← Chapters

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း ၁၇၁ အလုပ်များလွန်း၍ သတိမထားမိခြင်း

ထောင်ယောင်ဖန့်၏ စီးပွားရေးက ဒီရေအလား တိုးတက်နေပြီး အလွန်အောင်မြင်နေသဖြင့် လူတိုင်း အလုပ်များနေကြသည်။

ယခုအချိန်တွင် ကျန်းကျင့်က အဓိကအားဖြင့် လူနာများကို ကြည့်ရှုပေးခြင်း၊ အထူးသဖြင့် အမျိုးသမီးရောဂါဝေဒနာရှင်များကို ကုသပေးခြင်းတို့ကို တာဝန်ယူထားရသည်။ မြို့ထဲမှ အမျိုးသမီးရောဂါဝေဒနာရှင် အားလုံးနီးပါးကလည်း ကျန်းကျင့်ထံတွင်သာ လာရောက်ကုသမှု ခံယူကြသည်။

စူးယောင်ကွမ်းက အမျိုးမျိုးသော လုပ်ငန်းများကို စီမံခန့်ခွဲရန် တာဝန်ယူထားရပြီး လတ်တလောမှ အသစ်ခေါ်ယူထားသည့် အမျိုးသမီးလက်ထောက်ငါးဦးကို ဦးဆောင်ကာ အရေးကြီးသော ဖောက်သည်များ၏ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းကို လုပ်ကိုင်နေခဲ့သည်။ သူမက ထိုအမျိုးသမီးများကို လေ့ကျင့်သင်ကြားပေးပြီးနောက် သူမတို့ထဲမှ အပါးနပ်ဆုံးတစ်ဦးကို တာဝန်ခံအဖြစ် ရွေးချယ်ကာ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးသည့် အလုပ်ကို လွှဲအပ်လိုက်သည်။ ကျန်းမိသားစုဝင် ညီအစ်မများကတော့ အသားအရေထိန်းသိမ်းမှု ထုတ်ကုန်များ ပြင်ဆင်ခြင်းလုပ်ငန်းကို တာဝန်ယူထားကြသည်။ ဤအရာက ထောင်ယောင်ဖန့်၏ အဓိက လျှို့ဝှက်ချက်ဖြစ်သောကြောင့် အခြားသူများ၏လက်ထဲသို့ လုံးဝ လွှဲပြောင်းပေး၍ မရချေ။ အလုပ်ကြမ်းများကို ကူညီလုပ်ကိုင်ပေးရန်အတွက် အမျိုးသားအကူသုံးယောက် ငှားရမ်းထားသော်လည်း ထိုအမျိုးသားသုံးဦးက လျှို့ဝှက်ဖော်စပ်နည်းများကို သိရှိခွင့်မရကြချေ။ အရေးကြီးသော လုပ်ငန်းအဆင့်ဆင့်ကို ကျန်းမိသားစုမှ ညီအစ်မများကသာ ကိုင်တွယ်လုပ်ဆောင်ကြသည်။ ကျားချွန်းနီက ကျန်းကျင့်ထံမှ ဆေးပညာအခြေခံများကို သင်ယူရင်း ကျန်းကျင့်၏ အကူအဖြစ် လုပ်ကိုင်ပေးနေသည်။

စူးယောင်ကွမ်းက တစ်ဆိုင်လုံး၏ အထွေထွေတာဝန်ခံဖြစ်သည့်အတွက် မည်သည့်နေရာတွင်မဆို သူမ၏အကူအညီ လိုအပ်နေပြီး အမြဲတမ်း အလွန်အမင်း အလုပ်ရှုပ်နေတတ်သည်။

"ယောင်ကွမ်း... ဝမ်ရှူ အိမ်ပြန်မလာတာ အတော်ကြာပြီနော်၊ လဝက်လောက်တောင် ရှိတော့မယ် ထင်တယ်"

ကျန်းကျောက်တိက ကုန်ပစ္စည်းများကို စစ်ဆေးနေရင်း လှမ်းမေးလိုက်သည်။

"နင် သူ့ဆီ သွားမကြည့်တော့ဘူးလား"

"သူ အလုပ်များနေတယ်"

စူးယောင်ကွမ်းက ပေသီးခုံကို လက်ဖြင့် ပွတ်သပ်ကစားရင်း ဆက်ပြောလိုက်သည်။

"ပြီးတော့ သမီးလည်း အလုပ်ရှုပ်နေတယ်"

"နင့်ဦးလေးကတော့ လာမယ့် တော်ဝင်စာမေးပွဲအတွက် ပြင်ဆင်နေရလို့ အလုပ်ရှုပ်နေတာ။ ငါတို့ ဝမ်ရှူက အဲ့ဒီလို စာပေလေ့လာဖို့အတွက် မွေးဖွားလာတာမှ မဟုတ်တာ၊ သူ ဒီလောက်အထိ အပင်ပန်းခံပြီး ကြိုးစားနေစရာ မလိုပါဘူး။ နင်ပဲ သူ့ကို ဖိအားတွေ ပေးနေတာလား။ ရှောင်းမျိုးရိုးရှိတဲ့ ဟိုကောင်က တော်ဝင်စာမေးပွဲ ဖြေတော့မှာဆိုတော့ လူတိုင်းက သူက ပါရမီရှိပြီး အောင်မှာ သေချာတယ်လို့ ပြောနေကြတယ်။ နင် ကျန်းရိဟွမ်းကို မရှုံးချင်လို့ ဝမ်ရှူကိုလည်း နေရာတစ်ခုခုရအောင် အတင်းအကျပ် စာမေးပွဲ ဖြေခိုင်းနေတာတော့ မဟုတ်ပါဘူးနော်။ ငါ ပြောပြမယ်... ငါက ငါ့ဘဝတစ်ဝက်လုံး ကျုံးလန်ဟွာနဲ့ နှိုင်းယှဉ်ပြီး ပြိုင်ဆိုင်လာခဲ့တာ၊ နင်လည်း ကျန်းရိဟွမ်းနဲ့ ပြိုင်ချင်ရင် ပြိုင်ဆိုင်လို့ရတယ်၊ ဒါပေမဲ့ ဝမ်ရှူကိုတော့ စာပေပညာရပ်မှာ ဟိုရှောင်းမျိုးရိုးကောင်နဲ့ သွားမပြိုင်ခိုင်းနဲ့။ စာသင်တာက လူတိုင်း လုပ်နိုင်တဲ့အရာ မဟုတ်ဘူးနော်။ တကယ်လို့ လူတိုင်းသာ စာတတ်ရင် လမ်းမပေါ်မှာ ပညာတတ်တွေနဲ့ အရာရှိတွေပဲ ပြည့်နှက်နေမှာပေါ့"

"ပြီးတော့ ငါတို့ ဝမ်ရှူက တော်တော်လေး လိမ္မာပါတယ်။ ကြည့်စမ်း... သူက ဘယ်လောက်တောင် သိတတ်ပြီး အေးအေးဆေးဆေး ရှိလဲ၊ ပါးစပ်ကလည်း ချိုလိုက်တာ၊ ပြီးတော့ အရေးကြီးတဲ့ အချိန်တွေကျရင်လည်း နင့်ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးသေးတယ်။ သူက နင့်ကို တစ်ခါမှ အထင်မသေးခဲ့ဖူးဘူး၊ အဲ့ဒါကြောင့် နင်ကလည်း သူ့ကို ဉာဏ်နှေးတယ်ဆိုပြီး အထင်မသေးသင့်ဘူး မဟုတ်လား"

စူးယောင်ကွမ်းတစ်ယောက် ကူကယ်ရာမဲ့နေသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

"အမေရယ်... သမီး သူ့ကို ဖိအားတွေလည်း မပေးခဲ့သလို အထင်လည်း မသေးပါဘူး။ သူကိုယ်တိုင်က လတ်တလောမှာ အလုပ်များနေလို့ စာသင်ကျောင်းမှာပဲ ဆက်နေချင်တယ်လို့ ပြောသွားတာပါ၊ သမီးက သူ့ရဲ့ စိတ်အားထက်သန်မှုကို သွားပိတ်ပင်လိုက်ရင် သူ အားလျော့သွားမှာ စိုးလို့ ဘာမှတောင် မပြောခဲ့ဘူး"

"အဲ့ဒါလည်း ဟုတ်တာပါပဲ။ သူ တိုးတက်ချင်စိတ်ရှိတာ ကောင်းပေမယ့် သူ့ကို ဖိအားတွေ အများကြီး ပေးလိုက်ရင် စိတ်ရူးပေါက်သွားနိုင်တယ်"

ကျန်းကျောက်တိက စူးယောင်ကွမ်း၏ လက်ထဲမှ ပေသီးခုံကို လုယူလိုက်ရင်း ထပ်ပြောနေပြန်သည်။

"အခု ချက်ချင်း စာသင်ကျောင်းကို သွားပြီး ဝမ်ရှူကို သွားရှာစမ်း၊ သူ့ကို အပြင်ခေါ်ပြီး လေကောင်းလေသန့် ပေးရှူဦး၊ တစ်နေကုန် ကျောင်းထဲမှာပဲ အောင်းမနေခိုင်းနဲ့၊ မဟုတ်ရင် ဒီလောက် ရုပ်ချောတဲ့ လူငယ်လေးက အရူးတစ်ယောက် ဖြစ်သွားလိမ့်မယ်"

"အမေ... သမီး စာရင်းတွေ တွက်လို့ မပြီးသေးဘူးလေ"

ကျန်းယင်းတိက ဝင်ပြောလိုက်သည်။

"ငါပဲ ဆက်တွက်ပေးလိုက်မယ်၊ နင် ဝမ်ရှူဆီ သွားပြီး အဖော်လုပ်ပေးလိုက်ပါ"

"ဟုတ်ကဲ့... ဒါဆို သမီး သွားပြီနော်"

"နင် ဘယ်သွားမလို့လဲ"

ကျန်းကျောက်တိက အိမ်ပြင်ထွက်ရန် ပြင်နေသော သူမကို လှမ်းအော်မေးလိုက်သည်။

"အမေပဲ သူ့ဆီ သွားကြည့်ဦးဆိုလို့ သမီး အခု သွားမလို့လေ"

ကျန်းကျောက်တိက သမီးဖြစ်သူကို မျက်စောင်းထိုးလိုက်ပြီး ဆူပူလိုက်သည်။

"နင် သူများတွေကိုကျတော့ ပြင်ပေး ဆင်ပေးတတ်ပြီး နင့်ကိုယ်နင်ကျတော့ ဘာလို့ ဒီလောက် စုတ်ပြတ်သတ်နေရတာလဲ"

"သမီးက ဘာဖြစ်နေလို့လဲ"

စူးယောင်ကွမ်းက သူမ၏ လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ပြလိုက်သည်။

ကျန်းမိသားစုဝင် ညီအစ်မသုံးယောက်လုံးက တစ်ပုံစံတည်းတူသော မျက်နှာများဖြင့် တစ်ပြိုင်နက်တည်း ခေါင်းခါယမ်းလိုက်ကြပြီး သူမတို့၏ မျက်နှာအမူအရာများကလည်း လေးနက်တည်ကြည်သွားကြသည်။

"ချွန်းနီ... ကျင့်အာ... သူ့ကို အထဲခေါ်သွားပြီး ပြင်ဆင်ပေးလိုက်ကြစမ်း"

ကျန်းကျောက်တိက လက်ဝှေ့ယမ်းကာ သူမ၏ လက်ရုံးနှစ်ယောက်ကို ရှေ့သို့ လွှတ်လိုက်သည်။

စူးယောင်ကွမ်းလည်း ညီမနှစ်ယောက်၏ ဖမ်းဆီးချုပ်ကိုင်ခြင်းကို ခံလိုက်ရသည်။

တစ်ရှီးချန်ခန့် ကြာပြီးနောက်တွင်တော့ ဆံပင်ပုံစံအသစ်၊ ဆံထိုးအသစ်များနှင့်အတူ နူးညံ့လှပသော မက်မွန်ပွင့်လေးသဖွယ် လိမ်းခြယ်ထားသည့် မိန်းကလေးတစ်ဦး တံခါးပြင်ပသို့ တွန်းထုတ်ခြင်း ခံလိုက်ရသည်။ အတွန်းခံလိုက်ရသည့် အရှိန်ကြောင့် သူမ၏ ခြေလှမ်းများပင် ယိုင်သွားပြီး မလဲကျစေရန် ဘေးနားရှိ တံခါးဘောင်ကို အမြန်လှမ်းကိုင်လိုက်ရသည်။

ထိုအချိန်တွင် လက်တစ်ဖက်က တံခါးဘောင်ပေါ် ရောက်လာပြီး လှပစွာ ဆေးခြယ်ထားသော စူးယောင်ကွမ်း၏ လက်သည်းလေးများရှိသည့် လက်ကို တံခါးပေါ်မှ အတင်းခွာလိုက်ပြီး တံခါးကို ပိတ်ပစ်လိုက်သည်။

"ယောင်ကွမ်း... မွေးစားအမေက ဒီနေ့ နင် ခက်ခက်ခဲခဲ အလုပ်နားရတဲ့ရက်မလို့ ဝမ်ရှူနဲ့ အတူတူ အချိန်ဖြုန်းပါတဲ့။ အိမ်ပြန်ဖို့ မလောနဲ့နော်။ နင့်အတွက် ညစာ ချက်မထားဘူး၊ အပြင်မှာပဲ တစ်ခါတည်း စားခဲ့တော့"

စူးယောင်ကွမ်း : "..."

စူးယောင်ကွမ်းတစ်ယောက် စာသင်ကျောင်းသို့ ရောက်ရှိသွားချိန်တွင် တံခါးစောင့် အဖိုးအိုက ကျိုးဝမ်ရှူတစ်ယောက် ခုလေးတင် အပြင်ထွက်သွားကြောင်း ပြောပြခဲ့သည်။ စူးယောင်ကွမ်းလည်း အဖိုးအိုကို ကျေးဇူးတင်စကားဆိုကာ လမ်းမပေါ်တွင် တစ်ယောက်တည်း လျှောက်လည်နေခဲ့သည်။ လမ်းချိုးတစ်ခုအရောက်တွင်တော့ လက်ထဲ၌ မီးပုံးလေးတစ်ခုကို ကိုင်ဆောင်ထားသော ကျန်းကျီချမ့်နှင့် ထိပ်တိုက် တိုးမိသွားသည်။

ကျန်းကျီချမ့်က အပြုံးဖြင့် နှုတ်ဆက်နေသည်။

"ကျွန်တော် မင်းကို မမှတ်မိလုနီးပါးပဲ"

စူးယောင်ကွမ်းက အနည်းငယ် ရှက်သွားပြီး သူမ၏ ပါးပြင်ကို ကိုင်ကာ ပြန်မေးလိုက်သည်။

"ကြည့်ရတာ ထူးဆန်းနေလို့လားဟင်"

"မဟုတ်ပါဘူး၊ အရမ်း လှတယ်။ ကျွန်တော်က သူဌေးစူးကို ဒီလိုပုံစံမျိုးနဲ့ တစ်ခါမှ မမြင်ဖူးလို့ ချက်ချင်း မမှတ်မိတာပါ"

ကျန်းကျီချမ့်က ဆက်ပြောနေသေးသည်။

"အခုက ညနေစာစားရမယ့် အချိန်ပဲ။ မင်း စားပြီးပြီလား"

"ကျွန်မ ဘာမှ မစားရသေးပေမယ့် ဒီနေ့က တစ်ယောက်တည်းမလို့ ရှင်တို့ကျန်းမိသားစုရဲ့ စားသောက်ဆိုင်ကို သွားပြီး အားမပေးတော့ဘူးနော်။ လမ်းဘေးဆိုင်လေးတစ်ခုမှာပဲ တစ်ခုခု ဝင်စားမလို့ စိတ်ကူးထားတာ"

"တကယ်ကို တိုက်ဆိုင်တာပဲ၊ ကျွန်တော်လည်း ဒီနေ့ လမ်းဘေးဆိုင်မှာပဲ စားချင်နေတာ။ တကယ်လို့ သူဌေးစူးအနေနဲ့ အဖော်တစ်ယောက် ပါလာတာကို စိတ်မရှိဘူးဆိုရင် ကျွန်တော်တို့ အတူတူ သွားကြမလား"

"စိတ်မရှိပါဘူး၊ ဒါနဲ့ ရှင်က ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ"

"ကျွန်တော်က စိတ်အပန်းဖြေဖို့နဲ့ လေကောင်းလေသန့် လာရှူတာပါ။ လတ်တလောမှာ ကျန်းမိသားစု စားသောက်ဆိုင်က ဟင်းလျာအသစ်တွေ တီထွင်ဖို့ ကြိုးစားနေတာ အဆင်မပြေဖြစ်နေလို့လေ။ အိမ်ထဲမှာပဲ အမြဲအောင်းနေရင် မကောင်းဘူး ထင်တာနဲ့ အပြင်ထွက်ပြီး လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်တာ"

"ရှင်တို့ဆိုင်က ဟင်းလျာတွေက အရသာ အရမ်းထူးခြားပြီးသားဆိုတော့ အရသာအသစ်တွေ ထပ်ပြီး ဖန်တီးဖို့ ကြိုးစားတဲ့အခါမှာ အခက်အခဲရှိတာ သဘာဝကျပါတယ်၊ ရှင်တို့အနေနဲ့ ကျွန်မတို့ဆိုင်လိုမျိုး တခြားရှုထောင့်တွေကနေ ခွဲထွက်ပြီး စဉ်းစားကြည့်လို့ ရတာပဲ။ ကျွန်မတို့ဆီမှာ အရေပြားထိန်းသိမ်းမှုအတွဲလိုက်တွေနဲ့ မျက်နှာချေအတွဲလိုက်တွေ ရှိသလိုမျိုး ရှင်တို့လည်း မတူညီတဲ့ ဟင်းလျာတွေကို အခြေခံပြီး ဟင်းပွဲအတွဲလေးတွေ ဖန်တီးလို့ ရတာပဲလေ။ ဥပမာ ပုံမှန်ဆိုရင် ဟင်းဆယ်ပွဲမှာ တစ်ပွဲကို ငွေနှစ်လျန်စီ ကုန်ကျမယ်ပဲထား၊ ဒါပေမဲ့ အဲ့ဒါကို ဟင်းပွဲအတွဲလိုက်အဖြစ် လုပ်လိုက်ရင် ကြေးပြားနှစ်ရာလောက် ဈေးလျှော့ပေးလိုက်ပေါ့။ ဧည့်သည်တွေက အစပိုင်းမှာ ဟင်းငါးပွဲပဲ မှာချင်တာ ဖြစ်နိုင်ပေမယ့် ရှင်တို့ရဲ့ ဟင်းပွဲအတွဲလိုက်က ပိုပြီး ဈေးသက်သာနေတော့ သူတို့အတွက် ပိုတန်တယ်လို့ ခံစားရပြီး အဲ့ဒီအတွဲလိုက်ကိုပဲ တိုက်ရိုက်မှာ ယူကြလိမ့်မယ်။ ဒီနည်းလမ်းနဲ့ဆိုရင် ရှင်တို့ရဲ့ ဟင်းပွဲတွေလည်း အမြန်ရောင်းထွက်သွားမယ်၊ စားတဲ့သူတွေလည်း စိတ်ကျေနပ်မှုရရှိပြီး နောက်တစ်ခါကျရင် ရှင်တို့ဆိုင်ကို လူတွေ ပိုပြီး ခေါ်လာကြလိမ့်မယ်လေ"

"သူဌေးစူးက တကယ်ကို ထက်မြက်လွန်းတာပဲ။ ကျွန်တော် ဘာလို့ ဒီလို အကြံဉာဏ်မျိုးကို မတွေးမိခဲ့ပါလိမ့်"

ကျန်းကျီချမ့်က ဝမ်းသာအားရဖြင့် ကျေးဇူးတင်နေလေသည်။

"သူဌေးစူးကတော့ တကယ်ကို ကျွန်တော့်ရဲ့ ကျေးဇူးရှင်ပါပဲ"

ကျိုးဝမ်ရှူက တစ်ဖက်တွင် ရပ်နေပြီ သူ့လက်နှစ်ဖက်ကို ရင်ဘတ်ပေါ် ကြက်ခြေခတ် ယှက်ထားကာ ဝမ်တွန်ဆိုင်လေးတွင် ထိုင်နေကြသော စူးယောင်ကွမ်းနှင့် ကျန်းကျီချမ့်တို့ကို အလွန်အမင်း မကျေမနပ်ဖြစ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

စူးယောင်ကွမ်းက တစ်ခုခုကို သတိပြုမိသွားသဖြင့် လှည့်ကြည့်လိုက်ရာ ကျိုးဝမ်ရှူ၊ ချန်ပုယွိနှင့် အခြားသူများကို တွေ့လိုက်ရသဖြင့် အံ့ဩတကြီး လှမ်းမေးလိုက်သည်။

"ရှင်တို့ ဒီကို ဘာလာလုပ်ကြတာလဲ"

"ကျွန်‌တော်တို့ လူတစ်ယောက်နဲ့ ချိန်းထားလို့ အပြင်မှာ ထမင်းလာစားရင်း အမှတ်မထင် ဆုံကြတာလေ"

ချန်ပုယွိက ကျိုးဝမ်ရှူကို ဆွဲခေါ်လာရင်း ထပ်ပြောနေသေးသည်။

"ဒီမှာ လာဆုံရတာ တကယ်ကို တိုက်ဆိုင်တာပဲ"

ချန်ပုယွိနှင့် ကျုံးချူရှန်းတို့က ကျန်းကျီချမ့်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ဝင်ထိုင်လိုက်ကြပြီး စူးယောင်ကွမ်း၏ ဘေးနားရှိ ထိုင်ခုံကိုတော့ ကျိုးဝမ်ရှူအတွက် ချန်ထားပေးလိုက်ကြသည်။

"ဆိုင်ရှင်... ဝမ်တွန်သုံးပွဲ ပေးပါဦး"

ကျုံးချူရှန်းက ကျန်းကျီချမ့်၏ ပုခုံးကို လက်မောင်းဖြင့် သိုင်းဖက်လိုက်ပြီး အပြုံးဖြင့် ပြောနေလေသည်။

"ဒါနဲ့ ပြောရဦးမယ်။ သူဌေးကျန်းက ကျွန်တော်တို့ထက် အသက်သိပ်မကြီးပေမယ့် ကြည့်စမ်းပါဦး။ ခင်ဗျားရဲ့ စီးပွားရေးက ဘယ်လောက်တောင် ကြီးမားလိုက်သလဲ၊ ခင်ဗျားက ကျွန်တော်တို့ထက် အများကြီး ပိုသာပါတယ်။ ဒါနဲ့ သူဌေးကျန်း... ခင်ဗျား ဘာလို့ အခုထိ အိမ်ထောင်မပြုသေးတာလဲ"

"အိမ်ထောင်ပြုတယ်ဆိုတာ ဘဝအတွက် အရေးကြီးတဲ့ ကိစ္စကြီးလေ၊ ပေါ့ပေါ့တန်တန် သဘောထားလို့ ဘယ်ရပါ့မလဲ။ ကျွန်တော်က ကြုံသလို မိန်းကလေးတစ်ယောက်ကို ယူဖို့ စိတ်ကူးမရှိဘူး၊ ကျွန်တော် တကယ်ချစ်မိမယ့်သူကိုပဲ ရှာပြီး လက်ထပ်ချင်တာ"

ကျန်းကျီချမ့်က ပြောပြောဆိုဆိုနှင့် စူးယောင်ကွမ်းဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး သူ့မျက်ဝန်းများထဲတွင် စိုးရိမ်တုန်လှုပ်မှု အရိပ်အယောင်တချို့ ဖြတ်ပြေးသွားခဲ့သည်။

"ကျွန်တော် ကြားတာတော့ ခင်ဗျားနဲ့ ခင်ဗျားရဲ့ မရီးက..."

"ညီလေးကျုံး... အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောပါနဲ့။ ကျွန်တော့်မရီးနဲ့ ကျွန်တော်အစ်ကိုက အရမ်းကို သံယောဇဉ်ကြီးခဲ့ကြတာပါ။ ကျွန်တော့်အစ်ကို အသတ်ခံလိုက်ရပြီးနောက်ပိုင်းမှာ မရီးက သူ့နောက်ကန လိုက်သေဖို့ လုပ်ခဲ့တာပါ၊ ဒါပေမဲ့ မရီးရဲ့ ဝမ်းဗိုက်ထဲမှာ ကျန်ရစ်ခဲ့တဲ့ ကလေးလေးကြောင့်သာ မရီး အခုထိ အသက်ဆက်ရှင်နေခဲ့တာ။ အပြင်က ထွက်နေတဲ့ ကောလာဟလတွေဆိုတာ မရီးကို လက်ထပ်ဖို့ ကမ်းလှမ်းပြီး အငြင်းခံလိုက်ရတဲ့ လူယုတ်မာတွေက မနာလိုလို့ လျှောက်ဖြန့်နေကြတာတွေပါ။ လူပြောသူပြော ကင်းအောင်လို့ မရီးက အခုလည်း ကလေးမွေးဖို့အတွက် သူ့ရဲ့ မိဘတွေအိမ်ကို ပြန်သွားပြီ။ မရီးဆိုတာ မိခင်နဲ့ အတူတူပါပဲ၊ ကျွန်တော့်မျက်လုံးထဲမှာတော့ မရီးအပေါ် လူကြီးမိဘတစ်ယောက်လို ရိုသေလေးစားတဲ့ စိတ်ပဲ ရှိပါတယ်"

ကျန်းကျီချမ့်က တည်တည်တံ့တံ့ဖြင့် သေသေချာချာ ပြန်ရှင်းပြနေသည်။

All Chapters