← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅ ကျိကျူပွဲစဥ်

ချန်ပုယွိက ကျိုးဝမ်ရှူ၏ မျက်နှာရိပ်မျက်နှာကဲ မကောင်းသည်ကို သတိပြုမိသွားပြီး ကျုံးချူရှန်း ကြားနိုင်ရုံ တိုးတိုးလေး ပြန်ဖြေလိုက်သည်။

"ဘာမှ ထပ်မပြောနဲ့တော့၊ မဟုတ်ရင် တစ်ယောက်ယောက်ရဲ့ ရင်ထဲမှာ ဗြောင်းဆန်သွားလိမ့်မယ်"

ရှောင်းယန်ချီကလည်း ထိုအခြေအနေကို သတိထားမိသွားခဲ့သည်။

ပွဲကြည့်စင်ပေါ်တွင် စူးမိသားစုဝင် တစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ပေ။ ဆိုလိုသည်မှာ ကျိုးဝမ်ရှူ၏ ပွဲစဥ်ကို ကြည့်ရှုအားပေးမည့်သူ မရှိခြင်းပင်။

သူ့၏ ယခင်ဘဝတုန်းကဆိုလျှင် စူးယောင်ကွမ်းက သူ၏ လှုပ်ရှားမှုမှန်သမျှကို အလွန်အကျွံ အလေးထားခဲ့ပြီး ရွာမှ တကူးတက လာရလျှင်တောင် တစ်ပွဲမှ မလွတ်စေဘဲ လိုက်လံအားပေးခဲ့ဖူးသည်။ သို့သော်လည်း ထိုစဥ်က သူက သူမကို အရှက်ရစရာဟု ထင်ခဲ့မိသဖြင့် ပွဲကြည့်စင်ပေါ်တွင် ထိုင်ခွင့်မပြုဘဲ ထောင့်တစ်နေရာမှသာ တိတ်တဆိတ် စောင့်ကြည့်ခွင့်ပေးခဲ့သည်။ စူးယောင်ကွမ်းကလည်း သူ့စကားကို အမြဲမြေဝယ်မကျ နားထောင်ခဲ့ပြီး သူ့ဆုံးဖြတ်ချက်များကို တစ်ခါမျှ မဆန့်ကျင်ခဲ့ချေ။ သူ စာသင်ကျောင်းသို့ တက်ရောက်ချိန်မှစပြီး တော်ဝင်စာမေးပွဲ အောင်မြင်သည်အထိ သူ၏ အတန်းဖော်များက သူမ၏ ရုပ်သွင်ကိုပင် သေသေချာချာ မမြင်ဖူးခဲ့ကြပေ။

သို့သော်လည်း သူ့၏ ယခင်ဘဝ မှတ်ဉာဏ်များတွင် စူးယောင်ကွမ်းက ယခုဘဝလောက် လှပနေခြင်းမျိုး မဟုတ်ခဲ့ပေ။ သူမ၏ ရုပ်ရည်က အတူတူ ဖြစ်သော်လည်း သူမ၏ အသားအရေကတော့ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ယခုဘဝတွင် စူးယောင်ကွမ်းက အလှကုန်လုပ်ငန်း လုပ်ကိုင်နေပြီး အရေပြားထိန်းသိမ်းမှုနှင့် လိမ်းခြယ်မှု အတတ်ပညာများကို လေ့လာထားသဖြင့် အမှန်တကယ် ဖူးပွင့်စ မိန်းမပျိုလေးတစ်ဦးအဖြစ် ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။

"အစ်ကိုရှောင်း..."

ကျန်းရိဟွမ်းက ပွဲကြည့်စင်ပေါ်မှ လက်ဝှေ့ယမ်းပြနေသောကြောင့် ရှောင်းယန်ချီက သူမကို ခေါင်းငြိမ့်ပြလိုက်သည်။

အခြားထောင့်တစ်နေရာတွင်တော့ ဝမ်ရှီ ရပ်နေပြီး သူမ၏ မျက်ဝန်းများထဲတွင် ချစ်ခင်မြတ်နိုးရိပ်များ ပြည့်နှက်နေကာ သူ့ကို တငေးတမော စိုက်ကြည့်နေလေသည်။ သူက သူမကို လှည့်ကြည့်လိုက်သောအခါ သူမက ရှက်ပြုံးလေးဖြင့် ခေါင်းငုံ့သွားခဲ့သည်။

လက်ရှိအချိန်တွင် အသင်းနှစ်သင်းလုံးက မြင်းများကို အသီးသီး ရွေးချယ်ကြပြီး ဝတ်စုံများကို သပ်ရပ်အောင် ပြင်ဆင်ကာ ကွင်းထဲသို့ မဝင်မီ နောက်ဆုံး ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။

"ဝမ်ရှူ..."

ထိုအခိုက်အတန့်တွင် ကျန်းကျောက်တိ၏ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာခဲ့သည်။

"သူ့ကို အနိုင်ယူလိုက်"

ကျိုးဝမ်ရှူက လှမ်းကြည့်လိုက်ရာ ကျန်းကျောက်တိ၊ ကျန်းဖန့်တိနှင့် သူမ၏ သမီး၊ ကျန်းယင်းတိနှင့် သူမ၏ ခင်ပွန်း၊ ကျန်းကျင့်နှင့် ချွန်းအော်တို့ အားလုံး ရောက်ရှိလာကြသည်ကို မြင်လိုက်ရသည်။ စူးယောင်ကွမ်းကလည်း ရှေ့ဆုံးမှ လျှောက်လှမ်းလာနေပြီး အဝတ်အစားအသစ်ကို လဲလှယ်ဝတ်ဆင်ထားသည်။ ထို့အပြင် သူမက အထူးတလည် လိမ်းခြယ်ထားပြီး ဆံပင်ပုံစံအသစ် ပြင်ဆင်ထားသဖြင့် ဖူးပွင့်စ နှင်းဆီပန်းလေးတစ်ပွင့်ကဲ့သို့ တောက်ပလွန်းနေသည်။

သူမက မိသားစုဝင်များကို နေရာချပေးပြီးနောက်တွင်မှ ကျိုးဝမ်ရှူဘက်သို့ လှည့်ကာ သူမ၏ လက်ကိုင်ပုဝါလေးကို ဝှေ့ယမ်းပြနိုင်တော့သည်။

ကျိုးဝမ်ရှူ၏ နှုတ်ခမ်းအစုံက အပြုံးတစ်ခုဖြစ်လာသည်အထိ ကွေးညွတ်သွားခဲ့သည်။

ရှောင်းယန်ချီကတော့ စူးယောင်ကွမ်း၏ တောက်ပသော အပြုံးကို ကြည့်ရင်း သူ့မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားကာ မျက်နှာကြီး မည်းမှောင်သွားတော့သည်။

ကျောင်းအုပ်ကြီးနှင့် ဆရာများက ဒိုင်လူကြီးများအဖြစ် ဆောင်ရွက်ပေးနေကြသည်။ ကျောင်းအုပ်ကြီး၏ "စတင်စေ" ဟူသော အော်ဟစ်သံနှင့်အတူ အသင်းနှစ်သင်းလုံးက ဘောလုံးငယ်လေးဆီသို့ ပြိုင်တူ ဒုန်းစိုင်းမောင်းနှင်သွားကြသည်။

ချန်ပုယွိနှင့် ကျုံးချူရှန်းတို့က ကျိုးဝမ်ရှူ အားသွန်ခွန်စိုက် ကစားနေသည်ကို ထူးဆန်းသော မျက်နှာအမူအရာများဖြင့် စောင့်ကြည့်နေကြသည်။

‘စောစောတုန်းကတော့ မတရားအနိုင်ကျင့်ခံထားရတဲ့ ဇနီးငယ်လေးတစ်ယောက်လို ဖြစ်နေပြီး အခုကျတော့ စိတ်ကြွဆေး အထိုးခံထားရသလိုမျိုး ဖြစ်နေတာလား... ဒီလူငယ်တွေရဲ့ စိတ်ဓာတ်က တကယ့်ကို ပြင်းထန်လွန်းတာပဲ’

အမှန်စင်စစ်တွင် ဤအဖွဲ့နှစ်ဖွဲ့က အာဏာခွဲဝေမှု တစ်ရပ်ကို ကိုယ်စားပြုနေကြခြင်းပင်။

ရှောင်းယန်ချီ၏ အသင်းသားများက ပုံမှန်အားဖြင့် ကျောင်းတော်တွင် သူနှင့်အတူ မြောက်ကြွမြောက်ကြွ ဟန်ပန်ဖြင့် လမ်းသလားတတ်ကြသူများ ဖြစ်ပြီး စာပေပညာတွင် ထူးချွန်ကြသလို တော်ဝင်စာမေးပွဲကိုလည်း အောင်မြင်နိုင်လိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေကြသူများ ဖြစ်သည်။ ကျိုးဝမ်ရှူ၏ အသင်းသားများကတော့ အောက်ဆုံးအဆင့်မှ အဆိုးဆုံးလူများ ဖြစ်ကြပြီး ကျောင်းတော်တွင် အချိန်ဖြုန်းနေကြရုံသာ ဖြစ်သည်။ ဤအုပ်စုက များသောအားဖြင့် ကျုံးချူရှန်းနှင့် ချန်ပုယွိတို့နောက်သို့ လိုက်ကြသူများ ဖြစ်ပြီး သူတို့၏ မိသားစုများကလည်း ငွေကြေးမချို့တဲ့သဖြင့် ကျောင်းတော်တွင် နှစ်အနည်းငယ်မျှ ပညာသင်ကြားပြီးနောက် မိသားစုစီးပွားရေးကို ပြန်လည်ဦးစီးကြမည့်သူများ ဖြစ်နေလေသည်။

ဤသို့သော ထူးချွန်မှုကင်းမဲ့သည့် လူညံ့အုပ်စုက ပုံမှန်အားဖြင့် ရှောင်းယန်ချီ၏ အုပ်စုကို လုံးဝ ရှုံးနိမ့်လေ့ရှိသဖြင့် သူတို့က ယနေ့ ကျိကျူပွဲစဥ်ကို အလေးအနက်ထား ကစားရန် စိတ်မကူးခဲ့ကြပေ။ သူတို့က မြင်းစီးတတ်ပြီး ကျိကျူလည်း ကစားတတ်ကြသော်လည်း မြင်းပေါ်တွင် ကျိကျူကစားရခြင်းကတော့ သီးခြားအခြေအနေတစ်ရပ် ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် ဤအရာကို ထိန်းချုပ်ရန် ထိုမျှ မလွယ်ကူနေချေ။

"တောက်... သေစမ်း.... အစ်ကိုကျိုးက ဒီနေ့ ဘာဖြစ်နေတာလဲ"

"အစ်ကိုပုယွိ... အစ်ကိုကျိုးက ဘာဖြစ်နေတာလဲ"

"ဘာဖြစ်ရမှာလဲ၊ ဒီနေ့ လုံးဝ ရှုံးလို့ မဖြစ်ဘူး၊ ကြားလား။ မင်းတို့ ဘယ်လိုနည်းလမ်းပဲ သုံးသုံး၊ ရှိသမျှ အားအင်အကုန်ထုတ်ပြီး ကစားကြစမ်း"

"မင်းတို့ကောင်တွေ... တကယ့်ကို ငနုံတွေပဲ၊ အစ်ကိုကျိုးရဲ့ ဇနီးငယ်လေး ဒီမှာ ရှိနေတာကို မမြင်ကြဘူးလား။ မိန်းမတစ်ယောက်ရဲ့ ရှေ့မှာ ယောက်ျားတစ်ယောက်က ဘာလို့ ဒီလောက် ပျော့ညံ့ပြနေရမှာလဲ"

"တကယ်လို့ ဒီနေ့ ငါတို့ နိုင်ရင် ငါ မင်းတို့အားလုံးကို အဝကျွေးမယ်၊ ကျန်းမိသားစု စားသောက်ဆိုင်က အကောင်းဆုံး စားသောက်ပွဲဆိုရင် ဘယ်လိုလဲ"

"တက်ကြဟေ့..."

ရလဒ်အနေဖြင့် ကျိုးဝမ်ရှူနှင့် ရှောင်းယန်ချီတို့ ထိပ်တိုက် ရင်ဆိုင်မိကြတော့သည်။

တစ်မှတ်ပြီး တစ်မှတ်၊ ဂိုးတစ်ဂိုးပြီး တစ်ဂိုးနှင့် မူလက အသင်းလိုက်ပွဲစဥ်မှာ ယခု လူနှစ်ဦး၏ အားပြိုင်ပွဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

"ဝမ်ရှူ... သူ့ကို ရိုက်စမ်း၊ သေအောင် ရိုက်စမ်း"

ကျန်းကျောက်တိ၏ အော်ဟစ်အားပေးသံကြီးက ကွင်းတစ်ခုလုံးပင် တိတ်ဆိတ်သွားစေခဲ့သည်။

လူအများက ကျန်းကျောက်တိအား ထူးဆန်းသော မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသည်။

ကျန်းကျောက်တိကတော့ ထိုသို့ ဝိုင်းကြည့်နေကြခြင်းကို လုံးဝ ဂရုမစိုက်ဘဲ ဆက်တိုက် ခုန်ပေါက်ရင်း အော်ဟစ်နေလေသည်။

"ဂိုး... ဂိုးဝင်ပြီ၊ ဂိုးဝင်ပြီ၊ ဝမ်ရှူက အတော်ဆုံးပဲ၊ ဝမ်ရှူက အကောင်းဆုံး။ ဝမ်ရှူက အသန်မာဆုံး"

စူးယောင်ကွမ်းက ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီး ဝင်အားပေးလိုက်သည်။

"ကျိုးဝမ်ရှူ... နင် အရမ်းတော်တယ်"

ရှောင်းယန်ချီတစ်ယောက် သူ့တုတ်ကို လွှဲယမ်းလိုက်သော်လည်း လွဲချော်သွားခဲ့သည်။

ကျိုးဝမ်ရှူက ဘောလုံးကို လုယူကာ တုတ်ဖြင့် လွှဲရိုက်လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆန့်ကျင်ဘက် အသင်း၏ ဂိုးပေါက်ထဲသို့ သွင်းယူလိုက်သည်။

ရှောင်းယန်ချီ ဆန့်ကျင်ဘက်အရပ်ဆီသို့ မော့ကြည့်လိုက်ရာ စူးယောင်ကွမ်းက မတ်တပ်ရပ်ပြီး ကျိုးဝမ်ရှူအား လက်ဝှေ့ယမ်းပြနေသည်ကို မြင်လိုက်ရသည်။ သူမ၏ အပြုံးက အလွန် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းနေသဖြင့် သူ့ကို ပိုဒေါသထွက်စေပြန်သည်။

‘ငါက ဘယ်လိုလုပ်ပြီး ရှုံးနိမ့်နိုင်မှာလဲ’

‘အရင် ဘဝတုန်းက ငါ အနိုင်ရခဲ့တယ်။ အခုဘဝမှာလည်း ငါ အနိုင်ရရမယ်’

‘ပြီးတော့ ဒီကျိုးဝမ်ရှူဆိုတဲ့ကောင်က ဘယ်ကနေ ရောက်လာတာလဲ။ အရင်ဘဝတုန်းက သူ မရှိခဲ့ဘူး။ အခုဘဝမှာလည်း သူရဲ့ တည်ရှိမှုက အပိုဖြစ်နေပြီး ပျောက်ကွယ်သွားသင့်တယ်။’

ထို့နောက်တွင် ကျိုးဝမ်ရှူ စီးနင်းထားသည့် မြင်းက ရုတ်တရက် သောင်းကျန်းလာပြီး တဟီဟီ မြည်ဟီးနေလေသည်။

"အစ်ကိုဝမ်ရှူ..."

"အား... ဝမ်ရှူ"

ကွင်းထဲမှ သူ၏ အသင်းဖော်များက အော်ဟစ်လိုက်ကြပြီး ပွဲကြည့်စင်ပေါ်မှ သူ၏ ဆွေမျိုးများကလည်း စိုးရိမ်တကြီး အော်ဟစ်လိုက်ကြသည်။

စူးယောင်ကွမ်းက ကျိုးဝမ်ရှူအား စိုးရိမ်တကြီး ကြည့်ရင်း လှမ်းအော်လိုက်သည်။

"ဇက်ကြိုးကို တင်းတင်းကိုင်ပြီး ချက်ချင်း ဆင်းခဲ့တော့၊ အဲ့ဒီမြင်းက ရူးသွားပြီ"

ကျိုးဝမ်ရှူက ဇက်ကြိုးကို တင်းကျပ်စွာ ဆွဲကိုင်လိုက်ပြီး မြင်း၏ ကျောပေါ်တွင် မတ်တပ်ရပ်ကာ ကိုယ်ကို ကိုင်းညွတ်လျက် သူ၏ တုတ်ကို လွှဲယမ်းလိုက်သည်။

‘မြင်းက ရူးသွားရင်ရော ဘာဖြစ်လဲ’

သူက မြင်းကို ထိန်းချုပ်ရင်း သူ၏ တုတ်ကို လွှဲလိုက်ရာ ဘောလုံး‌လေးက ဆန့်ကျင်ဘက် အသင်း၏ ဂိုးပေါက်ထဲသို့ လွင့်စင် ဝင်ရောက်သွားခဲ့ပြန်သည်။

ရှောင်းယန်ချီက အမှီလိုက်လာစဥ်မှာပင် သူက သူ့တုတ်ကို ဆက်လွှဲရိုက်လိုက်ခြင်း ဖြစ်သည်။

ထို့နောက် ကျိုးဝမ်ရှူက ရှောင်းယန်ချီဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ့မျက်ဝန်းများထဲတွင် သရော်လှောင်ပြောင်ရိပ်များ ပြည့်နှက်နေလေသည်။

"အိုက်ယား... ကျိုးဝမ်ရှူ... တော်တယ်ဟေ့"

"ဝမ်ရှူက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ"

"အဲ့ဒါ ဘယ်သူလဲ။ ကြည့်ရတာ တကယ့်ကို ရုပ်ချောပြီး မြင်းစီးအတတ်လည်း ထူးချွန်တယ်၊ သူ့ရဲ့ စာပေလေ့လာမှုကရော ဘယ်လိုရှိလဲ"

အခြားကျောင်းသားများ၏ မိသားစုဝင်များအားလုံး၏ အကြည့်များက ကျိုးဝမ်ရှူထံသို့ အလိုအလျောက် ရောက်ရှိလာကြသည်။

"သူက ထောင်ယောင်ဖန့်က ဆိုင်ရှင်စူးရဲ့ ခင်ပွန်းငယ်လေးလေ။ နာမည်ကြီးတဲ့ ထောင်ယောင်ဖန့်အကြောင်းကို အားလုံး ကြားဖူးကြတယ်မလား။ ဆိုင်ရှင်စူးဆိုတာက ကပ်ရောဂါသည် ထောင်ပေါင်းများစွာကို ကယ်တင်ခဲ့တဲ့ သက်ရှိနတ်ဘုရားမတစ်ပါးလေ၊ ဒါက သူတို့အိမ်ရဲ့ အိမ်ပါသမက်ပဲ"

"စာသင်သားကျိုး... သတိထား"

"အံ့သြဖို့ကောင်းလိုက်တာ"

ကျောင်းအုပ်ကြီးက မောင်းကို တီးခတ်ရင်း အော်ဟစ်လိုက်သည်။

"ပွဲစဥ်ပြီးဆုံးပြီ၊ အနီရောင်အသင်း အနိုင်ရတယ်"

"ကျောင်းအုပ်ကြီး... ပွဲကတော့ ပြီးသွားပါပြီ၊ ဒါပေမယ့် မြင်းက ဘယ်လိုလုပ်မလဲ"

ဘေးနားရှိ ဆရာတစ်ယောက်က စိုးရိမ်တကြီး လှမ်းပြောလိုက်သည်။

"စာသင်သားကျိုး မြင်းပေါ်ကနေ ဆင်းနိုင်ပါ့မလား မသိဘူး"

လူတိုင်း၏ စိုးရိမ်ပူပန်နေသော အကြည့်များအောက်တွင် ကျိုးဝမ်ရှူက မြင်းဇက်ကြိုးကို တင်းကျပ်စွာ ဆွဲကိုင်ပြီး မြင်းကို ပြန်ထိန်းချုပ်နေသည်။

မြင်းကြီးကလည်း တဟီဟီ အော်မြည်ကာ ရုန်းကန်နေပြီး ကျိုးဝမ်ရှူအား လေထဲသို့ ခါချနိုင်ရန် ကြိုးစားနေလေသည်။

ကျိုးဝမ်ရှူကတော့ မြင်းကြီး ငြိမ်သက်သွားသည်အထိ ဇက်ကြိုးကို မြဲမြံစွာ ဆွဲကိုင်ထားပြီး နောက်ဆုံးတွင် မြင်းပေါ်မှ တည်တည်ငြိမ်ငြိမ် ပြန်ဆင်းသက်နိုင်ခဲ့သည်။

ကျုံးချူရှန်းနှင့် အခြားလူများက အမြန်ပြေးလာကြသည်။

"အစ်ကိုကျိုး... ဒီနေ့ကစပြီး မင်းက ငါ့ရင်ထဲက နတ်ဘုရားပဲ။ ငါသာ စောစောက အခြေအနေမျိုးနဲ့ ကြုံရရင် အသက်ကိုးချောင်း ရှိရင်တောင် လွတ်မြောက်နိုင်မှာမဟုတ်ဘူး"

ချန်ပုယွိက သူ့ရင်ဘတ်ကို ပုတ်ရင်း အော်ပြောလိုက်သည်။

"ကံကောင်းလို့ ဘာမှမဖြစ်တာ"

အခြားလူများကလည်း ဝင်ပြောကြသည်။

"အဲ့ဒီမြင်းက ဘာဖြစ်တာလဲ။ ဘာလို့ ရုတ်တရက် သောင်းကျန်းသွားရတာလဲ"

ကျုံးချူရှန်းက မြင်းအနီးသို့ လျှောက်သွားပြီး မြင်း၏ ကျောပေါ်မှ အပ်တစ်ချောင်းကို ရှာတွေ့သွားကာ ဆွဲနှုတ်လိုက်သည်။

"ဒါကို ဘယ်သူလုပ်တာလဲ"

၎င်းက ကွင်းတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

ကျောင်းအုပ်ကြီးနှင့် ဆရာများကလည်း ထိုအပ်ကို မြင်သည်နှင့် လူတိုင်းကို စုစည်းစေကာ စစ်ဆေးရန်အတွက် လက်များကို ဆန့်ထုတ်ခိုင်းလိုက်ကြသည်။

ရှောင်းယန်ချီကတော့ သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

စောစောက သူ အပ်ဖြင့် လှုပ်ရှားလိုက်စဥ် အပ်ဖျားက သူ့လက်ညှိုးကို မတော်တဆ စူးမိသွားခဲ့သဖြင့် အပ်ရာက ထင်ထင်ရှားရှား ရှိနေဆဲပင်။

အကယ်၍ ယခု သူ လက်ကို ဆန့်ထုတ်လိုက်လျှင် သူ၏ လက်ညှိုးပေါ်မှ အပ်ရာကို ဖုံးကွယ်ရန် လုံးဝ မဖြစ်နိုင်ချေ။

"ကျွန်မပါ"

ဝမ်ရှီက မျက်ဝန်းများ နီမြန်းလျက် ရှေ့သို့ လှမ်းထွက်လာသည်။

"ကျွန်မ လုပ်တာပါ"

All Chapters