← Chapters

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း ၁၆၆ ပြစ်ဒဏ်ခံယူပေးခြင်း

ဝမ်ရှီ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် စူးယောင်ကွမ်း၏ အကြည့်များက ပိုအေးစက်သွားခဲ့သည်။

သူမက ရှောင်းယန်ချီအား အေးစက်စွာ စိုက်ကြည့်ရင်း လှမ်းမေးလိုက်သည်။

"စာသင်သားရှောင်း... ရှင် ဘာပြောစရာ ရှိသေးလဲ"

ရှောင်းယန်ချီက ဝမ်ရှီအား စိတ်ပျက်လက်ပျက် မျက်လုံးများဖြင့် ကြည့်ကာ တဆင့်ပြန်မေးလိုက်သည်။

"မရီးဝမ်... မရီးက ဘာလို့ ဒီလိုလုပ်ရတာလဲ"

ဝမ်ရှီက သူ့ကို မျက်ရည်ဝဲကာ နက်ရှိုင်းသော သံယောဇဥ်များ ပြည့်နှက်နေသည့် အကြည့်များဖြင့် ကြည့်လိုက်ပြီးမှ ပြန်ဖြေလာခဲ့သည်။

"သူ သခင်လေးရဲ့ နာမည်ဂုဏ်သတင်းကို လုယူနေတာကို ကျွန်မ မကြည့်နိုင်တော့လို့ပါ"

"ဒါဆို ရှင် ဘယ်တုန်းက ခိုးကြောင်ခိုးဝှက် ကြံစည်ခဲ့တာလဲ"

စူးယောင်ကွမ်းက ဝင်မေးလိုက်သည်။

"ပွဲမစခင်ကတည်းကပေါ့"

"ပွဲမစခင်ကတည်းက ဟုတ်လား။ ဒါဆို ကျွန်မတို့ရဲ့ ဝမ်ရှူက ဘယ်မြင်းကို ရွေးမလဲဆိုတာ ရှင် ကြိုသိနေပြီး အဲ့ဒီမြင်းကို ကြိုတင်ပြီး ဒုက္ခပေးထားနိုင်တယ်ပေါ့။ ရှင်က သူ့စိတ်ကို ကြိုသိနေရအောင် လူတွေရဲ့ အတွေးကို ဖတ်နိုင်တဲ့လူလား"

စူးယောင်ကွမ်းက ထပ်ဆင့် မေးခွန်းထုတ်လိုက်သည်။

ကျိုးဝမ်ရှူကလည်း မျက်မှောင်ကြုတ်ကာ ဝင်ပြောလိုက်သည်။

"ဒီလောက် ရုပ်ဆိုးတဲ့ စိတ်ဖတ်သူ၊ ထားလိုက်ပါတော့၊ ကျွန်တော် ရွံလွန်းလို့ တွေးတောင် မတွေးချင်တော့ဘူး"

"ကျွန်မ..."

ဝမ်ရှီက ရှောင်းယန်ချီထံသို့ အကူအညီတောင်းသော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။

"ကျောင်းအုပ်ကြီး၊ ဆရာတို့... မရီးဝမ်က တောရွာက မိန်းမတစ်ယောက်ဆိုတော့ စာလည်းမတတ်သလို ဒီကိစ္စရဲ့ ကြီးလေးမှုကိုလည်း နားမလည်လို့ပါ။ ကျွန်တော် သူ့ကို ဆုံးမပြီး သူ့ရဲ့ အမှားကို ဆင်ခြင်ခိုင်းပါ့မယ်။ သူ့အပေါ် သက်ညှာပေးကြဖို့ ကျွန်တော် တောင်းပန်ပါတယ်"

ရှောင်းယန်ချီက သူမအတွက် ဝင်တောင်းပန်လိုက်သည်။

ကျောင်းအုပ်ကြီးနှင့် ဆရာများအနေဖြင့် တစ်ခုခုပြောရန် ခက်ခဲနေကြသည်။

စူးယောင်ကွမ်းက အစိုးရအရာရှိများ၏ အထူးအလေးပေးခြင်း ခံရသူ ဖြစ်သဖြင့် အကယ်၍ သူမက ဤကိစ္စကို အာဏာပိုင်များထံ တိုင်ကြားလိုက်ပါက ဖြေရှင်းရန် လွယ်ကူတော့မည် မဟုတ်ချေ။

ကျောင်းအုပ်ကြီးက စူးယောင်ကွမ်းအား လှမ်းမေးလိုက်သည်။

"မိန်းကလေးစူး... မင်းရဲ့ သဘောထားကရော ဘယ်လိုရှိလဲ"

"ကျွန်မရဲ့ သဘောထားကတော့ စုံစမ်းစစ်ဆေးဖို့ ရုံးတော်ကို ပို့ချင်ပါတယ်။ ကျောင်းအုပ်ကြီးနဲ့ ဆရာတို့လည်း စောစောက အခြေအနေကို မြင်လိုက်ရတာပဲ။ တကယ်လို့ ဝမ်ရှူရဲ့ မြင်းစီး ကျွမ်းကျင်မှုက မလုံလောက်ဘူးဆိုရင် သူ မသေရင်တောင် ခြေကျိုးလက်ကျိုး ဖြစ်သွားလောက်တယ်။ ဒါက သာမန် ပဋိပက္ခ မဟုတ်ဘဲ လူသတ်ဖို့ ကြံစည်မှုပါ။ အဲ့ဒါအပြင် ဒီဝမ်ရှီ ပြောသွားတဲ့ စကားတွေကလည်း ရှေ့နောက်မညီဘူး။ သူက တကယ့်တရားခံအစစ်ကို ကာကွယ်ပေးနေတာလို့ ကျွန်မ သံသယရှိတယ်။ ဒီကိစ္စကို ရုံးတော်လက်ထဲ အပ်လိုက်တာက အကောင်းဆုံး နည်းလမ်းပါပဲ"

"ကျွန်မ အမှားကို သိပါပြီ။ ကျွန်မကို ရုံးတော်ကိုတော့ မပို့ပါနဲ့ရှင်"

ဝမ်ရှီက 'ဒုန်း' ကနဲ ဒူးထောက်လိုက်ပြီး စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့အား အနူးအညွတ် တောင်းပန်နေလေသည်။

သူမက အားပြင်းပြင်းဖြင့် တစ်ချက်ပြီးတစ်ချက် ဦးတိုက်အရိုအသေပေးနေပြီး သိပ်မကြာမီမှာပင် သူမ၏ နဖူးမှ သွေးများ စီးကျလာခဲ့သည်။

ဤရုတ်ရုတ်သဲသဲ ဖြစ်မှုကြောင့် လူအများအပြား၏ အာရုံစိုက်မှုကို ခံလိုက်ရပြီး ဝိုင်းဝန်းစူးစမ်းလာကြသည်။

ကျုံးချူရှန်းကလည်း ဘာမှ ဖုံးကွယ်မထားဘဲ ကျိုးဝမ်ရှူ၏ မြင်းလန့်သွားရသည့် နောက်ကွယ်မှ အကြောင်းအရင်းကို အသံကျယ်ကျယ်ဖြင့် ဖော်ထုတ်ပြောပြလိုက်သည်။

"တကယ့်ကို အရှက်မရှိတာပဲ။ ဆိုင်ရှင်စူး ပြောတာ မှန်တယ်၊ သူ့ကို ရုံးတော်ဆီ ပို့သင့်တယ်"

"ပြိုင်ဘက်က ကိုယ်ထက် သာလွန်နေတဲ့အခါ ဒီလိုနည်းနဲ့ နိုင်အောင် ကစားချင်တာလား။ ဒါက လူသတ်ဖို့ ကြံစည်တာပဲ။ ဆိုင်ရှင်စူး... သူ့ကို ရုံးတော်ဆီ ပို့လိုက်ပါ"

စူးယောင်ကွမ်း၏ ဆုံးဖြတ်ချက်ကို ထောက်ခံသူများ ပိုမိုများပြားလာပြီး ကွင်းတစ်ခုလုံး အလွန် ရှုပ်ထွေးသွားခဲ့သည်။

ရှောင်းယန်ချီက လူအများအား ဦးညွှတ်လိုက်ပြီး စူးယောင်ကွမ်းဘက်သို့ လှည့်ကာ ထပ်ဦးညွှတ်ကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

"မရီးဝမ်က ကျွန်တော့်ကြောင့်နဲ့ ဒီလို မိုက်မဲတဲ့အလုပ်ကို လုပ်မိသွားတာဆိုတော့ ကျွန်တော် တာဝန်ယူဖို့ အဆင်သင့်ပါပဲ။ ဒီမြင်းက ဒဏ်ရာရသွားပေမယ့် အသက်အန္တရာယ် မရှိပါဘူး၊ မြင်းရဲ့ ဆေးကုသစရိတ်ကို ကျွန်တော် ပေးပါ့မယ်။ စောစောက စာသင်သားကျိုးလည်း ထိတ်လန့်သွားခဲ့ရတာဆိုတော့ ကျွန်တော် သူ့ကို ငွေဆယ်လျန် ပေးလျော်ပါ့မယ်။ ကျေးဇူးပြုပြီး စိတ်လျှော့ကြပါ။ ဒီအသိပညာမဲ့တဲ့ အမျိုးသမီးကို ခွင့်လွှတ်ပေးကြပါဦး"

ကျန်းရိဟွမ်းက ရှေ့သို့ လျှောက်လှမ်းလာပြီး ရှောင်းယန်ချီ၏ လက်မောင်းကို ဆွဲကိုင်ကာ မကျေမနပ် ဖြစ်နေဖြင့် ဝင်ပြောလိုက်သည်။

"အစ်ကိုရှောင်း... သူ အမှားလုပ်တာကို ဘာလို့ အစ်ကိုက အကျိုးဆက်ကို ခံယူရမှာလဲ။ သူ့ကို လျစ်လျူရှုထားလိုက်ရအောင် ဟုတ်ပြီလား။ ဒီလိုလူမျိုးက စာသင်ကျောင်းမှာ မနေသင့်ဘူး၊ ကျောင်းကနေ မောင်းထုတ်ပစ်ရမယ်"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူအား ထောင့်စွန်းတစ်ခုသို့ ဆွဲခေါ်သွားပြီး နှစ်ဦးသား တိုးတိုးတိတ်တိတ် တိုင်ပင်လိုက်ကြသည်။

“ဒါက တကယ့်ကို အရှက်မရှိတဲ့ လူယုတ်မာ ရှောင်းယန်ချီ လုပ်တာ သေချာတယ်။ ရုံးတော်ကို ပို့လိုက်ရင်တောင် ဝမ်ရှီကပဲ အပြစ်အားလုံးကို ခေါင်းခံလိမ့်မယ်။ ကိစ္စရဲ့ ကြီးလေးမှုအရ ဆိုရင်တော့ သူ အချက်နှစ်ဆယ်လောက် ရိုက်နှက်ခံရပြီး အကျဥ်းထောင်ထဲမှာ ရက်အနည်းငယ် နေရရုံပဲ၊ ပြီးရင် ငွေနဲ့ရွေးပြီး ပြန်လွတ်လာမှာ”

“ဒါပေမယ့် အဲ့ဒီအခါကျရင် ကျန်းရိဟွမ်းက ပျော်နေလိမ့်မယ်။ တကယ်လို့ ဝမ်ရှီသာ ကျောင်းကနေ ထွက်သွားရင် ဘယ်သူက ကျန်းရိဟွမ်းကို ပြဿနာရှာတော့မှာလဲ။ အဲ့ဒီကျရင် ကြည့်စရာ ပြဇာတ်ကောင်း ရှိတော့မှာ မဟုတ်ဘူး”

“အခြေအနေက ဒီလိုဖြစ်နေမှတော့ ရှောင်းယန်ချီရဲ့ ငွေကို လက်ခံလိုက်ပြီး ရှောင်းယန်ချီနဲ့ ဝမ်ရှီ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ခွဲမရအောင် တွန်းပို့ပေးလိုက်တာက ပိုကောင်းလိမ့်မယ်”

နောက်ဆုံးတွင် နှစ်ယောက်သား လူအုပ်ထဲသို့ ပြန်ရောက်လာပြီး စူးယောင်ကွမ်းက သူမ၏ ဆုံးဖြတ်ချက်ကို ပြောပြလိုက်သည်။

"ဆရာကြီး... ကျွန်မတို့အနေနဲ့ အသိပညာမဲ့တဲ့ မိန်းမတစ်ယောက်နဲ့ ငြင်းခုံနေရင် ကျွန်မတို့က စိတ်သဘောထား သေးသိမ်ရာ ကျသွားပါလိမ့်မယ်။ ဒီလိုလုပ်ရအောင်... ဒီမိန်းမက လူကို နာကျင်အောင် လုပ်ခဲ့တာ အမှန်ပါပဲ၊ ရုံးတော်ကို ပို့ရင်လည်း ရိုက်နှက်ခံရမှာ အသေအချာပါပဲ။ စာသင်သားရှောင်းကိုယ်တိုင်က ဝမ်ရှီကို ကြိမ်ဒဏ် အချက်နှစ်ဆယ် ပေးပြီး ဝမ်ရှူကို ထိတ်လန့်စေမှုအတွက် ငွေလျန်နှစ်ဆယ် ပေးလျော်မယ်ဆိုရင် ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်ပါတော့မယ်"

"ငွေလျန်နှစ်ဆယ် ဟုတ်လား"

ကျန်းရိဟွမ်းက မျက်လုံးပြူးကြီးဖြင့် ဝင်ပြောလာပြန်သည်။

"နင်တို့က လုယက်နေတာလား"

"စာသင်သားရှောင်း... ရှင်ကရော ငွေလျန်နှစ်ဆယ်ကို အရမ်းများတယ်လို့ ထင်လား"

စူးယောင်ကွမ်းက ကျန်းရိဟွမ်းကို တစ်ချက်ကလေးမျှပင် ဂရုမစိုက်ခဲ့ချေ။

ကျန်းရိဟွမ်းက တစ်ခုခု ထပ်ပြောချင်သော်လည်း ကျိုးဝမ်ရှူ၏ အကြည့်များကို မြင်လိုက်ရသည့်အခါ အမှတ်တမဲ့ အလိုလို တုန်လှုပ်သွားခဲ့သည်။

'ငါ ဒီအရူးကို ဘယ်လိုလုပ် မေ့သွားရတာလဲ'

ကျန်းရိဟွမ်းက ထိုမှောင်မိုက်ပြီး မျှော်လင့်ချက်မဲ့ခဲ့သော နေ့ရက်များ၊ စုတ်ပြတ်နေသော ဝါးအိမ်အိုလေးထဲတွင် ပိတ်လှောင်ခံထားရပြီး မည်သူ့ကိုမျှ အကူအညီ တောင်း၍မရခဲ့သော ကြောက်မက်ဖွယ် အခြေအနေများကို ပြန်မြင်ယောင်လာခဲ့သည်။

သူမ ဤအမျိုးသားကို နောက်တစ်ကြိမ် ထပ်မတွေ့ချင်တော့ချေ။

ဝမ်ရှီကတော့ ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြောနေရှာသည်။

"ကျွန်မကို ရုံးတော်ကိုပဲ ပို့လိုက်ပါတော့။ သခင်လေးရှောင်းက ပညာတတ် လူကြီးလူကောင်းတစ်ယောက်ပါ၊ သူ ကျွန်မကို ရိုက်နှက်ဖို့ ရှင်တို့ ဘယ်လိုလုပ် အတင်းအကျပ် လုပ်နိုင်ရတာလဲ"

ရှောင်းယန်ချီက အံ့ကြိတ်ကာ ဝင်ပြောလိုက်သည်။

"ကောင်းပြီ... ငါ မင်းတို့ကို ကတိပေးတယ်"

‘သူမကို ရုံးတော်ကို ပို့လို့ မဖြစ်ဘူး။ တကယ်လို့ သူမကို ပို့လိုက်ပြီး သူမက ခြိမ်းခြောက်ခံရတာကို မခံနိုင်လို့ အမှန်တရားကို ဖွင့်ဟမိသွားရင် သိက္ခာကျရမယ့်သူက ငါပဲ ဖြစ်သွားလိမ့်မယ်’

‘ဘယ်နေရာမှာပဲဖြစ်ဖြစ် အရိုက်ခံရမှာချင်း အတူတူ ငါကိုယ်တိုင် ရိုက်နှက်လိုက်တာက ပိုကောင်းလိမ့်မယ်။ ဒီကိစ္စ ပြီးသွားပဲ သူမကို ကောင်းကောင်း ပြန်ကုသပေးလိမ့်မယ်’

ရှောင်းယန်ချီက ဝမ်ရှီကို ထပ်ကြည့်လိုက်ပြီး သူ့၏ အကြည့်များက သိသိသာသာ နူးညံ့သွားခဲ့သည်။

'ဒီမိန်းမက ငါ့ကို တကယ် ချစ်တာပဲ'

‘အနည်းဆုံးတော့ လက်ရှိအချိန်မှာ သူမရဲ့ အချစ်က ကျန်းရိဟွမ်းထက် ပိုစစ်မှန်ပြီး နက်ရှိုင်းတယ်’

သဘောတူညီချက် ရရှိသွားပြီး ရုံးတော်အထိ တိုင်ကြားစရာ မလိုတော့သောကြောင့် ကျောင်းအုပ်ကြီးနှင့် ဆရာများလည်း သက်ပြင်းချနိုင်သွားကြသည်။

နောက်ဆုံးတွင် ရှောင်းယန်ချီက လူတိုင်း၏ ရှေ့မှောက်တွင် တုတ်အထူကြီးတစ်ချောင်းကို သုံးကာ လဲလျောင်းနေသော ဝမ်ရှီအား ရိုက်နှက်လေတော့သည်။

ကျန်းရိဟွမ်းက ဝမ်ရှီအား အောင်နိုင်သူတစ်ယောက်လို ကြည့်ရင်း စိတ်ထဲမှ တွေးနေခဲ့သည်။

'ငါ့ကို လာပြိုင်ဦးလေ၊ ငါတောင် လက်မလှုပ်ရသေးဘူး၊ တစ်ယောက်ယောက်က နင့်ကို ရှင်းလင်းပေးပြီးသားပဲ'

ဝမ်ရှီက နာကျင်မှုကို အောင့်အည်းသည်းခံရန် သူမ၏နှုတ်ခမ်းအား ကိုက်ထားပြီး ရှောင်းယန်ချီကိုသာ ကြည့်နေခဲ့သော်လည်း ခဏအကြာတွင်တော့ သူမ မအောင့်နိုင်တော့ဘဲ နာကျင်စွာ အော်ဟစ်ငိုကြွေးလိုက်သည်။

"မရီးရဲ့ ကျေးဇူးကို ကျွန်တော် မှတ်ထားပါ့မယ်... ကျေးဇူးတင်ပါတယ်"

ရှောင်းယန်ချီက တိုးတိုးလေး ပြောလိုက်သည်။

"ဒီအစေခံက သခင်လေးအတွက် ဘာမဆို လုပ်ပေးဖို့ အဆင်သင့်ပါပဲ"

သူမ သတိလစ်မသွားခင်အထိ ဝမ်ရှီ၏ မျက်ဝန်းများထဲတွင် တမ်းတမှုများနှင့် ရူးသွပ်သော သံယောဇဥ်များ ပြည့်နှက်နေခဲ့သည်။

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ လက်မောင်းကို လှမ်းဆိတ်လိုက်သည်။

"ခင်ဗျားက ဘာလို့ ကျွန်‌တော့်ကို လာလိမ်ဆွဲတာလဲ"

ကျိုးဝမ်ရှူက မကျေမနပ် မေးမြန်းလိုက်သည်။

"ငါ ရွံလွန်းလို့... အညစ်အကြေးတွေ ဆေးကြောတဲ့ သဘောနဲ့ လိမ်ဆွဲလိုက်တာ"

"ခင်ဗျား အညစ်အကြေး ဆေးကြောဖို့က ကျွန်တော့်ကို လာလိမ်ဆွဲရတယ်ပေါ့ ဟုတ်လား"

ကျိုးဝမ်ရှူက မကျေမနပ် ဖြစ်နေပြီး စူးယောင်ကွမ်းကို ပြန်လိမ်ဆွဲရန် လက်လှမ်းလိုက်သည်။

စူးယောင်ကွမ်းက မရှောင်တိမ်းဘဲ သူမ၏လက်မောင်းကို အလိုက်သင့် ဆန့်ပေးလိုက်ရင်း ပြန်ပြောလိုက်သည်။

"လိမ်ဆွဲလေ... လိမ်ဆွဲချင်ရင် လိမ်ဆွဲစမ်းပါ"

ကျိုးဝမ်ရှူအနေဖြင့် သူမ နာကျင်အောင် အမှန်တကယ် လုပ်ရက်မည်မဟုတ်ချေ။

သူက လိမ္မာရိုကျိုးဟန်ဖြင့် လက်ကို ပြန်ချကာ သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ထပ်ပြောလိုက်သည်။

"ကြည့်စရာ မရှိတော့ဘူး... သွားကြမယ်"

ကျိကျူပွဲ ပြီးဆုံးသွားသည့်အခါ စာသင်ကျောင်းက ကျောင်းသားများနှင့် မိသားစုဝင်များ အတူတူ ပျော်ရွှင်နိုင်ရန်အတွက် နေ့တစ်ဝက် အားလပ်ရက်ပေးလိုက်သည်။

ကျိုးဝမ်ရှူ ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သဖြင့် ကျန်းကျောက်တိတစ်ယောက် အလွန် ပျော်ရွှင်နေပြီး သူ့၏အသင်းဖော်များကို ကျန်းမိသားစု စားသောက်ဆိုင်၌ ကျွေးမွေးဧည့်ခံရန် ဖိတ်ခေါ်လိုက်သည်။

ရှောင်းယန်ချီကတော့ ဒဏ်ရာဗရပွ ဖြစ်နေသည့် ဝမ်ရှီကို ပွေ့ချီလိုက်ရင်း ထွက်ခွာသွားသော စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့၏ ကျောပြင်ကို ကြည့်နေကာ သူ၏ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှုများ ဖြတ်ပြေးသွားခဲ့သည်။

'သူတို့ကို နောက်ထပ် တစ်လလောက် ပျော်ခွင့် ပေးထားလိုက်ဦးမယ်။ အဲ့ဒီ အသုံးမကျတဲ့ ကျိုးဝမ်ရှူက တော်ဝင်စာမေးပွဲ ကျရှုံးမှာ သေချာတယ်။ ငါကတော့ အောင်မြင်မှာ အသေအချာပဲ။'

"အစ်ကိုရှောင်း... အစ်ကိုက ဘာလို့ သူ့ကို ချီထားရတာလဲ။ သူက ဒီလောက် အရှက်ကွဲအောင် လုပ်ထားတာလေ၊ စိတ်ထားကလည်း ယုတ်မာလိုက်တာ၊ သူ့ကို ဒီအတိုင်း ပစ်ထားလိုက်ရအောင်လေ...နော်"

ကျန်းရိဟွမ်းက ထပ်ပြောလာသောကြောင့် ရှောင်းယန်ချီက မျက်လွှာချကာ ပြန်ပြောလိုက်သည်။

"ဟွမ်းအာ... မင်းက ကြင်နာတတ်တဲ့သူ မဟုတ်ဘူးလား၊ တကယ်လို့ သူ့ကို ဂရုစိုက်ပေးမယ့်သူ မရှိဘဲ ဒဏ်ရာတွေ ကုမပေးရင် သူ သေသွားနိုင်တယ်လေ"

"သူက ကျွန်မဆီကနေ အစ်ကိုရှောင်းကို လုယူဖို့ ကြံစည်ခဲ့တာလေ၊ သူက လူကောင်းမဟုတ်ဘူး"

ကျန်းရိဟွမ်းက ရှောင်းယန်ချီ၏ လက်မောင်းကို ဖက်ထားရင်း နူးနူးညံ့ညံ့လေး ပြောလိုက်သည်။

ရှောင်းယန်ချီက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

" ဟွမ်းအာ.... ကိုယ် တောင်းပန်ပါတယ်။ သူက ကိုယ့်ကြောင့် ဒီလို ဖြစ်သွားရတာပါ။ ကိုယ် သူ့ကို ကယ်တင်ရမယ်။ မင်း အရင် ပြန်နှင့်တော့နော်"

All Chapters