အခန်း ၁၆၉
Vol. 17 Ch. 169
အခန်း ၁၆၉ ရှက်ဖွယ်ကောင်းသော အခိုက်အတန့်
ကျန်းကျောက်တိ တံခါးဖွင့်ရန် ပြင်နေချိန်တွင် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသဖြင့် ထိုဖောက်သည်များက အလွန်စောစီးစွာ ရောက်ရှိလာကြသည်ဟု သူမ ထင်မှတ်သွားခဲ့သည်။
‘ငါတို့ဆိုင်က ဘယ်မှ ထွက်ပြေးသွားမှာ မဟုတ်ဘူးလေ၊ သူတို့တကယ်ပဲ ကုန်ပစ္စည်း ပြတ်လပ်သွားမှာ စိုးရိမ်နေကြတာလား’
သူမက မျက်နှာထက်တွင် ကျယ်ပြန့်သော အပြုံးကြီးတစ်ခုကို ဆင်မြန်းပြီး တံခါး ဖွင့်လိုက်သော်လည်း တံခါးဝ၌ မည်သူမျှမရှိသည်ကို မြင်လိုက်ရသည့်ခဏတွင် သူမ၏အပြုံးကြီးကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။
သို့သော်လည်း လမ်းမအလယ်တွင် လူအုပ်ကြီး စုရုံးနေသည်ကို မြင်လိုက်ရသောကြောင့် သူမလည်း လူအုပ်ကြားထဲသို့ တိုးဝှေ့ဝင်ရောက်ရင်း မေးမြန်းလိုက်သည်။
"ဘာတွေဖြစ်နေကြတာလဲ။ နင်တို့အားလုံး ဘာကို ဝိုင်းကြည့်နေကြတာလဲ။ လမ်းဖယ်ပေးကြဦး... ငါလည်း ဘာဖြစ်တယ်ဆိုတာ ကြည့်ချင်တယ်"
"ဆိုင်ရှင်အဒေါ်ကြီး... ဒါတွေအားလုံးက အဒေါ်ကြီးစကားကို နားထောင်ပြီး လိမ္မာရေးခြားရှိတဲ့ ဝမ်ရှူကြောင့်ပေါ့၊ သူက အဒေါ်ကြီးကို ဘာပြဿနာမှ မပေးဘူးလေ။ အဒေါ်ကြီးရဲ့ သမက်အဖြစ် သူ့ကို ရွေးချယ်ပြီး ဝယ်ယူခဲ့တာက တကယ့်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ"
လူအများက ကျိုးဝမ်ရှူကို ချီးမွမ်းကြလျှင် ကျန်းကျောက်တိက အလွန်နှစ်သက်လေ့ရှိသည်။ ထိုအရာက သူမ၏သမီးတွင် အမြင်ရှိကြောင်း သက်သေပြနေသောကြောင့် ဖြစ်သည်။ ယခင်က ကျိုးဝမ်ရှူကို ဝယ်ယူခဲ့စဉ်တွင် ရွာမှ အတင်းပြောတတ်သော အဒေါ်ကြီးများ၏ လှောင်ပြောင်မှုကို ခံခဲ့ရဖူးသော်လည်း ယခုတွင်တော့ သူမတို့မျက်နှာပန်း ပြန်လှသွားခဲ့ချေပြီ။
"ဒါကတော့... ဟုတ်ပါပြီ၊ ဒါပေမယ့် ဒီမှာက ဘာတွေ ဖြစ်နေတာလဲ"
ကျန်းကျောက်တိက အထဲသို့ လှမ်းမြင်နိုင်ရန် သူမ၏လည်ပင်းကို အစွမ်းကုန် ပင့်မြှောက်ကြည့်လိုက်သည်။
သူမ၏ဘေးပတ်ပတ်လည်ရှိ လူများကလည်း သူမအတွက် လမ်းဖွင့်ပေးလိုက်ကြသည်။
နောက်ဆုံးတွင် လူအုပ်ကြီး၏ အလယ်ရှိ လမ်းမထက်၌ အမျိုးသားတစ်ဦး အဝတ်ဗလာဖြင့် ဖရိုဖရဲ လဲလျောင်းနေသည်ကို သူမ တွေ့လိုက်ရသည်။
သူ၏ အဝတ်အစားများက နေရာအနှံ့ ပျံ့ကြဲနေပြီး လေထုထဲတွင်လည်း အရက်နံ့များ နံစော်နေလေသည်။ ထိုအခြင်းအရာကို မြင်ရသူတိုင်းက ထိုသူအနေဖြင့် အရက်မူးပြီး ကောင်းကင်ကို စောင်လုပ်ကာ မြေပြင်ကို အိပ်ယာခင်းအဖြစ် သတ်မှတ်ပြီး လမ်းမထက်၌ လှဲအိပ်နေခြင်းဟု တွက်ဆလိုက်ကြသည်။
"ဒါ... ဖုန်းဟွာကော့က စာသင်သားရှောင်း မဟုတ်ဘူးလား။ ငါ ကြားတာတော့ စာသင်ကျောင်းက သူ့ကို အထူးအလေးထားပြီး တော်ဝင်စာမေးပွဲကို သေချာပေါက် အောင်မြင်လိမ့်မယ်လို့ ပြောကြတယ်၊ စာသင်ကျောင်းတစ်ခုလုံးက သူ့အပေါ်မှာ မျှော်လင့်ချက်တွေ ပုံအောထားတာလေ"
"စာဖတ်တဲ့နေရာမှာ တော်နေရုံနဲ့ ဘာလုပ်ရမှာလဲ။ သူ့ရဲ့ အမူအရာကိုလည်း ကြည့်ဦး... တကယ့်ကို ကိုယ်ကျင့်တရား ပျက်ပြားနေတာပဲ"
ရှောင်းယန်ချီက ဆူညံသံများကို ကြားနေရပြီး စာသင်ကျောင်းမှ လူများဟု ထင်မှတ်နေကာ စိတ်မရှည်သော လေသံဖြင့် အော်ဟစ်လိုက်သည်။
"မရီးဝမ်... ပြတင်းပေါက် ပိတ်လိုက်စမ်းပါ၊ သူတို့က အရမ်း ဆူညံလွန်းတယ်"
"ဟား ဟား ဟား... မရီးဝမ် ဟုတ်လား။ ဒီစာသင်သားကို ကြည့်စမ်းပါဦး... သူ စာကျက်နေတုန်း ပြုစုပေးဖို့ မရီးဝမ်တောင် ရှိနေသေးတာပဲ"
ထိုအချိန်မှသာ ရှောင်းယန်ချီတစ်ယောက် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း အာရုံခံမိသွားခဲ့သည်။
'ဘာလို့ ဒီလောက်တောင် ဆူညံနေရတာလဲ'
'ပြီးတော့... ခုတင်က ဘာလို့ ဒီလောက် မာကျောနေရတာလဲ၊ ငါ ဘာလို့ ဒီလောက် ချမ်းနေရတာလဲ'
သူ မျက်လုံးကို ဖွင့်လိုက်ရာ လှောင်ပြောင်သရော်နေကြသော မျက်ဝန်းများနှင့် တည့်တည့်ဆုံသွားတော့သည်။
သူ ရုတ်တရက် ဝုန်းခနဲ ထထိုင်လိုက်ပြီး သူ့၏ ဗလာကျင်းနေသော ခန္ဓာကိုယ်ကို မြင်လိုက်ရသည့် ခဏ၌ စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။
"အား........"
ဘေးပတ်ပတ်လည်ရှိ လူများကလည်း လိုက်လံအော်ဟစ်နေကြသည်။ သို့သော်လည်း သူတို့က ကြောက်လန့်၍မဟုတ်ဘဲ လှောင်ပြောင်ရယ်မောနေကြခြင်း ဖြစ်သည်။
ရှောင်းယန်ချီက ဘေးနားရှိ အဝတ်အစားများကို ကမန်းကတန်း ဆွဲယူကာ သူ့ကိုယ်သူ ပတ်လိုက်ရင်း အော်ပြောလိုက်သည်။
"လမ်းဖယ်ကြစမ်း"
ထို့နောက် သူ ကပျာကယာဖြင့် အဝတ်အစားများကို ပြန်ဝတ်ဆင်လိုက်သည်။
မနီးမဝေးတစ်နေရာတွင် စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ လက်မောင်းကို တို့လိုက်ရင်း တွန့်ဆုတ်ဆုတ် လေသံဖြင့် ပြောနေရှာသည်။
"ဒါက နည်းနည်းတော့ မရက်စက်လွန်းဘူးလား။ အနည်းဆုံးတော့ သူ့အတွက် အတွင်းခံဘောင်းဘီလေး ချန်ထားပေးသင့်တာပေါ့"
"သူ ကျွန်တော့မြင်းကို အပ်နဲ့ ထိုးတုန်းက ကျွန်တော့်အတွက် အသက်ရှင်ဖို့ လမ်းစ ချန်ထားပေးဖို့ စဉ်းစားခဲ့လို့လား"
ကျိုးဝမ်ရှူက မကျေမနပ်ဖြစ်နေသော လေသံဖြင့် ပြန်ပြောလိုက်ပြီးမှ ထပ်မေးနေပြန်သည်။
"ခင်ဗျားက သူ့ကို သနားနေတာလား"
"နေ့ခင်းကြောင်တောင်ကြီး ဘာတွေ လျှောက်ပြောနေတာလဲ"
စူးယောင်ကွမ်းက သူ့ပုခုံးကို ပုတ်ပေးလိုက်ရင်း ဆက်ပြောလိုက်သည်။
"ကဲ... ကလဲ့စားလည်း ချေပြီးပြီ၊ ပွဲလည်း ပြီးပြီဆိုတော့ နင်လည်း စာသင်ကျောင်းကို ပြန်တော့လေ၊ ငါလည်း အလုပ်ပြန်လုပ်ရဦးမယ်"
"ကျွန်တော် ဒီရက်ပိုင်း အရမ်း အလုပ်များနေမှာဆိုတော့ စာသင်ကျောင်းမှာပဲ နေဖြစ်လိမ့်မယ် ထင်တယ်"
"ကောင်းပြီလေ"
စူးယောင်ကွမ်းက သူ့ကို လက်လှမ်းပြလိုက်သည်။
ကျိုးဝမ်ရှူက သူမ၏လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ သူ့ဘက်သို့ ပြန်ဆွဲခေါ်လိုက်ရင်း မေးမြန်းနေပြန်သည်။
"ယောင်ကွမ်း... ခင်ဗျားမှာ ကျွန်တော့်ကို မှာစရာ စကားလုံးဝ မရှိတော့ဘူးလား"
စူးယောင်ကွမ်းက သူ့ကို ထူးဆန်းသလို ကြည့်ရင်း ပြန်ပြောလိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်။ စားချင်တာစား၊ ပျော်ပျော်ရွှင်ရွှင် နေ။ နင် စာသင်နိုင်မလား၊ မသင်နိုင်ဘူးလားဆိုတာက အရေးမကြီးပါဘူး၊ အဓိကက လူ ကျန်းမာပြီး စိတ်ချမ်းသာနေဖို့ပဲ"
ကျိုးဝမ်ရှူ : "..."
‘သူမ ငါ့အပေါ်မှာ လုံးဝ ယုံကြဉ်မှုူ မရှိပုံရတယ်’
‘ဒါပေမယ့်လည်း ပြန်တွေးကြည့်ရင် လူတိုင်းက ငါ့ရဲ့ စာပေအရည်အချင်း ညံ့ဖျင်းတာကိုပဲ သိကြတာလေ။ အခုအချိန်မှာ ငါ့ကို စာကြိုးစားဖို့နဲ့ အရာရှိဖြစ်အောင် ကြိုးပမ်းဖို့ တိုက်တွန်းနေတာကမှ ငါ့ကို ကျိန်ဆဲနေတာနဲ့ ပိုတူနေမှာပေါ့’
ထိုအချိန်တွင် ရှောင်းယန်ချီက အဝတ်အစားများဖြင့် သူ့ကိုယ်ကို ပတ်ထားရင်း လမ်းတစ်ဖက်ရှိ ဖုန်းဟွာကော့ထဲသို့ သုတ်ခြေတင် ပြေးဝင်သွားခဲ့သည်။
ကျန်းကျောက်တိ၏ ရယ်မောသံကလည်း တစ်နေ့လုံး မစဲတော့ချေ။ ဖောက်သည်တစ်ယောက် ဝင်လာတိုင်း သူမက ရှောင်းယန်ချီ၏ အရှက်ရဖွယ် လုပ်ရပ်များကို ပြန်ပြောပြနေခဲ့သည်။ ဖောက်သည်များကလည်း ချက်ချင်း စိတ်ဝင်တစား ရှိသွားကြပြီး ရှောင်းယန်ချီ အဘယ်ကြောင့် ထိုသို့သောကိစ္စမျိုးကို ပြုလုပ်ရသည်၊ သူ၏ အားနည်းပုံရသော ရုပ်သွင်က မည်သို့ရှိသည်၊ ခန္ဓာကိုယ်အခြေအနေနှင့် အချို့သော အစိတ်အပိုင်းများတွင် မည်မျှအထိ ထွားကျိုင်းသည်၊ မည်သူများက မြင်တွေ့ခဲ့ရသည် စသည်ဖြင့် သူမနှင့်အတူ ဝိုင်းဝန်းဆွေးနွေးနေကြသည်။
ထိုအကြောင်းအရာများကို ဆွေးနွေးနေစဉ်အတွင်း သူမတို့က အပျိုစင်မိန်းကလေးအချို့ကို အဝေးသို့ တွန်းထုတ်လိုက်ကြပြီး မိန်းမပျိုလေးများ၏ ကိုယ်ကျင့်တရား ပျက်ပြားသွားမည်ကို စိုးရိမ်သည့်အလား လျှို့ဝှက်ဆန်းကြယ်စွာ ပြုမူနေကြပြန်သည်။ သို့သော်လည်း ယခုအချိန်တွင် တစ်မြို့လုံးက ဤအကြောင်းကို ပြောဆိုနေကြပြီဖြစ်ကြောင်း သူတို့ သတိမပြုမိကြပုံပေါ်နေခဲ့သည်။
လမ်းတစ်ဖက်တွင်တော့ ကျုံးလန်ဟွာ၏ ဆဲဆိုသံများ မရပ်မနား ထွက်ပေါ်နေခဲ့သည်။
နံနက်ခင်းမှ ယခုအချိန်အထိ မည်သူမဆို ထိုကိစ္စအား လာရောက်မေးမြန်းလျှင် သူမက ထိုသူအား ဖောက်သည်ဖြစ်သည်၊ မဖြစ်သည်ကိုပင် ဂရုမစိုက်တော့ဘဲ အော်ဟစ်ကြိမ်းမောင်းကာ အပြင်သို့ မောင်းထုတ်ပစ်နေခဲ့သည်။
ကျုံးလန်ဟွာ၏ ဆဲဆိုသံများ ပိုကျယ်လောင်လေလေ၊ ကျန်းကျောက်တိ၏ ရယ်မောသံများက ပိုကျယ်လောင်လေလေ ဖြစ်နေခဲ့သည်။
"အကြီးဆုံးအစ်မ... အကြီးဆုံးအစ်မ..."
ကျန်းဖန့်တိက ကျန်းကျောက်တိကို လှမ်းဆွဲလိုက်ရင်း သတင်းပေးလာခဲ့သည်။
"အဖေနဲ့ အမေ ရောက်လာကြပြန်ပြီ"
ဝေ့ရှီနှင့် ကျန်းလောင်စန်းတို့ အထဲသို့ ဝင်လာသည်အား မြင်လိုက်ရချိန်တွင် ကျန်းကျောက်တိ၏ မျက်နှာထက်မှ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားရသည်။
သူမက ဖောက်သည်များအား ကုန်ပစ္စည်းများ စိတ်ကြိုက်ရွေးချယ်ရန် ပြောကြားလိုက်ပြီးနောက် ဝေ့ရှီနှင့် ကျန်းလောင်စန်းတို့ရှိရာသို့ အားမာန်ပါပါဖြင့် လျှောက်လှမ်းသွားခဲ့သည်။
"အဖေနဲ့ အမေ... ဘာကိစ္စရှိလို့ ဒီကို ရောက်လာကြတာလဲ"
"ငါတို့ အရင်ကလည်း နင့်ဆီ လာလည်ပါသေးတယ်၊ ဒါပေမယ့် အဲ့ဒီတုန်းက ကပ်ရောဂါ ဖြစ်ပွားနေလို့ အကြာကြီး မနေခဲ့ရဘူးလေ။ အခု ကပ်ရောဂါလည်း ပြီးဆုံးသွားပြီ၊ မြို့ထဲမှာလည်း ဘေးကင်းသွားပြီဆိုတော့ နင့်ဆီ လာကြည့်ဖို့ အချိန်တန်ပြီလို့ တွေးမိလို့ပေါ့။ ကြည့်စမ်း... ငါနဲ့ နင့်အမေရဲ့ ဘဝက အရမ်းခက်ခဲလွန်းတယ်။ နင်က ငါတို့ရဲ့ သမီးဖြစ်နေတော့ ငါတို့ကို ကူညီပေးသင့်တယ် မဟုတ်ဘူးလား။ နင့်ရဲ့ဆိုင်ကလည်း အဆင်ပြေနေပြီး လူအကူအညီလည်း လိုအပ်နေတာပဲလေ၊ ဒါကြောင့် ငါနဲ့ နင့်အမေက နင့်ကို ကူညီပေးဖို့ လာခဲ့တာ။ အဲ့ဒါဆိုရင် ငါတို့က နင့်အိမ်မှာ အလကား စားသောက်၊ အလကား တည်းခိုနေသလိုမျိုး မဖြစ်တော့ဘူးပေါ့"
ကျန်းလောင်စန်းက ထိုစကားများကို အမိန့်ပေးနေသည့် အလား ပြောဆိုလိုက်သည်။
"အဲ့ဒါကတော့ မဖြစ်နိုင်ဘူး"
ကျန်းကျောက်တိက ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။
"အဖေနဲ့ အမေမှာ သားနဲ့ မြေးတွေ ရှိနေတာပဲ၊ သမီးအိမ်မှာ လာနေတာက ဘယ်လို အပြုအမူမျိုးလဲ။ အိမ်ထောင်ကျပြီးသားသမီးဆိုတာ သွန်ချလိုက်တဲ့ ရေလိုပဲဆိုပြီး အရင်က အမေပဲ ပြောခဲ့တာမဟုတ်လား။ အဲ့ဒီဆိုရိုးစကားအတိုင်းပဲလေ၊ သွန်ချလိုက်တဲ့ရေကို ပြန်ဆယ်ယူလို့ မရတော့ဘူး။ ကျွန်မတို့က အရင်ကတည်းက စွန့်ပစ်ခံထားရပြီးသားဆိုတော့ နောက်ထပ် လာရှာနေစရာ မလိုတော့ဘူး"
"ငါတို့က နင့်ရဲ့ မိဘတွေလေ၊ ငါတို့ အသက်ရှင်ဖို့အတွက် နင်က ဘာလို့ ဂရုမစိုက်ပေးချင်ရတာလဲ"
ဝေ့ရှီက အော်ဟစ်လိုက်သော်လည်း ကျန်းကျောက်တိက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"သမီးတစ်ယောက်အနေနဲ့ ကျွန်မ ပေးဆပ်စရာ ရှိတာတွေကို အကုန် ပေးဆပ်ပြီးပြီ။ ကျွန်မကို ပြုစုပျိုးထောင်ခဲ့တဲ့ ကျေးဇူးကြွေးက ကျွန်မ မင်္ဂလာဆောင်တုန်းက ပေးခဲ့တဲ့ ပစ္စည်းတွေနဲ့ ကြေနေပြီ။ ဒီလောက် နှစ်တွေ အကြာကြီး မုဆိုးမတစ်ယောက်နဲ့ ကလေးတစ်ယောက် အဆင်မပြေတဲ့အချိန်တုန်းကတောင် အဖေတို့ဆီ လာမရှာခဲ့ဘူး။ အခုကျမှ ကျွန်မတို့ဆီ လာရှာတာက မသင့်တော်ဘူးလို့ မထင်ဘူးလား။ အခု ကျွန်မက စူးမိသားစုရဲ့ စူးကျန်းရှီ ဖြစ်နေပြီ"
"နင် ငါတို့ကို ဂရုမစိုက်ဘူးဆိုရင် အာဏာပိုင်တွေဆီမှာ နင့်ကို မိဘကို မလုပ်ကျွေးတဲ့အပြစ်နဲ့ သွားတိုင်ပစ်မယ်"
ဝေ့ရှီက ခြိမ်းခြောက်လိုက်သည်။
"ကောင်းပြီလေ၊ တိုင်လိုက်ပေါ့"
ကျန်းကျောက်တိက စိတ်အေးလက်အေးဖြစ်နေဟန်ဖြင့် ဆက်ပြောလိုက်သည်။
"ကျွန်မ ဒီနေရာမှာပဲ စောင့်နေမယ်၊ ဘယ်မှ မသွားဘူး။ ရဲမက်တွေ လာဖမ်းရင်လည်း လိုက်ခဲ့ဖို့ အဆင်သင့်ပဲ။ အာဏာပိုင်တွေဆီ ရောက်သွားရင် မိဘကို မလုပ်ကျွေးတဲ့အပြစ်ကို ဝန်ခံလိုက်မယ်။ ဒါပေမယ့် နောက်တစ်ခါတော့ ဒီနေရာကို ထပ်မလာနဲ့တော့။ ဘာပဲဖြစ်ဖြစ် သမီးတစ်ယောက်အနေနဲ့ မိဘကို လုပ်ကျွေးရတာက နားလည်ပေးနိုင်ပေမယ့် တစ်ခါမှ အဖေတို့ဆီက အစာတစ်လုပ်တောင် မစားဖူးတဲ့ မြေးမလေးကတော့ အဖေတို့အတွက် ဘာမှလုပ်ပေးစရာ အကြောင်းမရှိဘူး"
"နင် တကယ်ပဲ ငါတို့ကို ဂရုမစိုက်တော့ဘူးပေါ့လေ"
ဝေ့ရှီက ထပ်မေးလိုက်သည်။
"ဟုတ်တယ်၊ ဂရုမစိုက်တော့ဘူး"
ကျန်းကျောက်တိက ခပ်တည်တည် ပြန်ဖြေလိုက်သည်။
"အာဏာပိုင်တွေဆီကို သွားရမယ်၊ အရိုက်ခံရမယ် ဒါမှမဟုတ် ထောင်ကျရမယ်ဆိုရင်တောင် ကျွန်မက အလျှော့ပေးမှာ မဟုတ်ဘူး"
ဝေ့ရှီက ကျန်းဖန့်တိနှင့် ကျန်းယင်းတိတို့ဘက်သို့ မျက်လုံးပြူးဖြင့် လှည့်ကြည့်လိုက်သည်။
"နင်တို့နှစ်ယောက်ကရော... ငါတို့ရဲ့ သေရေးရှင်ရေးကို ဂရုမစိုက်ကြတော့ဘူးလား"
"ဒုတိယညီမက အခုမှ မုဆိုးမဘဝကို ရောက်ခါစ၊ အဖမဲ့ကလေးတစ်ယောက်ကိုလည်း တာဝန်ယူထားရသေးတယ်။ တတိယညီမနဲ့ သူ့ယောကျာ်းအကြောင်းကိုတော့ ပြောနေစရာ မလိုတော့ဘူး။ အရမ်းများတဲ့ ခန်းဝင်ကြေး ရဖို့ဆိုပြီး သမီးတွေကို အိမ်ထောင်ချပေးခဲ့တာက ဈေးခေါ်ပြီး ရောင်းစားနေတာနဲ့တောင် ပိုတူခဲ့သေးတယ်။ ကျွန်မတို့ သုံးယောက်ကို ရောင်းစားလို့ ရတဲ့ပိုက်ဆံက အဖေတို့ သက်တောင့်သက်သာ နေဖို့ လုံလောက်နေပြီလေ၊ ဒါတောင် အခု ကျွန်မတို့ဆီကနေ ထပ်ပြီး ခေါင်းပုံဖြတ်ချင်နေကြတယ်၊ အရမ်းကို လောဘကြီးလွန်းမနေဘူးလား"
ကျန်းကျောက်တိက ညီမနှစ်ယောက်အစား အရင်ဦးအောင် ပြန်ပြောလိုက်သည်။
"နင်... နင် အခု ချမ်းသာလာတော့ မိဘတွေကို အထင်သေးနေတာပေါ့လေ။ ကောင်းပြီ၊ ဒီနေ့ ဒီနေရာမှာပဲ ငါ သေပြလိုက်မယ်၊ ဒါဆိုရင် တစ်လောကလုံးက နင့်ကို ကျိန်ဆဲကြလိမ့်မယ်"
ဝေ့ရှီက ပြောပြီးသည်နှင့် မျက်နှာချင်းဆိုင်ရှိ တိုင်လုံးဆီသို့ ပြေးဝင်သွားသည်။
"ဒါတွေက ဘယ်တော့မှ ပြီးဆုံးမှာလဲ။ အမြဲတမ်း ဒီဇာတ်လမ်းပဲ။ တခြားအသစ်အဆန်းလေး ဘာမှ မရှိတော့ဘူးလား"
ကျန်းကျောက်တိက သူမဘေးနားရှိ လူများကို လက်ဝှေ့ယမ်းပြလိုက်သည်။
"လမ်းဖယ်ပေးလိုက်ကြ၊ သူ တိုင်နဲ့ ဆောင့်ပါစေ။ သူ ဒီမှာ သေသွားရင် ငါ့အသက်နဲ့ အလျော်ပေးလိုက်မယ်။ ဘာလုပ်ဖို့ ရပ်ကြည့်နေကြတာလဲ။ ရှေ့တိုးပြီး ဆောင့်လိုက်တော့လေ"