရင် မင်းက ပြည်သူတွေရဲ့ နှလုံးသားထဲမှာ နတ်ဘုရားမတစ်ပါးလို ဖြစ်နေပြီပဲ၊ မင်းရဲ့ အလေးအမြတ်ပြုမှုကို ငါ မခံယူဝံ့တော့ပါဘူး"

"အရှင်... အဲ့ဒီလိုမျိုး မပြောပါနဲ့၊ ကျွန်မ အရှက်ရမိပါတယ်"

စူးယောင်ကွမ်းက ဆက်မေးလိုက်သည်။

"ဒါနဲ့ အမတ်မင်းက..."

"ထောင်ယောင်ဖန့်က လူတွေက တကယ့်ကို ကြီးမြတ်တဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ခဲ့ပြီး ပြည်သူတွေအတွက် အကျိုးပြုခဲ့လို့ ပြည်သူတွေရဲ့ ဒုက္ခတွေ အများကြီး သက်သာခဲ့တယ်။ ငါတို့ ရုံးတော်အနေနဲ့ တစ်မြို့လုံးက ပြည်သူတွေကို ကိုယ်စားပြုပြီး ဒီကမ္ပည်းဆိုင်းဘုတ်ကို လာရောက်ပေးအပ်တာမို့လို့ လိုလိုလားလား လက်ခံပေးပါဦး"

ကျန်းကျောက်တိနှင့် အခြားလူများက ကမ္ပည်းဆိုင်းဘုတ်ကို စိုက်ကြည့်ရင်း အပေါ်မှ စာလုံးများကို သေသေချာချာ အဓိပ္ပာယ်ဖော်နေကြသည်။

"ဘယ်လိုမိသားစုလဲ... ဒုတိယစာလုံးက ဘာစာလုံးလဲဟင်"

ကျန်းဖန့်တိနှင့် ကျားချွန်းနီတို့က ခေါင်းခါပြလိုက်ကြသည်။

ထို့နောက် အားလုံး၏ အကြည့်များက ကျန်းယင်းတိဆီသို့ ရောက်ရှိသွားရာ သူမက အပြုံးဖြင့် ရှင်းပြလိုက်သည်။

"ဂရုဏာရှင်မိသားစုတဲ့"

"အပေါ်မှာ ခရိုင်အမတ်မင်းရဲ့ တရားဝင် တံဆိပ်တုံးလည်း ရေးထိုးထားသေးတယ်"

ဝမ်ဟွမ်းကျစ်က ဘေးနားမှ ထပ်ရှင်းပြလိုက်သည်။

"ဒါက တကယ်ကောင်းတာပဲ၊ ငါ ဘယ်နေရာမှာ ချိတ်ရမလဲဆိုတာ သေသေချာချာ စဉ်းစားရဦးမယ်"

ကျန်းကျောက်တိတစ်ယောက် အတိုင်းထက်အလွန် ဝမ်းမြောက်နေရှာသည်။

သူမက ဖုန်းဟွာကော့၏ တံခါးဝတွင် မတ်တပ်ရပ်နေကြသော ကျုံးလန်ဟွာ၊ ကျန်းရိဟွမ်းနှင့် အခြားသူများကိုလည်း လှမ်းမြင်သွားခဲ့ပြီး ၎င်းတို့ရှိရာဘက်သို့ အောင်နိုင်သူတစ်ဦး၏ အသွင်အပြင်အပြည့်နှင့် မောက်မောက်မာမာ ခေါင်းမော့ပြလိုက်သေးသည်။

"အမတ်မင်း... ဒီလို ကမ္ပည်းဆိုင်းဘုတ်မျိုးက ဘယ်နှခုလောက် ရှိတာလဲဟင်၊ ဆိုင်ကြီးတွေ အားလုံးကို ပေးတာလား"

ကျန်းကျောက်တိက လှမ်းမေးလိုက်သည်။

"ဘယ်ဟုတ်ပါ့မလဲ"

ခရိုင်အမတ်မင်းချန်က ပြန်ပြောလိုက်သည်။

"ဆိုင်ကြီးတွေကို ကတိပေးထားတဲ့ အခြေအနေတွေကိုတော့ သဘောတူညီချက်အတိုင်း ဖြည့်ဆည်းပေးခဲ့ပြီးပြီ၊ ဒါပေမယ့် မင်းတို့ရဲ့ ထောင်ယောင်ဖန့်တစ်ဆိုင်တည်းပဲ ဒီကမ္ပည်းဆိုင်းဘုတ် ရရှိဖို့ အရည်အချင်းပြည့်မီတာပါ"

"အမတ်မင်းက မြှောက်ပင့်နေပြန်ပါပြီ၊ ကျွန်မတို့က လုပ်သင့်လုပ်ထိုက်တာကိုပဲ လုပ်ခဲ့တာပါ"

ကျန်းကျောက်တိက ပို၍ပင် ဝမ်းသာအားရ ဖြစ်သွားပြီး ဆက်ပြောလိုက်သည်။

"တခြားဘယ်သူပဲဖြစ်ဖြစ် ဒီလိုပဲ လုပ်ကြမှာလို့ ကျွန်မတို့ ယုံကြည်ပါတယ်"

ဘေးနားမှ ကြည့်ရှုနေကြသော လူအုပ်ကြီးကလည်း လက်ခုပ်တီးကာ အားပေးချီးကျူးနေကြသည်။

ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရချိန်တွင် လူတိုင်းက ဤကဲ့သို့ နားလည်ပေးနိုင်ကြသည် မဟုတ်ပေ။ ထောင်ယောင်ဖန့်၏ ကရုဏာ၊ စေတနာထားမှုများက အသေးအဖွဲ အကူအညီလေးမျှသာ မဟုတ်ဘဲ လူပေါင်းများစွာ၏ အသက်ကို ကယ်တင်ပေးခဲ့သည့် ကြီးမြတ်လှသော မေတ္တာတရားနှင့် လူသားချင်းစာနာထောက်ထားမှု ဖြစ်သည်။

မောင်းသံ၊ ဗုံသံများ တညံညံကြားတွင် အစိုးရအမှုထမ်းများက ကမ္ပည်းဆိုင်းဘုတ်ကို ဆိုင်ထဲသို့ ထမ်းပိုးသယ်ဆောင်သွားကြသည်။ ခရိုင်အမတ်မင်းချန်က ထောင်ယောင်ဖန့်၏ မွန်မြတ်သော ကောင်းမှုကို ချီးကျူးစကားဆိုခဲ့ပြီး အစိုးရအရာရှိများအနေဖြင့် ဤကဲ့သို့သော စေတနာရှင်ကုန်သည်များကို အထူးဂရုပြု စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ထို့အပြင် အကယ်၍ ဆိုင်တွင် တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာပါက ခရိုင်ရုံးတော်သို့သာ တိုက်ရိုက်အကြောင်းကြားရန်နှင့် သူတို့ဘက်မှ ချက်ချင်း လာရောက် ဖြေရှင်းပေးမည်ဖြစ်ကြောင်း အာမခံချက် ပေးအပ်ခဲ့သည်။

ဤစကားများက ထောင်ယောင်ဖန့်၏ နောက်ကွယ်တွင် ခရိုင်ရုံးတော် ရှိနေကြောင်း ဗြောင်ကျကျ ထုတ်ဖော်ကြေညာလိုက်ခြင်းပင်။ ပြဿနာရှာရန် ကြံစည်နေသည့် ငမိုက်သားများ ရှိနေပါက အမြန် ရပ်တန်းမှ ရပ်ကြရန်နှင့် ထိုသို့မဟုတ်လျှင် အာဏာပိုင်များက ခွင့်လွှတ်မည်မဟုတ်ကြောင်း သတိပေးလိုက်ခြင်းလည်း ဖြစ်ချေသည်။

"ဘာတွေ အောက်ခြေလွတ်ပြီး မာနထောင်လွှားနေကြတာလဲ"

ကျုံးလန်ဟွာက လှောင်ပြောင်သရော်သည့် လေသံဖြင့် ပြောလိုက်သည်။

"ရှောင်းချီ စာမေးပွဲအောင်လို့ အရာရှိကြီးဖြစ်လာရင် ငါတို့ရဲ့ ဖုန်းဟွာကော့က သူတို့ထက် အဆင့်အတန်း ပိုမြင့်တဲ့ ကျောထောက်နောက်ခံ ရလာလိမ့်မယ်"

"အမေ..."

ကျန်းရိဟွမ်းက ကျုံးလန်ဟွာကို ကြည့်ကာ တောင်းဆိုလိုက်သည်။

"သမီး... သမီးရဲ့အိမ်ထောင်ရေးကိစ္စကို စီစဥ်ချင်ပြီ"

"နင်က ဘာကို ဆိုလိုတာလဲ"

ကျုံးလန်ဟွာက ပြန်မေးလိုက်သည်။

"ရှောင်းချီ ခရိုင်အဆင့် စာမေးပွဲအောင်မှ နင့်အိမ်ထောင်ရေးကို စီစဥ်ပေးမယ်လို့ ငါတို့ အရင်က ပြောထားပြီးသားမလား။ တကယ်လို့ သူက စာမေးပွဲတောင် မအောင်ဘူးဆိုရင် အိမ်ထောင်ပြုပေးလည်း ဘာအသုံးကျမှာလဲ။ အဲ့ဒီလိုဆိုရင်တော့ တာဝန်ခံချန်ရဲ့သား ချန်ယုံချမ်းနဲ့ပဲ လက်ထပ်လိုက်တာ ပိုကောင်းမယ်"

"အခုတလော ရှောင်းချီက သမီးအပေါ် နည်းနည်း အေးစက်နေသလိုပဲ"

ကျန်းရိဟွမ်းက ဆက်ရှင်းပြလိုက်သည်။

"အဲ့ဒီ ဝမ်မျိုးရိုးနဲ့ မိန်းမက သူ့နှလုံးသားကို ခိုးယူသွားမှာကိုလည်း သမီး စိုးရိမ်လို့ပါ"

"မဖြစ်နိုင်တာ၊ နင်က အပျိုစင်လေးလေ၊ အဲ့ဒီ ဝမ်မျိုးရိုးနဲ့ မိန်းမက အရှက်မရှိတဲ့ မိန်းမပျက်။ ဦးနှောက်ရှိတဲ့ ဘယ်ယောကျာ်းမတို နင့်ကို ထားခဲ့ပြီး သူ့ကို ရွေးချယ်မှာ မဟုတ်ဘူး"

ကျန်းရိဟွမ်းကတော့ ရင်ထဲမှ စိုးထိတ်နေဆဲပင်။

သို့သော် ကျုံးလန်ဟွာ၏ စိုးရိမ်ပူပန်မှုကလည်း အကြောင်းပြချက် ရှိနေသည်။ အကယ်၍ ရှောင်းယန်ချီသာ ခရိုင်အဆင့်စာမေးပွဲကိုပင် မအောင်မြင်ပါက သူမ သူနှင့်လက်ထပ်လျှင် ဒုက္ခ ရောက်ရုံသာရှိပေလိမ့်မည်။

ကမ္ပည်းဆိုင်းဘုတ် ဆိုင်ထဲသို့ ရောက်လာသည်နှင့် စူးယောင်ကွမ်းတို့ မိသားစုက လူတိုင်း ချက်ချင်း မြင်တွေ့နိုင်ရန် ပင်မခန်းမကြီး၏ အလယ်ဗဟိုတွင် ချိတ်ဆွဲလိုက်ကြသည်။

ဤအရာက သူတို့၏ ဂုဏ်သိက္ခာ ဖြစ်ပြီး အများသူငှာ မြင်အောင် ထုတ်ကြွားရမည်မှာ အမှန်ပင် ဖြစ်သည်။

အစိုးရအမှုထမ်းများကို ပြန်လိုက်ပို့ပေးပြီးနောက်တွင် စူးယောင်ကွမ်းနှင့် သူမ၏မိသားစုဝင်များက ကုန်ပစ္စည်းအသစ်များကို အထူးလျှော့စျေးဖြင့် ကြိုတင်ရောင်းချပေးခဲ့ကြသည်။ ထို့ကြောင့် ထောင်ယောင်ဖန့်၏ ဖောက်သည်အဟောင်း၊ ဖောက်သည်အသစ်များအားလုံး သူတို့၏ ကံကောင်းခြင်းများကို အတူတကွ မျှဝေခံစားနိုင်ခဲ့ကြသည်။

"အမျိုးသမီးတို့ရှင်... ကျွန်မတို့ဆိုင်ရဲ့ ပစ္စည်းလက်ကျန်က အကန့်အသတ် ရှိနေလို့ တစ်မျိုးကို အခုနှစ်ဆယ်စီပဲ ရောင်းချပေးနိုင်မှာပါ။ ကုန်သွားရင်တော့ ထပ်မရနိုင်တော့ဘူးနော်"

......။.....။......

ရက်အနည်းငယ် ကြာပြီးနောက်တွင် ထောင်ယောင်ဖန့်က ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျိုးဝမ်ရှူကလည်း ပညာဆက်လက်သင်ကြားရန် ကျောင်းတော်သို့ ပြန်သွားခဲ့သည်။

ကျိုးဝမ်ရှူ ကျောင်းတော်သို့ ပြန်သွားသည့်နေ့တွင် စူးယောင်ကွမ်းကိုယ်တိုင် လိုက်ပို့ပေးခဲ့သည်။

"မိန်းကလေးစူး... ဒီနေ့ ကျွန်တော်တို့ စာသင်ကျောင်းမှာ ကျိကျူပွဲ ရှိတယ်။ ဝမ်ရှူလည်း ပြန်ရောက်လာပြီဆိုတော့ သူ့ကို ဝင်ကစားခိုင်းလိုက်မယ်။ မင်းရော... ဒီမှာ ခဏနေပြီး ပွဲကြည့်သွားမလား"

ကျုံးချူရှန်းက လှမ်းမေးလိုက်သည်။

(T/n: ကျိကျူဆိုတာကိ ပိုလိုကစားပွဲကို ပြောတာပါ။ ကျိက ရိုက်တာဖြစ်ပြီး ကျူကတော့ အလုံးပါ။ မြင်းပေါ်ကနေ သစ်သားလုံး/ခြင်းလုံးလို့ဟာမျိုးကို ရိုက်ပြီး တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းရတာပါ)

"ကျွန်မ ဒီမှာနေရင် မသင့်တော်တာမျိုးရှိမလား၊ သူ့ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေမှာလား"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို တစ်ချက်လှမ်းကြည့်ရင်း ပြန်မေးလိုက်သည်။

ကျိုးဝမ်ရှူ၏ စာသင်ကျောင်းမှ စာပေပညာရပ်ဆိုင်ရာ အရည်အချင်းက သာမန်မျှသာ ဖြစ်ပြီး အတတ်ပညာခြောက်ပါးတွင်လည်း ထူးထူးခြားခြား ပြောင်မြောက်ခြင်းမရှိဘဲ သာမန်မျှသာ ဖြစ်ကြောင်း သူမ သိထားခဲ့သည်။ အကယ်၍ ကျိုးဝမ်ရှူက သူမကို ဤနေရာတွင် မရှိစေချင်ဘဲ သူ ကျိကျူကစားသည်ကို မကြည့်စေချင်ပါက သူ အရှက်မရစေရန်အတွက် သူမ အလွယ်တကူ အကြောင်းပြချက်တစ်ခုပေးကာ ထွက်ခွာသွားမည် ဖြစ်မည်။

"ဘာမှ မဖြစ်ပါဘူး။ ဒီနေ့ ကျောင်းတော်ကို လူတိုင်း လာရောက်လေ့လာနိုင်အောင် ဖွင့်ပေးထားမှာ၊ ကျောင်းသားတွေအနေနဲ့လည်း သူတို့ရဲ့ မိသားစုဝင်တွေကို ပွဲကြည့်ဖို့ ခေါ်လာလို့ ရတယ်။ ဟိုမှာ ကြည့်လေ... တချို့လူတွေတောင် ရောက်နေကြပြီ"

စူးယောင်ကွမ်းက ကျောင်းတော်အဝင်ဝဆီသို့ လှမ်းကြည့်လိုက်ပြီး မိသားစုဝင်များ ကျောင်းတော်ထဲသို့ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ဝင်ရောက်လာကာ သူတို့၏ သားများအား လိုက်လံရှာဖွေနေကြသည်ကို သူမ မြင်လိုက်ရသည်။ သူမ ထိုလူအုပ်ကြီးထဲ၌ ကျန်းရိဟွမ်းကိုပင် လှမ်းမြင်လိုက်ရသေးသည်။

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏အနားသို့ တိုးကပ်သွားပြီး တိုးတိုးလေး မေးလိုက်သည်။

"နင် ငါ့ကို ဒီမှာ ရှိနေစေချင်လား"

ကျိုးဝမ်ရှူက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး မောက်မာဝင့်ကြွားသော လေသံဖြင့် ပြန်ဖြေလိုက်သည်။

"ခင်ဗျားသဘောလေ"

"ငါက ငါကြောင့် နင် အရှက်ရသွားမှာကို စိုးရိမ်လို့ပါ"

စူးယောင်ကွမ်းက ရယ်ကျဲကျဲဖြင့် ဆက်ပြောလိုက်သည်။

"တကယ်လို့ နင် မြင်းပေါ်က ပြုတ်ကျတာပဲဖြစ်ဖြစ်၊ ဘောလုံးနဲ့ ထိမိလို့ဖြစ်ဖြစ် ငိုမဲ့မဲ့ လုပ်နေရင် ကာယကံရှင်ဖြစ်တဲ့ နင်လည်း မျက်နှာပူရမယ်၊ အနားက ငါလည်း အရှက်ကွဲရမယ်"

ကျိုးဝမ်ရှူ : "..."

သူက စူးယောင်ကွမ်း၏ နားရွက်ကို ဆွဲကိုင်ကာ ခပ်ဖွဖွလေး လိမ်လိုက်ရင်း ပြန်ပြောလိုက်သည်။

"ခဏနေရင် ခင်ဗျားရဲ့ မျက်လုံးကို ပြူးပြီး သေသေချာချာ စောင့်ကြည့်ထားလိုက်၊ ကျွန်တော်က ဘယ်လို အနိုင်ယူရမယ်ဆိုတာကို သေချော ပြပေးမယ်"

"ဟုတ်ပါပြီ... ဟုတ်ပါပြီ... သခင်လေးကျိုးရယ်"

စူးယောင်ကွမ်းက သူ့ကို ကလေးတစ်ယောက်လိုမျိုး ချော့မော့လိုက်သည်။

ကျုံးချူရှန်းနှင့် ချန်ပုယွိတို့ကလည်း အချင်းချင်း ကြည့်ကာ ပြုံးနေကြသည်။

ကျိုးဝမ်ရှူက မြင်းစီးဝတ်စုံလဲရန်နှင့် အသင်းဖော်များနှင့် နည်းဗျူဟာများဆွေးနွေးရန် သွားရမည်ဖြစ်သဖြင့် ချန်ပုယွိနှင့် ကျုံးချူရှန်းတို့က သူ့ကို ဆွဲခေါ်သွားကြသည်။

ကျိုးဝမ်ရှူတစ်ယောက် မြင်းစီးဝတ်စုံ လဲလှယ်ပြီး အပြင်သို့ ထွက်လာချိန်တွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ရှောင်းယန်ချီနှင့် ထိပ်တိုက် ဝင်တိုးမိတော့သည်။

ရှောင်းယန်ချီက ကျိုးဝမ်ရှူ ဤမျှ မြန်မြန်ဆန်ဆန် စာသင်ကျောင်းသို့ ပြန်ရောက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူက ကျိုးဝမ်ရှူ၏ အနီရောင်ဝတ်စုံကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့မျက်ဝန်းများထဲတွင် သရော်လှောင်ပြောင်ရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

ယခုတစ်ကြိမ်တွင် စာသင်သားများကို အသင်းနှစ်သင်း ခွဲထားခြင်း ဖြစ်သည်။ ရှောင်းယန်ချီက အဖြူအသင်းကို ဦးဆောင်ပြီး ကျုံးချူရှန်းက အနီအသင်းကို ဦးဆောင်ခြင်း ဖြစ်သော်လည်း ကျိုးဝမ်ရှူ ပြန်ရောက်လာသည်နှင့် တပြိုင်နက် ကျုံးချူရှန်းက အသင်းခေါင်းဆောင်ရာထူးကို သူ့ထံ ချက်ချင်း လွှဲပြောင်းပေးအပ်လိုက်သည်။

စာသင်ကျောင်းတစ်ခုလုံးတွင် ကျိုးဝမ်ရှူ၏ အရည်အချင်း အစစ်အမှန်ကို မည်သူမျှ မသိကြသော်လည်း ချန်ပုယွိနှင့် ကျုံးချူရှန်းတို့ကတော့ သူ၏ ထူးချွန်ပြောင်မြောက်မှုများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးကြသည်။ ယခုအခါ ကျုံးမိသားစုနှင့် ချန်မိသားစုတို့၏ စီးပွားရေးလုပ်ငန်းများအားလုံးက ကျိုးဝမ်ရှူ၏ လွှမ်းမိုးမှုအောက်တွင် ရှိနေပြီး စီးပွားရေးများကလည်း အဆမတန် ကောင်းမွန်နေကာ အမြတ်အစွန်းများ အလွန်အကျွံ ရနေခဲ့သည်။

ထို့နောက် အသင်းနှစ်သင်းလုံး ကျိကျူကွင်းထဲသို့ အသီးသီး ဝင်ရောက်လာကြသည်။

ကွင်းဘေးရှိ ပွဲကြည့်စင်များတွင်လည်း လူများဖြင့် ပြည့်နှက်ပြီး ဆူညံနေခဲ့ပြီ ဖြစ်သည်။

ကစားသမားများ ကွင်းထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် လူအများက သူတို့၏ နာမည်များကို အော်ဟစ်အားပေးနေကြသည်။

ကျိုးဝမ်ရှူက လူအုပ်ကြီးထဲတွင် စူးယောင်ကွမ်းကို လိုက်လံရှာဖွေခဲ့သော်လည်း သူမကို မတွေ့ရတော့ချေ။

ချန်ပုယွိနှင့် ကျုံးချူရှန်းတို့ကလည်း သူမကို လိုက်ရှာနေကြသည်။

"မိန်းကလေးစူးက ပြန်သွားပြီလားမသိဘူး"

ကျုံးချူရှန်းက လှမ်းမေးလိုက်သည်။

"ဒါမှမဟုတ် သူက ဝမ်ရှူ ရှုံးနိမ့်သွားမှာကို တကယ်ကြီး မကြည့်ရက်လို့ ပွဲကို စောင့်မကြည့်တော့ဘဲ ပြန်သွားတာလား"

All Chapters