← Chapters

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂ သဝန်တိုမှု

စူးယောင်ကွမ်းက ဘေးနားမှ ဝင်ပြောလိုက်သည်။

"ကျွန်မ စောစောကတင် စာသင်ကျောင်းကို သွားခဲ့သေးတယ်၊ တံခါးစောင့်အဖိုးက ဝမ်ရှူ ခုနလေးတင် ထွက်သွားတယ်လို့ ပြောလိုက်တယ်။ ရှင်တို့က သူ့ကို အပြင်ခေါ်ပြီး ထွက်လည်ကြတာပေါ့လေ"

ကျန်းကျီချမ့်နှင့် သူ၏မရီးကိစ္စက သူတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စသာ ဖြစ်သည်။ သူတစ်ပါး၏ သီးသန့်ကိစ္စကို ဤမျှ ရုတ်တရက်ကြီး ဆက်ပြောနေပါက ယဉ်ကျေးမှုမရှိရာ ကျသဖြင့် သူမက လမ်းကြောင်းလွှဲလိုက်ခြင်းပင်။

ကျိုးဝမ်ရှူကတော့ စူးယောင်ကွမ်း၏ ဝမ်တွန်ပန်းကန်ကို လှမ်းယူလိုက်ပြီး ကြက်သွန်မြိတ်များကို ဖယ်ပေးနေသည်။

"အစ်ကိုကျိုး... မင်း ဘာလုပ်မလို့လဲ"

"တစ်ယောက်ယောက်က ဇီဇာကြောင်တော့ ကြက်သွန်မြိတ် မစားဘူးလေ၊ အပြင်လူတွေ ရှိနေရင်လည်း ကိုယ့်ဘာသာ ဖယ်ထုတ်ဖို့ ရှက်တတ်သေးတယ်”

လူတိုင်းက စူးယောင်ကွမ်းကို နောက်ပြောင်ချင်သော မျက်လုံးများဖြင့် ဝိုင်းကြည့်လိုက်ကြသည်။

စူးယောင်ကွမ်းက စားပွဲအောက်မှ ကျိုးဝရှူ၏ ခြေထောက်ကို လှမ်းကန်လိုက်ပြီး သူ့ဘေးသို့ ပိုတိုးကပ်ကာ မေးခွန်းထုတ်လိုက်သည်။

“ငါ့မှာရော သိက္ခာဆိုတာ မရှိတော့ဘူးလား”

"မကြိုက်ရင်လည်း မကြိုက်ဘူးပေါ့၊ အပေါ်ယံ ဂုဏ်သိက္ခာဆိုတာကြီးအတွက်နဲ့ ဘာလို့ ခင်ဗျားကိုယ်ခင်ဗျား နှိပ်စက်နေမှာလဲ"

ကျိုးဝမ်ရှူက ကြက်သွန်မြိတ်များကို အကုန်ဖယ်ပြီးနောက် ပန်းကန်ကို သူမရှေ့သို့ ပြန်ချပေးလိုက်သည်။

"စားတော့"

ကျန်းကျီချမ့်က ထိုနှစ်ယောက်ကို ကြည့်ပြီး လှမ်းပြောလိုက်သည်။

"မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တကယ်ကောင်းတာပဲ"

"သူတို့က လင်မယားတွေလေ... ဆက်ဆံရေးကောင်းတာ ပုံမှန်ပဲပေါ့"

ကျုံးချူရှန်းက ဝင်ပြောလိုက်သည်။

"လင်မယားချင်း ဆက်ဆံရေး မကောင်းရင် ဘယ်သူနဲ့သွားပြီး ကောင်းရမှာလဲ"

"ဒါပေမဲ့ ကျွန်တော် မှတ်မိသလောက်တော့... ညီလေးကျိုးနဲ့ သူဌေးစူးတို့ ပြောတာကို ကျွန်တော် ကြားခဲ့ဖူးတယ်၊ သူတို့နှစ်ယောက်က နာမည်အရသာ လင်မယားဖြစ်ပြီး တကယ်တော့ မောင်နှမတွေလိုပဲ နေကြတာဆို"

ကျန်းကျီချမ့်က ပြန်ရှင်းပြလိုက်သည်။

"ခင်ဗျား ဘယ်တုန်းက ကြားတာလဲ၊ ဘယ်သူပြောလဲ၊ ကျွန်တော်တို့ကိုယ်တိုင် ခင်ဗျားကို ပြောပြခဲ့တာလား"

ကျိုးဝမ်ရှူက မျက်ခုံးတစ်ဖက် ပင့်လိုက်ရင်း ပြန်မေးလိုက်သည်။

ကျန်းကျီချမ့်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ပြန်ဖြေလာခဲ့သည်။

"ကျွန်တော်က တမင် ချောင်းနားထောင်တာ မဟုတ်ပါဘူး၊ သူဌေးစူးဆီ လာလည်တုန်းက မင်းတို့ စကားပြောနေတာကို အမှတ်မထင် ကြားလိုက်ရရုံပါ"

"အဲ့ဒါက ချောင်းနားထောင်တာနဲ့ ဘာကွာလို့လဲ"

ကျိုးဝမ်ရှူက ထပ်ခနဲ့နေသေးသည်။

"သူဌေးကျန်းကလည်း စပ်စုချင်စိတ် ရှိတယ်လား"

စူးယောင်ကွမ်းက ထိန်းပေးသည့်အနေဖြင့် ဝင်ပြောလိုက်သည်။

"ဝမ်ရှူနဲ့ ကျွန်မက အမြဲတမ်း ပွင့်ပွင့်လင်းလင်း ရှိပြီး နောက်ပြောင်ရတာ ကြိုက်ကြလို့ပါ၊ ဝမ်တွန်တွေ ပွကုန်တော့မယ်။ မြန်မြန် စားကြရအောင်"

သူတို့လူစု ဝမ်တွန်များကို စားသောက်ပြီးနောက်တွင် ကျုံးချူရှန်းက စပြောလိုက်သည်။

"သူဌေးကျန်း... ကျွန်တော် ခင်ဗျားနဲ့ စီးပွားရေးလေးတစ်ခု ဆွေးနွေးချင်လို့"

"ပြောပါ... သခင်လေးကျုံး"

"ဒီနေရာက ဆူညံလွန်းတယ်။ သေသေချာချာ ရှင်းပြလို့ မရဘူး၊ ခင်ဗျားရဲ့ ဆိုင်ကိုပဲ သွားကြမယ်လေ။ လာပါ... ခင်ဗျားကို အရက်ပါ တစ်ခါတည်း တိုက်မယ်။ အစ်ကိုဝမ်ရှူ... မင်းကတော့ မင်းမိန်းမကို ခေါ်ပြီး လမ်းလျှောက်လိုက်ဦးနော်၊ ငါတို့ မင်းကို အဖော်မလုပ်ပေးတော့ဘူး"

ချန်ပုယွိကလည်း ကျန်းကျီချမ့်၏ ပုခုံးကို လှမ်းဖက်လိုက်သည်။

"ဟုတ်တယ်... ကျွန်တော်တို့နဲ့ သူဌေးကျန်းက မိတ်ဟောင်း‌ဆွေဟောင်းတွေပဲ။ ဒီနေ့ ဒီမှာ ဆုံတုန်း အရက်သောက်ရင်း အတိတ်အကြောင်းတွေ ပြောကြမယ်၊ ပြီးတော့ စီးပွားရေးကိစ္စလည်း ဆွေးနွေးကြမယ်"

ကျိုးဝမ်ရှူက ဝမ်တွန်ဖိုး ရှင်းလိုက်ပြီး စူးယောင်ကွမ်းကို ဆွဲခေါ်ကာ အရင် ထွက်သွားတော့သည်။

"ဒါဆို ငါတို့ သွားပြီနော်"

စူးယောင်ကွမ်းက ကျန်းကျီချမ့်တို့ ထွက်သွားသည့်ဘက်သို့ လှည့်ကြည့်လိုက်သေးသည်။

"သူတို့တောင် အဝေးကြီး ရောက်သွားပြီ...ခင်ဗျားက ဘာလို့ လှည့်ကြည့်နေသေးတာလဲ"

"နင် အိမ်မပြန်တာ လဝက် ရှိနေပြီ ငါကတော့ နင် တကယ်ပဲ အလုပ်ရှုပ်နေတယ် ထင်ထားတာ။ တကယ်တော့ နင်က သူတို့နဲ့ လျှောက်လည်ဖို့ အချိန်ရှိပြီး အိမ်ပြန်ဖို့ကျ အချိန်မရှိဘူးပေါ့လေ ဟုတ်လား"

ကျိုးဝမ်ရှူက စူးယောင်ကွမ်းနှင့် ပိုနီးအောင် တိုးကပ်ရင်း မေးလိုက်ပြန်သည်။

"ကျွန်တော် အိမ်ပြန်တာ မပြန်တာကို ခင်ဗျားက တကယ်ဂရုစိုက်လို့လား"

"နင်က ငါ့မောင်လေးလေ... နင် အိမ်ပြန်တာ မပြန်တာကို ငါ ဂရုစိုက်ရမှာပေါ့။ နင် စာမကြိုးစားရင်လည်း နေပါ၊ ပညာရေးရော သိုင်းပညာမှာပါ ဘာတစ်ခုမှ ထူးချွန်မနေရင်လည်း ထားလိုက်တော့... ဒါပေမဲ့ ကျန်းမာရေးတော့ ကောင်းရမယ်လေ။ နင် အစားကောင်းကောင်းစားပြီး အိပ်ရေးဝဝ အိပ်ရဲ့လားဆိုတာ ငါ လာကြည့်တာ"

ကျိုးဝမ်ရှူ၏ နှုတ်ခမ်းအစုံက အသာအယာ ကွေးညွတ်သွားပြီး တိုးတိုးလေး ပြန်ပြောနေသည်။

"ခင်ဗျားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"

'ငါက တကယ်ပဲ အဲ့လောက်တောင် ညံ့ဖျင်းနေတာလား... သူမရဲ့ မျက်လုံးထဲမှာတော့ ငါက စာလည်းမတတ်၊ သိုင်းလည်းမတတ်တဲ့ အသုံးမကျတဲ့လူတစ်ယောက် ဖြစ်နေတာပဲ'

ကျိုးဝမ်ရှူက လမ်းတစ်ဖက်ရှိ မီးပုံးများကို လက်ညှိုးထိုးပြရင်း ပြောလိုက်ပြန်သည်။

"ကျွန်တော် ဟိုမီးပုံးလေး လိုချင်တယ်"

"ဒါဆိုလည်း ဝယ်လိုက်လေ"

"ကျွန်တော့်ပိုက်ဆံတွေ အကုန်လုံး ဝမ်တွန်ဖိုး ရှင်းလိုက်ရလို့... ကုန်သွားပြီ"

စူးယောင်ကွမ်းက သူမ၏ ပိုက်ဆံအိတ်ကို ထုတ်ကာ သူ့လက်ထဲသို့ ထည့်ပေးလိုက်ရင်း တိုက်တွန်းလိုက်သည်။

"ဝယ်လိုက်... အခု ငါတို့မှာ ပိုက်ဆံ မပြတ်လပ်တော့ဘူး"

ကျိုးဝမ်ရှူက ပိုက်ဆံအိတ်ကို သူ့လက်ဖြင့် ချိန်ဆကြည့်နေပြီးမှ ချီးကျူးလိုက်သည်။

"ခင်ဗျား ဒီလို သဘောထားကြီးတာကို ကျွန်တော် တကယ်သဘောကျတယ်"

ကျိုးဝမ်ရှူ မီးပုံးသွားဝယ်နေစဉ်အတွင်း စူးယောင်ကွမ်းက သကြားရုပ်သည်၏ ဆိုင်ရှေ့တွင် ရပ်နေပြီး သူမဘာသာ သကြားရုပ် လုပ်ကြည့်ရမလားဟု တွေးကာ ဆိုင်ရှင်နှင့် ဆွေးနွေးနေခဲ့သည်။ ဆိုင်ရှင်က သဘောတူသဖြင့် သူမ စတင်လုပ်ကိုင်နေခဲ့သည်။

သူမ သကြားရုပ်နှစ်ရုပ် လုပ်လိုက်ပြီး ဝါးနှီးချောင်းလေးများဖြင့် ထိုးကာ ကောက်ယူပြီး ပြန်လှည့်လိုက်သည့်အချိန်မှာပင် ရှောင်းယန်ချီနှင့် ကျန်းရိဟွမ်းတို့ကို မြင်လိုက်ရသည်။ ထိုနှစ်ယောက်ကလည်း သကြားရုပ်ဆိုင်ရှေ့သို့ ရောက်လာကြခြင်းဖြစ်ပြီး မျက်နှာချင်းဆိုင် တည့်တည့် ဆုံမိသွားကြသည်။

ရှောင်းယန်ချီက စူးယောင်ကွမ်းလက်ထဲရှိ သကြားရုပ်များကို မြင်သွားခဲ့သည်။ သကြားရုပ်တစ်ရုပ်က သူမနှင့် တူနေပြီး နောက်တစ်ရုပ်က ကျိုးဝမ်ရှူနှင့် တူနေသည်။ ထိုအရာက ယခင်က သူမ သူ့အတွက် သကြားရုပ်များ လုပ်ပေးခဲ့ဖူးကြောင်းကို ပြန်လည်အမှတ်ရသွားစေသော်လည်း ထိုစဉ်က သူက ကလေးကလားနိုင်လွန်းသည်ဟု ထင်သဖြင့် လွှင့်ပစ်ခဲ့ဖူးသည်။

စူးယောင်ကွမ်းက ထိုလူနှစ်ယောက်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး သူတို့ဘေးမှ ကျော်ဖြတ်ကာ မီးပုံးတစ်လုံး ကိုင်ဆောင်လာသည့် ကျိုးဝမ်ရှူထံသို့ ပြေးသွားလိုက်သည်။

"ဒါလေးကို ကြည့်ဦး"

ကျိုးဝမ်ရှူက သူမလက်ထဲရှိ သကြားရုပ်ကို ကြည့်ကာ မကြိုက်သည့်ပုံစံဖြင့် ကဲ့ရဲ့လိုက်သည်။

"အရမ်း ရုပ်ဆိုးတာပဲ"

ထိုစကားကြောင့် ရှောင်းယန်ချီ၏ မျက်ဝန်းများထဲတွင် သရော်လှောင်ပြောင်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

'တွေ့လား... တခြားလူဆိုရင်တောင်မှ မင်းရဲ့ လုပ်ရပ်တွေကို စက်ဆုပ်ရွံရှာကြတာပဲ'

‘မင်းက ဘယ်လို့ နားလည်နိုင်မှာလဲ’

'အမျိုးသားတွေက ဟွမ်းအာလို နူးညံ့သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေကိုပဲ ပိုသဘောကျကြတာ၊ အလုပ်ပဲ လုပ်တတ်ပြီး နူးညံ့မှုကို နားမလည်တဲ့ မိန်းမကြမ်းတွေကို မကြိုက်ကြဘူး'

"အဲ့ဒါက တစ်စုံတစ်ယောက်က ရုပ်ဆိုးနေလို့ ဒီလိုပဲ ပုံဖော်လို့ရတာလေ"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ ငေါ့တော့တော့ စကားကို လျစ်လျူရှုလိုက်ရင်း ကျိုးဝမ်ရှူလေး၏ လက်မောင်းကို ကိုက်စားလိုက်သည်။

"ခင်ဗျား စားလိုက်ပြီလား"

ကျိုးဝမ်ရှူက မကျေမနပ်ဖြင့် အော်မေးနေပြန်သည်။

"ခင်ဗျား ကျွန်တော်နဲ့တူအောင် တမင်လုပ်ပြီး စားပစ်ဖို့ ကြံစည်ထားတာပေါ့ ဟုတ်လား"

"ဒါက သကြားရုပ်လေ... စားဖို့ လုပ်ထားတာပေါ့၊ မစားရင် အလှဆင်ဖို့ သုံးရမှာလား"

စူးယောင်ကွမ်းက အားပါးတရ စားရင်း ပြန်ပြောလိုက်သည်။

"အခု မစားရင် ခဏနေ အရည်ပျော်သွားလိမ့်မယ်၊ နှမြောစရာကြီး"

ကျိုးဝမ်ရှူက သူမလက်ထဲမှ နောက်ထပ်သကြားရုပ်တစ်ရုပ်ကို ဆွဲလုလိုက်ပြီး ခေါင်းကို ကိုက်ကာ ဝါးစားရင်း ပြန်ပြောလိုက်သည်။

"ခင်ဗျားပြောတာ မှန်တယ်... အရည်ပျော်သွားရင် နှမြောစရာကြီး၊ စားပစ်လိုက်တာပဲ ကောင်းတယ်"

"နင် ငါ့ခေါင်းကို ကိုက်စားရဲတယ်ပေါ့... ဒါက ငါ့ခေါင်းလေးနော်"

"ဟဲ ဟဲ... ဒါက သကြားရုပ်လေ၊ အရည်ပျော်အောင် ထားလိုက်တာထက် စားပစ်လိုက်တာက ပိုကောင်းတယ်ဆို။ ပြီးတော့ ခင်ဗျားရဲ့ ခေါင်းက အရမ်းကြီးတာ... ကျွန်တော် ကိုက်ချင်ရင်တောင် ကိုက်လို့ရမှာ မဟုတ်ပါဘူး"

"ကျိုးဝမ်ရှူ... နင်ကတော့... အရိုက်ခံချင်နေပြီ ထင်တယ်"

စူးယောင်ကွမ်းက သူမ၏ အင်္ကျီလက်စများကို ပင့်တင်လိုက်ပြီး သူ့ကို ရိုက်နှက်ရန် ပြင်လိုက်သည်။

ကျိုးဝမ်ရှူက ရှောင်တိမ်းခြင်းမပြုဘဲ သူ့လက်ထဲမှ မီးပုံးလေးကို သူမလက်ထဲသို့ တိုက်ရိုက် ထိုးထည့်ပေးလိုက်ရင်း လှမ်းပြောလိုက်သည်။

"အလင်းရောင်က မှိန်နေပြီ... ကိုင်ထားလိုက်"

စူးယောင်ကွမ်း : "..."

‘ငါ့လက်သီးကို ဆက်မလှုပ်ရှားနိုင်တော့ဘူး’

"ဝမ်ရှူ... နင်က အတော်ဆုံးပဲ"

စူးယောင်ကွမ်းက တံတောင်ဆစ်ဖြင့် သူ့လက်မောင်း ခပ်ဖွဖွ တွန်းလိုက်သည်။

ကျိုးဝမ်ရှူ၏ နှုတ်ခမ်းအစုံက ကွေးညွတ်သွားပြီး ပြန်နေနေပြန်သည်။

"ခင်ဗျား သိရင် ပြီးတာပဲ။ နောက်ခါကျရင် မျက်စိကို ပိုဖွင့်ထားဦး၊ ဘယ်သူ့ကိုမဆို လျှောက်ပြီး အလေးမထားနဲ့။ လူတိုင်းက ကျွန်တော်လိုမျိုး ရုပ်ချောပြီး နူးညံ့သိမ်မွေ့တယ် ထင်နေလား"

စူးယောင်ကွမ်း : "..."

‘အတော်လေးကို အရှက်မရှိတာပဲ’

သို့သော်လည်း သူမ သူ့ကို ပြန်မချေပနိုင်ခဲ့ပေ။

"အစ်ကိုရှောင်း..."

ကျန်းရိဟွမ်းက ရှောင်းယန်ချီကို ဆွဲလိုက်ရင်း လှမ်းပြောလိုက်သည်။

"ဘာလုပ်နေတာလဲဟင်... အစ်ကို မီးပုံးကို ဖျက်ဆီးမိနေပြီ"

ထိုအချိန်မှသာ ရှောင်းယန်ချီတစ်ယောက် သတိပြန်ဝင်လာပြီး သူ့လက်ထဲမှ မီးပုံးကို ကြည့်ကာ ထောင့်တစ်နေရာသို့ လွှင့်ပစ်လိုက်သည်။

"ပျက်သွားတော့လည်း ပျက်သွားတာပေါ့"

ကျန်းရိဟွမ်းက မျက်မှောင်ကြုတ်လိုက်ပြီး မေူလာပြန်သည်။

"အစ်ကိုရှောင်း... အစ်ကိုက စူးယောင်ကွမ်းနဲ့ ကျိုးဝမ်ရှူတို့ကို အရမ်းဂရုစိုက်နေသလိုပဲနော်။ သူတို့က အစ်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ထပ်လုပ်ကြပြန်ပြီလား"

ရှောင်းယန်ချီ အရှက်တကွဲဖြစ်ပြီးကတည်းက စာသင်ကျောင်းက သူ့ကို အပြင်ပေးမထွက်တော့ဘဲ စာမေးပွဲအတွက် စိတ်အေးအေး ပြင်ဆင်ခိုင်းထားခဲ့သည်။ အမှန်တကယ်တွင် ရှောင်းယန်ချီကိုယ်တိုင်လည်း သိက္ခာအလွန်ကျသွားရခဲ့သဖြင့် လူအများရှေ့တွင် အရှက်ထပ်မကွဲချင်တော့ပေ။

သို့သော်လည်း တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် သူ စိတ်မတည်ငြိမ်နိုင်ဘဲ ဖြစ်နေရသည်။

'ဘာပဲဖြစ်ဖြစ်... ငါ့ရဲ့အရင်ဘဝတုန်းကလည်း နန်းတွင်းစာမေးပွဲကို ကျမ့်ယွမ်အဖြစ် အောင်မြင်ခဲ့ပြီးတော့ အစိုးရအဖွဲ့ထဲမှာ အရာရှိအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တာလေ။ စာမေးပွဲမေးခွန်းတွေကို ကြိုသိနေတဲ့အပြင် ဒီလောက်များပြားတဲ့ အရာရှိသက်တမ်း အတွေ့အကြုံတွေ ရှိနေတာကြောင့် စာမေးပွဲအတွက် ပြဿနာ ရှိမှာကို ပူနေစရာမလိုဘူး၊ အရင်ဘဝက ပထမနေရာက ငါ့အပိုင်ဖြစ်ခဲ့သလို၊ ဒီဘဝမှာလည်း ငါ့အပိုင်ပဲ ဖြစ်ရမယ်။ ဒါတင်မကသေးဘူး... ဒီဘဝမှာ အရင်ဘဝကထက် ပိုပြီးတော့တောင် ကျော်ကြားလာရမယ်'

(T/n: ကျမ့်ယွမ် (Zhàngyuán - 状元): တစ်နိုင်ငံလုံး အမှတ်အများဆုံး ထိပ်တန်းဆုရှင်)

"မဟုတ်ပါဘူး... ကိုယ် သူတို့ကို မကြိုက်ရုံတင်ပါ။ မြင်ရတာနဲ့တင် စိတ်အနှောက်အယှက်ဖြစ်စေတယ်"

ရှောင်းယန်ချီက ထပ်ပြောလိုက်သည်။

"သူတို့ကို လျစ်လျူရှုလိုက်ရအောင်... ဟွမ်းအာ၊ ကိုယ် မင်းအတွက် သကြားရုပ်ကို ကိုယ်တိုင်လုပ်ပေးရမလား"

"အစ်ကိုရှောင်း ပေးတဲ့အရာမှန်သမျှက ညီမမျက်လုံးထဲမှာ အကောင်းဆုံးတွေချည်းပါပဲ"

ကျန်းရိဟွမ်းက ရှက်ကိုးရှက်ကန်းဟန်လေးဖြင့် ပြန်ပြောလိုက်သည်။

All Chapters