← Chapters

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း ၁၆၇ နှလုံးသားထဲက လက်ဆောင်

ကျန်းကျောက်တိနှင့် သူမ၏ မိသားစုဝင်များကတော့ ကျန်းမိသားစုစားသောက်ဆိုင်သို့ ရောက်နေကြပြီး ကျောင်းသား တစ်ဒါဇင်ကျော်ခန့်ကို ကျွေးမွေးဧည့်ခံနေခဲ့ကြသည်။

ထိုကျောင်းသားများအားလုံးက ချမ်းသာကြွယ်ဝသော မိသားစုများမှ လာကြသူများ ဖြစ်သည်။ ထိုသို့မဟုတ်ပါကလည်း သူတို့က ကျုံးချူရှန်း၊ ချန်ပုယွိတို့နှင့် ပေါင်းသင်းမိကြလိမ့်မည် မဟုတ်ချေ။

ထို့အပြင် သူတို့၌ တူညီသော ဝိသေသလက္ခဏာတစ်ခုလည်း ရှိနေကြသေးသည်။ ၎င်းက သူတို့အားလုံး စာပေလေ့လာရာတွင် ထူးချွန်ထက်မြက်မှု မရှိကြသည့် စာညံ့ကျောင်းသားများ ဖြစ်နေကြခြင်းပင်။

ထိုစာညံ့သော ကျောင်းသားများအတွက် ငွေကြေးဟူသည်က ပြဿနာတစ်ခု မဟုတ်ချေ။ သူတို့ အလိုအပ်ဆုံးအရာက အသိအမှတ်ပြုခံရခြင်းသာ ဖြစ်သည်။

ကျန်းကျောက်တိတို့ မိသားစုဝင်များက သူတို့၏ အံ့ဩမှင်တက်ဖွယ် စွမ်းဆောင်ရည်များကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသဖြင့် သူတို့အား အစားအသောက်များကို ပိုစားသောက်ကြရန် လှိုက်လှိုက်လှဲလှဲ တိုက်တွန်းနေခဲ့ကြသည်။

"လူငယ်လေး... မင်းက နံပါတ်ငါးမလား... စောစောက မင်း မြင်းပေါ်ကနေ လွှဲရိုက်လိုက်တဲ့ ပုံစံက တကယ့်ကို အံ့မခန်းပဲနော်"

ကျန်းကျောက်တိက အားပါးတရ ချီးကျုးနေလေသည်။

"အဒေါ်ဖြင့် ဒီလို ကျွမ်းကျင်မှုကို တစ်ခါမှ မမြင်ဖူးဘူး။ မင်း မြင်းပေါ်က ပြုတ်ကျသွားမှာ စိုးလို့ အသက်တောင် ဝဝမရှူရဲဘူး"

"ဟား ဟား... အဒေါ်က တကယ့်ကို အမြင်ရှိတာပဲ။ အဲ့ဒါ ကျွန်တော့်ရဲ့ အထူးကျွမ်းကျင်တဲ့ လှည့်ကွက်လေ၊ ဝမ်ရှူ ဘောလုံးတွေ အများကြီး လုနိုင်အောင် အဲ့ဒီအကွက်နဲ့ ကူညီပေးခဲ့တာ"

"မင်းတို့ အားလုံးပဲ အရမ်းတော်ကြတယ်"

ကျန်းကျောက်တိတစ်ယောက် စာသင်သားများအား ချီးမွမ်းစကားများ တဖွဖွ ပြောနေစဉ်အတွင်း စူးယောင်ကွမ်းက ကျန်းမိသားစု စားသောက်ဆိုင်၏ တာဝန်ခံထံတွင် ဟင်းပွဲများ မှာယူနေခဲ့သည်။

"ရှင်တို့ဆိုင်ရဲ့ နာမည်ကြီး အထူးဟင်းလျာတွေကို တစ်မျိုးစီ ပြင်ဆင်ပြီး ယူလာပေးပါ"

"ဟုတ်ကဲ့ပါ ခင်ဗျာ"

တာဝန်ခံက အမှာစာကို လက်ခံပြီးနောက် ဟင်းပွဲများ စီစဥ်ရန် ထွက်ခွာသွားခဲ့သည်။

စူးယောင်ကွမ်း အခန်းထဲသို့ ပြန်လှည့်သွားရန် ပြင်ဆင်နေခိုက်တွင် ကျန်းကျီချမ့်က အပေါ်ထပ်သို့ တက်လာပြီး သူမကို လှမ်းခေါ်လိုက်သည်။

"သူဌေးစူး..."

စူးယောင်ကွမ်းက သူ့ကို လှည့်ကြည့်လိုက်ပြီး အပြုံးလေးဖြင့် ပြန်ထူးလိုက်သည်။

"သူဌေးကျန်း... ဒီနေ့ ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ"

"ကျွန်တော်က အကြွေးတွေ လိုက်တောင်းဖို့ သွားမလို့ပါ၊ ဒါပေမယ့် သူဌေးစူး ဒီမှာ ရှိနေတယ်လို့ ကြားတာနဲ့ နှုတ်ဆက်ဖို့ ဝင်လာခဲ့တာ"

"ဒါဆို ကျွန်မက ရှင့်ရဲ့ အလုပ်ကိစ္စတွေကို နှောင့်နှေးအောင် လုပ်မိသလို ဖြစ်သွားပြီလား။ ရှင် ရှင့်အလုပ်ကိုပဲ အရင်သွားလုပ်ပါ၊ ကျွန်မတို့ နောက်မှပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့"

"ကောင်းပါပြီ"

ထိုအချိန်တွင် ကိုယ်ဝန်အရင့်အမာ ဖြစ်နေသည့် အမျိုးသမီးငယ်တစ်ဦး လျှောက်လှမ်းလာပြီး အပြုံးဖြင့် ဝင်ပြောလိုက်သည်။

"ဒီမိန်းကလေးက နာမည်ကျော်ကြားနေတဲ့ သူဌေးစူးပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား"

စူးယောင်ကွမ်းက စိတ်ရှုပ်ထွေးသွားပြီး ကျန်းကျီချမ့်အား မေးခွန်းထုတ်လိုသော အကြည့်များဖြင့် လှမ်းကြည့်လိုက်သည်။

ကျန်းကျီချမ့်က သူတို့ကို မိတ်ဆက်ပေးလိုက်သည်။

"ဒါက ကျွန်တော့်ရဲ့ မရီးပါ"

ထို့နောက် သူက ယွီသခင်မအား ထပ်ပြောလိုက်သည်။

"မရီး... မရီးက ရုတ်တရက်ကြီး ရောက်လာတော့ သူဌေးစူးတောင် ထိတ်လန့်သွားရပြီ"

"ငါ့ပုံစံက အဲ့ဒီလောက်တောင် ကြောက်စရာကောင်းနေလို့လား"

ယွီသခင်မက မကျေမနပ် ရေရွတ်ရင်း စူးယောင်ကွမ်းအား အကဲခတ်သလို ကြည့်လိုက်သည်။

"မင်းအကြောင်းကို ငါ ကြားနေရတာ ကြာပါပြီ"

"ကျွန်မက အခု မြို့ထဲမှာ အဲ့ဒီလောက်တောင် နာမည်ကြီးနေပြီလားရှင့်"

စူးယောင်ကွမ်းက ရှက်ကိုးရှက်ကန်းဖြင့် ပြန်မေးလိုက်သည်။

"မြို့ထဲမှာ နာမည်ကြီးတာလား။ တကယ်တာ့ ငါက အိမ်အပြင်ကို သိပ်မထွက်တဲ့ မုဆိုးမတစ်ယောက်ပါ။ ဘေးလူတွေ ပြောတာကို မကြားရဘူး။ ငါ့ရဲ့ မတ်လေးက အမြဲတမ်း သူဌေးစူးအကြောင်း တတွတ်တွတ် ပြောနေလွန်းလို့သာ ငါတို့ဆီမှာ ဒီလောက် စိတ်သဘောထားပြည့်ဝတဲ့ အသက်ရှင်နေတဲ့ နတ်ဘုရားမတစ်ပါး ရှိနေမှန်း ငါ သိခဲ့ရတာ"

ထိုသို့ ပြောပြီးနောက် ယွီသခင်မက သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်ကာ တခစ်ခစ် ရယ်မောလိုက်သည်။

စူးယောင်ကွမ်းက ကျန်းကျီချမ့်ကို လှမ်းကြည့်လိုက်ရာ ကျန်းကျီချမ့်က အနေရခက်ဟန်ဖြင့် ယွီသခင်မအား ပြောလိုက်သည်။

"မရီး... မရီး အောက်ထပ်ကို အရင်ဆင်းနှင့်လိုက်ပါ၊ ကျွန်တော် အခုချက်ချင်း လိုက်လာခဲ့မယ်"

ယွီသခင်မက သူမ၏ဗိုက်ကို ပွတ်သပ်ရင်း ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

"မင်းတို့နှစ်ယောက် အေးအေးဆေးဆေး စကားပြောကြပါ၊ ငါက အလျင်မလိုပါဘူး"

ယွီသခင်မ ထွက်ခွာသွားပြီးနောက် ကျန်းကျီချမ့်က ပြောလာပြန်သည်။

"ကျွန်တော် အကြွေးတွေ လိုက်တောင်းရမှာဆိုတော့ လမ်းကြုံတာနဲ့ မရီးကို သူ့ရဲ့ မိဘတွေအိမ်ဆီ ရက်အနည်းငယ်လောက် ခေါ်သွားပေးမလို့ပါ"

"ရှင့်မရီးပြောတာတော့ ရှင်က ကျွန်မအကြောင်း ခဏခဏ ပြောလေ့ရှိတယ်ဆို... ရှင်က ကျွန်မအကြောင်း မကောင်းတာတွေ ပြောနေခဲ့တာလား"

စူးယောင်ကွမ်းက လေးလံနေသော အခြေအနေကို သတိပြုမိသွားသဖြင့် တမင်သက်သက် စနောက်ကာ ထိုအခြေအနေကို လျှော့ချလိုက်သည်။

ကျန်းကျီချမ့်၏ မျက်နှာက အနည်းငယ် နီမြန်းသွားပြီး သူ့ပါးကို သူ ပြန်ပွတ်သပ်ရင်း ပြောလာပြန်သည်။

"ကျွန်တော့်အစ်ကိုက ကုန်သယ်ဖို့ သွားရင်း ဓားပြတိုက်ခံရလို့ သေဆုံးသွားခဲ့တယ်၊ မရီးက ကိုယ်ဝန်နဲ့ဆိုတော့ အဲ့ကတည်းက စိတ်ရောကိုယ်ပါ ပိုအားနည်းလာခဲ့တာ။ သူဌေးစူးကတော့ ကျွန်တော် မြင်ဖူးသမျှထဲမှာ စိတ်ဓာတ်အကြံ့ခိုင်ဆုံးနဲ့ အသန်မာဆုံး မိန်းခလေးလေ... ဒါကြောင့်မို့ ဒီလောကမှာ အမျိုးသမီးတွေ ရှင်သန်ဖို့အတွက် အမျိုးသားတွေကိုပဲ မှီခိုနေစရာ မလိုကြောင်း၊ သူဌေးစူးလိုမျိုး အမျိုးသားတွေထက်တောင် ပိုပြီး စွမ်းဆောင်နိုင်တဲ့ အမျိုးသမီးတွေ အများကြီး ရှိတဲ့အကြောင်း မရီး သိသွားအောင် မင်းရဲ့အကြောင်းကို ပြောပြပေးခဲ့တာပါ"

"သူဌေးကျန်းက ရှင့်မရီးကို အကြံပေးတဲ့နေရာမှာ ကျွန်မကို စံပြပုဂ္ဂိုလ်တစ်ဦးအနေနဲ့ အသုံးပြုပေးတာက ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ"

"ကျွန်တော့်မရီးမှာ အသိမိတ်ဆွေ သိပ်မရှိဘူး။ မင်းအကြောင်းကို ကြားပြီးကတည်းက သူက မင်းကို အရမ်း စိတ်ဝင်စားနေတာ။ တကယ်လို့ သူ မင်းဆီ လာစကားပြောရင် အဆင်မပြေတာမျိုး ရှိနိုင်လား"

"ကျွန်မတို့တွေ မိတ်ဆွေတွေပါ... ရှင့်မရီးကလည်း ကျွန်မရဲ့ မိတ်ဆွေပါပဲ။ တကယ်လို့ သူ ကျွန်မတို့ဆီ လာခဲ့ရင် ကျွန်မတို့ဘက်က အချိန်ရရင် ရသလိုမျိုး သေချာပေါက် အကြံဉာဏ်တွေ ပေးမှာပါ၊ သူ့ရဲ့ အမြင်တွေ ကျယ်ပြန့်လာအောင်နဲ့ သူကိုယ်သူ ကမ္ဘာငယ်လေးထဲမှာပဲ ပိတ်လှောင်မထားမိအောင် ကျွန်မတို့ အားပေးကူညီပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ်"

"ရှင် အလုပ်တွေ မအားဘူး မဟုတ်လား။ သွားတော့လေ... ရှင့်မရီးကို အကြာကြီး စောင့်မနေခိုင်းပါနဲ့တော့"

"ကောင်းပါပြီ... ကျွန်တော်တို့ နောက်ရက်မှပဲ ပြန်ဆုံကြတာပေါ့"

စူးယောင်ကွမ်း ပြန်လှည့်လိုက်သည့်အချိန်တွင် ကျိုးဝမ်ရှူက နံရံကို မှီရပ်နေကာ မကျေမနပ်ဖြစ်နေသော မျက်နှာအမူအရာဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ဒီလူနဲ့ သူ့မရီးကြားက ဆက်ဆံရေးက မပြတ်မသား ဖြစ်နေလို့ သူ့ကို ဝေးဝေးကနေ ရှောင်နေဖို့ ကျွန်တော် မပြောထားဘူးလား"

"ငါလည်း အတင်းအဖျင်း ပြောတာက မကောင်းတဲ့ အကျင့်တစ်ခုလို့ ပြောထားတယ် မဟုတ်ဘူးလား။ သူတို့နှစ်ယောက်က အရမ်း ပွင့်လင်းပြီး ရိုးရိုးသားသား ဆက်ဆံနေကြတာကိုပဲ ငါ မြင်တယ်၊ ဘာမှ မှားယွင်းနေတာ မတွေ့ဘူး"

ကျိုးဝမ်ရှူက နှာခေါင်းရှုံ့ရင်း လှောင်ပြောင်လိုက်သည်။

"ခင်ဗျားရဲ့ မျက်လုံးက သေးလွန်းတော့ ဘာကို သေသေချာချာ မြင်နိုင်မှာလဲ"

"နင့်မျက်လုံးကတော့ ကြီးလွန်းလို့ တစ်နေ့လုံး ရှုပ်ပွနေတဲ့ ကိစ္စတွေကိုပဲ စိုက်ကြည့်နေတာပေါ့လေ... ဟုတ်လား"

စူးယောင်ကွမ်းက ပြန်ချေပလိုက်ပြီးမှ ဆက်ပြောလိုက်သည်။

"ပြီးတော့ သူတို့ရဲ့ ဆက်ဆံရေးက ငါနဲ့ ဘာဆိုင်လို့လဲ။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးက ငါတို့ မိတ်ဆွေဖွဲ့တဲ့ လွတ်လပ်ခွင့်ကို လာပြီး ထိခိုက်စေမှာလား"

ကျိုးဝမ်ရှူက သူမကို စိုက်ကြည့်လိုက်ပြီးနောက် အခန်းဆီသို့ ပြန်လှည့်ထွက်သွားတော့သည်။

"ဒီကောင်လေးကတော့... စိတ်အခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုပြီး ထူးဆန်းလာတာပဲ"

ဧည့်ခံပွဲ ပြီးဆုံးသွားသည့်အခါ ကျန်းကျောက်တိ၌ မွေးစားသား တစ်ဒါဇင်ကျော် ရရှိသွားခဲ့သည်။

ကျန်းယင်းတိနှင့် ကျန်းဖန့်တိတို့ကတော့ ထိုမွေးစားသားများက ကျန်းကျောက်တိအား 'မွေးစားအမေ' ဟု တတွတ်တွတ် ခေါ်ဆိုနေကြသည်ကို ကျန်းကျောက်တိက ပျော်ရွှင်စွာ ပြန်ထူးပြီး တုန့်ပြန်နေသည်ကို စောင့်ကြည့်ရင်း ဆွံ့အနေကြရှာသည်။

"ဒါက သင့်တော်ရဲ့လား"

ကျန်းဖန့်တိက သူမဘေးမှ ကျန်းယင်းတိအား လှမ်းမေးလိုက်သည်။

ကျန်းယင်းတိက ရယ်လည်းရယ်ချင် စိတ်လည်းပျက်နေဟန်ဖြင့် ပြန်ပြောလိုက်သည်။

"အကြီးဆုံးအစ်မက သောက်တာ နည်းနည်း များသွားပြီ ထင်တယ်"

သို့သော်ငြားလည်း သူမက အစ်မကြီးဖြစ်သူ၏ ခန့်ညားထည်ဝါလှသော ပုံစံကို သဘောကျနေမိသည်။

ယခင်က သူမတို့၏ အကြီးဆုံးအစ်မကြီးက အိမ်မှုကိစ္စ အဝဝတွင် အမြဲတစေ ပိတ်မိနေခဲ့သဖြင့် အငြိုးအတေးကြီးမားသော မိန်းမတစ်ဦးကဲ့သို့ ဖြစ်နေခဲ့ပြီး သူမ၏မျက်နှာထက်တွင်လည်း အသက်ဝိညာဉ်ဟူ၍ လုံးဝ မရှိခဲ့ချေ။ ယခုအခါ လွန်ခဲ့သော ခြောက်လခန့်ကနှင့် နှိုင်းယှဉ်လျှင် ကျန်းကျောက်တိက ဆယ်နှစ်ခန့် ပိုမိုနုပျိုသွားသည့်အလား ထင်မှတ်ရသည်။ သူမ၏အသားအရေကလည်း အကောင်းမွန်ဆုံး အခြေအနေတွင် ရှိနေပြီး မျက်ဝန်းများကလည်း တောက်ပနေသည်။ ထို့ပြင် စူးယောင်ကွမ်းက ကျန်းကျောက်တိအား မည်သို့ လှပအောင် ဝတ်ဆင်ပေးရမည်ကို ကောင်းစွာ သိရှိထားပြီး အခြားသူများက အသက်အရွယ်ရလာသည်နှင့်အမျှ အိုမင်းရင့်ရော်သွားကြသော်လည်း သူမကတော့ တစ်နေ့ထက်တစ်နေ့ ပိုနုပျိုလာသလို ဖြစ်နေလေသည်။

"အမေ... သမီးတို့ ပြန်ကြရအောင်"

စူးယောင်ကွမ်းက ကျန်းကျောက်တိအား တွဲထူလိုက်ရင်း ပြောလိုက်သည်။

အကယ်၍ သူမသာ မိခင်ဖြစ်သူအား အမြန်ခေါ်မသွားပါက ထို 'မွေးစားအမေ' ဟူသော ခေါ်ဆိုသံများက ကျန်းကျောက်တိအား ဘဝင်မြင့်ပြီး လမ်းပျောက်သွားစေနိုင်သည်။

စူးယောင်ကွမ်းက ကျိုးဝမ်ရှူအား လှမ်းပြောလိုက်သည်။

"နင်တို့ စာသင်သားတွေ အချင်းချင်းပဲ အဆင်ပြေသလို ပြန်ဖို့ စီစဉ်လိုက်ကြတော့နော်"

ထိုသို့ ပြောကြားပြီးနောက် သူမက ငွေစက္ကူအထပ်လိုက်ကို သူ့လက်ထဲသို့ တိတ်တဆိတ် ထိုးထည့်ပေးလိုက်သည်။

ကျိုးဝမ်ရှူ : "..."

‘ငါ့မှာ ငွေကြေးအလုံအလောက်ရှိပြီး ဘယ်သူရဲ့ အထောက်အပံ့ကိုမှ ယူစရာမလိုတာကို ဘယ်လို ရှင်းပြရမလဲ’

‘ဒါပေမယ့် ငါ ယူထားလိုက်သင့်တယ် မဟုတ်ဘူးလား။’

‘အခုအချိန်မှာ သူမရဲ့ ထောက်ပံ့မှုကို မယူထားရင် နောက်ပိုင်း အဲ့လိုရနိုင်မယ့် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။ သူမရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ သူမက အဲ့ဒီကျန်းမျိုးရိုးအပေါ် အထင်ကြီးလေးစားမှုတွေ ရှိနေပုံရတယ်’

‘အဲ့လူက သူမထက် အသက်ကြီးတော့ တကယ်လို့ သူတို့ လက်ထပ်ဖြစ်ကြရင် ချက်ချင်း လင်မယားအဖြစ် ပေါင်းသင်းနိုင်ကြလိမ့်မယ်။ ငါ့လိုမျိုး မောင်ငယ်လေးတစ်ယောက်နဲ့ နှိုင်းယှဉ်ရင် အဲ့ကျန်းမျိုးရိုးသခင်လေးက သူမအတွက် ပိုဆွဲဆောင်မှုရှိနေမှာ အသေအချာပဲ’

'ဟွန့်...'

ထိုအတွေးများနှင့်အတူ ကျိုးဝမ်ရှူက ငွေစက္ကူများကို သူ့အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်သည်။

စူးယောင်ကွမ်းက ငွေရှင်းရန်အတွက် ဆိုင်တာဝန်ခံကို လှမ်းခေါ်လိုက်ရာ တာဝန်ခံက အပြုံးဖြင့် ပြောလာခဲ့သည်။

"ကျွန်တော်တို့ သခင်လေးက ပြောသွားပါတယ် ခင်ဗျာ... သူဌေးစူးက သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေမို့လို့ ပိုက်ဆံပေးစရာ မလိုပါဘူးတဲ့၊ သူကပဲ ဧည့်ခံတာပါ"

"ဒါတော့ မဖြစ်သင့်ဘူးလေ"

စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။

"ဒီလို ဟင်းပွဲအပြည့်အစုံအတွက် လျန်ငါးဆယ်ဆိုရင်တောင် လောက်ပါ့မလား"

"ရှင့်တို့သခင်လေးက တကယ့်ကို ရက်ရောတာပဲ"

ကျန်းကျောက်တိကလည်း ဝင်ပြောလိုက်သည်။

"အချိန်ရရင် ကျွန်မတို့ရဲ့ ထောင်ယောင်ဖန့်ဆီကို လာလည်ဖို့ သူ့ကို ပြောပေးပါဦး၊ ကျွန်မကိုယ်တိုင် အထူးဟင်းလျာတွေ ချက်ကျွေးပါ့မယ်"

"ဟုတ်ကဲ့ပါ ခင်ဗျာ... ကျွန်တော် သေသေချာချာ သတင်းပါးပေးပါ့မယ်"

တာဝန်ခံက အပြုံးဖြင့် ပြန်ပြောနေသည်။

ထိုအချိန်တွင် ကျိုးဝမ်ရှူက ငွေစက္ကူတစ်ရွက်ကို ထုတ်ယူကာ ကောင်တာပေါ်သို့ ပစ်တင်လိုက်ပြီး အေးစက်စက် ဝင်ပြောလိုက်သည်။

"ကျွန်တော်တို့က ဆွေမျိုးတွေလည်း မဟုတ်ကြဘဲ ခင်ဗျားတို့သခင်လေးကို အလကား ပိုက်ဆံ အကုန်အကျခံခိုင်းဖို့ မသင့်တော်ပါဘူး။ ဒီငွေကို သိမ်းထားလိုက်ပါ"

"ဒါက များလွန်းနေပါပြီ"

တာဝန်ခံက ငွေစက္ကူပေါ်ရှိ ပမာဏကို မြင်လိုက်ရသဖြင့် ပြာပြာသလဲ ပြန်ထိုးထည့်ပေးလာသည်။

"ဒါဆိုရင်လည်း စာရင်းထဲမှာပဲ မှတ်ထားလိုက်ပါ၊ ကျွန်တော်တို့ နောက်တစ်ခါ ပြန်လာစားကြဦးမှာပဲ"

ကျိုးဝမ်ရှူက ပြောပြောဆိုဆိုဖြင့် စူးယောင်ကွမ်းအား ဆွဲခေါ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

စူးယောင်ကွမ်းက တာဝန်ခံဘက်သို့ ပြန်လှည့်ကြည့်ကာ ထပ်ပြောလိုက်သည်။

"ရှင့်တို့ရဲ့ သခင်လေးကို ကျွန်မတို့ကိုယ်စား ကျေးဇူးတင်စကား ပြောပေးပါဦးနော်၊ ဒါပေမယ့် ညီအစ်ကိုအရင်းတွေတောင်မှ စာရင်း ရှင်းကြရတာပဲလေ။ စီးပွားရေးကိစ္စဆိုတာ အစစအရာရာ သဲသဲကွဲကွဲ ရှိနေတာကပဲ အမြဲတမ်း အကောင်းဆုံးပါ"

All Chapters