← Chapters

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း ၁၇၀ မိဘကို မရိုသေမသိတတ်မှု

ကျန်းလောင်စန်းက ကျန်းကျောက်တိ၏ နှာခေါင်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဆဲဆိုကြိမ်းမောင်းလိုက်သည်။

“မိဘကို မရိုသေတဲ့ သမီးမိုက်၊ နင်လို သမီးမိုက်.... နင့်ကို ကျွေးမွေးစောင့်ရှောက်ခဲ့ရတာ ငါ့ဘဝကို အလဟဿဖြစ်စေတယ်။ နင့်ကို မွေးမယ့်အစား ခွေးတစ်ကောင် မွေးလိုက်တာကမှ ပိုကောင်းဦးမယ်"

ကျန်းကျောက်တိကတော့ နားကိုသာ ကလော်နေပြီး ကျန်းလောင်စန်း မည်သို့ ဆဲဆိုနေပါစေ တုံ့ပြန်ခြင်းမရှိဘဲ လွှတ်ထားလိုက်သည်။

ဝေရှီက ရှေ့သို့ တဟုန်ထိုးပြေးထွက်လာပြီး တိုင်နှင့် ခေါင်း တိုက်ရန် ကြိုးစားနေလေသည်။ သို့သော် ဘေးပတ်ဝန်းကျင်ရှိ မည်သူတစ်ဦးတစ်ယောက်ကမျှ သူမကို ဝင်ရောက်မတားဆီးကြချေ။ ထို့ကြောင့် သူမ တိုင်ကို တကယ်မတိုက်ရဲတော့ဘဲ ကြမ်းပြင်ပေါ်သို့သာ ထိုင်ချလိုက်ရင်း အော်ဟစ်ငိုယိုလိုက်သည်။

"အိုက်ယား... မိုးနတ်မင်းကြီးရယ်... မိုးကြိုးတွေ ဘာတွေ ပစ်ချပြီး မိဘကို မရိုသေတဲ့ ဒီသမီးမိုက်ကို အသေသတ်ပေးပါတော့ရှင်"

ကျန်းဖန့်တိက စူးယောင်ကွမ်းကို ဆွဲကာ တိုးတိုးလေး မေးနေရှာသည်။

"ငါတို့ အခု ဘာလုပ်ကြမလဲ။ သူတို့တွေ နေ့တိုင်း ဒီလို လာပြဿနာရှာနေရင် ငါတို့ ဘယ်လိုလုပ် စျေးရောင်းလို့ ရတော့မှာလဲ"

"လာပါစေ၊ ပြဿနာရှာလည်း စျေးဝယ်သူတွေအတွက် ဖျော်ဖြေပွဲတစ်ခု ရတာပေါ့"

စူးယောင်ကွမ်းက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

"သူတို့လည်း အော်ရတာ မောလာရင် ပျင်းပြီး ရပ်သွားကြလိမ့်မယ်"

သူမက ထိုသို့ အေးအေးဆေးဆေး ပြောနေသော်လည်း စူးယောင်ကွမ်းက ကျားချွန်းနီကို ရုံးတော်သို့ သွားရောက်တိုင်ကြားရန် စေလွှတ်လိုက်သည်။ သိပ်မကြာခင်မှာပင် အရာရှိချန်နှင့် ရဲမက်နှစ်ဦး ရောက်ရှိလာပြီး ဆိုင်ကို ဝိုင်းဝန်းစောင့်ရှောက်ပေးကြတော့သည်။

ဝေရှီနှင့် ကျန်းလောင်စန်းတို့က ရုံးတော်မှ ရဲမက်ဝတ်စုံကို မြင်လိုက်ရသည်နှင့် အလွန်တုန်လှုပ်သွားကြသည်။ အထူးသဖြင့် ရဲမက်ခေါင်ဆောင်ချန်၏ ခက်ထန်သော မျက်နှာအမူအရာနှင့် ခါးတွင် ချိတ်ဆွဲထားသော ဓားရှည်ကို မြင်လိုက်ရသောအခါ ပို၍ပင် ကြောက်ရွံ့သွားကြသည်။

“ဒီမသိတတ်တဲ့ သမီးမိုက်က အခုဆို အတောင်ပံစုံနေပြီ။ ငါတို့ ဒီမှာ လာအော်နေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး။ သူ့ကို ဒေါသထွက်အောင် လုပ်မိရင် ငါတို့ကို တကယ် ထောင်ထဲ ထည့်ပစ်လိမ့်မယ်။ ကြည့်စမ်း... သူ့နှလုံးသားက ဘယ်လောက်တောင် ရက်စက်လဲ၊ ငါတို့လို အဖိုးကြီး အဖွားကြီးတွေကို နည်းနည်းလေးတောင် ငဲ့ညှာတာ မရှိဘူး။ ယောကျ်ားရေ... ငါတို့ ဘာလုပ်ကြမလဲ။ သူက ဒီလောက် ချမ်းသာနေတာကို ကျိကျူံး ကောင်းကောင်းမွန်မွန် နေနိုင်ဖို့ သူ့အိတ်ကပ်ထဲကနေ နည်းနည်းပါးပါး ထုတ်ပေးရင် ရနေတာပဲ၊ အခုတော့ သူ့မောင်လေးကို ကူညီဖို့ လုံးဝ ငြင်းဆန်နေတယ်”

ကျန်းလောင်စန်းက ကျန်းကျောက်တိထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး ထပ်ပြောလိုက်သည်။

"နင့်အမေနဲ့ငါက နင့်ကို မွေးဖွားပေးခဲ့တာ၊ နင် ငါတို့ကို လုပ်ကျွေးပြုစုရမယ်။ နင်လည်း ငါတို့ နေ့တိုင်း ဒီလို လာပြဿနာရှာတာ မလိုချင်ဘူးမလား။ ငါတို့ကို ငွေနည်းနည်းပေး၊ ဒါဆိုရင် နင့်ကို နောက်ခါ လာမရှုပ်တော့ဘူး"

"မရဘူး၊ မိဘကို သိတတ်ရမှာက သမီးတစ်ယောက်ရဲ့ တာဝန်ဆိုတာကို ကျွန်မ လက်ခံတယ်။ အခြား သမီးလိမ္မာတွေလိုပဲ ကျွန်မ အမေတို့အတွက် တစ်လကို ကြေးပြား ငါးဆယ် ပုံမှန် ပေးမယ်၊ တစ်ပြားမှလည်း မလျော့စေရဘူး"

ကျန်းကျောက်တိက ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ကြေးပြားငါးဆယ် ဟုတ်လား"

ကျန်းလောင်စန်းက သူမကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။

"နင်က ငါ့ကို သူတောင်းစားတစ်ယောက်လို လာပြီး လှည့်စားချင်နေတာလား"

"အပြင်မှာ သွားမေးကြည့်လိုက်လေ၊ လင်ယောက်ျားရှိတဲ့ သမီးတွေထဲက ဘယ်နှစ်ယောက်က မိဘတွေကို ပြန်ထောက်ပံ့နေသေးလဲလို့။ မိဘတွေ အသက်ကြီးလာရင် စောင့်ရှောက်ရမှာ၊ ပြီးတော့ သူတို့ရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ပေးရမှာက သားဖြစ်သူရဲ့ တာဝန်လေ။ အဲ့ဒါ အဖေကိုယ်တိုင် ကျွန်မတို့ကို သွန်သင်ခဲ့တာ မဟုတ်ဘူးလား၊ မေ့သွားပြီလား"

"ငွေလျန်တစ်ရာ၊ ငါ့ကို လျန်တစ်ရာ ပေး၊ ဒါဆိုရင် နင့်ကို နောက်ခါ လာမရှုပ်တော့ဘူး"

ကျန်းလောင်စန်းက ဒေါသတကြီးဖြင့် တောင်းဆိုလိုက်သည်။

"ဟေ့... အဘိုးကြီး၊ အိမ်မှာ မှန်မရှိဘူးလား။ မှန်မရှိရင်တောင် ရှင် စွန့်တဲ့ ကျင်ငယ်ရေတော့ ရှိမှာပဲမလား။ ကျင်ငယ်ရေထဲမှာ ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်ပါဦး။ လျန်တစ်ရာ ဟုတ်လား။ ရှင်ကတော့ ပိုက်ဆံမက်ပြီး ရူးသွားပြီ ထင်တယ်။ ကျွန်မတို့လို သာမန်မိသားစုတွေဆိုတာ တစ်သက်လုံး ရှာရင်တောင် လျန်တစ်ရာ မရနိုင်ဘူး"

"နင်က သာမန်မိသားစု ဟုတ်လို့လား။ နင်က ချမ်းသာနေတာလေ"

"ဒီမုဆိုးမနဲ့ အဖမဲ့ကလေး ခက်ခဲတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတုန်းက အဖေတို့ နည်းနည်းလေးတောင် ကူညီခဲ့ဖူးလား။ အခုမှ ကျွန်မတို့ ဘဝလေး အဆင်ပြေခါစရှိသေးတယ်၊ လာပြီး သွေးစုပ်ဖို့ ကြိုးစားနေတာလား။ တကယ့်ကို အရှက်မရှိလိုက်တာ"

"ဒါဆိုရင် နင်က ဘယ်လောက်ပေးနိုင်မှာလဲ။ ကြေးပြားငါးဆယ်ကတော့ မဖြစ်နိုင်ဘူး၊ မဟုတ်ရင် ငါ နေ့တိုင်းလာပြီး ပြဿနာရှာမှာ"

ကျန်းလောင်စန်းက ဈေးထပ်ဆစ်လိုက်သည်။

ကျန်းကျောက်တိက တွက်ချက်ပြီး ပြန်ပြောလိုက်သည်။

"တစ်လကို ကြေးပြားငါးဆယ်ဆိုတော့ တစ်နှစ်ကို ကြေးပြားခြောက်ရာ၊ ဆယ်နှစ်ဆိုရင် ငွေခြောက်လျန်ပေါ့။ ကျွန်မကြည့်ရသလောက် အဖေတို့ အလွန်ဆုံးနေရလှ နောက်ထပ် အနှစ်နှစ်ဆယ်ပဲ၊ ဒါကြောင့် ငွေဆယ့်နှစ်လျန် ပေးမယ်။ ကဲပါ... သမီးမိုက်လို့ မပြောရအောင် ဆယ့်ငါးလျန်ပဲ ထားလိုက်ပါတော့။ ပြီးတော့ ဒုတိယညီမနဲ့ တတိယညီမက ကျွန်မဆီမှာ အလုပ်လုပ်နေတာဆိုတော့ နောက်ကျရင် အဖေတို့က သူတို့ကိုပါ လိုက်နှောင့်ယှက်နေဦးမယ်၊ ဒါကြောင့် သူတို့အတွက်ပါ တစ်ခါတည်း တွက်ပေးလိုက်မယ်။ သူတို့က ကျွန်မဆီမှာ အလုပ်လုပ်ရုံပဲဆိုတော့ တစ်လ လစာက ကြေးပြားနှစ်ရာပဲ ရတာ၊ အဖေတို့ကို ကြေးပြားငါးဆယ်စီ ထုတ်ပေးဖို့ အဆင်မပြေဘူး။ ဒါကြောင့် သူတို့နှစ်ယောက်အတွက် ပေါင်းပြီး တစ်လကို နှစ်ယောက်စာ ကြေးပြားငါးဆယ် ထပ်ပေါင်းပေးလိုက်မယ်၊ အဲ့ဒါက နောက်ထပ် ငွေဆယ်နှစ်လျန် ဆိုတော့ အားလုံးပေါင်း နှစ်ဆယ့်ခုနစ်လျန် ပေးမယ်"

"ကျွန်မ အဖေတို့ကို နှစ်ဆယ့်ခုနစ်လျန် တစ်ခါတည်း အပြတ်ပေးမယ်။ ဒါပေမယ့် အဖေတို့ဘက်က စာချုပ်တစ်ခုမှာ လက်မှတ်ထိုးပေးရမယ်၊ အဲ့ဒီစာချုပ်ထဲမှာ ကျွန်မတို့ ညီအစ်မတွေ သမီးဝတ္တရား ကျေပွန်အောင် လုပ်ဆောင်ပေးပြီးပြီဖြစ်လို့ နောက်နောင် ဘာကိစ္စပဲရှိရှိ ကျွန်မတို့ဆီ လုံးဝ လာမပတ်သက်ရဘူးလို့ ရှင်းရှင်းလင်းလင်း ရေးထားရမယ်။ ဒီငွေကို ကျွန်မတို့ မိဘနဲ့ သမီး ဆက်ဆံရေးကို တစ်ခါတည်း အပြတ်ဖြတ်တဲ့ ငွေလို့ပဲ သတ်မှတ်လိုက်ပါ"

ကျန်းဖန့်တိနှင့် ကျန်းယင်းတိတို့က တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်လိုက်ကြသည်။

ဝေရှီနှင့် ကျန်းလောင်စန်းတို့ ရောက်လာကတည်းက သူတို့ အကြီးဆုံးအစ်မကို ကိုင်တွယ်ပြီးလျှင် နောက်တစ်လှည့်က သူမတို့အလှည့် ရောက်လာတော့မည်ကို သိထားကြသည်။ ဤမိဘနှစ်ပါးက အမြဲတမ်း ထိုအတိုင်းသာ ဖြစ်နေတတ်သည်။ သူတို့က သမီးများကို အထင်မြင်သေးတတ်သော်လည်း သမီးများဆီမှ ရနိုင်မည့် အကျိုးအမြတ်ကိုတော့ လုံးဝ လက်မလွှတ်ချင်ကြချေ။ ယခု အကြီးဆုံးအစ်မက သူမတို့အတွက်ပါ ဖြေရှင်းပေးလိုက်ပြီ ဖြစ်သောကြောင့် သူမတို့လည်း အခြားသူများ၏ စိတ်တိုင်းကျ ခြယ်လှယ်ခြင်းကို ခံရတော့မည် မဟုတ်ပေ။ ယခုအချိန်မှသာ သူမတို့ ညီအစ်မနှစ်ယောက် အမှန်တကယ် လွတ်လပ်ခွင့် ရရှိတော့မည် ဖြစ်သည်။

"လျန်ငါးဆယ်"

ကျန်းလောင်စန်းက မျက်မှောင်ကြုတ်ကာ ထပ်မံ စျေးဆစ်လိုက်သည်။

"လျန်သုံးဆယ်"

ကျန်းကျောက်တိက ထပ်တိုးပေးလိုက်သည်။

"လေးဆယ့်ရှစ်လျန်"

"နှစ်ဆယ့်ကိုးလျန်"

"နင်..."

ကျန်းကျောက်တိက သူမ၏ လက်ချောင်းလေးများကို ငုံ့ကြည့်ကာ ကစားနေလေသည်။ တစ်ချိန်က ကြမ်းတမ်းလှသော သူမ၏ လက်အစုံက ယခု ပြန်နူးညံ့ပျော့ပျောင်းလာခဲ့ပြီး အရေးအကြောင်းများပင် မရှိသလောက်ဖြစ်နေချေပြီ။ ဤအရာအားလုံးက သူမ၏ သမီးလေးကြောင့် ဖြစ်ပြီး ထိုကြောင့်လည်း သူမ ယခု ဤကဲ့သို့ ရဲရဲဝံဝံ ဈေးဆစ်နိုင်သည့် သတ္တိနှင့် ယုံကြည်မှုများ ရှိနေခြင်း ဖြစ်သည်။

အသာစီးရမှုက သူမ၏ လက်ထဲတွင် ရှိနေပြီဖြစ်ရာ သူမက ယခင်ကကဲ့သို့ သူတစ်ပါးထံ ဒူးထောက်ပြီး ကရုဏာထားပေးရန် တောင်းပန်ရမည့်သူ မဟုတ်တော့ချေ။

"လျန်သုံးဆယ်ဆိုလည်း လျန်သုံးဆယ်ပေါ့"

ကျန်းလောင်စန်းလည်း အခြားရွေးချယ်စရာ မရှိတော့သဖြင့် နောက်ဆုံး သဘောတူလိုက်ရသည်။

ယခုအချိန်တွင် ကျန်းကျောက်တိကို ထိန်းချုပ်ရန် အလွန်ခက်ခဲသွားပြီ ဖြစ်သည်။ အကယ်၍ သူတို့သာ သဘောမတူပါက ထိုသုံးဆယ်လျန်ပင် ရချင်မှ ရတော့မည် ဖြစ်သည်။

ကျန်းဖန့်တိ၊ သူမ၏ သမီးနှင့် ကျန်းယင်းတိတို့ အားလုံး၏ မျက်နှာတွင် ပျော်ရွှင်မှုများ ဖြတ်ပြေးသွားကြသည်။

ဤကဲ့သို့ လောဘကြီးလွန်းပြီး တစ်ဖက်သတ် ဆန်လှသော မိဘများကို အပြတ်ဖြတ်နိုင်သရွေ့ သူမတို့၏ ဘဝများ အေးချမ်းသာယာ သွားတော့မည် ဖြစ်သည်။

ကျန်းကျင့်က လက်ထဲမှ အပ်ကို ပြန်သိမ်းလိုက်သည်။

သူမ၏ အပြုအမူကို မြင်လိုက်ရသဖြင့် စူးယောင်ကွမ်းက ရယ်မောကာ လှမ်းမေးလိုက်သည်။

"အဲ့ဒီအပ်နဲ့သာ သူ့ကို စိုက်လိုက်ရင် သူ ဘာဖြစ်သွားမှာလဲ"

"ဘာမှ အများကြီး မဖြစ်ပါဘူး၊ သူ လေဖြတ်သွားပြီး တစ်သက်လုံး အိပ်ရာထဲကနေ မထနိုင်ရုံပါပဲ"

ကျန်းကျင့်က အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

"သူတပါးကိုပဲ နေ့တိုင်း ဒုက္ခပေးနေတဲ့ လူမျိုးက... ကိုယ်တိုင် ပြန်ဒုက္ခခံသင့်တာပေါ့"

ကျန်းလောင်စန်းနှင့် ဝေရှီတို့က လူအများ၏ ရှေ့မှောက်တွင် လက်ဗွေနှိပ်ကာ ငွေလျန်သုံးဆယ်ကို ယူဆောင်သွားကြပြီး ယခုအချိန်မှစ၍ သမီးသုံးယောက်လုံးနှင့် ပတ်သက်သမျှ သံယောဇဉ်အကြွင်းအကျန်အားလုံးကို အပြီးတိုင် ဖြတ်တောက်လိုက်ကြသည်။

"ဒီကျန်းလောင်စန်းက ရူးနေတာလား။ ငွေလျန်သုံးဆယ်ဆိုတာ များပြားတယ်လို့ ထင်ရပေမယ့် တကယ်လို့သာ သူက သမီးတွေနဲ့ အဆင်ပြေအောင် နေထိုင်မယ်ဆိုရင် သမီးတွေက သူ့ကို ဒီလို လျန်သုံးဆယ်မျိုး မရေမတွက်နိုင်အောင် ပေးကြမှာလေ"

ဘေးလူတစ်ဦးက ကဲ့ရဲ့လိုက်သည်။

"သူ မရူးပါဘူး၊ သူလည်း လိုချင်တာပေါ့။ ဒါပေမဲ့ တာဝန်ခံကျန်းကလည်း ဦးနှောက်မရှိတာမှ မဟုတ်တာ၊ ဒီလို အောက်ခြေမရှိတဲ့ တွင်းနက်ကြီးကို သူက ဘယ်လိုလုပ်ပြီး ဖြည့်ဆည်းပေးမှာလဲ"

"ငါ ကြားတာတော့ သူက ဒီနှစ်တွေတစ်လျှောက်လုံး သမီးသုံးယောက်လုံးကို တစ်ခါမှ လှည့်မကြည့်ခဲ့ဖူးဘူးတဲ့။ သမီးတွေ တစ်ယောက်ချင်းစီ ဘဝဆိုးတွေနဲ့ ရုန်းကန်နေရတာတောင် ဂရုမစိုက်ခဲ့ဘူးလေ။ သမီးတွေကို အိမ်ထောင်ချပေးတုန်းကလည်း တောင်းဆိုလိုက်တဲ့ တင်တောင်းငွေတွေက အဆမတန်များပြားခဲ့တာ။ အဲ့ဒီပိုက်ဆံတွေကို သားကို မိန်းမပေးဖို့နဲ့ အိမ်ဆောက်ဖို့အတွက်ပဲ သုံးခဲ့ပြီး သမီးတွေရဲ့ အသက်ရှင်သန်ရေးကိုတော့ လုံးဝ ပစ်ပယ်ထားခဲ့တာ"

"ခံရတာ တန်ပါတယ်လေ"

ကျန်းဖန့်တိက လက်ထဲမှ စာချုပ်ကို ကြည့်ရင်း ကျန်းကျောက်တိကို မေးနေရှာသည်။

"အကြီးဆုံးအစ်မ... ဒီကိစ္စက တကယ်ပဲ ဒီလောက် လွယ်လွယ်ကူကူနဲ့ ပြီးသွားတာလားဟင်"

"ငါတို့ဘက်က ရုံးတော်က အရာရှိတွေရဲ့ ကျောထောက်နောက်ခံ မရှိခဲ့ရင် သူတို့တွေ ခြံထဲအထိ ဝင်ပြီး တစ်နှစ်၊ နှစ်နှစ်လောက် ဒုက္ခပေးနေလည်း ငါတို့ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သာမန်ဆင်းရဲသားတွေက အရာရှိတွေကို ဘယ်လိုလုပ် ယှဉ်ရဲမှာလဲ၊ အရာရှိတွေကို မြင်ရင်ပဲ ကြောက်ဒူးတုန်နေကြတာလေ"

ကျန်းကျောက်တိက သတိပေးလိုက်သည်။

"နောက်တစ်ခါ သူတို့တွေ နင်တို့ဆီ လာပြီး ပြဿနာရှာရင်လည်း စိတ်ကို ပြတ်ပြတ်သားသား ထားကြ၊ သူတို့ကို လာပြီး ငွေညှစ်ဖို့ အခွင့်အရေး လုံးဝ မပေးနဲ့တော့"

"ဒါပေါ့... ကျွန်မတို့ ဘယ်ပေးပါ့မလဲ။ တကယ်လို့ သူတို့က ကျွန်မတို့ကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေရင်တောင် ကျွန်မတို့ရဲ့ ပိုက်ဆံတွေအားလုံးက အကြီးဆုံးအစ်မဆီမှာပဲ ရှိနေလို့ လိုချင်ရင် အစ်မဆီမှာပဲ သွားတောင်းလို့ ပြောလိုက်မယ်လေ"

"ဟဲ့... နင်က ဉာဏ်များလှချေလား၊ ပြဿနာတွေအားလုံးကို ငါ့ခေါင်းပေါ် ပုံချဖို့ ကြံနေတာပေါ့လေ... ဟုတ်လား"

ကျန်းကျောက်တိက ကျန်းဖန့်တိ၏ ပါးပြင်ကို ဆွဲလိမ်လိုက်သည်။

ထို့နောက် ကျန်းကျောက်တိက ကောင်တာနောက်မှ ရဲမက်ခေါင်းဆောင်ကို ငွေနှစ်လျန် တိုးတိုးတိတ်တိတ် ကမ်းပေးလိုက်ပြီး သူ၏ ညီနောင်များကို လက်ဖက်ရည် တိုက်ရန် ပြောလိုက်သည်။

ရဲမက်ခေါင်းဆောင်က ခဏတာမျှသာ လာရောက် ကြည့်ရှူပေးခဲ့ခြင်း ဖြစ်သောကြောင့် ဤငွေကို လက်ခံရန် အနည်းငယ် အားနာနေမိသည်။ သို့သော်လည်း တစ်ဖက်လူက အတင်းအကျပ် ပေးနေသဖြင့် သူလည်း မငြင်းဆန်တော့ချေ။

‘ဘာပဲဖြစ်ဖြစ် နောက်ကျရင် ထောင်ယောင်ဖန့်ကို ပိုပြီးတော့ ဂရုတစိုက် စောင့်ရှောက်ပေးရမယ်’

All Chapters