အခန်း ၁၆၈
Vol. 17 Ch. 168
အခန်း ၁၆၈ ကရုဏာသက်ခြင်း
ဖုန်းဟွာကော့အတွင်း၌ ကျန်းရိဟွမ်းက ယန်ချွမ် ပါးနီမှုန့်နှင့် မျက်နှာချေမှုန့်များ ပြုလုပ်နေသည်ကို ထိုင်ကြည့်နေပြီး အပြင်ဘက်၌ ရှောင်းယန်ချီနှင့် ဆိုင်လုပ်သားတစ်ဦး စကားပြောဆိုနေသံကို ကြားလိုက်ရသည်။ ရှောင်းယန်ချီက ယန်ချွမ်အား အေးအေးဆေးဆေး လုပ်ရန် လှမ်းပြောပြီးနောက် လှည့်ထွက်သွားခဲ့သည်။
ယန်ချွမ်က ထွက်ခွာသွားသောလူ၏ ကျောပြင်ကို ငေးကြည့်ရင်း သူ့မျက်နှာပေါ်ရှိ အမည်းရောင် အမှတ်ကြီးကို လက်ဖြင့် ပွတ်သပ်နေကာ သူ့မျက်ဝန်းများထဲတွင် သိမ်ငယ်ရိပ်များ ဖြတ်ပြေးသွားခဲ့သည်။
မျက်နှာချင်းဆိုင်ရှိ ထောင်ယောင်ဖန့်မှ သမားတော်ကျန်းတွင်လည်း ထိုသို့ မွေးရာပါမှတ်တစ်ခု ရှိနေခဲ့ဖူးသော်လည်း မကြာသေးမီက ထိုအမှတ်က မှေးမှိန်သွားခဲ့သည်ဟု သူ ကြားသိထားခဲ့သည်။
‘အဲဒါက သူ့ရဲ့ မွေးရာပါအမှတ်လည်း ပျောက်ကွယ်သွားမယ်လို့ ဆိုလိုတာလား’
‘သူ့မွေးရာပါအမှတ် ပျောက်ကွယ်သွားရင် ကျန်းမိန်းကလေးက သူ့ကို တစ်ချက်လောက် ငဲ့ကြည့်လာမလား’
သူ အတွေးများနေချိန်တွင် ကျန်းရိဟွမ်းက တံခါးကို ဆွဲဖွင့်ကာ ရှောင်းယန်ချီရှိရာသို့ ပြေးထွက်သွားသည်။
"အစ်ကိုရှောင်း... ဒီနေ့ ဘာကိစ္စရှိလို့ ဒီကို ပြန်ရောက်လာတာလဲဟင်"
ရှောင်းယန်ချီ၏ မျက်နှာတွင် စိတ်အနှောက်အယှက်ဖြစ်နေပြီး အားနာနေသည့် အရိပ်အယောင်များ ပြည့်နှက်နေသော်လည်း သူက ပြောတော့ ပြောနေသေးသည်။
"ကိုယ် မင်းကို အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ"
"အစ်ကိုရှောင်းကလည်း ဘာတွေပြောနေတာလဲ... ကျွန်မတို့ကြားထဲမှာ ဒီလောက်အထိ အားနာနေစရာ လိုလို့လား"
ကျန်းရိဟွမ်း၏ မျက်ဝန်းအိမ်များက နီမြန်းလာပြီး နူးညံ့သော အသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
"အစ်ကိုရှောင်းက ကျွန်မကို ဂရုမစိုက်တော့ဘူးလား"
"အဓိပ္ပါယ်မရှိတာတွေ လျှောက်မပြောပါနဲ့"
ရှောင်းယန်ချီက သူမ၏ဆံပင်များကို ယုယုယယ ပွတ်သပ်ပေးရင်း ချော့မောလိုက်သည်။
"ကိုယ်က မင်းကို ဂရုမစိုက်ဘဲ နေပါ့မလား"
ရှောင်းယန်ချီက သူမ ငိုနေသည်ကို မကြည့်ရက်နိုင်ချေ။ သူမ ငိုကြွေးသည့် အကြိမ်တိုင်းတွင် သူက အခြားသူများအားလုံး၌သာ အပြစ်ရှိသည်ဟု ခံစားရပြီး ကံကြမ္မာက မတရားလှစွာဖြင့် အပြစ်ကင်းစင်သော မိန်းကလေးတစ်ဦးကို နှိပ်စက်နေသည်ဟု ထင်မြင်မိတတ်သည်။ သူမ ယခင်က ပြုလုပ်ခဲ့သမျှ အမှားများကြောင့် သူ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ဖူးသည့်တိုင်အောင် ယခုအချိန်တွင်တော့ ထိုအရာအားလုံးကို သူ မေ့ပျောက်သွားခဲ့ချေပြီ။
သူမက ဆယ်ကျော်သက်အရွယ် မိန်းမပျိုလေး ဖြစ်နေဆဲပင်။ သူကတော့ အပြင်ပန်းတွင် အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦးကဲ့သို့ ဖြစ်နေသော်လည်း စင်စစ်အားဖြင့် သူက အသက်လေးဆယ်နီးပါး ရှိနေပြီဖြစ်သော ရင့်ကျက်သည့် အမျိုးသားတစ်ဦး ဖြစ်သည်။ သူမ၏ စိတ်နေသဘောထားက သူနှင့် နှိုင်းယှဉ်၍ မရနိုင်သည်ကို သိလျက်နှင့် သူက သူမအပေါ် အလွန်အမင်း တင်းကြပ်လွန်းခဲ့မိသည်ဟု သူ သူ့ကိုယ်သူ အပြစ်တင်နေမိသည်။
"ဒါဆိုရင် အစ်ကိုရှောင်းက ကျွန်မအပေါ် ဘာလို့ ဒီလောက်တောင် စိမ်းကားနေရတာလဲဟင်။ အစ်ကို နေမကောင်းဖြစ်တုန်းက ကျွန်မက သေချာမပြုစုပေးနိုင်ခဲ့လို့ စိတ်ဆိုးနေတာလား။ ကျွန်မက ယောင်းမဝမ်လိုမျိုး အစစအရာရာ မတွေးပေးတတ်သလို လူကိုလည်း သေသေချာချာ မပြုစုတတ်ဘူးလေ။ ကျွန်မက အရမ်းတုံးအပြီး ဘာတစ်ခုမှ မလုပ်တတ်ပါဘူး။ ကျွန်မသာ ဟင်းချက်တတ်ရင်၊ ဆေးကျိုတတ်ရင်၊ အစ်ကို့ကို ရေချိုးပေးတတ်ရင်..."
"တော်ပြီ တော်ပြီ... မပြောနဲ့တော့"
ရှောင်းယန်ချီက ကျန်းရိဟွမ်းအား ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ပွေ့ဖက်ထားရင်း ညင်ညင်သာသာ ချော့မော့နေသည်။
"ကိုယ် မင်းကို အဲ့ဒီလိုအလုပ်တွေ မလုပ်စေချင်ပါဘူး၊ ပေါက်ကရတွေ လျှောက်ပြောမနေနဲ့တော့"
"ဒါဆို ကျွန်မတို့ အရင်လို ပြန်ဖြစ်နိုင်မလားဟင်"
ကျန်းရိဟွမ်းက ယုန်သူငယ်လေးကဲ့သို့ နီမြန်းနေသော မျက်ဝန်းများဖြင့် သူ့ကို မော့ကြည့်ရင်း မေးလိုက်သည်။
"အစ်ကိုက အရင်ကလိုပဲ ကျွန်မကို အကုန်ပြောပြပြီး အပြည့်အဝ ယုံကြည်ပေးဦးမှာလား"
"သေချာတာပေါ့။. ဒီလောကကြီးထဲမှာ ကိုယ် အလေးအနက်ထားရမယ့်လူဆိုလို့ မင်းတစ်ယောက်တည်း ကျန်တော့တာလေ"
"ဒါဆို ပြောလေ။ အစ်ကို ကျွန်မကို ဘာလုပ်ပေးစေချင်တာလဲ။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ခက်ခဲပါစေ... ကျွန်မ သေချာပေါက် လုပ်ပေးနိုင်ပါတယ်။ ပုံမှန်ဆို ကျွန်မက အစ်ကို့ကို ဘာမှ မကူညီပေးနိုင်ဘူးလေ၊ အစ်ကို ကျွန်မကို အကူအညီတောင်းတာက ကြုံတောင့်ကြုံခဲပဲ"
ကျန်းရိဟွမ်းက မျက်ရည်များကြားမှ ပြုံးပြနေရှာသည်။
သူမက ပြောခိုင်းနေသော်လည်း ရှောင်းယန်ချီကတော့ မည်သည့်နေရာမှ စပြောရမည်ကို ဝေခွဲမရ ဖြစ်နေခဲ့သည်။
"ပြောပါ အစ်ကို့ရဲ့"
ကျန်းရိဟွမ်းက ထပ်မံ တိုက်တွန်းလိုက်သည်။
"မင်း... ကိုယ့်ကို ငွေလျန်နှစ်ဆယ်လောက် ခဏချေးပေးနိုင်မလား"
ရှောင်းယန်ချီက အတော်ကြာအောင် တွေးတောနေကာ တုန့်ဆိုင်းနေပြီးမှ နောက်ဆုံးတွင် မေးမြန်းလိုက်သည်။
အကယ်၍ အခြားနည်းလမ်း ရှိခဲ့မည်ဆိုပါက သူ ဤကဲ့သို့ အကူအညီတောင်းခံလိမ့်မည် မဟုတ်ချေ။ သို့သော် လက်ရှိအချိန်တွင် ကျန်းရိဟွမ်းအား အကူအညီတောင်းရန်မှတစ်ပါး အချိန်တိုအတွင်း ငွေကြေးရှာဖွေနိုင်မည့် အခြားလမ်းစကို သူ ရှာမတွေ့နိုင်ခဲ့ချေ။
"ကျွန်မဆီမှာ အဲ့ဒီလောက် ငွေအများကြီး မရှိတာ အစ်ကိုလည်း သိနေတာပဲ။ အမေက ကျွန်မကို ငွေကြေးကိုင်ခွင့် လုံးဝမပေးဘူးလေ"
ကျန်းရိဟွမ်း၏ မျက်နှာထက်တွင် ပြတ်သားသော အမူအရာတစ်ခု ဖြတ်ပြေးသွားပြီးနောက် သူမက ဆက်ပြောလိုက်သည်။
"ဒါပေမယ့် ကျွန်မကို ခဏစောင့်ပေးနော်၊ ကျွန်မ နည်းလမ်းရှာပေးပါ့မယ်"
"မင်း... မင်းအမေရဲ့ ပိုက်ဆံကို ခိုးယူဖို့ စိတ်ကူးနေတာတော့ မဟုတ်ပါဘူးနော်"
"ခိုးတယ်ဆိုတာက ဘာလဲ။ ဒါက ဘယ်လိုလုပ် ခိုးတာဖြစ်ရမှာလဲ။ ကျွန်မမှာလည်း လုပ်ခလစာ ရှိသင့်တယ်လေ။ အမေက ကျွန်မ ဖြုန်းတီးပစ်မှာကို စိုးရိမ်လို့ သိမ်းထားပေးတာပါ။ ကျွန်မက ကျွန်မ ရသင့်ရထိုက်တဲ့ ဝေစုကိုပဲ ထုတ်ယူမှာပါ။ ကဲပါ... အစ်ကို ဒါကို စိတ်မပူနဲ့တော့နော်"
သို့သော်ငြားလည်း ရှောင်းယန်ချီကတော့ အလွန်အမင်း စိုးရိမ်ပူပန်နေမိဆဲပင်။ ကျုံးလန်ဟွာက ပုံမှန်အားဖြင့် ကျန်းရိဟွမ်းအပေါ် အစားအသောက်နှင့် အသုံးအဆောင်များ အလုံအလောက်ပေးကာ ကောင်းမွန်စွာ ဆက်ဆံတတ်သော်လည်း ငွေကြေးနှင့် ပတ်သက်လာလျှင်တော့ ကပ်စေးနှဲသူ ဖြစ်သွားတတ်ပြီး ကျန်းရိဟွမ်းအား တစ်ပြားတစ်ချပ်မျှ ထိခွင့်မပေးခဲ့ချေ။
မကြာသေးမီက သူ၏ ပန်းချီများနှင့် ကဗျာများ ရောင်းထွက်ခဲ့လျှင်လည်း သူ ဤကဲ့သို့သော အကျပ်အတည်းနှင့် ရင်ဆိုင်ရလိမ့်မည် မဟုတ်ပေ။
ထူးဆန်းသည်မှာ ရုတ်တရက်ဆိုသလို 'ရှဲ့ယွီသခင်လေး' ဟု ခေါ်သော လူတစ်ဦး ပေါ်ပေါက်လာပြီး သူ့၏ အရည်အချင်းကို ကျော်လွန်ကာ သူ့ကို ခြိမ်းခြောက်လာခဲ့ခြင်းပင်။ ထိုလူ၏ ပန်းချီနှင့် ကဗျာများက နာမည်ကျော်ကြားသွားခဲ့ပြီး ရက်ပိုင်းလေးအတွင်းမှာပင် ထိုသူက တစ်မြို့လုံးအနှံ လွှမ်းမိုးနိုင်ခဲ့ပြီး ရလဒ်အနေဖြင့် ရှောင်းယန်ချီ၏ လက်ရာများက လုံးဝ ဝယ်သူကင်းမဲ့သွားကာ ရောင်းမထွက်နိုင်ဖြစ်ခဲ့ရသည်။
"မရီးဝမ်က ဒဏ်ရာရထားတော့ ပြုစုပေးမယ့်လူ လိုအပ်နေတယ်။ ကိုယ်ကလည်း စာသင်ကျောင်းကို ပြန်ရဦးမှာလေ။ ငွေကိစ္စအတွက်တော့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ နောင်ကျရင် ကိုယ် သေချာပေါက် ပြန်ဆပ်ပါ့မယ်"
ကျန်းရိဟွမ်းက သူ့အင်္ကျီစကို ဆွဲလိုက်ရင်း ထပ်မေးလိုက်သည်။
"အစ်ကိုက... သူ့အတွက်နဲ့ ငွေချေးနေတာပေါ့ ဟုတ်လား"
"သူ ဒဏ်ရာရထားလို့ ဆေးကုသမှု ခံယူဖို့ လိုနေတယ်လေ။ အခကြေးငွေ မပေးရင် သမားတော်က အိမ်တိုင်ရာရောက် လာကြည့်ပေးမှာ မဟုတ်သလို ဆေးညွှန်းပေးဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူး။ ကိုယ်ကလည်း ဒီအတောအတွင်း စာပေလေ့လာရင်း အလုပ်ရှုပ်နေလို့ အပြင်ထွက်ပြီး အလုပ် မလုပ်နိုင်ခဲ့ဘူး။ အဲ့ဒါကြောင့် ငွေကြေး နည်းနည်း ပြတ်လတ်နေလို့ပါ"
“အစ်ကိုရှောင်းက သူ့အပေါ် တကယ့်ကို ကောင်းလွန်းတာပဲ။ သူ အဲဒီလောက်အထိ အပြင်းအထန် အရိုက်ခံရတုန်းကတော့ ကျွန်မ သူ့ကို သနားမိသေးတယ်။ တကယ်လို့ ကျွန်မသာ ဒဏ်ရာရခဲ့မယ်ဆိုရင် အစ်ကိုရှောင်းက ကျွန်မကို ကိုယ်တိုင်ကိုယ်ကျ ပြုစုပေးမှာပဲနော်။ အဲ့ဒီလိုဆိုရင် ကျွန်မကိုယ်တိုင်ပဲ ဒဏ်ရာရတဲ့လူ ဖြစ်လိုက်ချင်တော့တယ်'
"လျှောက်မပြောနဲ့"
ရှောင်းယန်ချီက သူမ၏ဆံပင်များကို သာသာယာယာ ပွတ်သပ်ပေးလိုက်ရင်း ထပ်ပြောလိုက်သည်။
"ကဲပါ... ကိုယ် သွားတော့မယ်"
ထိုအချိန်တွင် ကျန်းရိဟွမ်းက ရှောင်းယန်ချီထံသို့ ပိုတိုးဝင်သွားပြီး သူ့ပါးပြင်ကို ရုတ်တရက် နမ်းလိုက်ရာ ရှောင်းယန်ချီတစ်ယောက် ကြောင်အမ်းသွားရသည်။
ကျန်းရိဟွမ်းကတော့ ရှက်သွေးဖြာလျက် သူမ၏အခန်းထဲသို့ အပြေးကလေး ပြန်ဝင်သွားခဲ့ပြီ ဖြစ်သည်။
ရှောင်းယန်ချီက လေအေးတစ်ချက် ဖြတ်တိုက်သွားပြီး ချမ်းစိမ့်သွားသလို ခံစားလိုက်ရကာ ထိုနေရာ၌ အကြာကြီး တွေဝေငေးမောနေပြီးမှ သတိပြန်ဝင်လာခဲ့သည်။
စင်စစ်အားဖြင့် စူးယောင်ကွမ်းနှင့် နှိုင်းယှဉ်လျှင် ကျန်းရိဟွမ်းကသာ သူ့၏ စစ်မှန်သော ဇနီးဟု ပြောနိုင်ပေလိမ့်မည်။ ယခင်ဘဝက သူတို့နှစ်ဦးကြားရှိ ချိုမြိန်လှသော အတိတ်မှတ်ဉာဏ်များက သူ့စိတ်ထဲတွင် ထင်ထင်ရှားရှား ရှိနေဆဲပင်။ သူမ အပြစ်ကင်းစင်သော မိန်းကလေးငယ်ဘဝမှ ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးအဖြစ်သို့ ပြောင်းလဲလာခဲ့သည်ကို သူ အဆင့်တိုင်း အဆင့်တိုင်း မျက်မြင် စောင့်ကြည့်ခဲ့ရသည်။
ရှောင်းယန်ချီတစ်ယောက် စိတ်အခြေအနေ အလွန်ကောင်းမွန်သွားသဖြင့် သူ၏ခြေလှမ်းများပင် ပေါ့ပါးသွက်လက်နေလေသည်။
သူ အိမ်တံခါးဝမှ သုတ်ခြေတင် ထွက်ခွာလာခဲ့ပြီး အပြင်ဘက်သို့ ရောက်ရှိစဉ်မှာပင် အပြင်မှ ပြန်လာသော ကျိုးဝမ်ရှူနောက်သို့ တကောက်ကောက် လိုက်ပါလာသည့် စူးယောင်ကွမ်းကို လှမ်းမြင်လိုက်ရသည်။ ထိုသူနှစ်ဦးက တစ်ယောက်ကိုတစ်ယောက် စနောက်ကျီစယ်ကာ ရယ်မောနေကြပြီး ကြည့်ရသည်မှာ အလွန် ရင်းနှီးချစ်ခင်နေသည့် ပုံစံမျိုးရှိနေလေသည်။ သို့သော်လည်း ရှောင်းယန်ချီကို သတိပြုမိသွားသည့် ခဏမှာပင် သူတို့နှစ်ဦး၏ မျက်နှာများထက်မှ အပြုံးများက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ကျိုးဝမ်ရှူက စူးယောင်ကွမ်း၏ ပုခုံးကို လက်ဖြင့် ဖက်ကာ လှမ်းပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားကို ညဘက်တွေ အပြင်မထွက်ဖို့ ပြောခဲ့သားပဲ။ အပြင်မှာက သရဲတစ္ဆေတွေနဲ့ တွေ့ဖို့ လွယ်ကူလွန်းတယ်”
"ဒီအစ်မက သရဲတစ္ဆေတွေကို နှင်ထုတ်တဲ့နေရာမှာ အရမ်း ကျွမ်းကျင်တယ်။ ဘာကြောက်စရာလိုလို့လဲ"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ ဆံပင်များ ပွသွားအောင် သူဖြင့် ဆော့ကစားနေသည်။
"ခင်ဗျားကြောင့် ကျွန်တော့်ရဲ့ ဆံပင်တွေ ရှုပ်ပွကုန်ပြီ"
"ဒီကောင်စုတ်လေးကတော့... အလှအပအတွက် တော်တော်လေး သတိထားနေတာပဲ"
"ခင်ဗျားက ဘယ်သူ့ကို ကောင်စုတ်လေးလို့ ခေါ်နေတာလဲ"
ကျိုးဝမ်ရှူတစ်ယောက် မကျေမနပ် ဖြစ်သွားပြီး စူးယောင်ကွမ်းနောက်သို့ လိုက်ဖမ်းရင်း ထောင်ယောင်ဖန့်ထဲသို့ ပြေးဝင်သွားသည်။
ထိုအခြင်းအရာကို ကြည့်နေပြီးနောက် ရှောင်းယန်ချီက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။
'ဒါက လင်ယောကျာ်းလား... သားလားတောင် ခွဲလို့မရတော့ဘူး'
“ဗွမ်း...”
ရုတ်တရက် ရေပုံးတစ်ပုံးစာရှိသော ရေများ ဝုန်းခနဲ လွင့်စင်ထွက်လာပြီး ရှောင်းယန်ချီတစ်ယောက် ခေါင်းအစ ခြေအဆုံး ရွှဲရွှဲစိုသွားရသည်။
သူက သူ့ကို ရေဖြင့် ပက်လိုက်သော ကျိုးဝမ်ရှူအား ဒေါသတကြီး စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။
"မင်း... မင်း ဒါကို တမင်သက်သက် လုပ်တာမလား"
ကျိုးဝမ်ရှူက လက်တစ်ဖက်ကို ခါးပေါ်ထောက်ကာ မေးကို အနည်းငယ်ပင့်ထားလျက် မောက်မာသော လေသံဖြင့် စိန်ခေါ်နေသည်။
"တမင်မလုပ်လို့ ဘာဖြစ်ရမှာလဲ။ ငါ့မျက်စိက အကောင်းကြီး။ တခြားလူကို မပက်ဘဲ မင်းတစ်ယောက်တည်းကိုပဲ ကွင်းကွက်ပြီး ပက်တာလေ... ဒါက သေချာပေါက် တမင်သက်သက် လုပ်တာပေါ့။ မင်း... ရှောင်းမျိုးရိုး... အပ်ကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်းနဲ့ငါ အသိဆုံးပဲ။ ငါတို့ဘက်က အမှုမလုပ်ဘဲ နှုတ်ဆိတ်နေပေးရုံနဲ့ ဒီကိစ္စက ပြီးသွားပြီလို့ မထင်နဲ့ဦး။ ဒါကို မင်း ကောင်းကောင်းမှတ်ထား... ငါလည်း ဒီအကြွေးကို သေသေချာချာ မှတ်ထားမယ်"
"မင်း... စူးယောင်ကွမ်းက မင်းလို ယောက်ျားမျိုးကိုမှ ဘယ်လိုဖြစ်ပြီး မျက်စိကျသွားရတာလဲ။ သူ့ရဲ့ အမြင်က တနေ့တခြား ပိုပြီး ဆိုးဝါးလာတာပဲ"
ထိုအချိန်တွင် စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ နောက်မှ ထွက်လာပြီး သူ့လက်ထဲမှ သစ်သားဇလုံကို လုယူကာ ရှောင်းယန်ချီရှိရာဘက်သို့ တည့်တည့် လှမ်းပေါက်လိုက် သည်။
ရှောင်းယန်ချီတစ်ယောက် အမြန်ရှောင်ကွင်းရန် ကြိုးစားလိုက်သောကြောင့် သစ်သားဇလုံက သူ့ခြေထောက်နားသို့ ကျသွားခဲ့သည်။
သူက မောက်မာဝင့်ကြွားသော အမူအရာဖြင့် လှမ်ပြောလိုက်သည်။
"မင်းက ငါ့ကို ငတုံးလို့ ထင်နေတာလား။ ငါက ဘာလို့ ဒီနေရာမှာ ရပ်ပြီး မင်းတို့ ရိုက်တာကိုခံ..."
“ဘုတ်...”
စူးယောင်ကွမ်းက သူမ၏ ဖိနပ်ကို ချွတ်ကာ လေထဲသို့ မြှောက်တင်လိုက်ရာ ရှောင်းယန်ချီ၏ ခေါင်းပေါ်သို့ အရှိန်အဟုန်ဖြင့် ပြန်ကျလာခဲ့သည်။
ရှောင်းယန်ချီတစ်ယောက် သူ့ဦးနှောက်အတွင်း၌ အုန်းခနဲ မြည်ဟည်းသွားသလို ခံစားလိုက်ရပြီး သတိလစ်ကာ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။
"ရှင်က အခုထိ ငတုံးမဟုတ်သေးဘူးလို့ ပြောချင်သေးတာလား။ အဲ့ဒီလို ဦးနှောက်မျိုးနဲ့ လူက ဘယ်လောက်တောင် ထက်မြက်နိုင်မှာလဲ"
စူးယောင်ကွမ်းက ထိုသို့ ပြောလိုက်ပြီးနောက် ကျိုးဝမ်ရှူကို ပြန်လှည့်မေးလိုက်သည်။
"ငါတို့တွေ ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတာ တစ်ခုခု လုပ်ကြမလား"
"ခင်ဗျားက ဘယ်လောက်အထိ စိတ်လှုပ်ရှားဖို့ကောင်းတာကို လိုချင်လို့လဲ"
ကျိုးဝမ်ရှူက စူးယောင်ကွမ်း၏ ဖိနပ်ကို ပြန်သွားကောက်ကာ သူမ၏ခြေထောက်နားတွင် သေသေချာချာ ပြန်ချပေးရင်း မေးခွန်းထုတ်နေပြန်သည်။