← Chapters

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း ၁၇၃ ရေထဲသို့ ပြုတ်ကျခြင်း

မြစ်ကမ်းနားဘေးတွင် တူရိယာများတီးမှုတ်ကာ သီဆိုဖျော်ဖြေနေသည့် ဇာတ်အဖွဲ့တစ်ဖွဲ့ကို တင်ဆောင်လာသော လှေတစ်စင်း ဖြတ်သန်းသွားလာနေသည်။ လှေပေါ်တွင် ဖျော်ဖြေနေသည့် ဇာတ်အဖွဲ့၏ မြင်ကွင်းကို စိတ်ဝင်စားကြသော လူအများက ဝိုင်းအုံကြည့်ရှုကြသဖြင့် မြစ်ကမ်းပါးတစ်ခုလုံး ချက်ချင်း လူပြည့်သွားပြီး တိုးဝှေ့နေကာ လမ်းများပိတ်ဆို့သွားခဲ့သည်။

စူးယောင်ကွမ်းက မြစ်ပြင်ကျယ်၏ အေးမြမှုကို ခံစားရင်း ရေပြင်အနီးတွင် လမင်းကြီးအား ငေးမောရသည်မှာ ထူးခြားဆန်းသစ်သည်ဟု ခံစားရသဖြင့် ဤအငွေ့အသက်ကို အလွန်သဘောကျနေခဲ့သည်။ သို့သော်လည်း ရုတ်တရက် တိုးဝှေ့လာသော လူအုပ်ကြီးကြောင့် သူမနှင့် ကျိုးဝမ်ရှူတို့ လူချင်းကွဲကွာသွားခဲ့ရသည်။

ထိုအခိုက်အတန့်တွင် လက်တစ်ဖက် ဆန့်ထွက်လာပြီး သူမကို ရေထဲသို့ တွန်းချပစ်လိုက်သည်။

စူးယောင်ကွမ်းက ဗီဇစိတ်၏ တုံ့ပြန်မှုကြောင့် သူမကို တွန်းချသည့်သူအား လှမ်းဆွဲလိုက်ရာ နှစ်ယောက်သား ရေထဲသို့ အတူတူပြုတ်ကျသွားတော့သည်။

"အား..."

ကျန်းရိဟွမ်းက အကျယ်ကြီး အော်ဟစ်လိုက်သည်။

စူးယောင်ကွမ်းတစ်ယောက် ကျန်းရိဟွမ်းကို မြင်လိုက်ရသဖြင့် စိတ်ထဲတွင် နာကျည်းမုန်းတီးမှုနှင့် ဒေါသတရားတို့ ပြည့်နှက်သွားခဲ့ရသည်။

'ဒီကျိန်စာသင့်နေတဲ့ မိန်းမကတော့ တကယ်ကို ဇွဲကောင်းလွန်းတယ်'

သို့သော်လည်း လူအများအပြားရှိနေသည့် ရှေ့မှောက်တွင် ရေထဲသို့ ပြုတ်ကျရခြင်းက အလွန် အရှက်ရစရာ ကောင်းလှသည်။

သူမ ရေထဲပြုတ်ကျသွားပြီးနောက် စူးယောင်ကွမ်းက အမြန်ဆုံး ရေကူးပြေးရန် ကြံရွယ်နေခဲ့သော်လည်း လက်တစ်ဖက် ဆန့်ထွက်လာပြီး သူမကို ရေထဲမှ ဆွဲတင်လိုက်သည်။

စူးယောင်ကွမ်း မူးဝေနောက်ကျိနေကာ ဟန်ချက်မညီ ဖြစ်နေသော်လည်း ထိုလူက သူမကို တင်းကျပ်စွာ ထိန်းပွေ့ပေးထားသဖြင့် သူမ ပြန်လည်တည်ငြိမ်သွားခဲ့ရသည်။

“ဗွမ်း....”

ထိုအခိုက်အတန့်တွင် ရေထဲသို့ ပြုတ်ကျသွားသည့် အသံကြီးတစ်သံ ထွက်ပေါ်လာပြန်သည်။

"လူတစ်ယောက် ရေထဲပြုတ်ကျသွားပြီ... ကယ်ကြပါဦး"

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

စူးယောင်ကွမ်းက တုန်လှုပ်ခြောက်ခြားနေဆဲ အမူအရာဖြင့် သူမရှေ့မှ ကျိုးဝမ်ရှူကို စိုက်ကြည့်နေသည်။

ကျိုးဝမ်ရှူကတော့ သူမအား စိုးရိမ်တကြီး ကြည့်ရှုနေပြီး ခန္ဓာကိုယ်အနှံ့ကို စစ်ဆေးကာ မေးမြန်းနေလေသည်။

"ခင်ဗျား ဒဏ်ရာရသွားသေးလဲ... အဲ့ဒီအဆိပ်ပြင်းတဲ့ မိန်းမယုတ်က ခင်ဗျားကို တစ်ခုခုနဲ့ ရန်ပြုလိုက်သေးလား"

စူးယောင်ကွမ်းက စိုးရိမ်ပူပန်နေသော ကျိုးဝမ်ရှူကို ငေးကြောင်ကြောင်လေး စိုက်ကြည့်နေမိပြီး သူမ၏ မျက်ဝန်းအစုံက ရုတ်တရက် နီရဲလာခဲ့သည်။

"ဘာဖြစ်လို့လဲ... ဘယ်နားက နာလို့လဲ"

သူမက ဘာစကားမှမပြောဘဲ ငိုတော့မည့်အတိုင်း ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ကျိုးဝမ်ရှူက ရေထဲရှိ မိန်းမအား လူသတ်ချင်စိတ်အပြည့်ရှိသော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး ရှိုက်သံဖြင့် ပြောလိုက်သည်။

"ဒါဆိုရင်... ငါ တခြားလူတွေနဲ့အတူ ရေထဲကို ပြိုင်တူပြုတ်ကျရင်တောင်မှ ငါ့ကို အရင်ဆုံး ဆွဲတင်ပေးမယ့်သူ ရှိနေသေးတာပေါ့"

သူမ ပြောလိုက်သည့် စကားကို ကြားလိုက်ရချိန်တွင် ကျိုးဝမ်ရှူ၏ ရင်ထဲမှ ထိတ်လန့်မှုများ ချက်ချင်း လွင့်ပြယ်သွားခဲ့သည်။ သူက ထို 'အိပ်မက်' ကို ပြန်သတိရသွားပြီး ခနဲ့တဲ့တဲ့ လေသံဖြင့် ပြန်ပြောလိုက်သည်။

"ခင်ဗျားသာ မျက်စိမကန်းဘဲ လူကို မှန်အောင် ကြည့်တတ်မယ်ဆိုရင်တော့ ခင်ဗျားကို အရင်ဆုံး ဆွဲတင်ပေးမယ့်သူက အမြဲတမ်း ရှိနေမှာပါ"

"ဝမ်ရှူ... နင်က ဘာလို့ ငါ့အပေါ် ဒီလောက်တောင် ကောင်းပေးရတာလဲ"

စူးယောင်ကွမ်းက ပြောလိုက်သည်။

"နင်က နင့်အစ်မအပေါ် ရိုသေသိတတ်မှုူ ရှိတယ်။ နောင်ကျရင် ငါ နင့်သားလေးရဲ့ သေးခံလဲပေးတာကနေ စပြီး စားစရာ၊ သောက်စရာတွေ အားလုံးအထိ ငါပဲ အကုန်တာဝန်ယူ စောင့်ရှောက်ပေးမယ်"

ကျိုးဝမ်ရှူ : "..."

‘ငါ တကယ်ပဲ ရူးသွပ်သွားခဲ့တာ ဖြစ်လိမ့်မယ်။ အဲ့ဒါကြောင့်သာ ခုနက သူမအပေါ် စိုးရိမ်ပူပန်မိခဲ့တာ’

ကျန်းရိဟွမ်းကတော့ ရေထဲတွင် ရုန်းကန်နေရဆဲ ဖြစ်သည်။

ဆူညံသံများကို ကြားနေရဆဲဖြစ်သဖြင့် စူးယောင်ကွမ်းက ရေထဲရှိ ရုန်းရင်းဆန်ခတ်မှုကို ကြည့်ရန် လည်ပင်းဆန့်လိုက်သည်။

"သူ့ကို ကြည့်လိုက်ဦး... ရေထဲပြုတ်ကျသွားတာနဲ့တင် ကယ်ဖို့အတွက် ယောကျာ်း ဆယ်ယောက်ကျော်လောက် ရေထဲ ခုန်ဆင်းသွားကြတာပဲ။ ကျစ်... ကျစ်... သူ့ရဲ့ လူကြိုက်များမှုကတော့... ငါတောင် လက်မထောင် မပြဘဲ မနေနိုင်တော့ဘူး"

"ခင်ဗျား အားကျနေရင် ကျွန်တော် အခု ချက်ချင်း ခင်ဗျားကို ရေထဲ ပြန်ပစ်ချပေးမယ်။ ပြီးရင် ခင်ဗျားကို ကယ်ဖို့ ယောကျာ်း အယောက်ငါးဆယ်... မဟုတ်ဘူး၊ အယောက်တစ်ရာလောက် စီစဥ်ပေးမယ်"

ကျိုးဝမ်ရှူက သူမကို ရေထဲသို့ တကယ်ပင် ပစ်ချတော့မည့်အလား လက်ချောင်းများကို ဆုပ်နယ်ရင်း ပြောလိုက်သည်။

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ လက်မောင်းကို တင်းကျပ်စွာ ဖက်တွယ်လိုက်ရင်း ပြန်ပြောလိုက်သည်။

"နင်က ငါ့ကို ကယ်ဖို့ ဒီလောက်တောင် ပင်ပန်းခံထားရတာလေ။ နင့်ရဲ့ စေတနာတွေကို အလဟဿ အဖြစ်မခံနိုင်ပါဘူး"

တစ်ဖက်တွင်တော့ ရှောင်းယန်ချီက သူ ဝယ်လာသော ပစ္စည်းများကို ကိုင်ဆောင်ကာ မြစ်ကမ်းနားဘေး၌ ကျန်းရိဟွမ်း၏ ပုံရိပ်ကို လိုက်လံရှာဖွေနေခဲ့သည်။ သူက ပစ္စည်းတစ်ခုခုသွားဝယ်နေစဥ် ကျန်းရိဟွမ်းအား မြစ်ကမ်းဘေးတွင် စောင့်ခိုင်းထားရန် ကြံရွယ်ခဲ့ခြင်း ဖြစ်သည်။ ဤနေရာ၏ ရှုခင်းက လှပလွန်းသဖြင့် ချစ်သူနှစ်ဦး မေတ္တာမျှကြောင်း ဖွင့်ဟဝန်ခံရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်နေသောကြောင့်ပင်။

သို့သော်လည်း ယနေ့တွင် မည်သည့်အတွက် လူများ ဤမျှအထိ များပြားကာ ဆူညံပွက်လောရိုက်နေသည်ကို မသိနိုင်ဘဲ သူ သူမကို ရှာမတွေ့နိုင်တော့ပေ။

စူးယောင်ကွမ်းက ရှောင်းယန်ချီကို မြင်လိုက်ရသဖြင့် ကျိုးဝမ်ရှူအား တံတောင်နှင့် အသာတို့ကာ ကပ်ပြောလိုက်သည်။

"ငါတို့ လူကောင်းအလုပ် လုပ်ပေးပြီး ကျန်းရိဟွမ်းကို ရှာဖို့ သူ့ကို ရေထဲ ဆင်းခိုင်းလိုက်ရလား"

"ကျွန်တော်တို့ လူကောင်းအလုပ် လုပ်ပြီး ရေထဲမှာပဲ သူတို့နှစ်ယောက်ကို ပြန်ဆုံဆည်းခိုင်းလိုက်တာ ပိုကောင်းမယ်"

ကျိုးဝမ်ရှူက ပြောလိုက်ရင်း အဝေးမှ သူဖုန်းစားအချို့ကို သတိပြုမိသွားကာ လက်ဟန်ပြလိုက်သည်။

ကျိုးဝမ်ရှူက သူဖုန်းစားများအား တစ်စုံတစ်ခု မှာကြားလိုက်သည်ကို မြင်လိုက်ရပြီးနောက် ထိုသူများက ရှောင်းယန်ချီထံသို့ အပြေးအလွှား သွားနေကြသည်ကို စူးယောင်ကွမ်း ထပ်မြင်လိုက်ရသည်။ သူတို့က ရှောင်းယန်ချီ၏ လမ်းကို ပိတ်ဆို့ကာ ပိုက်ဆံတောင်းနေကြသည်။

ရှောင်းယန်ချီက အညစ်အကြေး ကြောက်တတ်သည့် အကျင့်ရှိသဖြင့် ဤကဲ့သို့ ညစ်ပတ်ပေရေနေသော သူဖုန်းစားများကို အလွန်ရွံရှာတတ်သည်။ သူဖုန်းစားများက သူ့နောက်မှ တကောက်ကောက် လိုက်နေသဖြင့် သူ စိတ်မရှည်စွာ တွန်းဖယ်ပစ်လိုက်သည်။ သို့သော်လည်း သူဖုန်းစားဦးရေက များပြားလွန်းသဖြင့် သူ မြစ်ကမ်းပါးဆီသို့ တရွေ့ရွေ့ တွန်းပို့ခြင်း ခံလိုက်ရသည်။

“ဗွမ်း....”

ရှောင်းယန်ချီလည်း ရေထဲသို့ ပြုတ်ကျသွားခဲ့ရပြန်သည်။

"ဒီနေ့က ဘယ်လိုနေ့လဲဟ။ ဟိုတစ်ယောက်ကိုတောင် မကယ်ရသေးဘူး၊ အခု နောက်တစ်ယောက် ပြုတ်ကျပြန်ပြီ"

"ခုနကလူက မိန်းခလေးလေ၊ အခုလူက ယောကျာ်းကြီး။ အဲ့ဒီမိန်းခလေးက တော်တော်လေး ချောတာ။ ဝမ်အာ့ကော်နဲ့ တခြားလူတွေ သူ့ကို အကြာကြီး နှိုက်နေ ပွတ်နေကြတာကို ငါ အမိအရ မြင်လိုက်တယ်"

"ဒီယောကျာ်းကလည်း ရုပ်ချောသားပဲ"

အမျိုးသမီးအချို့က ရေထဲတွင် ကူးခတ်ရုန်းကန်နေရသော ရှောင်းယန်ချီကို ကြည့်ကာ သွားရည်ကျနေကြသည်။ သို့သော်လည်း အမျိုးသမီးအများစုက သိက္ခာထိန်းနေကြဆဲ ဖြစ်သည်။ သို့တိုင်အောင် ထွားထွားကြိုင်းကြိုင်း မိန်းကလေးတစ်ဦးကတာ့ ရေထဲသို့ ဝုန်းခနဲ ခုန်ဆင်းကာ ရှောင်းယန်ချီ ရှိရာဆီသို့ ကူးခတ်သွားခဲ့သည်။

စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့က မြစ်ကမ်းပါးပေါ်မှ ထိုမြင်ကွင်းကို ကြည့်ရှုနေခဲ့ကြသည်။

ကျန်းရိဟွမ်း ရေထဲပြုတ်ကျသွားပြီးနောက် သူမအား ကယ်ဆယ်ရန် ယောကျာ်းများစွာ ရေထဲ ခုန်ဆင်းသွားကြပြီး အကယ်၍ သူတို့သာ တကယ် ကယ်ချင်စိတ် ရှိပါက သူမ ကမ်းပေါ်သို့ ရောက်နေလောက်ပြီ ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် ထိုယောကျာ်းများက ကျန်းရိဟွမ်း၏ ချောမောသော ရုပ်ချောကို သဘောကျနေကြပြီး သူမ၏ခန္ဓာကိုယ်ကို အမြတ်ထုတ်နေကြခြင်းသာ ဖြစ်သည်။

"ဒီမှာ လူတွေ အရမ်းများတယ်။ နောင်ကျရင် အတွန်းခံရပြီး ရေထဲပြုတ်မကျအောင် သတိထားဦး။ သွားကြမယ်"

ကျိုးဝမ်ရှူက ပြောလာသောကြောင့် စူးယောင်းကွမ်းက အလွယ်တကူ လက်ခံလိုက်သည်။

"အင်း"

စူးယောင်ကွမ်း နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ရှောင်းယန်ချီက သူမ ရှိရာဘက်သို့ လက်လှမ်းပြနေပြီး သူ့မျက်ဝန်းများထဲတွင် အသနားခံ တောင်းပန်တိုးလျှိုးနေသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။

စူးယောင်ကွမ်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာပြောင်ပြကာ သူမရှေ့မှ ကျိုးဝမ်ရှူနောက်သို့ အမြန် လိုက်သွားတော့သည်။

"ဝမ်ရှူ... နင် အဲ့ဒီ သူတောင်းစားလေးတွေကို ဘာပြောလိုက်တာလဲ"

"ဘာမှ မပြောပါဘူး"

ကျိုးဝမ်ရှူက နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ပြန်ဖြေလိုက်သည်။

ဖုန်းချောင်ယန် သူ့နောက်သို့ စတင်လိုက်ပါလာကတည်းက ဤနေရာရှိ သူဖုန်းစားအားလုံးနီးပါးက သူ့စကားကို နားထောင်‌နေကြခြင်း ဖြစ်သည်။

"ငါ ဗိုက်ပြန်ဆာလာပြီ"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို အသားကင်ဆိုင်ဆီသို့ ဆွဲခေါ်သွားရင်း ပြောလိုက်သည်။

ကျိုးဝမ်ရှူ : "..."

‘သူမကတော့ တကယ့်ကို အပူအပင် ကင်းလွန်းတယ်’

‘အကယ်လို့ ခုန ငါသာ အချိန်မီ အပြေးအလွှား ပြန်မလာခဲ့ရင် အခုအချိန် ရေထဲမှာ ကူးခတ်ရုန်းကန်နေရမယ့်သူက သူမ ဖြစ်သွားလိမ့်မယ်။ ဒီနေ့လို လူတွေအများကြီး ကြည့်နေတဲ့အချိန်မျိုးမှာ သူမသာ ရေနက်ထဲပြုတ်ကျသွားခဲ့ရင် သူမရဲ့ ခန္ဓာကိုယ်ကို အမြတ်ထုတ်ဖို့ ကြံစည်မည့်သူတွေ အများကြီး ရှိလာနိုင်တယ် မဟုတ်ဘူးလား’

"ဆိုင်ရှင်... အရက်တစ်အိုး ပေးပါ"

စူးယောင်ကွမ်းက စိတ်ကြည်လင်နေသဖြင့် အရက်တစ်အိုး တိုက်ရိုက် မှာလိုက်သည်။

ကျိုးဝမ်ရှူက မျက်မှောင်ကြုတ်ကာ ဝင်တားလိုက်သည်။

"ဒီလောက် ညဉ့်နက်နေပြီကို ခင်ဗျားက သောက်ဦးမလို့လား"

"နင်က ငယ်သေးလို့ မသောက်ရဘူး၊ ငါ့ဘာသာငါ သောက်မှာ။ ဒီနေ့ ငါ ပျော်နေတယ်။ အောင်ပွဲခံတဲ့အနေနဲ့ သောက်ရမယ်"

"အဲ့ဒီလူနှစ်ယောက် ကံဆိုးသွားတာကို ခင်ဗျားက ဒီလောက်တောင် ပျော်နေတာလား"

ကျိုးဝမ်ရှူက ဆက်ပြောလိုက်သည်။

"လူတစ်ယောက်ကို ပိုမုန်းလေလေ၊ ပိုပြီး ဂရုစိုက်မိလေလေပဲလို့ ကျွန်တော် ကြားဖူးတယ်။ ခင်ဗျား သူတို့ကို ဒီလောက်တောင် မုန်းနေတာ... တကယ်ပဲ စိတ်ထဲ ထည့်ထားမိနေလို့လား"

စူးယောင်ကွမ်းက သူမဘာသာ အရက်တစ်ခွက် ငှဲ့လိုက်ပြီး တစ်ကျိုက်တည်း မော့သောက်ပြီးမှ ပြန်ဖြေလိုက်သည်။

"သူတို့က ဘယ်သူတွေမို့လို့လဲ... ငါက ဘာလို့ သူတို့ကို ဂရုစိုက်ရမှာလဲ။ ငါ ပျော်နေတာက... ငါ့ဘေးနားမှာ ဝမ်ရှူ ရှိနေပြီး ငါ တစ်ယောက်တည်း တိုက်ပွဲဝင်နေရတာမျိုး မဟုတ်လို့ပဲ"

ကျိုးဝမ်ရှူက ခွက်တစ်ခုကို ယူကာ သူမထံ ကမ်းပေးရင်း တောင်းဆိုလိုက်သည်။

"ဒါဆို ကျွန်တော့်ကိုလည်း နည်းနည်း ငှဲ့ပေး"

"နင်က အရက်ဒဏ်ကို မခံနိုင်ဘူး၊ ပြီးခဲ့တဲ့တစ်ခေါက်ကတောင် နင် တော်တော်လေး အရှက်ကွဲခဲ့သေးတယ် မဟုတ်လား... မသောက်နဲ့"

စူးယောင်ကွမ်းက ငြင်းပယ်လိုက်သည်။

"ဒီအရက်နည်းနည်းလေးက ငါ တစ်ယောက်တည်း သောက်ဖို့တောင် မလောက်မငှ ဖြစ်နေတာ"

ကျိုးဝမ်ရှူက သူ၏ ငွေအိတ်ကို ထုတ်ပြရင်း ထပ်ပြောလိုက်သည်။

"ခင်ဗျားရဲ့ ပိုက်ဆံတွေ အားလုံးက ကျွန်တော့်ဆီမှာ ရှိတာ။ အခု ခင်ဗျားမှာ ပိုက်ဆံမရှိတော့ဘူး မဟုတ်လား။ တကယ်လို့ ခင်ဗျား ကျွန်တော့်ကို မတိုက်ရင် ခင်ဗျားလည်း သောက်ရမှာ မဟုတ်ဘူး"

စူးယောင်ကွမ်း : "နင့်ရဲ့ အရက်ဒဏ် ခံနိုင်ရည်က ဘယ်လောက်တောင် ဆိုးလဲဆိုတာ နင့်ကိုယ်နင် မသိဘူးလား"

ကျိုးဝမ်ရှူက ငွေအိတ်ကို သိမ်းဆည်းကာ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။

"ကဲပါ... ကဲပါ... ရော့... တစ်ခွက်ပဲ သောက်နော်... တစ်ခွက်ပဲ"

ကျိုးဝမ်ရှူက ဆိုင်ရှင်ကို လှမ်းခေါ်လိုက်ပြီး ထပ်မှာလိုက်သည်။

"ဆိုင်ရှင်... အသားကင် နောက်တစ်ပွဲနဲ့ အရက်နောက်တစ်အိုး ထပ်ပေးပါဦး"

'ငါ့ကို တစ်ခွက်တည်းပဲ သောက်ခွင့်ပေးမယ် ဟုတ်လား'

'သူမက ငါ့ကို ဘယ်လို ထင်နေတာလဲ'

'ငါ့ကို ငယ်သေးတယ်လို့ ပြောရအောင်... ငါက ဘာဖြစ်လို့ ငယ်ရမှာလဲ'

'ပြီးခဲ့တဲ့တစ်ခေါက်က ငါ ပထမဆုံးအကြိမ် သောက်ဖူးတာမို့လို့ ကောင်းကောင်း မထိန်းချုပ်နိုင်ခဲ့တာကတော့ မလွှဲမရှောင်သာတဲ့ ကိစ္စပဲလေ။ ဒီတစ်ခေါက်တော့ သေချာပေါက် ကွဲပြားခြားနားရမယ်... ငါ ငါ့သိက္ခာကို ပြန်ဆယ်ပြရမယ်'

မြစ်ကမ်းဘေးမှ ပြန်လာကြသော ရွာသားတချို့က ဘေးနားရှိ စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်ကြပြီး အသားကင်များ မှာယူကာ လူနှစ်ယောက် ရေထဲပြုတ်ကျသွားသည့် အဖြစ်အပျက်ကို ဆွေးနွေးငြင်းခုံနေကြသည်။

"ငါ ကြားတာတော့... အဲ့ဒီမိန်းကလေးက ဒီအနီးအနားမှာ နာမည်ကြီးတဲ့ အလှပဂေးလေးတဲ့။ ဖုန်းဟွာကော့က သူဌေးမကြီးရဲ့ သမီးတဲ့ဗျာ။ သူ့ကို ဝမ်လိုင်စစ်က တော်တော်ကြာကြာ အခွင့်ကောင်း ယူနေသေးတယ်။ သနားစရာကောင်းလိုက်တာ၊ အခုတော့ သူ ဘယ်လိုလုပ်ပြီး ယောက်ျားရှာနိုင်တော့မှာလဲ"

All Chapters